Tuesday, February 23, 2010

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

ဖေဖေ၀ါရီ ၂၃၊ ၂၀၁၀

‎‎မနေ့က ဘုန်းကြီး ဦးသုမင်္ဂလာ တရားပွဲမှာ ဆရာတော်က မကြောက် တရားတွေ ထည့်ဟောလိုက်လို့ လူထု မကြေနပ် ချက်တွေ ပေါက်ကွဲပြီး ဆန္ဒပြ ကြွေးကြော်သံတွေ ဟစ်ကြွေးကြတယ်လို့ ကြားတယ်။ ဖြစ်တာက စစ်တွေမှာ ဆရာတော်က သန်းရွှေမိသားစုနဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သယံဇာတတွေကို ဂုတ်သွေးစုတ် နေတာတွေကို ထုတ်ဖေါ် ပြောဆိုသွားတယ်။ ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့တွေ ထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြားသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသား လူငယ်တွေအနေနဲ့ ၈၈ တုံးက ကျောင်းသားတွေကို အတုယူကြဖို့ ဟောကြားသွားတယ်။ တရားပွဲအပြီးမှာ ကျောင်းသား ၁၀ ဦးနှင့် သံဃာ ၂ ဦးက စတင် လှုံ့ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားများ ရွှေစေတီ ဘုရားအထိ ချီတက်တယ်။ ရဟန်းပျို သမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြနေစဉ်မှာ ကျောင်းသားများက ....
လျပ်စစ်မီး-ရရှိရေး ဒို့အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိလို့ ကြွေးကြော် ဆန္ဒပြကြတယ်။

နအဖ၊ ကြံ့ဖွတ်နဲ့ ရဲများက ဆန္ဒပြသမားများကို နိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့ မီးစက် ဂွဆုံတွေမှာ နေရာယူပြီး လူစုခွဲခိုင်းတယ်။ ဆန္ဒပြသမားများက သွေးထွက်သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင် သွေးနီတယ်ဟေ့ စသဖြင့် တဦးနဲ့တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။
--
ရခိုင်ပြည်နယ် လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာနိင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင်ခေမာ စာရ က “ဒီဆန္ဒပြပွဲ ကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီ၊ ဒီလို လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာ လိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေနေရတာ၊ ပြည်သူတွေကပ်တဲ့ ဆွမ်းပူကွမ်းပူကို ဒို့ရဟန်းတွေ ဘယ်မှာ မျိုလို့ကျမလဲ။ သံဃာတွေက တိုက်ပွဲဝင်ဖို့ ပိုင်းဖြတ် ထားပြီးပါပြီ” လို့ အမိန့် ရှိပါတယ်။

ဆရာတော်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတစ်ပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေသပိတ် ကော်မတီမှာ နာယက ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ မာနယ်ပလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံးလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

Ref: ဒီရေ


0 comments:

အပေါ်သို့