Saturday, February 27, 2010

လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့် ဆွေးနွေးပွဲ မဖြစ်

သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀

(UDP ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံမေးမြန်းချက်)

မဇ္ဈိမသတင်းဌာန
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ် မလာခြင်းသည် စစ်အစိုးရနှင့် အတိုက်အခံ အကြား လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့် ဖြစ်သည်ဟု မြန်မာပြည်တွင်းရှိ UDP ခေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်သာ ဆွေးနွေး လိုသော်လည်း NLD ဘက်က (မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်) ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင် ဆွေးနွေးမည့်သူ အဖြစ် သဘောထား ရှိနေသဖြင့် ထိုသို့သော လူပုဂ္ဂိုလ် အထစ် အငေါ့ကြောင့်သာ တွေ့ဆုံ ဆွေးနွေးရေး အဆင်မပြေ ဖြစ်ရကြောင်း ဝါရင့် နိုင်ငံရေး သမားကြီးက ပြောဆိုခြင်း ဖြစ်သည်။

UDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ထားသည့် အလျောက် UDP ဖွဲ့စည်းပုံ၊ လှုပ်ရှားမှု၊ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် ရလဒ်၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ထားရှိသည့် engagement မူဝါဒအသစ်၊ အိမ်နီးချင်း နိုင်ငံကြီးများ၏ ရပ်တည်ချက် စသည်တို့ကို သိရှိနိုင်ရန် ထိုင်းနိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော UDP ဥက္ကဋ္ဌ ဦးသုဝေကို မဇ္ဈိမသတင်းဌာန မန်းနေးဂျင်း အယ်ဒီတာ စိန်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။

ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိလှုပ်ရှားမှုအခြေအနေကို အကျဉ်းချုံး ရှင်းပြပေးပါခင်ဗျ။

ကျနော်တို့က လာမယ့် အထွေထွေ ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ယူဆတယ်ပေါ့နော်။ အရေးကြီးတယ်လို့ ယူဆပေမယ့်၊ ဒီရွေးကောက်ပွဲ ဥပဒေတွေကလည်း မထွက်သေးဘူး။ တရားဝင် မလုပ်နိုင် သေးဘူးပေါ့နော်။ မလုပ်နိုင် သေးပေမယ့် မလုပ်ရင် ကျနော်တို့က တိုင်းပြည် အတွက်လည်း နာမယ်၊ ကျနော်တို့လည်းပဲ အချိန် နောက်ကျသွားမယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က စွန့်စားပြီးတော့ လုပ်နေပါတယ်။

ပါတီဖွဲ့စည်းပုံကို ကျနော်တို့ ဖွဲ့စည်းတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အမျိုးသမီး အဖွဲ့ကို ဖွဲ့တယ်၊ လူငယ် အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့တယ်။ အဲဒါပြီးတဲ့နောက် ကျနော်တို့ မြို့နယ်တွေနဲ့ တိုင်းတွေအချို့ကို စပြီးတော့ ဖွဲ့စည်းပါတယ်။

အခုအခြေအနေမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမယ်လို့ အန်ကယ့်အနေနဲ့ ထင်သလား။

အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူထုကို ပြောတယ်ပေါ့နော်။ တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူက ပြောတယ်။ နောက်တခုကတော့ နိုင်ငံခြားရေး ဝန်ကြီးကလည်းပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးပါမယ်လို့ ပြောတယ်။

သူတို့က ဒီလိုအများကို ထုတ်ပြီးတော့ ပြောတာကြတော့ကာ သူတို့ပြောတာကို ကျနော်တို့က ကြိုဆိုတယ်။ ကောင်းတဲ့ ပြောခြင်းပဲ။ သို့သော် လက်တွေကတော့ အဲသလို ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း နေမယ်။ ကျနော်တို့ကတော့ လောလောဆယ်မှာ ယုံလိုက်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေရာတကာမှာ သံသယတွေ ထားရင် အလုပ် မဖြစ်ဘူး။

အန်အယ်ဒီအနေနဲ့ရော ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့်တယ်လို့ ထင်သလား ခင်ဗျ။

ဒီလို ပါတီတခုဆိုသည်မှာကတော့ သူတို့ပါတီရဲ့ အခြေအနေ၊ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို ပါတီဝင်တွေက ဆုံးဖြတ်တာ ဆိုတော့ သူတို့ရဲ့ အခြေအနေအရ သူတို့ဆုံးဖြတ်တာပေါ့။ ကျနော်တို့ကတော့ သူတို့ကို ဝင်စေချင်တယ်၊ ပါစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါ ကျနော်တို့က ပါဝင်တဲ့ လူတွေများလေလေ၊ လူထုက လူတော် လူကောင်းတွေ ရွေးနိုင်လေလေ ဖြစ်လို့ ပါစေချင်တယ်။ ပါတာ၊ မပါတာကတော့ သက်ဆိုင်ရာ ပါတီရဲ့ ဆုံးဖြတ်ချက်ပေါ့ဗျာ။

ဒီရွေးကောက်ပွဲကနေ ဘယ်လိုတွေ ဖြစ်လာနိုင်မယ်လို့ အန်ကယ် မျှော်လင့်ထားလဲ။ အရပ်သားတွေ ဘက်က ဘာတွေ ရလာနိုင်မယ်လို့ မျှော်လင့်လဲ။

ဒီရွေးကောက်ပွဲဖြစ်ရင်ပေါ့နော်၊ ရွေးကောက်ပွဲ လာပြီဆိုတာနဲ့ အခု လက်ရှိ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေတာ။ ဒီစစ်အစိုးရ စနစ်နဲ့ အုပ်ချုပ်နေရာမှ နေပြီးတော့ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ စစ်အစိုးရ စနစ် မဟုတ်တော့ဘူး၊ အရပ်သား အစိုးရ ဖြစ်လာပြီ။ ဒီစနစ် အပြောင်းအလဲ ဆိုတာကလည်း နည်းတဲ့ အပြောင်းအလဲ မဟုတ်ဘူး။ ဒီအပြောင်းအလဲမျိုးက လည်းပဲ အခွင့်အရေး တခါပဲရတယ်။

ဒါကြောင့်မို့လို့ ဒီအပြောင်းအလဲကို ကျနော်တို့ ပါတီက တကယ့်ကို ဆုပ်ကိုင်ပြီးတော့ အသုံးချမယ်။ အဲဒီ အရပ်သား အစိုးရဖြစ်လာရင် အဲဒီ အရပ်သား အစိုးရက ဒီမိုကရေစီ အရပ်သား အစိုးရ ဖြစ်လာအောင်ကတော့ လူထုမှာ ရှိတယ်။

အန်ကယ့်ပါတီက မကြာသေးခင်က ပြောထားတာရှိတယ်။ အခုချိန်ထိ ရွေးကောက်ပွဲ ဥပဒေက ထွက်မလာသေးဘူး။ အဲဒီတော့ ရွေးကောက်ပွဲ ဝင်ဖို့ကို ပြန်စဉ်းစားရပါမယ် ဆိုတဲ့ဟာ။ အဲဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘာများ ထပ်ပြောချင်သေးလဲ။

အမှန်အတိုင်းဆိုရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ဆိုတာ အချိန် အများကြီး လိုပါတယ်။ တနှစ်နဲ့တောင်မှ လူထုဆီကို အပြည့်အဝ ရောက်လိမ့်မယ် မထင်ဘူး။ အများကြီး လိုသေးတယ်။ ဒါက တကယ်လိုတာကို ပြောတာ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို အချိန်မီဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆို ခဲ့တာပေါ့နော်။

ဒါပေမဲ့ သူတို့ကလည်း ပြန်ကြားချက် မရှိပါဘူး။ အချိန်ကလည်း အဲလောက် မရပါဘူး။ မရပါဘူး ဆိုတဲ့အခါကျ သူတို့ မဝင်တော့ဘူးဆိုရင် သူတို့ မူလက ရည်ရွယ်ချက် ဥစ္စာက တိုင်းပြည်အတွက် နစ်နာသွားမှာပေါ့။

ဒါကြောင့်မို့လို့ တရားမဝင် နဂိုကတည်းက လုပ်နေတာပေါ့။ ဟိုဟာကြီးကို စောင့်နေတော့ကြတော့ အကယ်၍များ လုပ်ချိန်မရရင် မဝင်ဘူးပေါ့။ အခုတော့ တရားမဝင် လုပ်နေတဲ့ အတွက်ကြောင့် ရတဲ့ အချိန်ဟာ တို့အတွက် အမြတ်ပဲ ဆိုပြီးတော့ ဒီလိုလုပ်မှာပါ။

လက်ရှိမြန်မာပြည်ရဲ့ အနေအထားက ရွေးကောက်ပွဲလား ဒါမှမဟုတ် တခြား ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ဘာတွေလဲ။

မြန်မာပြည်မှာက ပြဿနာ စိန်ခေါ်မှုတွေက အများကြီးပဲ။ အခု တွေ့ဆုံဆွေးနွေးရေး ဆိုတာ နည်းတဲ့ ပြဿနာ မဟုတ်ဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆိုတာကလည်း ဒီပြဿနာလည်း အကြီးကြီးပဲ မလွယ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ Reconcile အတူ မလုပ်နိုင်တာ ဘာကြောင့်လို့ အန်ကယ်ထင်လဲ။

တွေ့ဆုံဆွေးနွေးရေး လုပ်လာတာ အနှစ် ၂ဝ ရှိပြီ။ နည်းနည်းလေး မဟုတ်ဘူး။ အကြိမ်ကြိမ် တွေ့တာ၊ ဆယ်ပေါင်း ရာပေါင်းနဲ့ချီ တွေ့ဆုံပွဲတွေ သူတို့လုပ်တာ။ မအောင်မြင်ဘူး။ မအောင်မြင်တာက သူတို့ ပြောပုံ ဆိုပုံတွေကို ကျနော်တို့က တွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ သူတို့ ဘာတွေ ပြောကြသလဲဆိုတာ ထုတ်ပြန်ခြင်း မရှိဘူး။ ထုတ်ပြန်ခြင်း မရှိဘူးဆိုတော့ အသေးစိတ်ကို ကျနော်တို့ မသိရဘူး။

မသိရပေမယ့် သူတို့တွေ ပြောပုံဆိုပုံတွေ ဘာတွေကို ကြည့်ရခြင်း အားဖြင့်တော့ ဘာက အထစ်အငေါ့ ဖြစ်နေသလဲလို့ ဆိုလို့ရှိရင် လူပုဂ္ဂိုလ် အထစ်အငေါ့ပဲလို့ ကျနော်တော့ ထင်တယ်။ ဘာဖြစ်လို့လဲလို့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ တောင်းဆိုတဲ့ နေရာမှာ သူတို့က ပြောဆိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုချင်ဘူး ပေါ့နော်။

ဒါပေမဲ့ NLD နဲ့ တွေ့ဆုံမယ်ဆိုပြီးတော့ သူတို့ ချဉ်းကပ်တယ်၊ ဒီအစိုးရက။ ဒါပေမဲ့ NLD အဖွဲ့ကလည်းပဲ၊ သူတို့က ဘာပြန်ဖြေလဲ ဆိုတော့ NLD အဖွဲ့ကို ခေါင်းဆောင်မှာက ဒေါ်စု၊ ခင်ဗျားတို့ ဒေါ်စုနဲ့ပဲ ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ဆွေးနွေးတဲ့ အဖွဲ့မှာ ဒေါ်စုကို ခေါင်းဆောင်ပေးပါ။ သူတို့က ဆွေးနွေးချင်တယ် ပေါ့နော်။ ဟိုကနေပြီးတော့ ကမ်းလှမ်းတဲ့ အခါမှာ။ ဒီအစိုးရကလည်း ဘာလဲဆိုတော့ ဒေါ်စုကို မလိုချင်တာ။ သူပါနေလို့ကို မဆွေးနွေးတာ။

ဒါဆိုရင် ဒီတွေ့ဆုံဆွေးနွေးဖို့က ဖြစ်နိုင်ဖို့ အတော်နည်းနေတဲ့ သဘောပေါ့။

ကျနော်တို့ကတော့လေ တွေ့ဆုံဆွေးနွေးရေးက အမှန်တော့ ဖြစ်နိုင်ရင် သိပ်ကြိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညင်ညင် သာသာနဲ့ အပြောင်းအလဲ ဖြစ်မှာပါ။ ဒါပေမဲ့ ခုန အတားအဆီးကြောင့် ဖြစ်ဖို့က မလွယ်ဘူးလို့ ယူဆတယ်။ မလွယ်တဲ့ အတွက်ကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို ဝင်ပြီးတော့ ဒီနည်းဟာ တခြားနည်း တနည်းပဲ ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်တာ။

ဒီနိုင်ငံရေး အကျပ်အတည်းမှာ ဒီရွေးကောက်ပွဲက ထွက်ပေါက်တခုရယ်လို့ ပြောတာ၊ NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်၊ တဖက်ကလည်း စစ်အစိုးရ အနေနဲ့ သူ့ရဲ့ ပါတီတွေတော့ ရှိလာမှာပေါ့လေ။ အန်ကယ်တို့ အနေနဲ့ အဲလိုကြားမှာ ယှဉ်ပြိုင်ရတာ အခက်အခဲ မကြီးနိုင်ဘူးလား။

ဒီလို။ ဒါကတော့ ရွေးကောက်ပွဲဆိုသည်မှာကတော့ အဖြေက ဘယ်လိုလာမှန်း မသိသေးဘူးနော်။ အခြေအနေ ဘယ်လို လာမှန်း မသိသေးဘူး ဆိုတော့ ကျနော်တို့ကတော့ နိုင်ငံရေး ပါတီတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်စေချင်တယ်။ ဥပမာ အားဖြင့် ဖြစ်နိုင်တဲ့ NLD လည်း တပေါင်းတည်း ဖြစ်စေချင်တယ်။ ဟိုးအရင် ၁၉၉ဝ ရွေးကောက်ပွဲ တုန်းကလည်း ဖြစ်ဖို့ ကြိုးစားတယ်။

ဖြစ်ဖို့ ကြိုးစားတယ်ဆိုတာက ဒေါ်စုကလည်း ဖြစ်စေချင်တယ်။ သူပဲ ကျနော့်ကို အစပေးထားတာ အတူ ဆွေးနွေးရအောင် ဆိုတော့ ကျနော် သွားတယ်။ ဆွေးနွေးတော့ သူက ချက်ချင်းပဲ ပြောတယ်။ အတူတူ လုပ်ကြရအောင် ဆိုတဲ့ အကြောင်းကို ပြောတယ်။

ကျနော်ကလည်း သဘောကျပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာဖြစ်နေလဲလို့ ဆိုတော့ ဦးနုကလည်း ရှိတယ်။ ဦးနုက ရှိတော့ ကျနော်က ပြောတယ်။ ကျနော်နဲ့တင် မပေါင်းပါနဲ့ ဦးနုနဲ့ပေါင်းပါ သူက အရေးကြီးတယ် ဆိုတော့ ဒေါ်စုကလည်း ဘာပြန်ပြောသလဲ ဆိုတော့ ကျမလည်း ပေါင်းချင်တယ်။

ဒါပေမဲ့ သူတို့အဖွဲ့တွေမှာ အဲဒီတုန်းက ဦးအောင်ကြည်ကလည်း ရှိသေးတယ်။ ဦးအောင်ကြည်က ဦးနုက အိမ်ရှေ့က တက်ရင် သူနောက်ဖေးက ဆင်းမယ် ပြောနေတယ်။ အဲဒီတော့ကာ ဒီလိုလုပ်ပါလား ဦးသုဝေရယ်တဲ့၊ ရှင်က ဦးနုကို ဒီထဲပါလာအောင် လုပ်ပါ။ ကျမက ကိုအောင်ကြည်ကို နားလည်မှု ရှိလာအောင် လုပ်ပြီးတော့ ပေါင်းကြရအောင် ဆိုတော့ နားလည်မှု ရှိခဲ့ဖူးတယ်။ အဲဒီနောက်မှာ သူ အဖမ်း ခံလိုက်ရတယ်။

အန်ကယ်က သတင်းစာ ဆရာကြီးတယောက်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ရွေးကောက်ပွဲမှာ မီဒီယာရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးကြီးလဲ၊ မီဒီယာက ဘာတွေ လုပ်နိုင်မယ်လို့ ထင်လဲခင်ဗျ။

မီဒီယာက အများကြီး လုပ်နိုင်တာပေါ့။ ဒီခေတ်မှာဆို ပိုပြီး လုပ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာပဲပြောပြော ဒီတိုင်းပြည် လူထုကို သိအောင် လုပ်ရမှာပေါ့။ နိုင်ငံရေး ပါတီတွေက ဘာကြောင့် ရွေးကောက်ပွဲ ဝင်တယ်၊ သူတို့သဘောထားက ဘာလဲ၊ ဆိုတာတွေ ရှင်းပြနိုင်ဖို့ လိုတာပေါ့နော်။ အစိုးရလုပ်တာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ သဘာဝကျတယ်၊ မကျဘူး။ သူတို့ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိရအောင် မီဒီယာက လုပ်ပေးရမှာ။ မီဒီယာရဲ့ အခန်းကဏ္ဍက အင်မတန်ကို ကြီးတယ်။ လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ လုပ်ခွင့်သာ ရရင်။

စစ်အစိုးရကရော လုပ်ခွင့်ပေးမလား။

လုပ်ခွင့်သာ ရရင်ပေါ့နော်။ အခုတော့ အပြတ်ဖြတ်ထားတယ်။ မီဒီယာတွေ အရင်တုန်းက ရှိတာထက်ကိုတော့ နည်းနည်း ရေးပိုင်ခွင့်လေးတွေ ပေးလာတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့က ဘာပြင်ဆင် ထားလဲ။ ဒါကတော့ သူတို့ဘက်က ရွေးကောက်ပွဲ ပြီးမှပဲ သူတို့ဘက်က ပြင်ဆင်တာ ရှိလိမ့်မယ်။ ဥပမာ မြန်မာတိုင်းမ်တို့၊ ဘာတို့ ဆိုလို့ရှိရင် သတင်းစာတွေ ထိတောင် လုပ်ဖို့၊ ဂျာနယ်တွေ ထပ်ဖွဲ့ဖို့တောင် ရှိတယ်။

ဒီလောလောဆယ်တော့ ကျနော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်တယ်။ ကျနော်တို့ ပြောတဲ့ သဘောထားတွေကို ဖေါ်ပြလို့ မရသေးဘူး။ စာပေစိစစ်ရေးက တားထားတယ်။ ဒါ ဥပဒေ မထွက်သေးလို့ ဆိုပြီး သူတို့က ပြောတယ်။

အမေရိကန်ရဲ့ လက်ရှိ ပေါ်လစီ၊ မြန်မာပြည်အပေါ်မှာ ထားရှိတဲ့ engagement ပေါ်လစီကို အန်ကယ့် အနေနဲ့ ဘယ်လိုမြင်လဲ။

အမေရိကန်ကတော့ အစတုန်းက နဝတ နဲ့ ဆန့်ကျင်တယ်ပေါ့နော်။ လွန်ခဲ့တဲ့ အစပိုင်းတုန်းကပေါ့။ အခု အိုဘားမား အစိုးရ တက်လာတဲ့ အခါကျတော့ သူ့ပေါ်လစီ အပြောင်းအလဲ ရှိပါတယ်။ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖနဲ့ စကားပြောတယ်။ သူတို့ အဲဒီလိုပြောလာတဲ့ အခါမှာ နအဖ အစိုးရလည်းပဲ အမေရိကန် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးချင်ပါတယ်လို့ ဖြေတယ်။

ဒီကိုလာလို့ရှိရင် အောင်မြင်လာလိမ့်မယ်လို့ ပထမတုန်းက ကျနော်တို့က တွက်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပေါ်လစီက ဟိုတုန်းက ပေါ်လစီတွေကို အပြောင်းအလဲ မလုပ်ဘူး။ မလုပ်ဘူးဆိုတာ ဘာတွေ့လဲဆိုတော့ စပြီးတော့ မဆွေးနွေးခင်မှာ ကတည်းကိုက သူက ဘာတောင်းဆိုလိုက်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ အမေရိကန်နဲ့ ဆက်ဆံရေး အကုန် ပြေလည်သွားပါစေ့မယ်။ ဒါ အရင်ဦးပဲ။ ဒီအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တာ။ အကယ်၍သာ အမေရိကန်က ဒေါ်စု ပြဿနာမှတပါး တခြားဟာတွေ ဆွေးနွေးမယ်ဆိုရင် ပြေလည်နိုင်တယ်။

နောက်ထပ် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအစိုးရနဲ့ မြန်မာ အစိုးရ ဆက်ဆံနေတဲ့ အပေါ်မှာရော ဘယ်လို သုံးသပ်လဲခင်ဗျ။

ဒါကတော့ နိုင်ငံတိုင်းက သူ့နိုင်ငံအကျိုး ကြည့်ကြတာပဲဗျ။ တရုတ်လည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အိန္ဒိယလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ မြန်မာလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အကျိုးကြည့်တဲ့ အခါကျတော့ ဥပမာ ပြီးခဲ့တဲ့ အချိန်လောက်တုန်းက ဆိုလို့ရှိရင် နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်က အများကြီး အထောက်အပံ့ ပေးခဲ့တယ်။ သူက ကာကွယ်ပေးတာကိုး။

နို့မို့ဆိုရင်လည်း မြန်မာပြည်က နိုင်ငံတကာရဲ့ တံတွေးခွက်ထဲမှာ မျောနိုင်တာပေါ့။ တရုတ်က အကာအကွယ် ပေးထားတော့ တရုတ်ကိုလည်း အများကြီး ကျေးဇူးတင်မှာပေါ့။ ဒါပေမဲ့ တရုတ်နဲ့ကလည်း ပြဿနာတွေ အများကြီး ရှိသေးတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ နယ်စပ် ပြဿနာတွေနဲ့ပေါ့နော်။

တရုတ်က တဖြည်းဖြည်းနဲ့ ဝါးနေတာ ကျနော်တို့ မြန်မာပြည်ကို။ မြန်မာပြည်ကို တရုတ်က တိုက်ခိုက်ဖူးတယ်။ တရုတ်ပြည်ထဲ ဝင်ခဲ့ဖူးတယ်။ တရုတ်ပြည်ထဲ ကျူးကျော်ဖူးတယ်။ တရုတ်ပြဿနာက တရုတ်က စိတ်ချရတဲ့ အိမ်နီးချင်း မဟုတ်ဘူး။ အားကိုးရတဲ့ အခါ အားကိုးရတာပေါ့။ ဒါကြောင့်မို့လို့ အိန္ဒိယနဲ့လည်းပဲ အားကိုးလို့ ရအောင်လို့ပေါ့နော်၊ ရင်းနှီးအောင် လုပ်တယ်။ အိန္ဒိယကလည်း သူ့အကျိုးအတွက် ရင်းနှီးအောင် လုပ်တယ်။

ဟိုတုန်းကဆိုရင် အိန္ဒိယက ကျနော်တို့ နိုင်ငံရေးပါတီတွေကို နီးနီးစပ်စပ် သူတို့ဧည့်ခံပွဲတွေ အကုန်ဖိတ်တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သို့သော်လည်း ဒီအစိုးရရဲ့ အငြိုငြင်ကို မခံချင်ဘူးပေါ့ဗျာ။ ဒီအစိုးရနဲ့ ရင်းနှီးအောင် လုပ်ပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ် ဖြတ်တယ်။ လုံးဝကို ဖြတ်ထားလိုက်တယ်။

ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်နှနေရာကို ဝင်ပြိုင်မယ်လို့ မှန်းထားပြီး၊ ဘယ်လောက် အနိုင်ရမယ်လို့ တွက်ထားမျိုး ရှိလားခင်ဗျ။

ကျနော် ခုနပြောသလိုပေါ့နော်။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလို့ မရသေးဘူး။ မရသေးဘူးဆိုတော့ ကိုယ်စားလှယ် ကောင်းတွေ ကိုယ်တိုင်ကိုယ်၌က ကိုယ်စားလှယ် ကောင်းကလည်း၊ ပါတီက မကျသေးတဲ့ အခါကျတော့ ကိုယ်စိတ်ကြိုက် ရွေးနိုင်တဲ့အရာ ဘယ်ရှိဦးမလဲ။ ရှာရတာပေါ့။ အဲတော့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးမှာ ပါနိုင်သမျှ ပါအောင် လုပ်မှာပေါ့။

သို့သော် ဘာအဟန့်အတားတွေ၊ ဘာအကန့်အသတ်တွေ ရှိဦးမလဲဆိုတာ မသိသေးဘူး။ ဥပမာအားဖြင့် သိန်း ၅ဝဝ တင်ရမယ်တို့၊ အမတ်တယောက်က ဆိုရင် ၅ သိန်း တင်ရမယ်၊ ၁ဝ သိန်း တင်ရမယ်။ ဒီလို ငွေကြေးတွေနဲ့ ကန့်သတ်တာတွေ ရှိမယ်။ နောက်တချက်က ဒီပါတီတွေမှာ ပါတီဝင် ဘယ်လောက် ရှိရမယ်တို့ အဲလို ကန့်သတ်ချက်တွေ ရှိလာမယ်ပေါ့ဗျာ၊ အဲဒီလို အကန့်အသတ်တွေ။ အဲဒီလို အကန့်အသတ်တွေရှိလာခဲ့ရင် ကျနော်တို့ အခက်တွေ့မှာ။

ပါတီအနေနဲ့ အရပ်သားတွေကြားမှာ၊ နိုင်ငံရေးအဖွဲ့အစည်း အသိုင်းအဝိုင်းတွေ ကြားမှာ စွပ်စွဲခံရတဲ့ ဟာမျိုးတွေပေါ့။ ပါတီရဲ့ ရန်ပုံငွေက ကနေဒါမှာ ရှိနေတဲ့ လူတယောက်ဆီက ရတယ် ဆိုပြီးတော့ အဲလိုမျိုး ကောလာဟလ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျာ။

ဦးကျော်မြင့်ဆိုတဲ့ လူပေါ့နော်။ ကျနော်တို့ကတော့ ဟိုတုန်းက သူ့အကြောင်းလည်း သေချာမသိပါဘူး။ ကြားက လူတယောက် မိတ်ဆက်ပေးတဲ့ အတွက် ကျနော်တို့ ရွေးကောက်ပွဲတွေ ဘာတွေ ဖြစ်လာရင် အတူတူ လုပ်မယ်ဆိုတဲ့ ကမ်းလှမ်းချက် ရှိတာပေါ့နော်။

ကျန်တဲ့လူတွေကို ကမ်းလှမ်းတဲ့ သဘောပါပဲ။ သူတယောက်ထဲကို ကမ်းလှမ်းတာ မဟုတ်ဘူး။ လူအများကြီး ကမ်းလှမ်းတဲ့ အထဲမှာ ပါတာပေါ့နော။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက သီးခြားပါတီ နိုင်ငံခြားမှာ ရှိတယ်လို့ ကြားလိုက်တာ ပေါ့နော်။ အဲဒီတော့ နိုင်ငံခြားမှာရှိတဲ့ သီးခြားပါတီနဲ့ ကျနော်တို့ ပေါင်းလုပ်လို့ မရဘူး။ ပေါင်းလုပ်လို့ မဖြစ်ဘူး။ အဲဒီလို မဖြစ်တော့ ကျနော်တို့က ဖြတ်လိုက်တာပေါ့နော်။

ဖြတ်ပစ်လိုက်တာက ဒီလို။ အဲဒီ ဦးကျော်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ကျနော်နဲ့က တခါမှ စကား မပြောဖူးဘူး။ တွေ့လည်း မတွေ့ဖူးဘူး။ အင်တာနက်တို့၊ ရေဒီယိုတို့ကလည်း စကား မပြောဖူးဘူး။ သူနဲ့ ပတ်သက်တုန်းကလည်း ကျနော်တို့မှာ ဘာမှ အကျိုးမရှိဘူး။

ဒီနေ့ နိုင်ငံရေးမှာ ပြောပြောနေတာ Third Force တတိယလိုင်းပေါ့နော်။ ဒီ ဒီမိုကရက်တစ်ပါတီက မိမိကိုယ်ကို အဲလို Third Force ရယ်လို့ သတ်မှတ်လား။ ဘယ်လို သဘောထားလဲခင်ဗျ။

ကျနော်တို့က ကိုယ့်ကိုကိုယ်တော့ Third Force လို့ မသတ်မှတ်ဘူး။ သို့သော် ကျနော်တို့က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီးတော့ NLD လည်း မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့က သီးခြား လွတ်လပ်တဲ့ပါတီ။ အဲဒါပါပဲ။

အန်ကယ်ဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပါတီအကြီးအကဲ တယောက်အနေနဲ့ပေါ့၊ မြန်မာ ပြည်သူ လူထုကို ဘာပြောချင်လဲ ခင်ဗျ။

ပြည်သူလူထုအနေနဲ့ လက်တွေ့ကျကျ စဉ်းစားစေချင်ပါတယ်။ လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ရွေးကေက်ပွဲက ဖြစ်မှာပဲ။ ရွေးကောက်ပွဲဖြစ်ရင် စစ်အစိုးရ စနစ်မှ အရပ်သားအစိုးရ ဖြစ်အောင် ပြောင်းမယ်နော်။ အရပ်သား အစိုးရ စနစ်က ခုန ကျနော် ပြောတဲ့အတိုင်း ဒီမိုကရေစီ အရပ်သား အစိုးရ ဖြစ်အောင် ပြည်သူလူထုမှာ တာဝန်ရှိတယ်။ အရေးကြီးတယ်ပေါ့နော်။

ပြည်သူလူထုဟာ လက်ထဲမှာ တကယ်ကို အရေးကြီးတဲ့ မဲပိုင်ရှင် ဖြစ်တယ်။ သူတို့က လူကောင်းကို ရွေးနိုင်တယ်။ တန်ဖိုးရှိတဲ့ မဲပိုင်ဆိုင်တဲ့ ပြည်သူလူထုဆီကို လူလိမ်တွေလည်း လာလိမ့်မယ်။ အဲဒီလူတွေကို သတိထားပါ။

ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကြွေးကြော်သံက ဘာများ ဖြစ်မလဲခင်ဗျာ။

ကျနော်တို့ကတော့ ဒီလို မြန်မာနိုင်ငံသားတွေအားလုံး လူဖြစ်ကျိုးနပ်အောင် လုပ်ချင်တယ်။ အဲဒါ အဓိက ပေါ့နော်။ လူဖြစ်ကျိုးနပ်အောင် ကျနော်တို့ လုပ်ချင်တယ်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့