Friday, May 14, 2010

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း

ရဲဘော်ဖိုးသံချောင်း
၁၃ မေလ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုလုပ်မယ် ဆိုတာကို ပြည်တွင်းပြည်ပရှိ မြန်မာပြည် အရေး စိတ်ဝင်စား နေသူတိုင်းက စူးစူးစိုက်စိုက် စောင့်ကြည့် နေကြပါတယ်။ ဒီအထဲမှာ ဒီချုပ် ဇာတ်သိမ်းခန်းကို ကြည့်ရတော့ မဟဲ့လို့ အားခဲ ထားသူတွေ ပါသလို နာကျည်း စိတ်မကောင်းစွာနဲ့ စောင့်ကြည့် နေကြသူတွေလည်း ပါပါတယ်။ ရေဒီယို အင်တာဗျူးတွေမှာ ပါတီသစ် ထောင်လိုက်ကြောင်း အားပါးတရ ပြောနေတာ ကြားရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ “ကမ္ဘာမကြေဘူး”သီချင်းကို မျက်ရည်တွေနဲ့ ဆိုနေကြတယ် ဆိုတာလည်း ကြားရပါတယ်။

ဘာပဲပြောပြော ဒီဆောင်းပါးရေးနေတဲ့အချိန် အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်ကိုလည်း ဖြုတ်မချသေး၊ မတရာသင်းလည်း မကြေညာသေးပါဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဒီနေရာမှာ အားလုံး စဉ်းစားလို့ရအောင် သမိုင်းဖြစ်ရပ် တခုကို တင်ပြချင်ပါတယ်။ မှီငြမ်း စဉ်းစားဖို့ပါ၊ ထပ်တူဆွဲ နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်တုန်းက အဖြစ်အပျက်-။

မတ်လ (၂၈) ရက်ညမှာ ဖဆ-ဆိုရှယ်လစ်တွေက ကွန်မြူနစ်တွေကို တပြည်လုံးအနှံ့ ဖမ်းဆီးပွဲကြီး လုပ်ပေမယ့် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လုပ်သလိုပဲ ဆိုင်းဘုတ်ဖြုတ်တာ၊ ပါတီ မတရားသင်း ကြေညာတာတွေ မလုပ်ပါဘူး။ သူတို့ရဲ့စာရင်းထဲမှာ ရှိနေသူတွေကိုပဲ အတင်း တွန်းဖမ်းနေခဲ့တာပါ။ နောက်ပြီး ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး အဲဒီအခါတုန်းက ပါတီ အပြင်ဘက် ရောက်နေတဲ့ ဦးသိန်းဖေမြင့် ကိုတော့ လက်ဖျားနဲ့ မတို့ပါဘူး။ ဘေးမဲ့ ပေးထားပါတယ်။ ဒါပေမယ့် ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ ကွန်မြူနစ်တွေကို ဝရမ်းပြေးတွေ အဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ပုလိပ်တပ်နဲ့ တောနင်းရှာပါတယ်။

အချုပ်ကားကြီးတွေ တဝီဝီနဲ့လည်း နယ်အနှံ့ဆင်းပြီး ဖမ်းပါတယ်။ ဖမ်းမိတဲ့သူကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ် တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့မှ ဝရမ်းပြေး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ဒါနဲ့ဆက်ပြီးစဉ်းစားရမှာက (ဦး) သိန်းဖေမြင့်ရေးတဲ့ “သိန်းဖေမြင့်၏ကျော်ငြိမ်း” စာအုပ်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်ငြိမ်းက နိဒါန်းရေးတော့ ဒီလိုပါတာ တွေ့ရပါတယ်။ “စတာလင်သာ (၁၀) နှစ်လောက် စောပြီးသေရင်၊ ကရုရှော့ဖ်သာ (၁၀) နှစ်စောပြီး ရုရှခေါင်းဆောင်ဖြစ်ရင် ကွန်မြူနစ် အထွေထွေ အတွင်းရေးမှူးဟာ ဦးသိန်းဖေမြင့်သာ ဆက်ဖြစ်နေမယ်-တဲ့။” ပြောင်ဝန်ခံထားတယ်လို့ ဆိုရမလားပါပဲ။

လိပ်ပတ်လည်သွားတယ်လို့ ဆိုရမှာပါ။ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တွေ မဖြုတ်သေးဘဲထားတာ၊ မတရားသင်း မကြေညာသေးဘဲ ထားတာတို့ဟာ ဦးသိန်းဖေမြင့်နဲ့ သူတစင်ထောင်လာမယ့် သူ့ရဲ့“ကွန်မြူနစ်ပါတီသစ်” အတွက် အခွင့်အလမ်းဖွင့် ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးသိန်းဖေမြင့် နောက်မှာက သူ့မိန်းမ တယောက်သာ ရှိလေတော့ ဖဆပလ အစိုးရလည်း မစောင့်နိုင်တော့ဘဲ ၁၉၅၃ ခုနှစ်ထဲလောက် ရောက်တော့မှပဲ ကွန်မြူနစ်ပါတီကှို မတရားသင်း ကြေညာ ခဲ့ပါတယ်။

ဒါနဲ့တဆက်တည်းမှာ ဆိုရှယ်လစ်တွေနဲ့ ဗိုလ်နေ၀င်းတို့ စစ်တပ်က သခင်စိုးနဲ့ အလံနီပါတီကို တမင် မွေးသလို ချန်ထားတဲ့ အကြောင်းကိုလည်း ထောက်ပြလိုပါတယ်။ သခင်စိုးက ဗကပကို တိုက်ခိုက်နေသရွေ့ သူတို့ကို ထိထိရောက်ရောက် ထိုးစစ် မဆင်ဘဲ မွေးထားပါတယ်။ လက်ဝဲ သမားတွေ အထဲမှာ အရှုပ်အထွေးတွေ ဖြစ်အောင်၊ အလံနီပါတီရဲ့“ကွဲအက်ရေးမှ ခွဲထွက်ရေးသို့” ဆိုတဲ့ ပေါ်လစီအတိုင်း အတိုက်အခံတွေ ထဲမှာ ကွဲပြဲအောင် လုပ်နေသရွေ့ ဖဆပလနဲ့ မဆလတို့က ဘေးမဲ့ ပေးထားပါတယ်။ မြို့ပေါ်ကိုလည်း တက်မလာ၊ တောတွင်းကပဲ လုပ်နေတာဆိုတော့ အစိုးရတွေက အသာလွှတ်ထား ပါတယ်။ မြို့ပေါ်တက် လှုပ်ရှားတဲ့ အလံနီ ယူဂျီတွေကိုသာ ဖမ်းပါတယ်။ နောက်ဆုံးမှာ သခင်စိုး ကိုယ်တိုင်က ဘယ်သူမှ မယုံကြည်တဲ့ ဆင်ခြေပေးပြီး လက်နက် ချလာတော့မှ ဖမ်းလိုက်ပြီး မဆလ တရားရုံးနဲ့ သတင်းစာတွေကနေ သိက္ခာ
နှစ်ပြားဖိုးမှ မကျန်အောင် သိက္ခာ ချတော့တာ ဖြစ်ပါတယ်။

အခုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တိုက်ခိုက်နေ၊ ဆဲရေးနေသရွေ့ နအဖက ဘေးမဲ့ ပေးထားမယ့် သဘောရှိပါတယ်။ ပြည်တွင်း မီဒီယာတွေမှာ ပြောစရာ၊ ရေးစရာ နေရာတွေ ရနေမှာပါ။ ဒါပေမယ့်လည်း အဲဒီလို အသုံးချ တန်ဖိုး ကုန်သွားပြီဆိုရင်တော့ ကိုယ့်ခေါင်းကိုယ် စမ်းနေပေရော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ဗိုလ်အောင်ကြီးနဲ့ ‘တတ်သိ’ တွေ ပြဿနာ ဖြစ်ကြတော့ စစ်အစိုးရက “တတ်သိ” တွေကို အားလုံးလိုလို ဆွဲစေ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ရာသက်ပန် ဆဲနေမယ့် ဗိုလ်အောင်ကြီးကိုတော့ စမူဆာလောပန်း ဖြစ်စေခဲ့တာကိုလည်း သတိရ သင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား အတိုက်အခံတွေကိုသာ တိုက်ခိုက်နေမယ် ဆိုရင် နအဖရဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီက စပေ့စ်တွေ အများကြီး ပေးထားမှာ သေချာပါတယ်။ ဒီလိုနဲ့ သူတို့လက်ကိုင် အလံရှူးတွေအတွက် ဒီမိုကရေစီ ပေးလိုက်တာ ခွပ်ဒေါင်းအလံ ဆွဲအသုံးချတဲ့ ကိစ္စပေါ်လာတော့ နအဖ စစ်အစိုးရအဖို့ အတော် အကြပ်ရိုက် သွားပါတယ်။ ဒီလိုနဲ့ ကိုယ့်လူကိုယ် ကြိတ်ဆုံးမရတာတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် နအဖဟာ အချိန်တန်ပြီထင်လို့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ကို ပါတီအဖြစ် ပွဲထုတ်လိုက်တာ ဟာလည်း သူတို့ ထင်မထားတဲ့ ဆန့်ကျင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ကြံ့ဖွံ့ဟာ စပေ့စ်မှ အဆောက်အဦးတွေ၊ ရုံးခန်းတွေ၊ ရုံးပစ္စည်းတွေ သာမကာ လူရိုက်ခွင့်၊ လူသတ်ခွင့်တွေတောင် ရခဲ့ဖူးပါပြီ။ ဒီတော့ ရှေ့မှာ မြင်းချို (ဂျို) တပ်တာထက် ဆိုးတာတွေ ပေါ်ပေါက်ဖို့ အကြောင်းတွေ ရှိနေပါတယ်။

မြန်မာပြည်သမိုင်းမှာ စစ်အာဏာရှင်တွေဟာ သူတို့ကို အတိုက်အခံ ပြုသူတွေနဲ့အတူ တရားဝင် အတူ တည်ရှိနေထိုင်တာ၊ သူတို့ကို ဝေဖန် ပြောဆိုခွင့် ပြုတာရယ်လို့ တခါမှ မရှိခဲ့ဖူးပါဘူး။ ဒီအစဉ်အလာလို ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့လို လူတွေက ချိုးဖောက် ပြုပြင်မယ်လို့ တွက်တာဟာ စိတ်ကူးယဉ်တာထက် အများကြီး ပိုဆိုးတဲ့ အမှားဖြစ်ပါလိမ့်မယ်။ အာဏာ ဆုပ်ကိုင် ထားသူတွေဘက်က ကြည့်ရင် တခါ-တခါမှာ ကိုယ်နဲ့ မတူသူတွေကို အပြင်ဘက်ထားပြီး ချုပ်ကိုင်ရတာထက်၊ အတွင်းထဲထားပြီး ချုပ်ကိုင်ရတာဟာ ပိုမီးသေ၊ ပိရိတာကို တွေ့ရပါတယ်။ နံရံကို ခေါင်းနဲ့တိုက်မယ် ဆိုရင် ကြားမှာ ကွက်လပ်လေး-စပေ့စ်လေး ရှိမှပိုနာတယ်၊ ကွဲနိုင်တယ် ဆိုတာ မမေ့ကြပါနဲ့။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့