Friday, July 30, 2010

မြွေပွေးပိုးထိခြင်း

Friday, July 23, 2010


မျိုးဆက်သွေး

××××× စာရေးသူကို အပတ်စဉ်ထုတ် ကမ္ဘာကျော် မဂ္ဂဇင်းမှ သတင်းစာဆရာ တစ်ဦးက မေးခွန်းတစ်ခု မေးသည်။ လူတွေ ဝေဖန်နေတဲ့ အခြေခံ ဥပဒေကို လက်ခံသူ အဖြစ်နဲ့ အတိုက်အခံတွေက မင်းကို ဝေဖန်ကြတယ်နော်၊ ပြီးတော့ အဲဒီအခြေခံ ဥပဒေကို မင်းက သင်တန်း ပို့ချတယ်လို့လည်း ပြောကြတယ်။ ဘာ့ကြောင့် အဲဒီအခြေခံ ဥပဒေကို လက်ခံရသလဲဟု မေးခြင်း ဖြစ်သည်။ ××××××××××× ကျွန်တော်ဟာ အခြေခံ ဥပဒေများရဲ့ သဘောသဘာဝကို ဘွဲ့လွန်ပညာ အဖြစ် ဆည်းပူးခဲ့ပြီး ဒီအခြေခံ ဥပဒေသစ်ရဲ့ သဘော သဘာဝကိုလည်း ကျေညက်စွာ သဘော ပေါက်တဲ့အတွက် ဖြစ်ပါတယ်ဟု စာရေးသူ ဖြေခဲ့သည်။

နောင်တွင် ဤအခြေခံ ဥပဒေကို ပညာရှင် အမျိုးမျိုးတို့က ပညာရပ် ရှုထောင့်မှ အသီးသီး သုံးသပ် ကြသည့် အခါတွင် ဤကိစ္စကို စာရေးသူ အရင်ဦးဆုံး မှတ်တမ်း တင်ခဲ့ကြောင့် မှတ်တိုင် စိုက်လိုသောကြောင့် ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ကြောင်း ၀န်ခံလိုပါသည်။

အဲဒါကတော့ Voice ဂျာနယ်မှာ အောင်ထွဋ် အမည်ခံ နေ၀င်းမောင်က Concept နဲ့ Process ဆောင်းပါးမှာ ပြောထားတဲ့ ကိုယ့်ကို ကိုယ်ဖော် မသူတော် လုပ်ထားတဲ့ စကားတွေ ဖြစ်တယ်။ သူ့ဆောင်းပါးမှာ ရေးထားတဲ့ အယူအဆတွေ မှန်မမှန်ဆိုတာ ကိုပိတောက်က ချေပထားပြီး ဖြစ်လို့ မပြောလို၊ တကယ်တော့ နေ၀င်းမောင်နဲ့ ပတ်သက်ပြီး လက်ရှောင် နေတာ ကြာခဲ့ပြီ။ သူ့ကို ဝေဖန်တဲ့ ကျွန်တော့် စာတွေကို ပိတောက်က တင်ပေးလို့ စိတ်ကောက်ပြီး ပိတောက်မြေမှာ သူ့ဆောင်းပါးတွေ မထည့်ဖို့ တားပြီးထဲက ပိတောက်ကို အားနာတာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုတော့ မပြောမဖြစ် ရေးရဦးမယ်။

ပိတောက်က နေ၀င်းမောင် ဆောင်းပါးကို ချေပတဲ့ စာရေးတဲ့ အချိန်မှာ အစိုးရ ပြန်ကြားရေးဌာန စာပေကင်ပေတိုင် အဖွဲ့က Voice ကို နှစ်ပတ် ပိတ်လိုက်ပြီ ဖြစ်တယ်။ ပိတောက်က မသိလို့ ဘာမှ မညွှန်းတာလား၊ ဒါမှမဟုတ် တစ်ချို့ ပြောသလို အစိုးရ ဘလော့ဂ် ဖြစ်တဲ့အတွက် အစိုးရ ချေပခိုင်းတဲ့ အတိုင်း ပြန်ချေပ နေတာလားတော့ မသိဘူး။

ဇူ ၂၁ ဧရာဝတီ ဆောင်းပါးမှာတော့ နေ၀င်းမောင်ရဲ့ Concept နဲ့ Process ဆောင်းပါးမှာ ပါတဲ့ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ရေးထားတာရယ်။ နေ၀င်းမောင်ရဲ့ လေသံရယ်ကို မကြိုက်တာကြောင့် ပိတ်လိုက်တာလို့ ပါတယ်။ ဒီနေရာမှ အကြောင်း အရာနဲ့ ပတ်သက်လို့ မပြောချင်ဘူး။ ဒီလို ပိတ်လိုက်တဲ့ အကျိုး သက်ရောက်မှုကိုပဲ ပြောချင်တယ်။

နေ၀င်းမောင်ဟာ သူ့မိဘနှစ်ပါး စစ်တက္ကသိုလ်မှာ စာသင်ခဲ့ဘူးတဲ့ အရှိန်နဲ့ စာပေစင်မြင့်ပေါ် တက်လာပြီး စွာကျယ်ကျယ် လုပ်နေတယ်လို့ အရင်တုံးက စာတွေမှာ ရေးပြခဲ့ပြီး ဖြစ်တယ်။ ဒီအရှိန်နဲ့ ဘယ်သူမှ သူ့ကို မထိရဲဘူး ဆိုပြီး ဘ၀င်ကိုင်လာတာ အခုတော့ ထိပ်ထု ခံလိုက်ရတဲ့ ဘ၀ရောက်ပြီ။ ဒါက ဘာကို ပြသလဲဆိုရင် စစ်အစိုးရအနေနဲ့ သူ့ကို ထိပါးလာတယ် ဆိုရင် ဘယ်သူ့ကိုမှ လက်မခံဘူး၊ ဆော်မှာပဲ ဆိုတာပြလိုက်တာပဲ။ တတိယ အုပ်စုဆိုပြီး နေ၀င်းမောင်လို ဂြိုလ်ထောင်ချင် နေတဲ့ လူတွေ၊ ရွေးကောက်ပွဲ ရထားပေါ် ခါတော်မှီ ခုန်တက်လိုက် နေတဲ့လူတွေကို မင်းတို့ သတိထားဆိုပြီး ကြိမ်တုတ် ၀င့်ပြလိုက်တာပဲ ဖြစ်တယ်။ အထူးသဖြင့် ပြန်ကြားရေးနဲ့ ပိုင်တယ်ဆိုပြီး သူများထက် ပိုရေးခွင့် ရနေတယ် ဆိုတဲ့ ဂျာနယ်လစ် များကို ရန်ငါစည်း ဆွဲပြလိုက်တာလဲ ဖြစ်တယ်။ နောက်ပြီး အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ အမှားလုံးဝမခံဘူး၊ နေ၀င်းမောင်လို အခြေခံဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူလိုလို ဘာလိုလိုနဲ့ တောရောက် တောင်ရောက် အဓိပ္ပါယ် ဖွင့်တာမျိုးကို လက်မခံဘူး၊ အစိမ်းအကျက် မရွေးဘူးလို့ အချက်ပြ လိုက်တာလည်း ဖြစ်တယ်။ ဒါဟာ ပါတီသစ်တွေက ရွေးကောက်ပွဲ၊ အခြေခံဥပဒေတို့နဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြတာတွေကို စင်တင်ပေးနေတဲ့ ဂျာနယ်များ အတွက်လည်း သတိပေးလိုက် တာလို့လည်း ဆိုလို့ရတယ်။

ဒီထက်ပို အရေးကြီးတာက နေ၀င်းမောင်တို့လို တတိယ အုပ်စုဆိုတဲ့ လူတွေ ပြောပြောနေကြ၊ အခြေခံ ဥပဒေထဲကနေ Space ချဲ့ယူမယ်ဆိုတဲ့ စကားရေထဲ မျောသွားတာပဲ။ အခုအဖြစ်က အဲဒီ Space က ဘယ်လောက်ပဲ ကျယ်တယ်ဆိုတာ သွားချဲ့ဖို့ကြိုးစားရင် ဘာဖြစ် တတ်တယ် ဆိုတာ နေ၀င်းမောင် သိသွားပြီလို့ ထင်တယ်။ သူ့ဆောင်းပါး အစမှ အခြေခံ ဥပဒေ ဘယ်လို ဆွဲခဲ့တယ်ဆိုတဲ့ Process ကိုပဲ ပြောပြော နေကြတာ မှားတယ်။ Concept ကိုမြင်အောင် ကြည့်ဖို့ လိုတယ်လို့ အစချီပြီး သူ့ထုံးစံအတိုင်း လေပြေထိုးပြီးမှ အခြေခံဥပဒေရဲ့ Concept ကို နားလည်ဖို့ လိုတယ်၊ ဒီလို နားလည်ဖို့ အတွက် သီအိုရီ အခြေခံ လိုအပ်ချက် ရှိတယ်ဆိုပြီး (အဲဒီလို နားလည်တာလည်း မြန်မာပြည်မှာ သူပဲရှိတယ်လို့ မပြောရုံတမယ်ပဲ) လုပ်နေကြအတိုင်း ပြည်သူတွေကို အထင်သေးတဲ့ လေလုံး၊ အစိုးရကို ဆရာလုပ်ချင်တဲ့ မိုးလုံးတွေ ပစ်လိုက် တော့တာပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ နေ၀င်းမောင် အရှိန်မသတ်နိုင်ဘဲ ချောက်ပေါက်တိုးပြီ။ တနည်းအားဖြင့် နေ၀င်းမောင် အဖြစ်ဟာ မြွေပွေး ပိုးထိ သွားတာလည်း ဖြစ်တယ်။

ဒီတော့ သူ့ဂျာနယ် ပြန်ထွက်လာရင် ဒီကိစ္စနဲ့ ပတ်သက်လို့၊ ရွေးကောက်ပွဲ၊ လမ်းပြမြေပုံနဲ့ ပတ်သက်လို့ ဘာတွေများ ပြောမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။

မျိုးဆက်သွေး

Ref: ပိတောက်မြေ

0 comments:

အပေါ်သို့