Friday, July 30, 2010

The Voice ဂျာနယ်ဆောင်းပါးနဲ့ မိမိအမြင်

Wednesday, July 21, 2010

The Voice ဂျာနယ်က သူ့ဆောင်းပါး တွေကို တဆင့်ဖော်ပြတာ ခွင့်မပြုပေမယ့် ဂျာနယ်ပါ ဆောင်းပါး တွေကိုတော့ မပြတ် လေ့လာ ဖြစ်ပါတယ်။ သဘော မတူတာ ရှိရင်ထောက်ပြခွင့် ရှိတယ်လို့လည်း ခံယူထားပါတယ်။ အခုလည်း The Voice ဂျာနယ်ရဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး မှားနေတယ်လို့ ထင်တာကို ထောက်ပြချင်ပါတယ်။

ဇူလိုင် (၁၂ ) ရက်နေ့ထုတ် ဂျာနယ်မှာ ဆောင်းပါးရှင် အောင်ထွဋ်က Concept နှင့် Process အမည်နဲ့ ဆောင်းပါး တစ်ပုဒ် ရေးထားပါတယ်။ အဲဒီဆောင်းပါးမှာ အခြေခံ ဥပဒေအရ ပေါ်လာမယ့် လွှတ်တော်မှာ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး စစ်တပ် ကိုယ်စားလှယ် ၂၅% ရဲ့ အရေးပါမှုကို အခုလို တွက်ချက် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ဥပဒေသစ် တစ်ခုပြဋ္ဌာန်းရန် ရွေးချယ် တင်မြှောက်ခံ အမတ် ၄၉၈၊ တပ်မတော် ခန့် အမတ် ၁၆၆ ၏ ထက်ဝက်ဖြစ်သော ၃၃၃ မဲလိုအပ်ပြီး သမ္မတ ဖြစ်သူတွင် ဗီတို အာဏာ မရှိပါ။ သို့သော် အခြားရှု့ထောင့် တစ်ခုက ကြည့်လျှင် သမ္မတဖြစ်သူ လက်မခံနိုင်သော ဥပဒေတစ်ရပ်ကို လွှတ်တော် တစ်ရပ်က ပြဋ္ဌာန်းမည် ဆိုလျှင် တပ်မတော် ခန့် အမတ် ၁၆၆ ၏ ထောက်ခံမှုကို မရရှိနိုင်၍ ရွေးချယ်ခံ လွှတ်တော်အမတ် ၄၉၈ ဦး၏ မဲများအနက် ၃၃၃ မဲလိုအပ်သည့် သဘောဖြစ်သည်။ ၄၉၈ အနက် ၃၃၃ မဲဆိုသည်မှာ သုံးပုံနှစ်ပုံ လိုအပ်ချက် ရှိသည်ဆိုသော သဘောဖြစ်သည်။ တနည်းအား ဖြင့် ပြောရလျှင် Default Veto ရှိနေသည် ဆိုသည့် သဘောဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု တွင်လည်း သမ္မတက ဗီတို အာဏာဖြင့် ပယ်ချထားသော ဥပဒေ တစ်ရပ်ကို အတည်ပြုရန် လွှတ်တော် နှစ်ရပ်ပေါင်း၏ သုံးပုံ နှစ်ပုံ လိုအပ်ချက် ရှိပါသည်။

ဒါပေမယ့် အခြေခံ ဥပဒေပါ အချက်များအရ သာမန် ဥပဒေကြမ်းများကို အဲဒီနေ့မှာ တက်ရောက်မဲပေးတဲ့ အမတ်များရဲ့ များ ရာဆန္ဒမဲနဲ့ ဆုံးဖြတ်ချက်နဲ့ အတည်ပြုခြင်း၊ ပယ်ချခြင်း လုပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့လွှတ်တော်မှာ ကိုယ်စား လှယ်အားလုံး တက်ပြီး မဲပေးရင် အမတ် ၂၂၁ ဦး၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် အားလုံး တက်ပြီး မဲပေးရင် ၁၁၂ မဲ ပေးရင် အဲဒီ ဥပဒေကြမ်းက အတည်ဖြစ်ပါပြီ။ တကယ်ကတော့ အဲဒီထက် နည်းတဲ့ အရေအတွက်နဲ့ ဥပဒေကြမ်းများကို အတည်ပြုလိုက ရပါတယ်။ ပြည်ထောင်စု လွှတ်တော် အနေနဲ့ ပေါင်းပြီး မဲပေးဖို့ မလိုပါဘူး။ ပြည်ထောင်စု လွှတ်တော် အနေနဲ့ ဆုံးဖြတ်တယ် ဆိုတာက လွှတ်တော်တစ်ခုက အတည်ပြုတဲ့ ဥပဒေကြမ်းကို နောက်လွှတ်တော် တစ်ခုက လက်မခံနိုင်ဘဲ ပယ်ချတဲ့ အခါမျိုးမှာသာ လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး ထိုင်ပြီးရင် အဲဒီနေ့မှာ တက်ရောက်မဲ ပေးတဲ့ အမတ်များရဲ့ များရာဆန္ဒမဲနဲ့ အတည်ပြု ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်းပါးရှင် အောင်ထွဋ် ပြောတဲ့ ဥပဒေ ကြမ်းများ အတွက် ၃၃၃ မဲလိုတယ် ဆိုတာ အမြဲတမ်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒါတောင်မှ ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမနေ့ အစည်း အဝေးမှာ လွှတ်တော်အမတ် ၅၀ % တက်ရင် အစည်းအဝေး ထမြောက်ပြီး နောက်နေ့ တွေမှာ သုံးပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေး ထမြောက်တာ ဖြစ်လို့ ဥပဒေကြမ်း တစ်ခု အတည်ပြုဖို့ လိုအပ်တဲ့မဲဟာ ၃၃၃ မဲထက် အများကြီး နည်းနိုင် ပါတယ်။ ဒါ့ကြောင့် ၃၃၃ ဆိုတဲ့ ဂဏန်းအား အောင်ထွဋ် ယူဆသလို သော့ချက် ကိန်းဂဏန်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

နောက်တစ်ခါ ဆောင်းပါးရှင် အောင်ထွဋ်က အမေရိကန် သမ္မတရဲ့ ဗီတိုအာဏာနဲ့ အခုအခြေခံ ဥပဒေမှာ စစ်တပ်ကိုယ်စား လှယ် ၂၅ % ပါတဲ့ အခြေအနေကို ထင်ဟပ်ထားပြီး စစ်တပ် ၂၅% က သမ္မတရဲ့ ဗီတိုအာဏာ သဘောဖြစ်တယ်။ Default Veto ဖြစ်တယ်လို့ သုံးသပ် ပြထားပါတယ်။ ဒီအဆိုကိုလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အမေရိကန် သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အရ ကွန်ဂရက်က တင်လာတဲ့ ဥပဒေကြမ်း တစ်ခုကို သမ္မတ မကြိုက်တဲ့ အချက်ပါရင် သူ့ ကန့်ကွက်ချက်နဲ့ အတူ စပြီး အတည်ပြုခဲ့တဲ့ လွှတ်တော်ကို ပြန်ပို့ရပါတယ်။။ အဲဒီလို ဖြစ်လာရင် အမေရိကန် ကွန်ဂရက်အနေနဲ့ ဥပဒေကြမ်းကို သမ္မတ လက်ခံနိုင်အောင် ပြင်ချင်ရင် ပြင်၊ မဟုတ်ရင် လွှတ်တော် တစ်ရပ်ခြင်းရဲ့ အမတ် သုံးပုံ နှစ်ပုံက ပြန်ပြီး အတည်ပြုဖို့ လုပ်ရပါတယ်။ တကယ်လို့ အထက် လွှတ်တော်အမတ် သုံးပုံ နှစ်ပုံ၊ အောက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံက မူလ ဥပဒေ ကြမ်းကိုပဲ ပြန်ပြီး အတည်ပြုတယ် ဆိုရင် သမ္မတရဲ့ ဗီတိုအာဏာကို ကျော်လွှားပြီး ဥပဒေကြမ်းဟာ သမ္မတ သဘော မတူပေမယ့် ဥပဒေ အဖြစ်ကို ရောက်ပါတယ်။ အောင်ထွဋ် ပြောသလို လွှတ်တော် နှစ်ရပ်ပေါင်း၏ သုံးပုံနှစ်ပုံ လိုအပ်ချက် မဟုတ်ပါ။ တကယ်တော့ သမ္မတရဲ့ ဗီတိုလို့သာ ရေးပြော နေပေမယ့် အမေရိကန် အခြေခံဥပဒေမှာ ကန့်ကွက်ချက်နဲ့ အတူ ပြန်ပို့တယ်။ ( အခု မြန်မာ ဥပဒေမှာ ပါတဲ့စာသားမျိုး ) လို့ပဲဆိုပါတယ်။ အတိအကျကို အခုလို ဖော်ပြထား ပါတယ်။

Every Bill which shall have passed the House of Representatives and the Senate, shall, before it become a Law, be presented to the President of the United States; If he approve he shall sign it, but if not he shall return it, with his Objections to that House in which it shall have originated, who shall enter the Objections at large on their Journal, and proceed to reconsider it. If after such Reconsideration two thirds of that House shall agree to pass the Bill, it shall be sent, together with the Objections, to the other House, by which it shall likewise be reconsidered, and if approved by two thirds of that House, it shall become a Law.

မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေမှာတော့ သမ္မတကို အဲဒီ အခွင့်အရေး မပေးပါဘူး။ လွှတ်တော် နှစ်ရပ်က အတည်ပြုပြီး ဖြစ်တဲ့ ဥပဒေကြမ်းကို သမ္မတဆီကို လက်မှတ် ထိုးဖို့ တင်ပြတဲ့ အခါ သမ္မတက ၁၄ ရက်အတွင်း လက်မှတ်ထိုးပြီး အတည်ပြုရ ပါတယ်။ သဘော မတူတာ တွေ့ရင် အဲဒီရက်အတွက် သူ့ရဲ့ အကြံပြုချက်နဲ့ အတူ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ရပါတယ်။ လက်မှတ်လဲ မထိုးဘူး၊ အကြံပြုချက်နဲ့ အတူပြန်လည်း မပို့ဘူးဆိုရင် ၁၄ ရက်ကျော်တာနဲ့ အလိုအလျောက် သမ္မတ လက်မှတ်ထိုး သကဲ့သို့ အတည် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် သမ္မတက ပယ်ချခွင့် မရှိသလို လက်မှတ် မထိုးဘဲ အချိန်ဆွဲထား လို့လည်း မရပါဘူး။

သမ္မတက အကြံပြုချက်နဲ့ ပြန်ပို့တဲ့ အခါ လွှတ်တော် နှစ်ခုက သီးခြား ပြန်မစဉ်းစား ပဲနဲ့ ပြည်ထောင်စု လွှတ်တော် အနေနဲ့ အစည်းအဝေး လုပ်ပြီး သမ္မတ အကြံပြုချက် အတိုင်း လက်ခံမလား၊ လက်မခံဘူးလား ဆုံးဖြတ်ရပါတယ်။ အဲဒီလို စဉ်းစားဆုံး ဖြတ်တဲ့အခါ အမေရိကန် ဥပဒေမှာလို သုံးပုံ နှစ်ပုံ ထောက်ခံ ရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ ဒါ့ကြောင့် တက်ရောက် မဲပေးတဲ့ ကိုယ်စားလှယ်များရဲ့ များရာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်တဲ့ အခါ သမ္မတ အကြံပြုချက်ကို လက်ခံရင် ပြင်ရေး၊ လက်မခံရင် မူလအတိုင်း သမ္မတဆီကို ပြန်ပို့ပါတယ်။ ဒီတစ်ခါ မှာတော့ သမ္မတက ၇ ရက်အတွင်း လက်မှတ်ထိုး ရပါတယ်။ ပြန်ပို့ခွင့် မရှိတော့ပါဘူး။ သူလက်မှတ် မထိုးရင်လည်း ၇ ရက်ကျော်ရင် အလို အလျောက် အတည် ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခြေခံ ဥပဒေအရ သမ္မတဟာ အမေရိကန် သမ္မတရဲ့ ဗီတိုအာဏာနဲ့ နှိုင်းယှဉ်စရာ အခွင့်အရေး ဘာမှ မရှိပါဘူး။

ဆောင်းပါးရှင် အောင်ထွဋ်က စစ်တပ်ကိုယ်စားလှယ် ၂၅%ဟာ သမ္မတမကြိုက်တဲ့၊ လက်မခံနိုင်တဲ့ ဥပဒေများကို ကန့်ကွက်မဲ ပေးခြင်း အားဖြင့် ဒါဟာ သမ္မတရဲ့ ဗီတိုသဘောပဲ ဖြစ်တယ်ဆိုတယ်လို့ ယူဆပုံရပါတယ်။ နိုင်ငံခြားသား သတင်းထောက်ကို သူရှင်းပြတဲ့ အခါမှာရော၊ ၃၃၃ အရေအတွက်ကို ပြောတဲ့အခါ မှာရော ဒီသဘော ရေးထားတယ်လို့ မြင်မိပါတယ်။ ဒီအယူ အဆမှာ အားနည်းချက် နှစ်ခုရှိပါတယ်။ အရင် ဆောင်းပါးများမှာ ကျွန်တော် ဆွေးနွေးဘူး သလို သာမန် ဥပဒေကြမ်းများ အတည်ပြုခြင်းနဲ့ ပတ်သက်ပြီး စစ်တပ် ၂၅ % ဟာ ဘယ်လိုမှ သြဇာ မသက်ရောက် နိုင်တဲ့ အချက်က ပထမ အားနည်းချက် ဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့ မဲပေးမှု ပုံစံများကို ကြည့်ရင်လည်း ဒါကို တွေ့နိုင်ပါတယ်။ ဒုတိယ အားနည်းချက် ကတော့ စစ်တပ် ၂၅% ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် ထားသူများ ဖြစ်တဲ့အတွက် သမ္မတ အလိုကျမဲပေးမယ် လို့တထစ်ချ မပြောနိုင်တဲ့ အချက်ဖြစ်ပါတယ်။

တကယ်တော့ စစ်တပ် ၂၅% ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်တဲ့ အခါ အမတ် ၇၅% ကျော်က ထောက်ခံဖို့ လိုတယ်ဆိုတဲ့ သတ်မှတ်ချက် အရ အဲဒီကိစ္စမှာ စစ်တပ် သဘောမတူရင်၊ အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက ပြင်ဆင်ရေး ဘက်က ထောက်ခံ ဆန္ဒမဲ မပေးရင် ပြင်လို့ မရတဲ့ အာဏာ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို Default Veto လို့ဆိုမယ် ဆိုရင်တော့ ဆိုနိုင်ပါတယ်။ ဒါတောင်မှ ဒါဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Default Veto လို့ဘဲ ဆိုနိုင်ပါတယ်။ သမ္မတ ရဲ့ Default Veto လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့်လည်း ဂမ်ဘာရီနဲ့ နအဖ ပြောရေး ဆိုခွင့် အာဏာပိုင် အဖွဲ့ တွေ့တဲ့အခါ ၊ အစိုးရ သတင်းစာ ဆောင်းပါးများ ရေးတဲ့အခါ ၂၅% ဟာ တိုင်းပြည် အတွက် အရေးကြီးတဲ့ အခြေခံ ဥပဒေပြင်ဆင်ခြင်းလို့ ကိစ္စ တွေမှာ ထိန်းညှိတဲ့ အခန်းကပါဖို့ ဖြစ်တယ်လို့ ရေးနေတာဖြစ်ပါတယ်။

ဒါကတော့ အောင်ထွဋ် ဆောင်းပါးပါ အချက်များ အပေါ် မိမိအမြင်နဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ဒါဟာ မှန်တယ်လို့ မဆိုပါ ဘူး၊ အခြေခံ ဥပဒေအပေါ် ဖွင့်ဆိုမှုတွေနဲ့ ပတ်သက်ရင် အမေရိကန် မှာလည်း နှစ်နှစ်ရာကျော် အထိ မပြီးသေးပါဘူး။ တရား ရုံးချုပ်က ၀င်ဆုံးဖြတ် ပေးရတာလည်း မကြာခဏ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါး ကလည်း မိမိ အယူအဆ မျှသာဖြစ် ပြီး ကျန်တဲ့ သူများက ၀ိုင်းပြီး ဆွေးနွေး ပေးဖို့လိုတယ် လို့လည်း ထင်မိပါတယ်။

Ref: ပိတောက်မြေ

0 comments:

အပေါ်သို့