Friday, July 30, 2010

နိုင်ငံရေးသမားနဲ့ နိုင်ငံပြုခေါင်းဆောင်

Tuesday, February 23, 2010

မောင်ဝံသ

(နိုင်ငံရေးသမားနဲ့ နိုင်ငံပြု ခေါင်းဆောင် ဘယ်လို ကွာတယ် ဆိုတာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ ဂျာနယ် အသစ် တစ်စောင် ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Envoy ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ )

နိုင်ငံရေး ဆောင်ရွက်သူကို အားလုံး လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ပဲ ခေါ်ဆိုပါတယ်။ နိုင်ငံရေးသမား တွေဟာလည်း ပုထုဇဉ်တွေပဲ ဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်း- အများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် တည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမား ကောင်းရယ်လို့ ကွဲပြား လာကြတယ်။ ဆိုးတယ်၊ ကောင်းတယ် ဆိုတာကို သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။

အစိုးရ အရာရှိ တစ်ယောက်ဟာ သူ့အလုပ် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင် အရာရှိကောင်း တစ်ယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေကို အကျပ်ကိုင်၊ ပညာပြပြီး လာဘ်လာဘ ရအောင် လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။ နိုင်ငံရေး သမားလည်း ထိုနည်း၎င်းပါပဲ။ ပြည်သူလူထုကို အလုပ် အကျွေးပြုရင် နိုင်ငံရေး သမားကောင်း၊ ပြည်သူ လူထုကို အာဏာ အလွဲသုံးပြီး ပြန်လည် နှိပ်စက်နေရင် နိုင်ငံရေး သမားဆိုးပါပဲ။ အရာရာကို ပြည်သူလူထု ကောင်းကျိုး လုပ်သလား၊ ဆိုးကျိုး လုပ်သလား ဆိုတာနဲ့ပဲ တိုင်းတာရပါမယ်။

အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ ၀န်ထမ်းဟာ သူ့ပညာနဲ့ ကျွမ်းကျင်မှု အားလျော်စွာ လစာ ငွေကြေး ရရှိတယ်။ နိုင်ငံရေးသမားက လစာ ငွေကြေးမရဘူး။ စေတနာ့ဝန်ထမ်း အလုပ်ဖြစ်တယ်။

သူ့ကို နိုင်ငံရေး လုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာ မဟုတ်ပါ။ သဘောတရားအရ ပြောရင် မိမိဆန္ဒ အလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေး လုပ်ကြတာ ဖြစ်တယ်။ ဒါဖြင့် နိုင်ငံရေး သမားဟာ နိုင်ငံရေး လုပ်လို့ ဘာရသလဲ။ ဘာမှ မရပါဘူး။ သူ ဘာစားမလဲ။ ပီတိကိုပဲ စားရပါမယ်။ သူပါဝင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းကြီး တစ်ခု အောင်မြင် သွားတာကို ကြည့်ပြီး တစိမ့်စိမ့် ပီတိ ဖြစ်နေမယ်။ အဲဒါ အရသာပဲပေါ့။ သူပါဝင် စွမ်းဆောင်ခဲ့တာကို အသိအမှတ် ပြုတဲ့ အနေနဲ့ မော်ကွန်းတင် ခံရရင်လည်း ပီတိ ဖြစ်ရတာပဲ။ ရင်ဘတ်မှာ ဖဲကြိုးဝါလေး ချိတ်ဆွဲပေးတာ ခံရရင်ပဲ ပင်ပန်း နွမ်းနယ်ခဲ့သမျှတွေ အားလုံး ပြေပျောက် သွားတော့တာပေါ့။

နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ် စသည်ဖြင့် နိုင်ငံရေး ရာထူးဌာနန္တရ အသီးသီး ရရှိသူတွေ ကတော့ လစာငွေကြေး တင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့် အာဏာကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲဒီအခါ သူ့ကို အဲဒီလို နေရာမျိုး ရောက်အောင် ပခုံးနဲ့ ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်လည် ကြည့်ရှုရတယ်။ တစ်ချိန်တည်းမှာ သူ့ကို လာဘ်ရွှင်တဲ့၊ နေရာကောင်း ပေးထားတဲ့ အထက် ဆရာများကိုလည်း ကျေးဇူးတင် ရတယ်။ သည်လိုနဲ့ပဲ ရထားတဲ့ လုပ်ပိုင်ခွင့် အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာ ဆက်မြဲဖို့ နည်းလမ်း မျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက် ဖြူစင်တဲ့ နိုင်ငံရေးသမား ဖြစ်ပါစေ၊ အာဏာမှာ ယစ်မူး သွားတတ်တယ်။

နိုင်ငံရေး သမားတွေထဲမှာပဲ ရင့်ကျက်မှု ရှိပြီး အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကို statesman လို့ ခေါ်ဝေါ် သုံးနှုန်းတယ်။ statesman ဟာ နိုင်ငံရေး သမားပါပဲ။ သို့ပေမဲ့ politician နိုင်ငံရေးသမားက အုပ်ချုပ်ရေး လုပ်ငန်းတွေကို တာဝန်ယူတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက် တင်မြှောက်ခံရဖို့ ဖြစ်တယ်။ လူသား ရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာ ရှိမှ သူ့သြဇာ အာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည် ကောင်းကျိုး လုပ်ဆောင်နိုင်ဖို့ ပထမဆုံး "နေရာ" ရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေး သမားက လူသား ရေးရာကို ပိုစိတ်ဝင်စားတယ်။ လူအများ ကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ် ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။

Statesman နဲ့ politician ကို ခွဲခြားပြောပြတဲ့ နာမည်ကျော် အဆိုအမိန့် တချို့ရှိတယ်။

"နိုင်ငံရေး သမားဟာ လာမဲ့ ရွေးကောက်ပွဲ ကိစ္စကို စဉ်းစားတယ်။ နိုင်ငံပြု ခေါင်းဆောင်က လာမဲ့ မျိုးဆက်အတွက် စဉ်းစားတယ်။"

A politician thinks of the next election. A statesman, of the next generation.

James Freeman Clarke

ဂျိမ်းဖရီးမန်းကလပ် (၁၈၁၀-၁၈၈၈) ဟာ အမေရိကန် နိုင်ငံရေးသမား၊ တရားဟော ဆရာ၊ စာရေးဆရာ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ အဆိုအမိန့်က ခုနောက်ပိုင်းမှာ လူအတော် များများရဲ့ ကိုးကားစရာ ဖြစ်လာတယ်။ တကယ်ကတော့ အေဘရာ ဟမ်လင်ကွန်းက အလားတူ ပြောပြီးသားပါ။

"နိုင်ငံပြုခေါင်းဆောင်ဟာ အနာဂတ် မျိုးဆက်များ အတွက် စဉ်းစားတယ်။ နိုင်ငံရေးသမားက လာတော့မဲ့ ရွေးကောက်ပွဲတွေ အတွက် စဉ်းစားတယ်"

A statesman is he who thinks in the future generations, and a politician is he who thinks in the upcoming elections.

Abraham Lincoln

လင်ကွန်းစကားက သိပ်ပေါ်ပြူလာ မဖြစ်ဘဲ အထက်က ဂျိမ်းကလပ်ရဲ့ စကားကို လူပြောများနေကြပါတယ်။

လက်စနဲ့ နိုင်ငံပြု ခေါင်းဆောင်နဲ့ နိုင်ငံရေးသမား ဖွင့်ဆိုချက် အချို့ တွေ့မိတာလေးတွေ တင်ပြပါဦးမယ်။

"နိုင်ငံရေးသမား တစ်ယောက်အဖို့ဝါရင့် နိုင်ငံပြု ခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲ မှာ ရှုံးခြင်းပါပဲ"

The fastest way for a politician to become an elder statesman is to lose an election.

Earl Wilson

"နိုင်ငံရေးသမား ဆိုတာ သူ့နိုင်ငံရေးကို ခင်ဗျား လက်မခံနိုင်သူကို ခေါ်တယ်။ အကယ်၍ ခင်ဗျားဟာ သူ့နိုင်ငံရေးကို လက်ခံတယ်ဆိုရင် အဲဒါ နိုင်ငံပြု ခေါင်းဆောင်ပဲ" A politician is a person with whose politics you don't agree; if you agree with him he's a statesman.

David Lloyd George

အထက်ဖော်ပြပါ အဆိုအမိန့် "စာကိုး"များအအရ politician နိုင်ငံရေးသမား ဆိုတာ လူအများရဲ့ ကိုးစား ယုံကြည်ခြင်းကို သိပ်မရရှိဘူးလို့ ဆိုနိုင်ပါတယ်။ statesman နိုင်ငံပြု ခေါင်းဆောင် အဆင့်ကိုလည်း လူတိုင်းတော့ ရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ရှိစေ၊ တတ်နိုင်သမျှ အများ ကောင်းကျိုးကို ရွက်ဆောင်ကြရင်ဖြင့် နိုင်ငံရေးသမား အပေါ် ပြည်သူ့မေတ္တာ ရောင်ပြန် ဟပ်မှာပါလို့ ပြောချင်ပါတယ။်

နောက်ဆုံး တစ်ခုကတော့ အမည်မသိ အဆိုအမိန့် တစ်ခုပါ။ "လူတစ်ယောက် အကြောင်းကို အခြင်းအရာ သုံးခုက ပြောနေတယ်။ သူ့မျက်လုံးတွေရယ်၊ သူပေါင်းသင်းတဲ့ မိတ်ဆွေရယ်၊ သူကြိုက်နှစ်သက်တဲ့ စာကိုးတွေရယ်" (Three things tell a man: his eyes, his friend and his favorites quotes.

သည်တော့ အဆွေ စာဖတ်သူ . . . သင့်မျက်လုံးကို မှန်ထဲ ပြန်ကြည့် ကြည့်ပါလေ။ ပြီးတော့ သင့်အပေါင်းအသင်း တွေ ဘယ်သူတွလဲ၊ ဘာတွေလဲ ကြည့်ပါလေ။ အခုဖော်ပြခဲ့တဲ့ "စာကိုး" တွေကိုတော့ သင်နှစ်သက်မယ်လို့ ထင်ပါတယ်။

မောင်ဝံသ

Ref: ပိတောက်မြေ

0 comments:

အပေါ်သို့