Thursday, August 12, 2010

ကရင်ပြည်နယ်အတွက်မဟုတ်၊ ကရင်ပြည်သူများ အတွက် ဆိုသူနှင့် အင်တာဗျူး

Thursday, August 12, 2010

မြန်မာနိုင်ငံတွင် စစ်အစိုးရ ကျင်းပပေးမည့် လာမည့် ရွေးကောက်ပွဲကြီး၌ ကရင် တိုင်းရင်းသားများကို ကိုယ်စားပြု ယှဉ်ပြိုင်ရန် ရန်ကုန်နှင့် ဧရာဝတီတိုင်း အတွင်း နေထိုင်ကြသော မြို့ပေါ်နေ ပညာတတ် ကရင် တိုင်းရင်းသားများက ကရင်ပြည်သူ့ ပါတီ အမည်ဖြင့် ပါတီ ထူထောင် ခဲ့ကြသည်။ အဆိုပါ ပါတီကို ထူထောင်ကြသူများသည် စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက်တို့မှ အစိုးရ အငြိမ်းစား ၀န်ထမ်းများနှင့် ကရင်စီးပွားရေး သမားများ ဖြစ်နေကြသည်။ ပါတီဥက္ကဌ စောထွန်းအောင်မြင့်သည် တပ်မတော် (ရေ) တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး စောစေးဝါးသည်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲမှူးကြီး အဆင့်ဖြင့် အငြိမ်းစား ယူထားသူ ဖြစ်သည်။

ကရင်ပြည်သူ့ပါတီ၏ မူဝါဒသဘောထားများကို မဲဆန္ဒရှင်ပြည်သူများ လေ့လာနိုင်စေရေးအတွက် ဧရာဝတီ မဂ္ဂဇင်း၏ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ထက်အောင်က စောစေးဝါးကို မေးမြန်းထားပါသည်။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ မျက်မှောက်အခြေအနေအရ နိုင်ငံရေးကျင့်စဉ်၊ အုပ်ချုပ်ရေးစနစ်နဲ့ စီးပွားရေး ပုံစံတွေကို ပြုပြင်ဖို့ လိုတယ်လို့ ပါတီရဲ့ အမျိုးသားရေး အခြေခံမူမှာ ပြောထားပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေကတော့ နိုင်တော် အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထု စားဝတ်နေမှု ဖူလှုံရေးလို့ ပါတီရဲ့ မူဝါဒ လုပ်ငန်းစဉ်မှာ ဆိုထားပါတယ်။ ဒီနေရာမှာ နိုင်ငံတော် အေးချမ်း သာယာရေးဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။

ဖြေ။ ။ နိုင်ငံတော်အေးချမ်း သာယာရေး ဆိုတဲ့ကိစ္စက ပြောရမယ်ဆိုရင် လူမှုရေးကွာဟချက်တွေက နည်းနည်းများ နေတော့ သိပ်ပြီး သဟဇာတ မဖြစ်ကြဘူး ဖြစ်နေတယ်။ ဆိုချင်တာက ညီညီညွတ်ညွတ် မရှိတော့ မသာယာဘူး၊ မငြိမ်းချမ်းဘူး ပေါ့။ ဒေသ တခုနဲ့တခု ဖွံ့ဖြိုး တိုးတက်မှုကလည်း ကွာဟချက်ရှိတော့ ငြိမ်းချမ်း သာယာမှုလည်း မရှိနိုင်ဘူးလေ။ နောက်တခုက သိတဲ့အတိုင်းပဲ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ အရေးအခင်းတွေကလည်း အမျိုးမျိုး ရှိနေကြတော့ ဒါတွေက ရှင်းရမဲ့ ကိစ္စတွေပေါ့ဗျာ။

မေး။ ။အခုလက်ရှိ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ မငြိမ်းချမ်းမှုတွေမှာ တချို့က အစိုးရနဲ့ငြိမ်းချမ်းမှု ယူတယ်၊ တချို့ ကြတော့လည်း အခုထိ ငြိမ်းချမ်းရေး မယူနိုင်သေးဘူး။ အဲဒီ အခြေအနေတွေ အပေါ် ကရင်ပြည်သူ့ပါတီရဲ့ တိကျတဲ့ သဘော ထားတွေက ဘာတွေလဲ။

ဖြေ။ ။ ပါတီရဲ့သက်တမ်းက နုသေးတယ်၊ တည်ဆောက်ရေး ကာလပေါ့၊ မူဝါဒ ချပြတဲ့ အပိုင်းပဲ ရှိပါသေးတယ်။ ကျနော်တို့ တဦးချင်းရဲ့ အနေအထားက ၀န်ထမ်း ဘ၀မှာတုန်းက နိုင်ငံတော်အပေါ် သစ္စာစောင့်သိခဲ့ကြတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေး အတွက်ကိုပဲ ရည်မှန်းတယ်။ အဲဒီလို ရည်မှန်းထားတဲ့အတွက် နယ်စပ်မှာ ဖြစ်ပွားနေတဲ့ အရေးအခင်းတွေက မလွဲ မသွေ ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စတွေပါ။ လောလောဆယ်တော့ အဲဒီကိစ္စတွေကို ကိုင်တွယ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ကျနော်တို့ လက်လှမ်း မမီသေးတဲ့ကာလ၊ ကျနော်တို့ အင်အားကို တည်ဆောက် နေတဲ့ကာလ၊ အဲဒါတွေ ခိုင်မာလာတဲ့ အခါမှာ ဒါတွေကို တဖြည်းဖြည်း ကိုင်တွယ်ပါမယ်။

မေး။ ။ အခုလက်ရှိအစိုးရက အကောင်အထည်ဖော်နေတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး အစီအစဉ် အပေါ် ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ ပြဿနာတခုဖြစ်လာရင် သူ့ဘက် ကိုယ့်ဘက် စဉ်းစားရမယ်လေ။ အခုကတော့ ထုံးစံအတိုင်းပေါ့။ သူတို့ (စစ်အစိုးရ ဗိုလ်ချုပ်ကြီးများ) ရဲ့အခြေခံ ဥပဒေမှာ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်ဆိုတော့ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အားလုံး ရှိနေတာကို လိုချင်တာပေါ့။ တဘက်ကျပြန်တော့လည်း ကရင် လက်နက်ကိုင် အဖွဲ့တွေက သူတို့လိုချင်တဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အဆင့်အတန်း တခု မရမချင်းကတော့ သူတို့ ဒီလက်နက်ကို စွန့်လွှတ်စရာ အကြောင်းကို မရှိဘူးလေ။ အခြေအနေ အမျိုးမျိုးကြောင့် စွန့်လွှတ်တဲ့ သူကလည်း စွန့်လွှတ်မယ်၊ အခြေအနေက စွန့်လွှတ်ဖို့ မသင့်ဘူးလို့ ယူဆတဲ့သူကတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါတွေကို နိုင်ငံရေးအရ တဖြည်းဖြည်း ဖြေရှင်းရဦးမယ်လေ။

မေး။ ။ မြို့ပေါ်မှာနေတဲ့ ပညာတတ်ကရင်လူမျိုးတွေ ရှိသလို၊ ကျေးလက်မှာ တောင်သူလယ်သမား ဘ၀နဲ့ နေထိုင်ကြတဲ့ ကရင် လူမျိုးတွေ ပိုများမယ် ထင်ပါတယ်။ ပါတီရဲ့ စီးပွားရေး မူဝါဒနဲ့ ကျေးလက်နေ တောင်သူ လယ်သမားတွေ အတွက် မူဝါဒ တွေက ဘာတွေလဲ။

ဖြေ။ ။ စီးပွားရေးမူဝါဒက ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင်၊ အချုပ်အချယ်မရှိ၊ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရရင် တိုင်းပြည် ပိုမိုတိုးတက် ချောင်လည်လာမယ်လို့ ထင်ပါတယ်။ နောက်တခုက တန်းတူရည်တူ အခွင့်အရေးပေးဖို့ လို အပ်ပါတယ်။ ဒါက ပါတီရဲ့ ယေဘုယျ မူဝါဒပေါ့။

မေး။ ။ အခုလက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး ပကတိအနေအထားမှာ ဈေးကွက်စီးပွားရေးကို အကောင်အထည် ဖော်နေတာ အနှစ် ၂၀ ရှိပါပြီ။ လက်ရှိ သွားနေတဲ့ စီးပွားရေးပုံသဏ္ဍန်အပေါ် ကျေနပ်မှုရှိပါသလား၊ လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင်လည်း ဘယ်အပိုင်းတွေက လိုအပ်နေပါသလဲ။

ဖြေ။ ။ ကျနော့် အမြင်ကတော့ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် မဖြစ်သေးဘူးလို့ ပြောရမှာပေါ့။ အကောင်အထည် ဖော်တဲ့ နေရာမှာ အုပ်စုတစု တဖွဲ့ကိုပဲ ဦးစားပေးတဲ့ပုံစံက ပိုများနေတယ်။ နောက်တချက်က ပြဿနာတွေကို ညီညီမျှမျှ ကိုင်တွယ်တဲ့ အနေအထား အားနည်းနေတယ်။ အဲဒီလိုဖြစ်တဲ့အတွက် နေရာတိုင်းမှာ လွတ်လွတ်လပ်လပ်နဲ့ တန်းတူ အခွင့်အရေး မရဘူးပေါ့။

မေး။ ။ ကိုယ့်မှာ အရင်းအနှီးရှိရင် ရှိသလို၊ စွမ်းအားရှိရင် ရှိသလို စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် အခြေအနေမျိုး ဖန်တီးပေးဖို့ ဆိုလိုတာလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ဒီကိစ္စက အတော်ခက်ပါတယ်။ ဓနရှင်တွေကို လွတ်လပ်စွာ လုပ်ခွင့်ပေးလိုက်ရင် ဆင်းရဲသား လူတန်းစားက မတိုးနိုင်ဘူး ဖြစ်လိမ့်မယ်။ အလုပ်သမား လယ်သမား လူတန်းစား အတွက်လည်း စဉ်းစားပေးရပါမယ်။ ချိန် ခွင်လျှာ ထိန်းညှိဖို့ လိုပါတယ်။

မေး။ ။ လယ်သမား လယ်ယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက “လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်” မူဝါဒကို ကျင့်သုံးမယ် ပြောထားတယ်။ အဲဒီတော့ လယ်ယာ မြေကို နိုင်ငံတော်ကပဲ ပိုင်ဆိုင်တာပေါ့၊ ကရင်ပြည်သူ့ ပါတီ အနေနဲ့ရော ဘယ်လိုမူဝါဒ ကျင့်သုံးဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ ကရင်လူထုက လယ်သမား လူတန်းစား များပါတယ်။ ပိုင်ဆိုင်မှုအပိုင်းက ပီပီပြင်ပြင်တော့ ရှိဖို့လိုတယ်။ ဒီလိုမှပဲ လယ်လုပ်တဲ့သူက ကိုယ့်ပစ္စည်း ကိုယ်ပိုင်တဲ့အတွက် တိုးတက်အောင် စိတ်ပါဝင်စားစွာနဲ့ လုပ်မယ့် သဘောရှိပါတယ်။ ပိုင်ဆိုင်ခွင့် မရှိရင် နိုင်ငံတော်ကပဲ ကြိုက်သလို ခွဲဝေတာတို့၊ သိမ်းဆည်းတာတို့ ဖြစ်လာရင် လယ်သမားတွေ အတွက် တော်တော် ဒုက္ခရောက်တယ်လေ။ အဲဒါကြောင့် ပါတီရဲ့ မူဝါဒက လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့် ရှိတယ်။

မေး။ ။ ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်တော့ အခုဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက လယ် ယာ ဈေးကွက်ထဲ ၀င်ရောက် လာတာ ရှိတယ်။ ငွေလုံးငွေရင်းနဲ့ လယ်မြေတွေကို ရယူပြီး စီးပွားဖြစ် သီးနှံတွေကို စိုက်ပျိုး လာကြတယ်။ ဒီလို အခြေအနေတွေက အချိန် ကြာလာတာနဲ့ အမျှ ငွေကြေးရှင် စီးပွားရေးသမားတွေက လွှမ်းမိုး သွားနိုင်တဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ နိုင်ငံတော်က Mechanized Farming လုပ်ချင်တယ်။ ကျနော်တို့နိုင်ငံကလည်း သိတဲ့အတိုင်း လယ်သမား အများစု က အဲဒီအဆင့်ကို မကူးနိုင်ဘူး။ ဒါက နှစ်ဘက်လုံးကို စဉ်းစားပေးရမယ်။ Mechanized Farming လုပ်နိုင်တဲ့ သူကိုလည်း လုပ် ခွင့် ပေးရမှာ ဖြစ်သလို၊ ၅ ဧက၊ ၁၀ ဧက လုပ်နိုင်တဲ့သူကိုလည်း ဆက်လုပ်ခွင့် ပေးရမယ်။ ဒီအခြေအနေ နှစ်ရပ်ကို တပြိုင်တည်း ဖန်တီးပေးဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ပဲ အကြောင်း အမျိုးမျိုးနဲ့ လယ်မြေတွေ အသိမ်းခံရရင် လယ်သမားတွေလည်း ဘ၀ပျက် တယ်လေ။ Mechanized Farming ကလည်း လုပ်ရမယ် ဆိုတော့ တဘက်နဲ့ တဘက် မနစ်နာရအောင် ချိန်ဆပြီးလုပ်ဖို့ လိုပါတယ်။

မေး။ ။ ကရင်လူဦးရေ ဘယ်လောက်ရှိပြီး ဘယ်ဒေသတွေမှာ လက်ရှိနေထိုင်ကြပါသလဲ။ ရွေးကောက်ပွဲမှာရော ကရင် လူဦးရေ ရှိတဲ့ ဒေသတွေမှာပဲ အဓိကပြိုင်မှာလား။ အဓိက ယှဉ်ပြိုင်ဘက် ပါတီတွေက ဘယ်ပါတီတွေ ဖြစ်မလဲ။

ဖြေ။ ။ ကရင်လူဦးရေ ၈ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တခြားလူမျိုးတွေနဲ့ အိမ်ထောင်ကျတဲ့ ကရင် ကပြားတွေပါ ထည့်တွက်ရင် ၁၀ သန်းလောက် ရှိပါတယ်။ ကရင်ပြည်နယ် ပြင်ပမှာ နိုင်ငံ့လူဦးရေရဲ့ ၀. ၁ ရာခိုင်နှုန်း (၅၅၀၀၀ ဦးခန့်) ရှိတဲ့ ကရင် လူမျိုးနေထိုင်တဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့မှာပါ။ အဲဒီဒေသတွေမှာ လူနည်းစု အခွင့်အရေးလို့ ခေါ်တဲ့ ကရင်ရေးရာ ကိုယ်စားလှယ်လောင်း တနေရာစီ ရမှာပါ။ ကရင်အမျိုးသား အရေးကို အဓိက ကိုင်တွယ်မယ့် အဲဒီနေရာတွေကိုတော့ မဖြစ်မနေ ရအောင်ယူပါမယ်။

ဒုတိယ ဦးစားပေးကတော့ အဲဒီ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ရှိတဲ့ တိုင်းနဲ့ ပြည်နယ် (လွှတ်တော်) ကိုယ်စားလှယ် နေရာတွေမှာ ၀င်ပြိုင်ပါမယ်။ ကရင်ပြည်နယ် မှာတော့ ဒေသရဲ့ မငြိမ်းချမ်းတဲ့ အခြေအနေနဲ့ နယ်စပ်ဒေ သကိစ္စတွေနဲ့ ရှုပ်ထွေးနေတော့ ကျနော်တို့ အနေနဲ့ လက်ဝင်မလျှိုချင်ပါဘူး။ ပြိုင်ဘက်ပါတီ အနေနဲ့က လောလောဆယ် ပြည်ခိုင်ဖြိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နဲ့ တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ) ပဲ ရှိမယ်လေ။

မေး။ ။ ပြည်ခိုင်ဖြိုးမှာ လက်ရှိခေါင်းဆောင်နေတဲ့ သူတွေက အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်တို့၊ ၀န်ကြီးတို့ ဖြစ်နေတယ်။ အစိုးရ တာဝန်နဲ့ နယ်တွေလှည့်ရင်း သူတို့ပါတီ အတွက်လည်း မဲဆွယ်နေကြတယ်။ ဒီလို ရောထွေးနေတဲ့ အခြေအနေမှာ တခြား ပါတီ တွေကလည်း ရွေးကောက်ပွဲ ၀င်ချင်ရင် လက်ရှိရာထူးက ထွက်ပြီး တခြား ပါတီတွေနဲ့အတူ တန်းတူရည်တူ မဲဆွယ်သင့် တယ်လို့ ပြောလာကြတယ်။ အဲဒီအပေါ်မှာ ကရင်ပြည်သူ့ ပါတီ အနေနဲ့ ဘယ်လို သဘောထားလဲ။

ဖြေ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် ကျနော်တို့က မစိုးရိမ်ဘူး။ အစကတည်းက ဒီအသင်းကို ဖွဲ့ထားတာ နိုင်ငံတော် အာဏာ တည်တံ့ ခိုင်မြဲရေး အတွက်ပါ။ အကူး အပြောင်းတခုကို သူတို့ စိတ်ကြိုက်ပုံစံ လုပ်နိုင်အောင် လုပ်တာဖြစ်တယ်။ ဒါကို နားလည်နိုင်ပါတယ်။ တခုတော့ရှိတယ်။ ရွေးကောက်ပွဲမှာ မမျှတမှုတွေ များများစားစား ဖြစ်လာရင် သူတို့ လုပ်ရပ်အပေါ် မူတည်ပြီးတော့ ပြည်သူလူထုက အဆုံး အဖြတ် ပေးလိမ့်မယ်။ ပြည်သူလူထု အတွက် ကျနော်တို့ဘက်က အကောင်းဆုံး လုပ်နိုင်ရင် ပြည်သူလူထုက ထောက်ခံပါလိမ့်မယ်။

မေး။ ။ ကရင်ပြည်သူ့ပါတီ ခေါင်းဆောင်တွေက ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နေကြတာတွေ့ရတယ်။ ဘယ်လို စုစည်း မိသွားကြပြီး နိုင်ငံရေးပါတီ ထောင်ဖြစ် ခဲ့တာပါလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် ပါတီပေါ်ပေါက်လာဖို့ အစပျိုးတာ ၆ နှစ်လောက် ရှိသွားပါပြီ။ Karen Development Committee (KDC) ဆိုတာ ရှိပါတယ်။ အဲဒါက တရားဝင် အသင်းတော့ မဟုတ်ပါဘူး။ ကရင်ပြည်သူတွေရဲ့ လူမှုရေးရာတွေ လှုပ်ရှားတဲ့ အဖွဲ့အစည်းပါ။ အဲဒီတုန်း ကတည်းက ဒီလိုအခွင့်အရေး ပေါ်လာရင် ပါတီတခုအဖြစ် ထူထောင်ဖို့ စိတ်ကူး ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်တော့ ဇွန်လကစပြီး ကျနော်တို့ အချင်းချင်း ကြားထဲမှာ တွေ့ဆုံ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ ရန်ကုန်မှာ နေတဲ့ သူတွေက များပါတယ်။ အစည်းအဝေးပေါင်း ၆၀ ကျော်လောက် လုပ်ခဲ့တယ်။ ဒီလိုနဲ့ အခုလို ထူထောင်ဖြစ်တာပါ။

မေး။ ။ မဲဆန္ဒရှင်တွေကို ကရင်ပြည်သူ့ပါတီအနေနဲ့ ဘယ်လိုသတင်းစကား ပေးချင်ပါသလဲ။

ဖြေ။ ။ နောက်ဆုံးအခွင့်အရေး တရပ်ကတော့ Free and Fair Election ပေါ့။ အဲဒါ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ပြည်သူလူထု အပိုင်းကတော့ နံပါတ် ၁ က ကြိုတင်မဲ မပေးကြဖို့၊ ကြိုတင်မဲ ဆိုတာ ကိုယ့်လက်ထဲမှာ ပိုင်စိုးတဲ့ကိစ္စ မဟုတ်ဘူး၊ ကြိုက်သလို ဖြစ်သွားနိုင်တယ်။ နံပါတ် ၂ ကတော့ မဲမပေးဘဲ မနေကြဖို့၊ မဲမပေးဘဲ နေရင်လည်း ပြဿနာ ဖြစ်နိုင်တယ်။ အဲဒီတော့ အမှန်တကယ် သင့်လျော်မယ့် ပုဂ္ဂိုလ်ကို ကိုယ်တိုင်ပဲ သွားပြီး မဲပေးပါလို့ ပြောချင်ပါတယ်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့