Monday, August 9, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ဆီသို့ အရွေ့များ

သြဂုတ် ၉ ၊ ၂၀၁၀

ဖြိုးမင်းသိန်းတို့ ပါတီထောင်တာနဲ့ ပတ်သက်ပြီး
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်မှတ်ပုံတင်ကြမယ် ဆိုပြီး လူငယ်တွေက အရင်တုန်း ကတည်းက အများကြီး လာရောက် ဆွေးနွေးဖူးတယ်။ သူတို့နဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးခဲ့တာတွေကို အခု ပြန်ပြောပြမယ်။

ကျောင်းသားတွေ လူငယ်တွေ ဆိုတာ နိုင်ငံရေးမှာ လှုပ်ရှားတဲ့ အင်အားစုဖြစ်တယ်၊ သူတို့တွေက ပါတီ နိုင်ငံရေး လှုပ်ရှားမှု တခုကို ထူထောင်တာ မဟုတ်ဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး လူငယ် ကျောင်းသား တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတရပ်ကို ဆောင်ရွက်ကြတယ်လို့ မြင်တယ်။

သို့သော် ပါတီ အဖွဲ့အစည်းတရပ်ကို ထောင်ပြီးတော့ လှုပ်ရှားကြတဲ့နေရာမယ် မင်းတို့ရှေ့က ဖြတ်သန်း သွားခဲ့ဖူးတဲ့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး ပါတီတွေလို ပါတီနိုင်ငံရေးကို ငဲ့ရ၊ ပါတီ ရပ်တည်ရေးတို့ ပါတီ အကျိုးစီးပွားတို့ကို ငဲ့ရနဲ့ လှုပ်ရှား ဆောင်ရွက်လာရတဲ့ အဖြစ်ကို ရောက်လာကြရင် မင်းတို့တတွေဟာ လူငယ်တွေ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတခု အဖြစ်ကနေ သမားရိုးကျ နိုင်ငံရေး ပါတီလိုပဲ ဖြစ်သွားမှာပဲ၊ အဲသလို သာမန်နိုင်ငံရေး သမား တဦးပဲ ဖြစ်သွားမှာပဲ လို့ ပြောခဲ့ဖူးတယ်။

သို့သော် မင်းတို့တတွေက နိုင်ငံရေးပါတီကို ထူထောင်ခဲ့သော်လည်း ခေတ်ကို ပြုပြင်တဲ့ မဟုတ် မမှန်တာကို တွန်းဖြိုမယ့် လူငယ်တွေ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမျိုးကို ဆောင်ရွက် လာနိုင်တယ် ဆိုရင်တော့ တမျိုးတဖုံ ဖြစ်လာမယ် လို့ ပြောဖူးတယ်။ ဒါပေမယ့်လည်း အဲသည် ပါတီထဲကို ၀င်ရောက် လှုပ်ရှားခဲ့သော်လည်း တနေ့ တချိန်ချိန်မှာ အစက ရည်ရွယ်ချက်တွေ မလုပ်နိုင်တော့အောင်၊ အတားအဆီး အပိတ်အပင်တွေ ကြုံတွေ့ လာရတဲ့ အချိန်ရောက်လာရင်၊ အခြေအနေကို ရင်ဆိုင်ရတဲ့ ရောက်လာရင်တော့ ပါတီကို ဖျက်သိမ်းပြီးတော့ ထွက်ရတော့မှာပဲ၊ အဲသည်လိုမျိုး လုပ်ရတော့မှာပဲလို့ ငါ ထင်တယ်လို့ ပြောခဲ့ဖူးတယ်။

၂၀၁၀ ရွေးကောက်ပွဲအကြို စည်ကားလာတဲ့ စာနယ်ဇင်းမျက်နှာစာများ အပေါ်
အခုဆိုရင်လည်း စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဂျာနယ်တွေ ထုတ်ခွင့် ရကြတယ်။ စာရေးသားခွင့် တွေလည်း အထို က်အလျောက် ရကြတယ်။ အဲသည်မှာလည်း ကျနော်က သူတို့ကို ပြောဖူးတယ်။

ခင်ဗျားတို့တတွေကို အခု သူတို့က ခွင့်ပြုထားတာကနေပြီး ပိတ်ပင်တာတွေ၊ တားဆီးတာတွေ လုပ်လာမယ်။ သူတို့ မကြိုက်တာတွေကို မလုပ်ရ၊ မပြောရ၊ မရေးရ ဆိုပြီး လွတ်လပ်တဲ့ စာနယ်ဇင်းတွေ အဖြစ်ကနေပြီး သူတို့ အလိုကျ သမားရိုးကျ မဂ္ဂဇင်း ဂျာနယ်တစောင်လို၊ သမားရိုးကျ စာရေးသူ တဦး အဖြစ်ကို ဆောင်ရွက်လာတဲ့ တနေ့ကျရင် ဒါမျိုးကို အဖြစ်မခံဘဲနဲ့ ဂျာနယ်ကို ကိုယ့်ဖာသာကို ပိတ်လိုက်နိုင်ရဲတဲ့ သတ္တိမျိုး ရှိရလိမ့်မယ် လို့ ပြောဖူးတယ်။

ယခု ဖြိုးမင်းသိန်း ပါတီဥက္ကဋ္ဌရာထူးက နုတ်ထွက်လိုက်ပြီ ဆိုတော့ …
ဒါဟာ နိုင်ငံရေးအရ သူ့အနေနဲ့ ခုနက ပြောခဲ့တဲ့ အခြေအနေကို ရောက်လာတာကြောင့် သတ္တိရှိရှိနဲ့ Model သဘော၊ စံဖြစ်တဲ့ ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်လိုက်တာ ဖြစ်တယ် လို့ ကျနော့်အ နေနဲ့ မြင်ပါတယ်။

မြန်မာပြည်မှာ လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းတွေ ဆိုးဝါးမှုတွေကို အကောင်းဆုံး ပြသလိုက်တဲ့ ထုတ်ဖော် ပြလိုက်တဲ့ ပြယုဒ်တခု ဖြစ်တယ် လို့ ပြောချင်တယ်။

အဲသည်လိုမျိုး ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ အခြေအနေနဲ့ အလားအလာဟာ ဘယ်လောက်တောင်မှ မတရား ဖြစ်နေပြီ ဆိုတာကို ပြသနေပြီ။ ဥပမာ အချို့ ပါတီတွေက ပါတီဝင်တွေကို ရွေးကောက်ပွဲ ၀င်ချင်ရင် အသနားခံစာ တင်ရမယ် စသည်ဖြင့် လုပ်လာတယ်။ ပါတီတွေကို ခွဲခြားပြီး ဖိနှိပ်တာတွေ လုပ်လာနေတယ်။ အဲသည် အခြေအနေမှာ ဖြိုးမင်းသိန်းက ဒါမျိုးကို လက်မခံနိုင်ဘူး ဆိုပြီး နုတ်ထွက် လိုက်တယ်။
သို့သော် အခြားသူတွေကတော့ စစ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီးတော့ ဆက်ပြီး အသနားခံစာတွေ တင်မယ်လို့ ရွေးချယ်ကြတယ်။ ကိုယ်လုပ်ခဲ့တဲ့ သမိုင်း၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ ရပ်တည်ချက်တွေကို ဘယ်လိုနည်းနဲ့မှ ရုတ်သိမ်းစရာ မလိုဘူး၊ အသနားခံစရာတွေလည်း မလိုဘူး။ သူတို့မှာ ဥပဒေရှိရင် ဥပဒေနဲ့ လုပ်စရာရှိတာ လုပ်ပေတော့ပဲ။ ဒါပေမယ့် အချို့ကတော့ စစ်အစိုးရ ဖိနှိပ်တာကို နာခံပြီးတော့ အသနားခံစာ တင်မယ်လို့ ရွေးချယ်ကြတယ်။

ဒါဟာ ဖြိုးမင်းသိန်းလို လူငယ် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဌာန်နဲ့ သာမန် ပါတီ နိုင်ငံရေး သမားတွေရဲ့ သမားရိုးကျ နိုင်ငံရေးလှုပ်ရှားမှု ကွဲပြား ခြားနားမှုကို ပြလိုက်တာပဲ လို့ မြင်နိုင်တယ်။ ဖြိုးမင်းသိန်းဟာ အဲသည်လိုမျိုး အဖြစ်မခံဘဲ ထွက်လိုက်တယ်လို့ မြင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကစားကွင်းကနေ တဦးချင်း၊ တပါတီချင်း နုတ်ထွက်လာကြမှာလား …
အခု မြင်ရ ကြားရတာကတော့ ဖြိုးမင်းသိန်းက သူတဦးတည်း ဆန္ဒနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မယုံကြည်တော့လို့ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်တယ်။ အဲသည်တော့ ပါတီ တရပ်လုံး အနေနဲ့ကလည်း အများစု သဘောနဲ့ ဆွေးနွေးကြ၊ တိုင်ပင်ကြရလိမ့်မယ် ထင်တယ်။ ပါတီ အနေနဲ့လက်ရှိ နိုင်ငံရေး အခြေအနေမှာ ဆက်လက်ပြီး လှုပ်ရှား ဆောင်ရွက်မှုတွေ လုပ်ကြမလား။ ဆက်လက် ရပ်တည်ကြမလား။ ဘယ်လိုမျိုး ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ဖြတ်သန်းဖို့ ရင်ဆိုင်မလဲ။ ဘယ်လိုမျိုး အခြေအနေ အကြပ်အတည်း ဖိနှိပ်မှုတွေ ရင်ဆိုင်လာရရင် ပါတီ တခုလုံးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ နုတ်ထွက် ကြမှလား၊ ဖျက်သိမ်း ကြမှာလားဆိုတာ ဆွေးနွေးကြ၊ သဘောထားတွေ ပြင်ကြရတော့မှာ ဖြစ်တယ်။

အဲသည်အဖြစ်အပျက်ကို ဥပမာယူပြီးတော့ အခြားနိုင်ငံရေးပါတီတွေကလည်း ဘယ်လိုမျိုး ကြိုတင် တွေးထား ကြပြီလဲ။ ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက ဘယ်လောက်အထိ ဖိနှိပ်ချိုးနှိမ် အရေးယူမှုတွေ၊ ခွဲခြားမှုတွေကို လက်သင့်ခံကြမလဲ။

အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ ပြောခဲ့ကြတာက လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ % ကို လက်ခံပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ ၀င်လုပ်ကြဖို့ ပါတီတွေ ထောင်ကြတယ် ဆိုတယ်။ အခုဟာက လွှတ်တော်ထဲ ၀င်ဖို့ မပြောနဲ့ဦး၊ ရွေးကောက်ပွဲ ၀င်ဖို့ကိုတောင် စစ်အစိုးရက သူတို့ ထောင်ထားတဲ့ ပါတီတွေ သူတို့ မွေးထားတဲ့ လူတွေဖက်က တဖက်သတ် ရပ်တည်ပြီးတော့ အခြားပါတီတွေကို ဖိနှိပ်လာနေပြီ ဖြစ်တယ်။

အဲသည်အချက်တွေကြောင့်မို့လို့ တဦးတယောက်ချင်းဆီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည် မရှိဘူး ဆိုပြီး နုတ်ထွက် လာကြတာတွေ အပြင် မတရား အလုပ်ခံရတဲ့ နိုင်ငံရေး ပါတီတွေ ကိုယ်တိုင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကနေပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကို မခံဘဲ နုတ်ထွက်လာမယ့် ပါတီတွေ ရှိလာနိုင်တယ်။ တချို့ကလည်း ဒါတွေကို ခံပြီး၊ စစ်အစိုးရ အနိုင်ကျင့်မှုတွေကို လက်ခံပြီး ဆက်လက် ရပ်တည် နေကြတာတွေ ကိုလည်း မြင်ကြရဦးမယ် ဖြစ်တယ် လို့ ပြောချင်တယ်။

၂၀၁၀ ရွေးကောက်ပွဲ ကို အယုံအကြည်မရှိတဲ့ အပြင်သပိတ်၊ အတွင်းသပိတ်တွေ …
အခုအချိန်မှာ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်လို့၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တွေကို မယုံကြည်လို့ အစကတည်းက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး၊ မှတ်ပုံ မတင်ဘူး။ အစောကတည်းက သပိတ် မှောက်ထားခဲ့ပြီး ဖြစ်တယ်။

သို့သော်လည်း အချို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်။ အဲသည်က လွှတ်တော်ကို တက်မယ်လို့ စဉ်းစား ကြတယ်။ အခုအချိန်မှာ စစ်အစိုးရက သူ့စိတ်တိုင်းကျ ရွေးကောက်ပွဲကိုတောင်မှ သူ့စိတ်တိုင်းကျ ထူထောင် ထားတဲ့ စစ်အာဏာရှင် ပါတီကိုပဲ လက်ခံဖို့ လုပ်လာတယ်၊ ခြေလှမ်းတွေ လှမ်းလာပြီ ဖြစ်တယ်။

အဲသည်အခြေအနေကနေပြီးတော့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြမယ် ဆိုတဲ့ နိုင်ငံရေး ပါတီတွေ ကိုယ်တိုင်က လက်သင့်မခံနိုင်တော့တဲ့ အဆုံးမှာ ကစားဝိုင်း အတွင်းကနေ သပိတ်မှောက်ပြီး ထွက်လာ ကြတာမျိုးတွေကို မြင်ယောင်ကြည့်နိုင်တယ်။

ဒါ့အပြင် စစ်အစိုးရ ခွင့်ပြုထားလို့ ပေါ်ထွန်းလာတဲ့ စာနယ်ဇင်းတွေ စာစောင် မျက်နှာစာ တွေမှာလည်းပဲ စစ်အစိုးရ ချုပ်ချယ် တားမြစ်မှုတွေ၊ ဖိနှိပ်မှုတွေကို ခံစား နေကြရပြီ ဖြစ်နေတယ်။ စာပေ စိစစ်ရေးက စာမူတွေ သတင်းတွေ အများအပြားကို ကန့်သတ်တယ်၊ ပိတ်ပင်တာတွေ လုပ်နေတယ်။ တချိန်ချိန်မှာ စာနယ်ဇင်းတွေ ကလည်း စစ်အစိုးရ အလိုကျ၊ လက်ကိုင်တုတ် သမားရိုးကျ စာနယ်ဇင်း အဖြစ်နဲ့ နေမှာလား၊ ဒါကို လက်မခံဘူး ဆိုပြီး သူတို့ရဲ့ ဆန္ဒအမှန်ကို ထုတ်ပြကြရမယ့် အချိန် ရောက်လာမယ်။

ပြည်သူတွေ လူထုမဲဆန္ဒရှင်တွေ အနေနဲ့ အဆုံးအဖြတ် ပေးတော့မယ့် ကာလလည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့