Wednesday, September 1, 2010

လားရှိုးအထင်ကရ သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် စည်းရုံးရေးဆင်း

Wednesday, 01 September 2010

လာမည့်ရွေးကောက်ပွဲ၌ ကြံ့ဖွတ်ပါတီအနိုင်ရရေး အတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထု ကျန်းမာရေး အကြောင်းပြု မက်လုံး ပေးပြီး စည်းရုံးရေး ဆင်းနေကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

“ဟုတ်တယ်၊ လာမယ့်စက်တင်ဘာ၃ရက်နေ့လားရှိုးမြို့ အရှေ့မြောက်ဘက် ၇ မိုင်လောက် ဝေးတဲ့ မတ်ချီ့နူ ကျေးရွာ အုပ်စုဘက် စည်းရုံးရေး ဆင်းမယ်၊ ကျန်းမာရေးအဖွဲ့နဲ့ လာမယ်၊ ဆိုင်ရာ ရပ်ရွာ အကြီးအကဲ တွေကနေ လူစုခိုင်းထားတယ်။ မတ်ချီ့နူဘက် ပြီးရင် နမ့်ပေါ့င် ကျေးရွာအုပ်စုဘက် သွားပြီး အခမဲ့ ဆေးစစ်ဆေး ပေးဦးမယ်တဲ့။ ရွေးကောက်ပွဲ အတွက် ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ဟောပြောမယ် ဆိုဘဲ” - ဟုလားရှိုးရောက် မတ်ချီ့နူ ရွာသား တဦးက ပြောပါသည်။

ကြံ့ဖွတ်အသင်းနိုင်ငံရေးပါတီအဖြစ်ပြောင်းလဲခဲ့စဉ်မှစ၍လားရှိုးကြီး ‘ဟုံးယာယူလီခ’ အထူးကု ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း သျှမ်းပြည် မြောက်ပိုင်း တလွှား ဆက်တိုက် စည်းရုံးရေး ဆင်းခဲ့၏။ အထူးသဖြင့် လားရှိုးမြို့နယ် အတွင်း စည်းရုံးရေး ဆင်းရာမှာ ‘ကြံ့ဖွတ်ပါတီကို ထောက်ခံမှု မပေးပါက ‘ထ’ နှစ်လုံးဘ၀ ရောက်သွားနိုင်ကြောင်း’- ပြောဆို ခြိမ်းခြောက် ခဲ့သေးသည်ဟု ဆိုသည်။

“မထင်မှတ်ဘဲ ဆရာက ကြံ့ဖွတ်ယူနီဖေါင်းကြီးနဲ့ ဆိုတော့ အသိတချို့က ဒီလူဘယ်တုန်းက ထဘီစိမ်း ပြောင်းဝတ် လိုက်တာလဲ မေးဖူးတယ်။ သူကိုယ်တိုင်ကတော့ ဒီ(၈) လပိုင်းထဲမှာ ပြောတဲ့ စကားက ကိုယ့်အမျိုးသားရေး အတွက် ကောင်းကြိုး လုပ်ပေးချင်ရင် နှလုံးသားထက် ဦးနှောက်ကို သုံးရမယ်။ ဦးနှောက်မသုံးဘဲ နှလုံးသား ဆန္ဒတခုဘဲ ကြည့်ရင် ‘ထ’ နှစ်လုံး နဲ့ ကြုံရမယ်။ ‘ထ’ တလုံးက ထောင်၊ နောက် ‘ထ’ တလုံးက (သျှမ်းဘာသာ ထိန်င်- အဓိပ္ပါယ်က ‘တော’) တောထဲ ရောက်သွားမယ် ဆိုတဲ့သဘော၊ ကြံ့ဖွတ်ကို မထောက်ခံရင် အဲဒီလမ်း ၂ ခု ဘဲ ခင်ဗျားတို့ ရွေးဖို့ရှိတယ် လို့ပြောတယ်” - ဟု လားရှိုးသား လူငယ်တဦးက ပြောသည်။

ဒေါက်တာစိုင်းမောက်ခမ်း ကြံ့ဖွတ်ဝင်ရခြင်းနှင့် ပတ်သက်၍ အဆိုပါ ပုဂ္ဂိုလ်က - ကြံ့ဖွတ် ပါတီ ၀င်ရန် ယခင်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင် နှစ်ဆန်းပိုင်း ကတည်းက ဖြောင်းဖြ ဖိအားပေးခဲ့ကြောင်း၊ စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လားရှိုးတိုင်းမှူး ကဲ့သို့ တိုက်တွန်း ခဲ့သော်လည်း နိုင်ငံကျော် တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်က ပါးနပ်စွာ ငြင်းဆိုခဲ့ကြောင်း၊ ဆေးခန်းကြီး ဖွင့်ထားသည့် ဒေါက်တာ စိုင်းမောက်ခမ်းမှာမူ လက်မခံလျှင် စစ်အာဏာပိုင်များ အနှောင့်အယှက် ပေးလာမည်ကို စိုးရိမ်သောကြောင့် မလွဲသာ ၀င်လိုက်ရကြောင်း၊ သို့သော်လည်း ၎င်း၏ ပြောစကားများ အပေါ် အံ့သြ မိကြောင်း ထိုလူငယ်က ကောက်ချက်ချသည်။

တပြည်လုံး၏ သျှမ်းစာပေယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ တာဝန်ယူနေသေးသူ အသက် ၆၀ ကျော် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း ကြံ့ဖွတ်ပါတီ အတွက် လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် အမတ်လောင်း အဖြစ် နာမည် မတင်သွင်းမီကပင် သျှမ်းစာပေ ယဉ်ကျေးမှု အသင်းဝင် အချို့က နိုင်ငံရေး လုပ်လျှင် မိမိကိုယ်ပိုင် အသိဖြင့် ဥက္ကဌနေရာမှ နှုတ်ထွက်သင့်သည်ဟု အတန်တန် ပြောဆို ကြဘူးသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့