Wednesday, September 1, 2010

သခင်အောင်ကြီး (ပေါင်းတည်)၏ အမှားအချို့

Monday, 30 August 2010


ပြည့်စုံစာအုပ်တိုက်မှ (၂ဝဝ၉) ခုနှစ်၊ စက်တင်ဘာလထုတ် ''နိုင်ငံရေးသမား လက်ဟောင်း သခင်အောင်ကြီး (ပေါင်းတည်) နှင့် တွေ့ဆုံခြင်း၊ မြတ်ခိုင် မေးသည် '' စာအုပ် စာမျက်နှာ (၃၈) တွင် ဖက်ဆစ်ဂျပန် တော်လှန်ရေး နေ့နှင့် ပတ်သက်သည့် အမေးအဖြေတွင် အောက်ပါအတိုင်း သခင်အောင်ကြီး မှားပြီး ဖြေခဲ့သည်ကို တွေ့ရသည်။

''တော်လှန်ရေးနေ့ကို ဗိုလ်ချုပ် အောင်ဆန်းက မတ်လ(၂၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာ ဟုတ်ပါသလား'' ''ခတ်စောစောကတော့ မတ်လ(၂၅)ရက်နေ့မှာ လုပ်မယ်လို့ ပြောတယ်။ အကြောင်းကြောင်းကြောင့် ပေါက်ကြားမှုတွေနဲ့ ရွှေ့ရင်း မတ်လ (၂၇)ရက်နေ့ ဖြစ်သွားတာပါ''

၁။ သခင်အောင်ကြီး (ပေါင်းတည်) ၏ အဖြေသည် မှားနေပါသည်။ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးမှ ထုတ်ဝေခဲ့သည့် ''တပ်မတော်သမိုင်း ဒုတိယတွဲ (၁၉၄၅) ဖက်ဆစ် တော်လှန်ရေး ကာလ စာမျက်နှာ (၁၃) နှင့် (၁၄) တို့တွင် အောက်ပါအတိုင်း ပါရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပရိယာယ် ဤသို့ မဟာမိတ် တပ်များက မြန်မာပြည်တွင်းသို့ ပြန်လည် ထိုးဖောက် ဝင်ရောက် လာလျှက် ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဂျပန် အာဏာ ပိုင်များထံ ဗမာ့ တပ်မတော်ကို စစ်မျက်နှာ တစ်ခု ဖွင့်စေပြီး မဟာမိတ် တပ်များ၏ ထိုးစစ်ကို ခုခံ တိုက်ခိုက်ခွင့် ပြုရန် တောင်းဆိုသည်။ အမှန်မှာ ဗိုလ်ချုပ် အောင်ဆန်းသည် ဖက်ဆစ် တော်လှန်ရေး အတွက် ဗမာ့ တပ်မတော်ကို လွတ်လပ်စွာ ပြင်ဆင် လှုပ်ရှားနိုင်ရန် အခွင့်အလမ်းကို ဂျပန်ထံမှ ပရိယာယ်ဖြင့် တောင်းဆို ခြင်းဖြစ်သည်။ ဂျပန် အာဏာပိုင်များ ကလည်း အင်ဇာ။ ကိုဟီးမား စစ်မျက်နှာတွင် အရှုံးဖြင့် ရင်ဆိုင် ရပြီးနောက် စစ်ရေးအရ အကြပ်အတည်း တွေ့ရှိရာ စစ်မျက်နှာ တစ်ခုဖွင့်၍ မဟာမိတ် တပ်မျာကို တိုက်ခွင့် ပြုရန်ဟူသော ဗမာ့ တပ်မတော်၏ တောင်းဆိုချက်ကို လိုက်လျှော ရလေသည်။ မဟာမိတ် တပ်များကလည်း ယင်းတို့၏ အစီအစဉ် အတိုင်း ရခိုင်တွင်လည်းကောင်း၊ ကလေး၊ ကလေးဝ၊ ရေဦး၊ ရွှေဘို ဒေသတွင်လည်းကောင်း၊ စစ်ဆင် တိုက်ခိုက်လျှက် ရှိပြီး ရခိုင်ပြည်တွင် (၁၉၄၄) ခု နိုဝင်ဘာလမှ စတင်၍ ပညာ သီဟ၊ ဦးစိန္တာ၊ ဦးညိုထွန်း စသူတို့ ခေါင်းဆောင်သော ရခိုင် မျိုးချစ်များက မဟာမိတ်များနှင့် တွဲ၍ ဖက်ဆစ် ဂျပန်ကို တိုက်ပွဲ ဝင်လျှက် ရှိလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ တပ်မတော်က စစ်မျက်နှာ တစ်ခု ဖွင့်၍ မဟာမိတ် တပ်များကို တိုက်ခိုက်ရန် ဂျပန်ထံမှ ခွင့်ပြုချက် ရပြီးသောအခါ ဖက်ဆစ်ဂျပန်ကို အပြီးသတ် ခြေမှုန်းနိုင်ရေး အတွက် အသေးစိတ် အစီအစဉ်များ ပြုလုပ်သည်။ ထို့အပြင် ဖက်ဆစ်ဂျပန် တို့အား စတင် တော်လှန်ရမည့် နေ့ကို မတ်လ(၂၇) ရက်သို့ ပြောင်းရသည့် အကြောင်းကို ဗိုလ်မင်းခေါင်ရေးသည့် ''ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်'' စာအုပ်၏ မျက်နှာ (၂၈၄) တွင် ဤသို့ရေး ခဲ့သည်။ ''ထိုနေ့ ည(၁ဝ)နာရီ အချိန်တွင်လည်း ပြလို့မှ ရွှေတာင်မြို့သို့ ရောက်ရပြန်သည်။ ရွှေတောင်သို့ ရောက်ချိန်တွင် တိုင်းအမှတ် (၄) ဗိုလ်မှူးကျော်ဇော ထံမှ ဆက်သားဖြစ်သော တပ်ကြပ်ကြီး တင်ဦး(မကွေး) သည် ဗိုလ်မှူးကျော်ဇော စာနှင့်အတူ ရောက်ရှိနေသည်။ ဗိုလ်မှူးကျော်ဇော၏ စာတွင် ဂျပန် အကြံပေး အရာရှိများ၊ ဂျပန်စစ်ဘက် အရာရှိများနှင့် ကင်ပေများသည် ၎င်းတို့၏ လှုပ်ရှား ပြင်ဆင်မှု၊ လုပ်ကိုင်မှု၊ တပ်များ ပြောင်းလွဲမှု တို့ကို ကြည့်၍ ၎င်းတို့အပေါ် သံသယ ရှိနေသဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်၌ပင် ဂျပန်တပ်များ ချထားပြီး ဖြစ်ကြောင်း။ ထို့ကြောင့် တော်လှန်ရေးကို မူလ သတ်မှတ်ထားသည့် (၁၉၄၅) ခု ဧပြီလ (၂) ရက်နေ့ အစား (ဗိုလ်ချုပ် အောင်ဆန်းသည် ဂျပန် စစ်ဘက်ဆိုင်ရာသို့ ပရိယာယ်ဖြင့် စစ်မျက်နှာ တစ်ခု ဖွင့်လှန်မည့် ဒေသသို့ ပြောင်းရွှေ့ နိုင်ရေးအတွက် အချိန် ရရှိသဖြင့်) (၁၉၄၅) ခု မတ်လ(၂၅)ရက်မှ ဧပြီလ(၂) ရက်နေ့သို့ ပြောင်းရွှေ့ လိုက်ခြင်း ဖြစ်ပါသည်။

သခင်တင်မြ '(၁၉၄၅)ခု မတ်လ(၂၅)နေ့ကို ပြုလုပ်ခွင့် ပြုပါရန် အမိန့်တောင်း ခံသည့် စာပင်ဖြစ်သည်။ ထိုစာအရ ဗိုလ်ချုပ်လည်း အထူး ခေါင်းရှုပ်သွားသည်။ ကျွန်တော့်အားလည်း ''မင်းခေါင်ရေ.. ဒို့လည်း တပ်ဖျောက်ဖို့ အစီအစဉ်တွေ မပြီးသေးဘူး။ ဒို့ရောက်ခဲ့တဲ့ စခန်းတွေလည်း တပ်ဖျောက်ဖို့ လုပ်ဆဲဘဲ။ ဒီတော့ ရက်ပြောင်းရတာ မလွယ်ဘူး။ ဒါပေမဲ့လည်း အခြေအနေတော့ စဉ်းစားစရာ ဖြစ်နေပြီ။ ဒါထက် ဒီဘက်ကူးဖို့ အစီအစဉ်ကော (၂) ရက် အတွင်း ဖြစ်နိုင်ပါ့မလား'' တဲ့။ ကျွန်တော်လည်း ဗိုလ်စိန်မှန်နှင့် မတိုင်ပင်ရသေး။ တွေ့ရုံဘဲ ရှိသေးသည်၊ အခြေအနေအရ အရေးကြီးလာပြီ ဖြစ်၍ ဗိုလ်ချုပ် အရေးကြီးသော ဆုံးဖြတ်ချက် ကို ချထားစေရန်။ ''ကိုကြီးမပူပါနဲ့ ဖြစ်အောင်လုပ်မယ်'' ''ကဲဒါဖြင့် တို့အစီအစဉ်ကို (၁၉၄၅)ခု မတ်လ (၂၇) ရက်နေ့ ပြောင်းမယ်'' ¬ ဤသို့ဖြင့် ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့သည် (၁၉၄၅) ခုနှစ် မတ်လ(၂၇) ရက်နေ့တွင် ဖြစ်သွား ပါတော့သည်။ နိုင်ငံရေး သမား လက်ဟောင်း သခင်အောင်ကြီး (ပေါင်းတည်) နှင့်တွေ့ဆုံခြင်း စာအုပ်၊ စာမျက်နှာ (၃၈) ၌ပင် အမေးအဖြေကို အောက်ပါအတိုင်း တွေ့ရသည်။ ''သခင်စိုးက သီလရှင်ယောင် ဆောင်ပြီး ထွက်ပြေးတယ် ဆိုတဲ့ ကိစ္စမှာ အလံနီ ပါတီကို မတရား သိမ်းခဲ့တဲ့အတွက် ဗမာ့ခေတ်က သတင်းစာ ရောင်းကောင်းအောင် သခင်စိုး တစ်ယောက် ရဲများ ဝိုင်းထားတဲ့ကြားက သီလရှင်ယောင် ဆောင်ပြီး ထွက်ပြေး လွတ်မြောက် သွားတယ် လို့ ရေးသားခဲ့တယ် ဆိုတာ အမှန်ပဲလား။ လွတ်မြောက်တာတော့ မဟုတ်ပါဘူး။ သူဘာသာသူ lnformation တစ်ယောက်က ပေးလိုက်တယ်လေ။ ဖမ်းတော့မယ် ဆိုတာ အရေးယူတော့မယ် ဆိုတာလေ။ သီလရှင်လို အယောင်ဆောင်ပြီး ထွက်ပြေးခဲ့တယ် ဆိုတာ မဟုတ်ပါဘူး။ အပုပ်ချတာပါ။ ကိုယ့်အချင်းအချင်း ထဲကပဲ'' ထိုအဖြစ်အပျက်တွင် သခင်စိုးနှင့် အတူ ကျွန်တော် ရွှေတိဂုံ ဘုရားပေါ်တွင် အတူ ရှိနေခဲ့သည့် အတွက် အသေးစိတ် သိခဲ့ရသဖြင့် ရေးပါမည်။ (၁၉၄၇)ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ နေ့လယ်(၁) နာရီတွင် ကျွန်တော် အပါအဝင် သခင်စိုး ခေါင်းဆောင်သည့် လယ်သမားတပ် (၁ဝဝဝ) ခန့်သည် အတွင်းဝန်ရုံး (ယခုဝန်ကြီးများ ရုံးဟောင်း) သို့ ဝိုင်းပြီး ရုံးအတွင်းသို့ ဝင်ကာ ဆန္ဒပြခဲ့ကြပါသည်။ ရေပိုက်များနှင့် ထိုး မျက်ရည်ယို ဗုံးများဖြင့် အပစ် ခံရသဖြင့် ရှုံးနိမ့်၍ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ဇရပ်များသို့ ပြန်ဆုတ် ခဲ့ရပါသည်။ ဇရပ်များတွင် အားလုံး ညအိပ်ခဲ့ကြသည်။ နောက်တစ်နေ့ (ဇန်နဝါရီလ(၂၃) နံနက် (၆) နာရီတွင် သခင်ထွန်းရင်(ညောင်တုန်း)နှင့် သခင်သန်းအောင် (ဟင်္သတ) တို့ နှစ်ယောက် ရွှေတိဂုံဘုရား၊ တောင်ဘက် မုခ်လမ်းပေါ်သို့ ဆင်းသွားကြသည်။ သူတို့နှစ်ယောက် ချက်ချင်း ပြန်လာကြသည်။ သူတို့နှစ်ယောက် လမ်းပေါ်သို့ ရောက်သည်နှင့် စုံထောက်၊ ရဲများနှင့် တွေ့ပြီး အဖမ်းခံရကြောင်း အတင်းရုန်းပြီး ထွက်ပြေး ခဲ့ကြောင်း ပြောပြပါသည်။ မကြာမီ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ရေချိုးမြောင်း အနီးတွင်နေသူ ရဲနီချစ်ရီ( မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဆိုဗီယက် ရုရှား စစ်သံမှူး ဒုဗိုလ်မှူးကြီး ချစ်ရီ) ရောက်လာပြီး အလံနီ ကွန်မြူနစ် ပါတီကို ယနေ့ညက မတရားအသင်း ကြေညာလိုက်ပြီ ဖြစ်ကြောင်း ပြောပြပါသည်။ ဤတွင် ရဲနီချစ်ရီကို သခင်စိုးက ဂျစ်ကား တစ်စီးဖြင့် အိမ်မှ စောင့်နေရန် မှာလိုက်ပါသည်။ ထို့နောက် သခင်စိုးသည် ကျွန်တော် သခင်ထွန်းရင်၊ သခင်သန်းအောင်၊ သခင်မြသန်း (နောင် စာရေးဆရာ၊ သခင်မြသန်း) တို့နှင့် တိုင်ပင်ကြပါသည်။ သခင်စိုးကပင် ဘုရားခြေရင်းတွင် ရဲများ ဝိုင်းထားသည့် အကြားမှ လွတ်မြောက်မည့် အစီအစဉ်ကို ပြောပြပါသည်။ သခင်စိုးသည် ကျွန်တော်တို့နှင့် အတူ (လယ်သမား ၅ဝ ပါ) ဘုရားရင်ပြင်ပေါ် တက်ကာ ကြွေးကြော်သံများ ဟစ်အော်ကာ ဘုရားဖူးများနှင့် အတူ ရောနှော၍ ဘုရားရင်ပြင်မှ ဆင်းပြီး ရဲနီချစ်ရီနေအိမ်သို့ သွားကာ ကိုယ်ရောင် ဖျောက်လိုက် ကြပါသည်။ ထိုနေ့ည (၂၃၊၁၊၁၉၄၇) တွင် ရဲနီချစ်ရီ အိမ်မှ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။ (၁၉၄၇)ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ ထုတ် ဗမာ့ခေတ် သတင်းစာတွင် မျက်နှာဖုံး သတင်းအဖြစ် သခင်စိုး သီလရှင်ယောင် ဆောင်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်းအပြင် ဦးဘဂျမ်း၏ ကာတွန်း ရုပ်ပြောင်ကိုလည်း ဖေါ်ပြ ထားပါသည်။ ထိုအချိန်က ဗမာ့ခေတ် သတင်းစာတွင် တာဝန်ခံ အယ်ဒီတာမှာ အောင်ဗလ အမည်ရှိ ကိုသောင်းဖြစ်ပြီး သတင်းထောက် ချုပ်မှာ ကိုအောင်ဂျမ်း (စာရေး ဆရာမြဒေါင်းညို၏ ညီ) ဖြစ်ပါသည် ကိုအောင်ဂျမ်းကို ဂျပန်ခေတ် ကတည်း က စမ်းချောင်း မင်္ဂလာလမ်းတွင် တစ်လမ်းတည်း အတူနေခဲ့သည့် အတွက် ကျွန်တော်နှင့် သိကျွမ်း ခင်မင်ခဲ့ပါသည်။ ကိုအောင်ဂျမ်းထံ စာရေးပြီး မေးကြည့်လိုက်ရာ ကိုအောင်ဂျမ်းက သူ့အနေဖြင့် သတင်းမှန် ပေးခဲ့သော်လည်း ဗမာခေတ် သတင်းစာ အယ်ဒီတာချုပ် ဦးအုန်းခင်နှင့် တာဝန်ခံ အယ်ဒီတာ ကိုသောင်း တို့က သတင်းစာ ရောင်းကောင်းအောင် ဤသို့ သခင်စိုး သီလရှင်ယောင် ဆောင်ပြီး ထွက်ပြေး လွတ်မြောက် သွားသည်ဟု ရေးခဲ့ကြောင်း၊ ကိုအောင် ဂျမ်းထံမှ စာပြန်ခဲ့ပါသည်။

သခင်တင်မြ

Ref: လျှက်တပြတ်

0 comments:

အပေါ်သို့