Thursday, September 2, 2010

စာကိုချေပ လူကိုကျေမှ ...

ရဲဘော်ကျော်သန်း
၁-၉-၂၀၁၀

ရှေ့ဆောင်းပါး “ငါး ငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ” ရဲ့ အဆက်လို့ ဆိုတော့ သတင်းလို ရေးမယ်ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ် တပ်ရမယ် ထင်တယ်။ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကျနော်ရေးတဲ့ ဝေဖန်ရေး ဆောင်းပါးကို တုံ့ပြန်မှု အများအပြား ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမား တချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့ သတင်းဌာနတွေ အတွင်းက အထက်အောက် ပညာပြ ဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်း ဆိုင်ရာ ဖောက်ပြားမှု တချို့ကိုပါ ဖွင့်ဟ လာကြပါတယ်။

မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့် ကတော့ စာရှည်ရေးပြီး တုံ့ပြန် လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက် ထုတ်ထား တာပါပဲ။ ကျနော့် အမြင်မှာတော့ သူ့စာပါ အချက်တွေဟာ အကျကောက် ဝေဖန်ရေးလို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာ မလိုဘူးလို့ ဆုံးဖြတ်ပါတယ်။ ကိုမောင်မောင်မြင့်ကိုလည်း ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စပြီးပြီလို့ပဲ စိတ်မှတ် ထားလိုက်ပါတယ်။

သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာ အကြောင်းက ပေါ်လာပြန်တယ်။ အကြောင်းကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တကိုယ်တော် အင်တာ ဗျူးပြီး ကျနော့် ဆောင်းပါးပါ အချက်အလက်တွေကို အမည် မဖေါ်ပြဘဲ ထုချေ သွားပါတယ်။ တကိုယ်တော် ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေထဲက အချက်တချို့ကတော့ တုံ့ပြန် ချေလှယ်ဖို့ လိုအပ် လာပါတယ်။ အင်တာဗျူးပါ အဓိက ချေလှယ် ဆွေးနွေးချင်တဲ့ အချက် (၃) ချက်က တော့ ...

(၁) မီဒီယာကို တပါတီလက်ကိုင်တုတ်ဖြစ်ဖို့ ပြောတယ်ဆိုတဲ့ အချက်နဲ့ ကြားနေမယ်ဆိုတဲ့ အချက်။

(၂) ဝါဒဖြန့်ချိရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထား အမြင်နဲ့ တင်ပြချက်။

(၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွမ်းသွားတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပဒီမိုကရေစီ လှုပ်ရှားသူတွေက သူတို့ရဲ့လှုပ်ရှားမှု၊ သူတို့ရဲ့ အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါးလာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင် မေးခွန်း ထုတ်လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပ လှုပ်ရှားသူတွေက မီဒီယာတွေကို “သူတို့ရဲ့ အာဘော် တခုအနေနဲ့ ရပ်တည်စေချင်ပါတယ်” လို့ ပြောသွားပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင်တုတ် အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့် ဆောင်းပါးပါ အချက် အလက်တွေနဲ့ ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝ ကွဲလွဲပါတယ်။ တလွဲ အဓိပ္ပာယ်ကောက်ပြီး တဖက်သတ် ထုချေ ထားတာဖြစ်ပါတယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေအပေါ် မေးခွန်း ထုတ်စရာ အမြင်တွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့ မေးဖြေတွေပဲ ဖြစ်ပါတယ်။

ကျနော့်ဆောင်းပါးအချုပ်က သတင်းမီဒီယာသမားတွေ အနေနဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကာလကလို အဖိနှိပ်ခံ လူထုဘက်က ရပ်တည်ဖို့ တိုက်တွန်း ထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါး အဆုံးမှာ ဒါ ကို အတိအလင်း ရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ် ဖြစ်ရမယ်လို့ အဓိပ္ပာယ် သက်ရောက်စေတဲ့ အချက် တစိုးတစိ မပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလို အဓိပ္ပာယ်မျိုးလို့ အနက်ဖွင့် မေးဖြေ သွားကြတဲ့ သတင်းသမား နှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။

ကိုမောင်မောင်မြင့်စာပါ ကျနော့်ရဲ့ ပြောရေးဆိုခွင့်အတွက် အသက်ပေး ကာကွယ်မယ် ဆိုတာ ဘယ်လို ဖြစ်သွား ရတာလဲ။ ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူ နဲ့ လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ် ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမားတွေဟာ ဘယ်လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိ တွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။

လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြား သိမှတ်ပြီး နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန် ခွဲခြား သတ်မှတ်ပြီး သင့်တော်သလို သူ့စိတ် ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန် နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကြဉ်ခြင်း (သို့) ကြားနေခြင်းဆိုတာ ဥပေက္ခာတရား ကို လက်ကိုင်ပြုခြင်းလို့ ယူကောက်နိုင်ပါတယ်။

ကျနော် သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာ တရားကို လက်ကိုင် ပြုနိုင်တယ် ဆိုတာ ဘုရား ရဟန္တာများရဲ့ အရာ၊ သီလ၊ သမာဓိနဲ့ ပညာ အားကြီးသူတွေရဲ့ အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်း မီဒီယာ သမားများဟာ သာမန် ပုထုဇဉ် လူသားတွေသာ ဖြစ်ပါတယ်။ ကလျာဏ ဖြစ်သလား၊ အန္ဓ ဖြစ်သလား ခွဲချင်ရင် ဆက်ခွဲ ကြည့်နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ် အပျက်တွေ အပေါ် အကောင်း အဆိုး၊ အမှန် အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်း စတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေ နဲ့ မလွတ်ကင်း နိုင်ပါဘူး။

သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓက ပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုကရေစီ ထွန်းကားရေး အတွက် လှုပ်ရှား ဆောင်ရွက်မှုတွေကို တတ်စွမ်း သလောက်နဲ့ လုပ်ခဲ့ကြတယ်။ လုပ်နေကြတယ်။ ပြည်ပ သတင်းမီဒီယာတွေမှာ ပါတဲ့ အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံပျက် ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက် ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှု တခုပြီးတိုင်း သတင်း မီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါ မတရားဘူး၊ ဒါ ဘက်လိုက်တာ၊ ဒါ စော်ကားတာ စသည်ဖြင့် ခံစား ဒေါသ ပေါက်ကွဲတာ မကြာခဏပဲ။ ကျနော် ကိုယ်တိုင်လည်း ခံပြင်းပေမယ့် သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှားဆောင်ရွက်တဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ဆန္ဒ ဖော်ထုတ်ဖို့ ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည် အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ ဖြစ်တယ်။ သတင်းမီ ဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုးရလာဒ်သာ ဖြစ်တယ်လို့ ဖျောင်းဖျ ခဲ့ပါတယ်။

စိတ်ထိခိုက် နာကျင်ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ဆန္ဒစွဲနဲ့ ကျနော်တို့ အပေါ် ပြုခဲ့တဲ့ စော်ကားမှု တခုကို ရင်ဖွင့် ချင်ပါသေးတယ်။ ၂၀၀၇ သံဃာ့ အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂယာမှာ တပတ်ကြာ ထိုင်သပိတ် လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ် က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တရာလောက် ပါဝင် ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက်တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ်လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။

အဲဒီ့သတင်းပိုဒ်ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ် ချခဲ့တဲ့ စကားလုံး တခုပါ။ ရှစ်လေးလုံး မတိုင်ခင် ကျနော်တို့ ရွှေတိဂုံ ဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေ လုပ်ကြတယ်။ မဆလ ရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုး တစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာ အပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။ လူတစုလို့ သုံးနှုန်းတယ် ဆိုတာ ချိုးနှိမ်လိုတဲ့၊ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ် ဆိုတာ သတင်းသမားတွေ မသိလေရော့ သလား။ စိတ်ထဲမှာ အတော် ထိခိုက်မိပြီး လုပ်ရဲ လိုက်ကြတာ၊ လုပ်ရက် လိုက်ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီ သတင်းဌာနရဲ့ မူဝါဒ သဘောထား မဟုတ်ဘူးလို့ဘဲ မှတ်ယူ ခဲ့ပါတယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။

ကျနော့်တဦးချင်းအမြင်ပြောရရင် ဘက်လိုက်မှုကင်းတဲ့ သတင်းမီဒီယာ ဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့သတင်း လောကကြီးရဲ့ ဦးဆောင်ဌာနတွေ ဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက်မှု ကင်းရှင်းရမယ် ဆိုတာဟာ စကားအရာ (Rhetoric) သာ ဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ် ဘက် လိုက်မယ် ဆိုတာဟာ ပြဿနာ အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့အကျိုးစီးပွား အတိမ် အနက်ပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ကွဲပြား တတ်ပါတယ်။

အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက် ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ် ကို သိမ်းပြီး စစ်တိုက်ရတဲ့ သူတို့ အကြောင်းပြချက် ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးများ ရှိတယ်ဆိုတာ သက်သေ ရှာမရတဲ့အခါ သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွား ခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက် သွားခဲ့ကြတယ်။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ဘက်လိုက်ခဲ့ တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့ သတင်းမီဒီယာ လောကမှာ အလျင်အမြန် နေရာရလာတာဟာ အရှေ့ အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်း ဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုးရလဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမား ဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှု ကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်တဲ့အတူ ဘက်လိုက်ရင်တောင် အမှန်တရား ဘက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူများစု ဘက်က လိုက်ကြဖို့ လိုပါတယ်။

ဒုတိယ ချေလှယ်ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ၀ါဒဖြန့်ချိရေးနဲ့ ပတ်သက်တဲ့ အမြင် ဖြစ်ပါတယ်။ မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ကိုယ်တိုင်က ဝါဒ ဖြန့်ချိရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပာယ်လို့ ထင်မြင် ယူဆနေတာဟာ အတော် စိတ်မကောင်း စရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှ မဟုတ်ဘူးတဲ့။ ယဉ်ကျေးမှုခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့ လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်း ရောင်းဝယ်ရေး တွေ၊ သတင်း မီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက် ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံမူဝါ ဒတွေလည်း ကိုယ်စီ ရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့ အတွက် အဲဒီအခြေခံမူတွေ အတွေးအမြင် ဝါဒတွေ လူအများကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလို ပြန့်ပွားဖို့အတွက် လူထု ဆက်သွယ်ရေး ယန္တရားတွေ ဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချ ဆောင်ရွက်ကြတယ်။ ဒါ လူမှု ရေးလောကထဲက ဝါဒ ဖြန့်ချိရေးဖြစ်ပါတယ်။

ခရစ်ယာန်တွေရဲ့ သတင်းကောင်း (Gospel) တို့၊ ဧဝံဂေလိ (Evangel) တို့ ဆိုတာ ခရစ်တော်ရဲ့ လူလူချင်း မေတ္တာထားရေး တရားတွေ ပြန့်ပွားဖို့ ဝါဒ ဖြန့်ချိတာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ကလည်း သူ့ရဲ့ပထမဆုံး ရဟန်းတွေကစလို့ သံဃာတော်တွေကို သစ္စာလေးပါး တရား ပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီ ဟောကြားဖြန့်ချိ ဖို့ ညွှန်ကြား ခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒ ဖြန့်ချိရေးပဲဖြစ်ပါတယ်။

ဒါကြောင့် ဝါဒဖြန့်ချိရေးဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ်အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ် ဆိုတဲ့ ဝေါဟာရ လို လူထုအကြား ရေပန်း မစားတော့ပေမယ့် အနှစ်သာရ အားဖြင့် ကောင်းတဲ့ သဘောဖြစ်ပါတယ်။ အလိမ်အညာများနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ် မကောင်းမှု ဖြစ်သလို ကောင်းတဲ့ သုစရိုက် တရား၊ သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွားစေမယ် ဆိုရင် ကုသိုလ်ဖြစ်တဲ့ ကောင်းတဲ့ ဝါဒဖြန့်ချိရေးပဲ ဖြစ်ပါတယ်။

နေ့စဉ် ရိုက်နှက်ခံနေရတဲ့ မောင်ဖြူ့အကြောင်းကို ဒီနေ့ မောင်ဖြူ ရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ်နှစ်ချက် ရိုက်တယ်၊ တုတ်က ကြီးတယ် သေးတယ် ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန် ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက်ကတော့ ပွဲရုံ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အကြောင်း အရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်ခန်းစာတွေပါ လူထုအကြား ပြန့်ပွားစေနိုင်မှ သတင်းသမား တာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်း စာနယ်ဇင်း သမားတွေမှာ ဝါဒဖြန့်ချိရေး တာဝန်လည်း ရှိပါတယ်။ ဒါ့ကြောင့်လည်း စာနယ်ဇင်း သတင်းသမားတွေ၊ လူထု အကျိုးပြု စာပေ သမားတွေကို ကိုယ့်ဦးစွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင် ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြု ကြတယ်။

သတင်းစာနယ်ဇင်းသမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြု မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ်စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။

တတိယအချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန် မှားယွင်းမှုကို အားပေးထောက်ခံ သွားခြင်း ဖြစ်ပါတယ်။ ကိုမောင်မောင်မြင့်က DVB ရဲ့ သတင်း ထုတ်လွှင့်မှုတွေ တိုးတက် လာတာဟာ NCGUB ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်စွာ ရပ်တည် လာလို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက် ဖြစ်သလို ဖောက်ပြန် မှားယွင်းမှုကို အားပေး အားမြှောက်ဖြစ်စေတဲ့ စကားဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မှုတွေ အဆင့်အတန်း တိုးတက်လာတာဟာ ပြည်တွင်းနဲ့ နယ်ခြား သတင်းသမားတွေ (တကယ်တော့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ မြင့်မား လာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချိရေး အသံလွှင့်ဌာန အဖြစ်ကနေ သစ္စာ ဖောက်ထွက်ပြီး သီးခြား လွတ်လပ်စွာ ဆောင်ရွက်လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ် အသံဆိုပြီး ယုံကြည် ထောက်ခံ အားပေးပြီးသား ဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေလွှင့်လို့ နေ့စဉ် ညွှန်ကြား စွက်ဖက် နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်း ဆောင်ရွက်နေတဲ့ ပုံစံက ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့မိပါ။ မြန်မာ သတင်းသမဂ္ဂ ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီလို ဖောက်ပြန် မှားယွင်းမှုကို အားပေး အားမြှောက် ဖြစ်စေတဲ့ စကားမျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင် တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီး မွမ်းသလိုပါပဲ။

ကျနော် ငွေတပြားတချပ် မရဘဲ ဒီနေ့ခေတ် အခြေအနေအရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေး ဆောင်းပါးတွေ ရေးနေတာဟာ မျှော်လင့်ချက် နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေး အတွင်း ပြုပြင် ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေ အတွက် သင်ခန်းစာ ရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သဘောအရ ခိုင်မာသလိုရှိပေမယ့် စိတ်ဓာတ်ရေးရာအရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်ကလွဲလို့ ဘာမှမရှိပါဘူး။ နိုင်ငံရေးသမား အမြောက်အမြားကို ဖမ်းဆီး ထားရတာက သာဓက ဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင် မယူနိုင်တာဟာ ကျနော် တို့ရဲ့ ညံ့ဖျင်းချက်ကြောင့် ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ ဖြစ်ပါတယ်။

စုစည်းမှု အားနည်းစေတာဟာလည်း လျော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှုပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေး နေဦးမှာပဲဖြစ်တယ်။ တော်လှန်ရေး အတွင်းက ဖောက်ပြန် မှားယွင်းမှုတွေကို အမြန်ဆုံး ရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည် အတွက်ကော ကျနော်တို့ အတွက်ပါ အချိန် သိပ်မရှိတော့ပါ။ စစ်အုပ်စု အောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေး အန္တရာယ်နဲ့ နီးလေ ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုး အာဏာကလွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စား တော့ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း သဘာဝပေးတဲ့ အသက်အရွယ်က အတော် ရင့်ရော်လာကြပြီ။ ရှစ် ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း၊ ငါးဆယ်တမ်း ဆိုတော့ ဗမာပြည် သက်တမ်းနဲ့ တွက်ရင် အချိန် သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲ ပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အ မြန်ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။

မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်ခန်းစာအဖြစ် အသုံးဝင်နေလိမ့်မယ်လို့ မျှော်လင့် နေပါသေး တယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ် အက်ဒီဆင်က (ဆိုပါစို့) အကြိမ်တရာမြောက် စမ်းသပ်မှု မအောင်မမြင် ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့ မဖြစ်နိုင်တဲ့ နည်းလမ်းတရာ တွေ့ထားပြီဆိုတော့ ဒီနည်းလမ်းတရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီလို့ အားပေးပါတယ်။ ကျနော့် ဝေဖန်စာတွေက ကျနော်တို့ အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင် နိုင်တဲ့ နည်းလမ်း တွေကို နောင်မျိုးဆက်တွေ အတွက် ရှောင်ရန် သင်ခန်းစာတွေအဖြစ် အသုံးဝင် နေပါလိမ့်မယ်။ နောင် အောင်ပွဲခံမယ့် မျိုးဆက်သစ်တွေ အတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီ ထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက် ဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီ ဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည် လှုပ်ရှားတဲ့ စနစ်ဖြစ် ပါတယ်။ အပြန်အလှန် ဝေဖန် စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိက ပေါင်းကူး ဆက်သွယ်ရေး ဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တကျ တုံ့ပြန်မှုတွေနဲ့ လက်ခံ ကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆ တွေကို စာပါ အချက်အလက်တွေ အလိုက် အကျိုးသင့် အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကိုချေ မယ်ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီး သွားတတ်ပါတယ်။

အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူ များဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အများနဲ့ သက်ဆိုင်တဲ့ အရေး ကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့ အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကို ချေမယ် ဆိုရင်တော့ အများအကျိုးလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာဏာဆိုတာ အများအကျိုး အတွက် ဆောင်ရွက်ဖို့ တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်းထားတာ ဖြစ်ပါတယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက “ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်” လို့ သူ့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ ဖွင့်ဟ ဝန်ခံထားပါတယ်။

ကျနော်တို့ အသွေးအသားတွေ ထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေ၊ ဆိုင်လို့ မနိုင်ရင် သည်းခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်” ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ် နိုင်သေးသရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီအောင်ပွဲ ဆိုတာလည်း အလှမ်း ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ဗိုလ်ချုပ်အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။

ဒါကြောင့် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အပြန် အလှန် ဝေဖန်ရေး ရှိဖို့ လိုပါတယ်။ ဘုရားရှင် ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့သူကို မြေတွင်းထဲ က ရွှေအိုးကြီးတွေကို ဖော်ပေးတဲ့သူလို ကျေးဇူး တင်လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါတယ်။ ဆရာအစဉ်ဆက် တို့ကလည်း ဝေဖန်ရေး ဆိုတာ အကောင်းဆုံး လမ်းပြလို့ ဆိုမိန့်ခဲ့ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲ ရယူဖို့အတွက် အပြန်အလှန် ဝေဖန် စစ်ကြောမှုကို ကျနော်တို့ လက်ခံနိုင်ဖို့ ကြိုးစား ရပါလိမ့်မယ်။

မပြည့်စုံတဲ့ လူတယောက်သာဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှား တွေနဲ့ ကင်းစင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန် ခံရသူများကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လိုမှားတယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံနိုင်ဘူးလို့ စာကိုချေလှယ် ဝေဖန်တ ည့်မတ်ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကို ရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန် ဝေဖန်ခြင်းများ ကနေ တော်လှန်ရေး အတွက် တစုံ တရာ အကျိုး ဖြစ်ထွန်း ပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ် ဆိုတဲ့အကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာစကား လက်ဆောင် ပါးလိုက်ပါတယ်။

ရဲဘော်ကျော်သန်း
၁-၉-၂၀၁၀


0 comments:

အပေါ်သို့