Thursday, October 21, 2010

စစ်တွေ ပညာရေး ၀န်ထမ်းများကို ကြိုတင်မဲ ကောက်ယူ

Thursday, October 21, 2010

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ပညာရေးဌာန၀န်ထမ်းများနှင့် တခြားသော ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ ကြိုတင်မဲ စာရင်း များကို သက်ဆိုင်ရာ အရာရှိထံမှ တဆင့်ကောက်ယူ နေကြောင်း သိရသည်။

စစ်တွေမြို့ရှိ နည်းပညာကောလိပ်၊ စစ်တွေတက္ကသိုလ်နှင့်ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများ၏ မဲစာရင်းကို သက်ဆိုင်ရာပါမောက္ခချုပ်၊ ညွန်ကြားရေးမှူးတို့ ထံသို့ အောက်တိုဘာလကုန်တွင် စာရင်းအပြီးပေးရန် ညွန်ကြားထားကြောင်း စစ်တွေ တက္ကသိုလ်မှ ၀န်ထမ်းတဦးက ပြောသည်။

“ကျမတို့ ၀န်ထမ်းတွေကို ဒီလကုန်ခါနီးမှာ အားလုံးကြိုတင်မဲတွေ ပေးရမယ်ဆိုပြီး ပါချုပ်ဆီက လမ်းညွန်ထားတာ ရှိတယ်၊ မိသားစု ၀င်တွေကိုတော့ ဘာမှမပြောသေးဘူး၊ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်အတွက် ဆိုတာမပြောပေမယ့် ကြံ့ခိုင်ရေးပါတီအတွက် ဆိုတာ လူတိုင်းသိတယ်၊ မပေးချင်လည်းပေးရမှာပဲ”ဟု ပညာရေး ၀န်ထမ်းအမျိုးသမီး တဦးကပြောသည်။


စစ်တွေမြို့နယ်တွင် ပညာရေးဝန်ထမ်းများအပြင် တခြားသော ဌာနဆိုင်ရာများကိုလည်း အလားတူလုပ်ဆောင်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

“၀န်ထမ်းတွေ အကုန်လုံးဆီက ကြိုတင်မဲ ကောက်ခံပိုင်ခွင့်မရှိပါဘူး၊ ဘယ်လိုလူမျိုးကိုမှ ကြိုတင်မဲ ကောက်ရမယ်ဆိုတာ ရွေး ကောက်ပွဲကော်မရှင် ဥပဒေမှာ ပါပြီးသားပါ၊ ဥပဒေနဲ့ မညီတာတွေကို ကျနော်တို့မှတ်တမ်း ယူနေပါတယ်၊ ခိုင်လုံတဲ့ အထောက် အထား ရတာနဲ့ ကော်မရှင်ကို တိုင်မယ်၊ မီဒီယာအားလုံးကနေ ဖွင့်ချပေးသွားမှာပါ”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP ) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

“ပါချုပ်က တာဝန်ခံပြီး လုပ်ရင်ပါချုပ်တာဝန်၊ ညွန်ချုပ်လုပ်ရင် ညွန်ချုပ်တာဝန် ခံရမှာပါ၊ ဒါတွေဟာ ပျောက်မသွားပါဘူး၊ သမိုင်းတွေ ဖြစ်သွားမှာပါ” ဟု လည်း ဒေါက်တာ အေးမောင်က ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ၀န်ထမ်းများသည်လည်း ခရီးထွက်ကြမည်ဖြစ်၍ နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့ မဲလာမပေးနိုင်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ထံ ကြိုတင်မဲ ပေးခွင့်ပြုပါရန်ဟု သက်ဆိုင်ရာ ဌာန၏ ညွန်ကြားရေးမှူး လက်မှတ်ဖြင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ကော်မရှင် အဆင့်ဆင့်သို့ လိပ်မူ၍ အောက်တိုဘာလ ၉ ရက်နေ့စွဲ ဖြင့် ကော်မရှင် ရုံးများကို ပေးပို့ထားကြောင်းသိရသည်။

“ခရီးထွက်တယ်ဆိုလည်း တဦးစ၊ နှစ်ဦးစ ပေါ့ဗျာ၊ အခုဟာက တနိုင်ငံလုံး အတိုင်း အတာနဲ့ လုပ်ထားတာတွေ့ရတယ်၊ အခု ကြိုတင်မဲ ထည့်ခွင့်တောင်း ထားတာက အကုန် အတွက်ရည်ရွယ်ရေးထားတာ တွေ့ရတယ်၊ ကျနော်တို့ဆီမှာ မိတ္တူတွေ ရထားတယ်”ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

“ကျနော်ကိုယ်တိုင် စွမ်းအင်ဌာနမှာ အရာရှိလုပ်ခဲ့တာ၊ ခရီးထွက်တာက မော်တော်ကားမောင်းတဲ့သူ၊ ရေနံရှာဖွေရေး လုပ်တဲ့လူ တချို့ပဲ ခရီးထွက်ရတာရှိတယ်၊ အခုတော့ ဒီနေ့မှရွေးပြီးတော့ အစုလိုက် ခရီးသွားမယ်၊ ကြိုတင်မဲပေးခွင့်ပြုပါဆိုတာ သဘာဝ မကျဘူး၊ တမင်ဖန်တီးတဲ့ သဘောဘဲ”ဟု လည်း ဦးခင်မောင်ဆွေက ဆိုသည်။

ရေနံချောင်းမြို့ရှိ ရေနံမြေ၌ လည်းကြိုတင်မဲ ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း ဒေသခံများထံ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ( ကြံ့ဖွံ့ပါတီ)၀င်များက ပါတီဝင်ခိုင်းခြင်း၊ ပါတီကတ်ပြားပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်းသိရသည်။

“ကြံ့ခိုင်ရေးပါတီ ၀င်ရင် မီတာခ၊ မီးကင်းခတို့ပေးစရာ မလိုတော့ဘူး၊ ဧည့်သည် လာရင်လည်း ဧည့်စာရင်း တိုင်စရာမလိုတော့ဘူး၊ ပါတီဝင်အိမ်ကို ဧည့်စာရင်းမစစ်ဘူး ဆိုပြီးတော့ ပါတီအတင်းဝင်ခိုင်းတယ်၊ ကြံ့ခိုင်ရေးပါတီဝင် ကတ်ရှိရင် ဘာမဆို လုပ်လို့ရတယ်ပြောတော့ ဒေသခံတွေက ပါတီဝင်ကြတာပေါ့”ဟု မြို့ခံတဦးက ရှင်းပြသည်။

ပါတီဝင်များသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့လာရောက်မဲပေးရန် မလိုတော့ကြောင်းလည်း ပြောဆိုထားကြောင်းသိရသည်။

“ဒါတွေဟာ ကြိုတင်ကြံစည်မှုတွေပါ၊ မဲရအောင်ကြံစည်တဲ့ သဘော၊ တကယ်လို့မဲရုံ မလာတော့ဘူးဆိုလည်း သူတို့က နိုင်ပြီးသား ဖြစ်နေတာပေါ့၊ လာဘ်ပေး လာဘ်ယူ လုပ်နေတဲ့ သဘောပေါ့၊ သံသယ ဖြစ်စရာတွေ အများကြီးပါ၊ ဒါပေမယ့် နောက်ဆုတ်လို့လည်း မဖြစ်တော့ဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

ရွေးကောက်ပွဲ နေ့တွင်လည်း မဲလိမ်မှု၊ မဲခိုးမှု အများအပြား ရှိလာနိုင်သေးကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကြိုတင်မဲ ကောက်ခံနေခြင်းသည် ရန်ကုန်မြို့တော် အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာ၌ ရှိနေကြောင်း၊ ထိုသို့ လုပ်ဆောင် နေမှုကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်တော့သည်မှာ ထင်ရှားနေ ကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင်လည်း ကြိုတင်မဲများကို ကြံ့ဖွံ့ပါတီ ကိုယ်စားပြုထားသည့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ကြံ့ဖွံ့ပါတီဝင်များက ကောက်ခံနေကြောင်း သိရသည်။

“မန္တလေး မြို့ပေါ်က ပြည်သူတချို့က ဆိုရင်သူတို့ မဲပေးပြီးပြီ၊ ၇ ရက်နေ့မှာ မဲပေးစရာ မလိုတော့ဘူး လို့ပြောနေကြတယ်၊ အဲဒါတွေကိုပဲ အခုလိုက်ရှင်းပြနေရတယ်၊ ဒီလုပ်ရပ်တွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပါ၊ ပြည်သူတွေကို မဲရုံကို ရဲရဲလာ ပြီး မဲပေးကြဖို့ကိုပဲ လုပ်နေရ တယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က ဧရာဝတီကို ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ၎င်းတို့ပါတီအား လူထုထောက်ခံမှု ကျဆင်းနေခြင်းကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကို နည်းလမ်းစုံဖြင့် လုပ်ဆောင်နေကြောင်း နိုင်ငံရေး ပါတီခေါင်းဆောင်များက ဝေဖန်ကြသည်။

စစ်အစိုးရ ဦးဆောင်ကျင်းသော ရွေးကောက်ပွဲအား ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ မဲဆန္ဒနယ် ၁၁၅၈ နေရာ၌ ကိုယ်စားလှယ်လောင်း ၃ ထောင်ကျော်ပြိုင်မည်ဖြစ်သည်။ ထိုမဲဆန္ဒနယ် များအနက် ၅၄ ခု၌ တဦး စီသာ ပြိုင်မည်ဖြစ်သည်။

တနိုင်ငံလုံးတွင် မဲပေးနိုင်သူဦးရေ ၂၉ သန်းကျော်ရှိပြီး မဲရုံပေါင်း ၄ သောင်းဝန်းကျင် ရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့