Friday, October 22, 2010

လုပ်ချင်ရာလုပ်တဲ့ နအဖ

အောက်တိုဘာ ၂၂၊ ၂၀၁၀

နအဖ စစ်အစိုးရ၏ အမိန့်ပေးညွန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၊ အဆောက်အဦများတွင် ယခင် (မဆလ) ခေတ် အလံဟောင်းအား ဖြုတ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၇)( က) အရ ဝါ၊ စိမ်း၊ နီ တစ်ကန့်စီပေါ်တွင် ကြယ်ဖြူ တစ်လုံး ရေးဆွဲထားသော အလံသစ်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပါလီမန် ဒီမိုကရေစီခေတ် နိုင်ငံတော်အလံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လာမည့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲများ အပြီးတွင် ပေါ်ပေါက်လာမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကျင်းပချိန်တွင်မှ အသက်ဝင်မည်ဖြစ်ပြီး ဥပဒေပြဌန်းချက်များကို ကျင့်သုံးပိုင်ခွင့် မရှိသေးချိန်တွင် နအဖမှ ဤလုပ်ရပ်ကို အမိန့်ပေး ဆောင်ရွက်ခြင်းသည် နာဂစ်မုန်တိုင်း ကာလတွင် ၎င်းတို့ကိုယ်တိုင် အဓမ္မ အတည်ပြုထားသည့် အခြေခံ ဥပဒေကို ၎င်းတို့ကိုယ်တိုင် ဗြောင်ကျကျ ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

မဆလခေတ် နိုင်ငံတော်အလံ


မဆလ တစ်ပါတီ လက်ထက် အသုံးပြုခဲ့ ပြီး နဝတ၊ နအဖ စစ်အစိုးရ လက်ထက်တွင်လည်း ဆက်လက် အသုံးပြုခဲ့သော အနီရောင်နောက်ခံ၊ အထက် ဝဲဖက်ထောင့် အပြာကွက်ပေါ်တွင် စပါးနှံ၊ ခွေးသွားစိပ်နှင့် ကြယ်ဖြူ ၁၄ လုံးပါသော နိုင်ငံတော်အလံကို ယခုရွေးကောက်ပွဲ ကျင်းပချိန်နီးမှ ဖြုတ်ချ၍ အသစ်တင်ခြင်းသည် မဆလ တစ်ပါတီအမွေခံ တစညပါတီအား အာဃာတ ကြီးစွာ ထိုးနှက်လိုက်ခြင်းလည်းဖြစ်သည်။ လက်ရှိ သန်းရွှေစစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ဖွံ့ ပါတီ၏ အဓိက ပြိုင်ဖက်ပါတီမှာ တစည ဖြစ်လာသဖြင့် ယခုကတည်းက ဦးကျိုးသွားစေရန် စပါးနှံ အမှတ်အသားပြု တစည ပါတီအား ယတြာသဘော ဖယ်ရှားလိုက်ခြင်းလည်း ဖြစ်သည်။

နာဂစ်ဖွဲ့စည်းပုံပါ နိုင်ငံတော်အလံ


လွှတ်တော်ထဲရောက်မှာ ဥပဒေများကို ပြင်မည်ဟု ကြုံးဝါးနေကြသော နိုင်ငံရေး ပါတီများမှ အမတ်လောင်းများကလည်း (နအဖ) သည် ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌန်းချက်များကို နဲနဲမှ အထိခံမှာ မဟုတ်သည့် နမိတ်ပုံ ဖြစ်သည့်အပြင် ဖွဲ့စည်းပုံ အာဏာမတည်မီ ကတည်းက စစ်တပ်လွှမ်းမိုးရေး ပေါ်လစီကို ကျင့်သုံးမှု ပိုမို ထင်ရှားလာကြောင်း ယခုလုပ်ရပ်ပေါ်တွင် မူတည်၍ ညည်းတွား ပြောဆိုလျှက်ရှိသည်။



0 comments:

အပေါ်သို့