Thursday, January 12, 2012

မြန်မာလူကုန်ကူးမှု ကလေး ၂၅ %၊ အမျိုးသမီး ၇၀%

ကိုဝိုင်း
ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

၂၀၁၁ ခုတွင် လူကုန်ကူးမှုပေါင်း ၁၃၆ ခုဖြစ်ပြီး တရားခံ ၃၅၁ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူပေါင်း ၂၆၅ ဦး ကယ်တင် နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့သူများထဲမှာ ၂၅ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်၍ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ အဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်လှိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ လူကုန်ကူးမှု တားဆီးရေး သံတမန် မစ္စတာ လူးဝိ ဆီဒါဘက်ကာ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု အခြေအနေကို သိရှိနိုင်ရန် မေးမြန်းထားခြင်းဖြစ်သည်။

မဲဆောက်အခြေစိုက် Social Action for Women-SAW အမျိုးသမီးအဖွဲ့ကမူ ၂၀၀၈ ခုမှ ၂၀၁၁ ကုန်အထိ လူကုန်ကူးခံ ရသူ ၂၀၀ ခန့်ကို ကူညီပေးခဲ့သည်ဟု ဆိုသည်။ ကချင်အမျိုးသမီးအဖွဲ့ KWAT ကမူ ၂၀၁၁ ခုအတွင်း တရုတ်နိုင်ငံသို့ ရောင်းစား ခံရသည့် ကချင်အမျိုးသမီး ၁၃၀ ဦး ကျော်ကို တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၀၄ ခု မတ်လတွင် နိုင်ငံတကာ လူကုန်ကူးမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုတွင် လူကုန်ကူးမှု တားဆီးရေးဥပဒေကို ထုတ်ပြန်ခဲ့သည်။

ဒုရဲမှူးကြီးညွန့်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန လက်အောက်တွင် လူကုန်ကူးမှု တားဆီးရေး အထူးအဖွဲ့ ၂၄ ခု ရှိသည်ဟု မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။

လူကုန်ကူးမှုကို တိုက်ဖျက်တဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကယ်တင်နိုင်ခဲ့တဲ့ လူဦးရေက ၂၀၁၁ ခုမှာ ဘယ်လောက် ရှိပါသလဲ။

“ဒီမှာ အန်ကယ်တို့ လောလောဆယ် စာရင်းချုပ်ထားတာရှိတယ်။ မနှစ်က လူကုန်ကူးမှု အရေးယူတဲ့အမှုပေါင်းက ၁၃၆ မှု ရှိတယ်။ ဖော်ထုတ်တဲ့ လူကုန်ကူးသူ တရားခံပေါင်း ၃၅၁ ဦး ရှိတယ်။ ကယ်တင်တဲ့ Victim ပေါင်းက ၂၆၅ ယောက်။ ဒါက ကယ်တင်တာပေါ့။ လူကုန်ကူး မခံရမီပေါ့။ အဲဒီမှာ ယောက်ကျားလေးက ၄၅ ယောက်၊ အမျိုးသမီးက ၂၂၀။”

အမျိုးသမီးက ပိုများနေတယ်နော်။

“လူကုန်ကူးမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက မိန်းမတွေကို တရုတ်ပြည်ပို့တာ ဖြစ်နေတာကိုး။ တရုတ် အမျိုးသားတွေနဲ့ ပေးစား တာပေါ့။”

အဲဒီ ၂၆၅ ယောက်က တရုတ်ကိုပဲလား ခင်ဗျ။

“ဒီအမှုတွေအားလုံးက တရုတ်တော့ မဟုတ်ဘူး။ ဒီထဲမှာ ထိုင်းဘက်ကို ပြည့်တန်ဆာအဖြစ် အပို့ခံရတဲ့ ကလေးတွေ၊ ထိုင်း ဘက်မှာ အဓမ္မလုပ်အားခိုင်းတဲ့ ကလေးတွေလည်း ပါတယ်။ နောက် ပြည်တွင်းမှာကတော့ ကလေးမလေးတွေ ကို အလုပ်ရမယ် လို့ ခေါ်သွားပြီးတော့ ပြည့်တန်ဆာအဖြစ် ခိုင်းတာ။ ပြည်တွင်း အမှုတွေကတော့ ပြည့်တန်ဆာ အဖြစ် ခိုင်းတဲ့အမှုတွေ ပါတယ်။ ဒါက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ထိုင်းဘက်မှာကတော့ အနည်းဆုံး ၁၅ ကနေ ၁၇ ရာခိုင်နှုန်းလောက် ရှိတယ်။”

“ထိုင်းဘက်မှာ အမျိုးသားတွေပါတယ်။ အမျိုးသားတွေက ငါးဖမ်းလှေပေါ်မှာ အဓမ္မ ခိုင်းစေခံရတာ။ လုပ်အားခ မပေးဘဲ ခိုင်းတာ တွေပေါ့။ အမျိုးသားတွေကတော့ အဲဒါမျိုးတွေ များတယ်။ အမျိုးသမီးကတော့ တရုတ်ပြည်ဖက် ကို ရောင်းစားခံရတာ ၇၀ ရာခိုင် နှုန်းကျော် ရှိတယ်။ ထိုင်းဘက်မှာလည်း ၁၀ ရာခိုင်နှုန်းလောက် ရှိမယ်။ ကျန်တဲ့ ၉ ရာခိုင်နှုန်းလောက်က ပြည်တွင်းမှာဖြစ်တဲ့ လူကုန်ကူးမှု၊ အထူးသဖြင့်တော့ အများဆုံး အန်ကယ်တို့ ဖော်ထုတ် တာ ပြည့်တန်ဆာအဖြစ် ခိုင်းတဲ့ ကလေးမလေးတွေကို ကယ်တယ်။ သူတို့ကို ခိုင်းတဲ့လူကို တရားစွဲတယ်ပေါ့နော်။ အဲဒီမှာ ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့က ပိုများတာပေါ့။ နောက် မန္တလေးတိုင်း၊ မြဝတီဘက်မှာလည်း ရှိတယ်။ အဲဒီလို case မျိုးတွေ။”

အဲဒီ ၂၆၅ ဦးမှာ ကလေးတွေ ဘယ်နှစ်ယောက်ပါတယ်လို့ ပြောလို့ရလား ခင်ဗျ။

“ကလေးသူငယ်ဆိုတာ ဥပဒေအရ စကားပြောရရင် ပြည်တွင်း ဥပဒေအရ ၁၆ နှစ်အောက်ကို ကလေးသူငယ်ခေါ် တယ်။ နိုင်ငံ တကာမှာတော့ ၁၈ နှစ်အောက်ကို ကလေးသူငယ်ခေါ်တယ်။ အဲဒီတော့ ကလေးသူငယ်ပါဝင်မှုဟာ စုစုပေါင်း ၆၁ ယောက်ရှိတယ်။ ၂၆၅ မှာ ၆၁ ဆိုတော့ ၂၅ ရာခိုင်နှုန်းလောက်ရှိတာပေါ့။ အဲဒီမှာ တချို့ မိန်းကလေးတွေကျတော့၊ ငါတို့က ဒီမှာ ကလေးသူငယ် ဆိုတာ ၁၈ နှစ်အောက်ကို တွက်ထားတာ။ နိုင်ငံတကာ ဥပဒေအရလေ။”

တအားငယ်တဲ့ ကလေးတွေလည်း ပါမှာပေါ့နော်။

“တအားငယ်တဲ့ ကလေးတွေက များသောအားဖြင့်တော့ မွေးစားဖို့ တရုတ်ဘက်ကို ရောင်းစားခံရတာမျိုး ရှိတယ်။ နောက် ပြည်တွင်းမှာဖြစ်တဲ့ force prostitution လို့ခေါ်တဲ့ အဓမ္မ ပြည့်တန်ဆာ ပြုမှုတွေမှာ အရပ်စကားနဲ့ ပြောရင် တော့ ‘ပါကင်’ ပေါ့နော်။ ‘ပါကင်’ပို့တဲ့ ကလေးတွေကျတော့ ၁၈ နှစ်အောက်တွေ ဖြစ်တာကိုး။ ၁၆ နှစ်၊ ၁၄ နှစ်၊ ၁၅ နှစ်။ အဲဒီအ ရွယ်လေးတွေ အရွယ်ဖွံ့ဖြိုးတဲ့ အခါကျတော့ ဒီကလေးလေးတွေကို ပို့တာရှိတယ်။ အဲဒါမျိုးကိုတော့ အန်ကယ်တို့က လူကုန်ကူး အဖြစ်နဲ့ တရားစွဲတဲ့အခါ သူတို့ကလည်း ဒီကလေးသူငယ်မှာ ပါသွားတာပေါ့နော်။ prostitution တော့ မှန်တယ်။ ၁၅ နှစ်နဲ့ ၁၆ ကြားဖြစ်နေခဲ့ရင် ကလေးသူငယ် ဖြစ်သွားမယ်။ Child abuse လည်း ဖြစ်သလို အဓမ္မခိုင်းတယ်၊ အဲဒီအပေါ်မှာ ခေါင်းပုံ ဖြတ်တာ ပေါ်ပေါက်ရင် လူကုန်ကူးမှု ဖြစ်သွားတာပေါ့။ အသေးစိတ် ပြောရင်တော့ တော်တော်ခက်သွားမယ်။ မေးခွန်းလေးတွေ ရေးချလိုက်ရင် case တွေ ပြန်လှန်ရမယ်။”

၂၀၁၁ ခုမှာ အဲဒီလောက်ဆိုတော့ ၂၀၁၀ နဲ့ယှဉ်ရင် ပိုပြီးတော့ လုပ်ဆောင်လာနိုင်လားခင်ဗျ။

“ခါတိုင်းနှစ်တွေက အမှုတွေ ပိုပိုများလာတယ်။ ဒီနှစ်တော့ အမှုကျသွားတယ်။ မနှစ်က တရားခံ ၅၀၀ ကျော်လောက် ဖော်ထုတ် နိုင်တယ်။ ဒီနှစ် အမှုက ၃၀ ကျော်လောက် လျော့သွားတာပေါ့။ တစ်ကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေရော၊ တားဆီးကာကွယ်ရေးအဖွဲ့တွေ တားဆီးကာကွယ်ရေးဆိုတာက အရပ်ဖက် အဖွဲ့တွေပါတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်အဆင့် ဖွဲ့ထားတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ NGO တွေရယ်၊ UN အေဂျင်စီတွေပေါင်းပြီးတော့ အသိပညာပေးမှုတွေ ကျယ် ကျယ်ပြန့်ပြန့်လုပ်တယ်။ လူကုန်ကူးမှု အထူးအဖွဲ့တွေ ကလည်း INGO ဖြစ်တဲ့ World Vision ၊ Save the Children ၊ UNIP ၊ UNICEF တို့နဲ့ပေါင်းပြီး ပညာပေးတွေ လုပ်တယ်။ နောက် ပြည်တွင်းလူမှုအဖွဲ့ဖြစ်တဲ့ အမျိုးသမီးတွေက မိခင်/ ကလေးနဲ့ ပေါင်းလုပ်တယ်။ ကရင်၊ ကချင်ပြည်နယ်တို့မှာဆိုရင် ခရစ်ယာန်ဘာသာရေးအသင်းတွေနဲ့ ပေါင်းလုပ်တယ်။ ရန်ကုန် မှာလည်း ကရင် အမျိုးသမီးအသင်းတွေနဲ့ပေါင်းပြီး အသိပညာပေးလုပ်တယ်။ ဒီအမှု လျော့ကျသွားခြင်းရဲ့ အကြောင်းရင်းထဲမှာ အသိပညာပေးမှုသည် ကြိုတင်ကာကွယ်ရေးမှာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။ ဒါကြောင့် အသိပညာပေးမှု ကြောင့် လူတွေဟာ အသိပညာရှိတာကြောင့် လူကုန်ကူးခံရမှု လျော့ကျသွားတယ်လို့ ပြောလို့ရတယ်။ ဒါကတပိုင်း ပေါ့နော်။”

“နောက်တခါ လူကုန်ကူးမှုဖြစ်ပွားခြင်းမှာ ဦးတည်တဲ့ နိုင်ငံတွေကိုပြောရင် ပြည်ပကို တရုတ်နဲ့ ထိုင်းက အဓိက ပေါ့နော်။ တရုတ် ဘက်ခြမ်းမှာ ဖြစ်ပွားတဲ့ လူကုန်ကူးမှုက အဓိကက တရုတ်အမျိုးသားတွေက အိမ်ထောင်ပြုဖို့ အမျိုးသမီးတွေ အခက် အခဲရှိ တာကြောင့် ပြည်တွင်းက ငါတို့ရဲ့ အမျိုးသမီးတွေကို pull factor လို့ခေါ်ရမယ့် လူတွေ ကို လှမ်းဝယ်နေတဲ့ ဝယ်လက် ရှိနေတယ်။ အဲဒီမှာ ဈေးကွက်ရှိတာပေါ့ကွာ။ အဲဒီဈေးကွက်ကြီး ရှိတာကြောင့်မိုလို့ ဒီဘက်က push factor ဖြစ်တဲ့ အလုပ် လက်မဲ့ဖြစ်တဲ့ ကလေးတွေ၊ တချို့မသိနားမလည်တဲ့ကလေးတွေ ကျေးလက်၊ ရှမ်းပြည်မြောက်ပိုင်းကဆိုရင်လည်း ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုမယ်ဆို မိဘတွေ က အလွယ်တကူပဲ သဘောတူ လိုက်တယ်။ ဒါပေမယ့် သူ့သမီးကို ရောင်းစားတာ သူတို့မသိဘူး။ ဒါမျိုးတွေ ရှိတာကိုး။ ဒီဘက်က push factor လည်းရှိတယ်။ ဟိုဘက်က pull factor လည်းရှိ တယ်။ အဲဒီနှစ်ခုကြား မှာ တို့ဘက်ကလည်း တားဆီးတာတွေ အကြီးအကျယ်လုပ်တယ်။ မန္တလေး လောက်က စပြီးတော့ အကြီးအကျယ်စစ်တယ်။ မန္တလေးလောက်မှာပဲ အရေးယူတယ်။ နောက် လားရှိုးမှာ၊ မူဆယ်အပေါက်ဝကနေ ပိတ်ပင်တားဆီးတယ်။ ဒါကတပိုင်း။”

“နောက် တရုတ်ဘက်ကလည်း ငါတို့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်လာတာ ဒါ ပထမ ၅ နှစ် စီမံကိန်းတောင် ပြီးသွားပြီ။ ၂၀၀၇-၂၀၁၁ ပေါ့ အဲဒီကာလအတွင်းမှာ တရုတ်ဘက်ကလည်း သူ့နိုင်ငံအတွင်းမှာ တရားမဝင် လာရောက်ပြီးတော့ နေထိုင် ပြီးတော့ အဓမ္မခံရသူတွေကို သူလည်းပဲ ကယ်တယ်။ သူ့လူတွေကိုလည်း အပစ်ပေး တာတွေ လုပ်တယ်။ နှစ်နိုင်ငံ တက်ညီလက် ညီ လုပ်တာတွေ ပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြားထဲမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ်ဆက်ဆံရေး အရာရှိရုံး နှစ်ရုံးဖွင့် ထားပြီးတော့ အခုသတင်းရရင် အခုချက်ချင်း ဝင်ပြီးတော့မှ အဲဒီရဲတပ်ဖွဲ့ ရွှေလီထဲကို အကြောင်းကြားပြီး ဝင်ရှာ၊ ဝင်ဖမ်းလို့ရ တယ်။ အဲဒီ co-operation တွေ ကောင်းတာ တကြောင်းပေါ့။”

“ထိုနည်းလည်းကောင်းပဲ ထိုင်းဘက်မှာလည်း ကြားတဲ့အတိုင်းပဲ ထိုင်းမှာရောက်နေတဲ့ undocumented လို့ခေါ်တဲ့ အထောက် အထားမဲ့ အလုပ်သမားတွေကို အထောက်အထားတွေ ရဖို့လုပ်တာ အခုဆိုရင် ယာယီပတ်စ် ၇ သိန်းလောက်တောင် ထုတ်ပေး ပြီးသွားပြီ။ အဲဒီဟာကို လုပ်နေခြင်းအားဖြင့် ထိုင်းမှာနေထိုင်ခြင်းဟာ တရားဝင် ဖြစ်လာတယ်။ တရားဝင် အထောက်အထား ရှိတာကြောင့် လူကုန်ကူးခံရမှုဟာ လျော့နည်းသွားမယ်။”

အဓိက အခြေခံအားဖြင့် လူကုန်ကူးလုပ်ငန်းတွေ၊ ဒါတွေက ဘာကြောင့် ဖြစ်ပေါ်နေတာလဲခင်ဗျ။

“အသိပညာနည်းပါးခြင်း၊ ဗဟုသုတ မရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်း၊ ပြည်ပကို အထင်ကြီးခြင်း၊ ရပ်တည်ရန်ခက် ခဲတဲ့အနေအထားမျိုးမှာ ရောက်နေမယ် ဥပမာအားဖြင့် တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့ ကလေးမလေးဟာ အိမ်မှာ အဖေကွဲ အမေကွဲ၊ မိထွေး ပထွေးနဲ့ နေရတဲ့အခါ သူက အိမ်မှာ အညှဉ်းဆဲခံရလို့ အပြင်ထွက်မယ်၊ အဲဒါနဲ့ ပွဲစားက တွေ့မယ်၊ မင်းဘယ် မှာ အလုပ်လုပ်မလဲ။ တချို့ကလေးတွေ ဗဟုသုတမရှိဘူး မူဆယ်မှာ မားမီးခေါက်ဆွဲစက်ရုံရှိတယ် အဲဒီမှာ အလုပ်လုပ်ရမယ် ပြော တာ ကို ယုံတယ်။ မားမီးခေါက်ဆွဲစက်ရုံ ဘယ်မှာရှိမှန်းတောင် မသိတဲ့သူတွေရှိတယ်။ နောက် စီးပွားရေးအခွင့်အလမ်းတွေ ရလိမ့် မယ်လို့ ယူဆတာတွေ အဲဒီလူတွေကို လူကုန်ကူးတဲ့ ပွဲစားတွေက အလုပ်ရမယ်၊ လစာရမယ်နည်းနဲ့ စည်းရုံးကြတာပေါ့။ ဟိုကျမှ လက်ညှိုး ထိုးပြီး ရောင်းစားတာကော။”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့