Tuesday, June 26, 2012

ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ မြစ်ကြီးနားမြို့ခံများ စိုးရိမ်နေ

ဖနိဒါ
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ် ရပ်ကွက် အချို့တွင် မြစ်ရေများ စတင် ဝင်ရောက်နေ သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် စီတာပူ၊ အင်ဂျန်းကောင်၊ မြို့သစ်ကြီး၊ သီတာ၊ မန်ခရိန် စသည့် မြေနိမ့်ပိုင်း မြို့ရပ်ကွက် အချို့တွင် မြစ်ရေ စီးဝင် လာသဖြင့် ဒေသခံများ ပစ္စည်းများ ရွှေ့ပြောင်းနေကာ နောက်ထပ် နှစ်ပေခန့် တက်လာပါက စိုးရိမ်နေကြခြင်း ဖြစ်သည်။

“မနေ့ညက ဧရာဝတီမြစ် ပုံမှန်ထက် အမြင့်ပေ ၆ ပေ၊ ၇ ပေလောက် တက်သွားတယ်။ ဒီနေ့တော့ မနောကွင်း ကနေ ကားလမ်းဘက် ကျော်လာပြီဆိုရင်တော့ စိုးရိမ်ရလို့ အဆင်သင့် စောင့်ကြည့်နေကြတယ်။ မြစ်ရေက တဖြည်းဖြည်းနဲ့ တက်နေတာ။ တမြို့လုံး လူတွေ က မြစ်ကို စောင့်ကြည့်နေတာ ပွဲလိုဖြစ်နေတယ်” ဟု စီတာပူရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

တနင်္ဂနွေနေ့က မြစ်ရေ အမှတ် ၁,၂ဝဝ စင်တီမီတာရှိရာမှ တနင်္လာနေ့တွင် ၁,၃ဝဝ စင်တီမီတာသို့ ရောက်ရှိ လာသဖြင့် ပြည်နယ် အစိုးရ က လိုက်လံ သတိပေးနေသည်ဟု စီတာပူရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ဧရာဝတီမြစ် အထက်ပိုင်း ချီဖွေ၊ ဆော့လော ဘက်များ မိုးရွာသွန်းသဖြင့် မေခမြစ် ရေမြင့်တက်လာရာမှ ဧရာဝတီမြစ် မြင့်တက်လာခြင်း ဖြစ်သည်။

“နောက်ထပ် နှစ်ပေလောက် တက်လာရင်တော့ မနောကွင်းလမ်းပေါ် ကျော်ပြီး ရေဝင်လာတော့မယ်။ ဒါပေမယ့် ကားလမ်းပေါ်တော့ မတက်လာသေးဘူး။ တချို့က ပစ္စည်းတွေတောင် အောက်ထပ်က ပစ္စည်းတွေ အပေါ်ထပ်ကို ရွှေ့နေပြီ”ဟု သူက မဇ္စျိမကို ပြော သည်။

မြစ်ကြီးနားမြို့တွင် နှစ်စဉ် မိုးတွင်းကာလမှာ ဧရာဝတီ မြစ်ရေမြင့်တက်ခဲ့ မြို့ပေါ် ရေလျှံလေ့ရှိသော်လည်း ၂ဝဝ၄ ခုနှစ် မြစ်ကြီးနားမြို့ တမြို့လုံး လေလွမ်းမိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်ဟု စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ပြောသည်။

“မနေ့ကတော့ ဧရာဝတီမြစ်တော့ မလျှံသေးဘူး။ တာရိုးရောက်ဖို့ ၁ဝ ပေလောက် လိုသေးတယ်။ ဒီမနက်ပိုင်းတော့ မြို့သစ်ကြီး ဘက်မှာ နည်းနည်းဝင်နေပြီ၊ ကျွန်းပျဉ်သာ ဘက်လည်း ဝင်နေပြီ” ဟု သူက မဇ္စျိမကို ပြောသည်။

၂ဝဝ၄ ခုနှစ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကြီးခြင်းကြောင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့