Tuesday, June 26, 2012

ထိုင်းနှင့် အမေရိကန် အပြန်အလှန် သံသယများ လျော့ကျစေရေး

ကာဝီ ချွန်ကစ်တာဝုန်
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ဇွန်လ ၁၄ ရက်နေ့တွင် ၀ါရှင်တန်၌ ငါးကြိမ်မြောက် ထိုင်း-အမေရိကန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ကြေညာ ချက် အရ နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေးက လမ်းကြောင်းမှန်အတိုင်း ဆက်လက်ဦးတည်သွားဖို့ ရှိနေသည်။

သို့သော်လည်း နောက် ရက်အနည်းငယ်ကြာ သည့်အခါ ဤသို့ကတိက၀တ်များက ပြဿနာ နှင့် ကြုံတွေ့ရတော့သည်။

မကြာသေးခင် ရက်သတ္တပတ်များအတွင်း ထိုင်း အစိုးရနှင့် အတိုက်အခံ ဒီမိုကရက်ပါတီ တို့အကြား အူတာပေါင် (U-tapao) လေဆိပ်
ကို အမေရိကန်က အသုံးပြုရေးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲဝေဖန်ချက် များ ထွက်ပေါ်လာသည်နှင့် အတူ ထိုင်း- အမေရိ ကန် အကြား ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းကိစ္စများအဖို့လည်း လုံလောက်သည့် ပွင့်လင်းမြင်သာမှု၊ သက်ဆိုင်သည့် အင်အားစု အားလုံးနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိလျှင် လွယ်လွယ်ကူကူ ရှေ့ဆက်၍ မရနိုင်မည့်အရေးကို တွေ့မြင်လာကြရသည်။

ဝါရှင်တန်အစိုးရက ၁၉၉၇ ခုနှစ်၊ ထိုင်းနိုင်ငံ ငွေကြေးအကျပ်အတည်း ဆိုက်စဉ်ကာလအတွင်း ဘဏ္ဍာငွေကြေး ပံ့ပိုးကူညီရန် ငြင်းဆန် ခဲ့ဖူးသည်။ ဤအတွက်ကြောင့်လည်း ထိုင်းတို့၏ စိတ်အတွင်း ဒဏ်ရာအနာတခုလို ယနေ့တိုင် ကျန်ရစ်နေရသေးသည်။ သူတို့ ယခင် တကြိမ်တခါက ယုံကြည်အားထားခဲ့ဖူးသလို အမေရိကန်အစိုးရကို မယုံကြည် မကိုးစားနိုင် ဖြစ်ခဲ့ရသည်။

ဤအခြေအနေများကြောင့် ယခုအခါ မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွင် ပထမဦးဆုံး အကြိမ်အဖြစ် ပြည်သူချင်း- ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် သဘောတူညီခဲ့သည်ကိုလည်း နားလည်၍ ရနိုင်သည်။ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၈၀ ကျော်ပြီးသည့် ကာလတွင် အစိုးရများအနေဖြင့် နှစ်နိုင်ငံရှိ ပြည်သူ များ အကြား အပြန်အလှန် ဆက်ဆံဖလှယ်မှု တိုးမြင့်လာစေရန် အကြံဉာဏ် များလည်း လိုအပ်နေပါသေးသည်။ နိုင်ငံရေးအရ လှည့်ဖျား ပြောဆိုကြသည့် သတင်းစကားများ မရှိလျှင် ထိုင်းနှင့် အမေရိကန် ပြည်သူများအဖို့ အထူးပင် ချစ်ခင်နိုင်ကြပါသည်။ သို့သော်လည်း နှစ်နိုင်ငံအကြား အရေးကိစ္စများကို မျိုးချစ်စိတ်အခံဖြင့် ရှုမြင်သုံးသပ်ကြသည့်အခါ အမေရိကန် ဆန့်ကျင်ရေး စိတ်ခံစားမှုများ ပေါ် ပေါက် လာစေရေး အလွယ်တကူ မီးမွှေးနိုင်ခြေ ဖြစ်လာတော့သည်။

ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက သူတို့နိုင်ငံမှ ခရီးသွားတိုးရစ်များနှင့် အခြားသူများ အမေရိကန်ပြည်ထောင်စု သို့ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ရရေးအတွက် တောင်းဆိုခဲ့ပါသည်။ ၀ါယာလက်စ် လမ်းမရှိ အမေရိကန်သံရုံးရှေ့တွင် ဗီဇာ လျှောက်ရန် တန်းစီနေရသော လူတန်းရှည်ကြီးမှာ ရေရှည်ဆက်ဆံခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စိတ်ပျက်ဖွယ်အချက်တခု ဖြစ်ပါသည်။ အခြားတဖက်တွင် ရုရှားနိုင်ငံက ထိုင်းနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်၍ လာ ရောက်ခွင့်ပြုခဲ့ရာ ဤသို့ခွင့်ပြုသည့် ပထမဦးဆုံး အင်အားကြီး နိုင်ငံတခု ဖြစ်လာပါသည်။

ဝါရှင်တန်နှင့် ပြောဆိုဆွေးနွေးမှုများမှာ ပွင့်လင်း၍ ကြိုတင်ချမှတ်ထားသည့် ခေါင်းစဉ်များ ရှိမနေခဲ့ပါ။ အမေရိကန် ပြည်ထောင်စု၏ အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ (Kurt Campbell)၊ နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် ဆီ ဟာဆက် ဖောင်ခက်ကယော့ (Sihasak Phuangkhetkeou) တို့မှာ တဦးနှင့်တဦး အလွန်အလွမ်းသင့်ကြပါသည်။ ယခုတကြိမ်တွင် သူတို့က ထိုင်း-အမေရိကန် ဆက်ဆံရေး ပြဿနာ အထွေထွေကို ဆွေးနွေးခဲ့ကြပါသည်။ အထူးသဖြင့် ပို၍အားဖြည့်ရန် လိုအပ် နေသည့် ဧရိယာများကို အာရုံထား ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများသည် ၂၀၀၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ အထူးတလည် ထိခိုက်ခဲ့ရသည်။ မဟာမိတ်ပြုမှု၏ ဗဟိုဆုံချက် ဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကြံပြုဆွေးနွေးမှုများလည်း ၎င်းအချိန်မှစ၍ ယာယီ ဆိုင်းငံ့ထားခဲ့သည်။

အချိန်များစွာ ကြာမြင့်ခဲ့ရပြီးမှ ၀ါရှင်တန်က နောက်ဆုံး ထိုင်း-အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီးများ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကို စတင်ရန် သဘောတူညီခဲ့သည်။ ထိုင်း စစ်ဖက်ဆိုင်ရာ ခေါင်းဆောင် များအတွက် စိတ်ဓာတ် တက်ကြွလာစေရန် လျော်ကန်သည့် ကြိုးပမ်းဆောင်ရွက်ချက်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်နိုင်ငံ ဖြစ်သည့်အလျောက် ကာကွယ်ရေးဆိုင်ရာ နောက်ဆုံးပေါ် စွမ်းဆောင် ရည်များ ဖြည့်ဆည်းပေးရန် အမေရိကန်က ပျက်ကွက်နေမှု အပေါ်တွင်လည်း သူတို့က ယခင် အချိန်ကာလများတွင် တစိုက်မတ်မတ် စောဒကတက် ပြောဆိုခဲ့ကြဖူးသည်။ ထိုင်းနိုင်ငံက မကြာသေးမီ တချိန်က တင်ပြခဲ့ဖူးသည့် ကျည်နှင့် လက်နက်စနစ်များ စာရင်းကို လည်း အမေရိကန်က ကာလတစုံတရာကြာ လျစ်လျူရှု ထားခဲ့သည်။

တကြိမ်တွင် ဆီဟာဆက် က ကာ့တ် ကင်းဘဲကို မေးခဲ့ဖူးသည်။ အကယ်၍ ထိုင်းနိုင်ငံမှ တောင်းဆိုမှုများကို အမေရိကန်က တုံ့ပြန် ဆောင်ရွက်ပေးရန် ပျက်ကွက်နေခဲ့ပါက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်ပြုမှုဆိုသည်မှာ မည်သို့အဓိပ္ပါယ် ရှိပါတော့မည်နည်း ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။

ယခုတကြိမ် ဆွေးနွေးပွဲတွင်တော့ နှစ်ဖက်စလုံးက သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်တင်ပြခဲ့ကြသလို မဟာဗျူဟာ အမြင်များ ကိုလည်း ဖလှယ်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်းက အာရှတိုက်အတွင်း အမေရိကန် ပြည်ထောင်စု၏ တည်ရှိမှု အခန်းကဏ္ဍကို စိုးရိမ် မေးခွန်း ထုတ်ခဲ့သည်။ ကာ့တ်ကင်းဘဲ က ပထမနေ့တွင် အာရှတိုက်အတွင်း ၎င်းတည်ရှိနေမှု တိုးချဲ့ရေးနှင့် ပြန်လည်ချိန်ညှိရေးကိစ္စများ အဆိုပြုချက်ကို နေ့တ၀က်ကြာ အချိန်ယူ၍ ရှင်းပြခဲ့သည်။ သူက စစ်ရေးအင်အားတိုးချဲ့မှု သို့မဟုတ် ၎င်းတို့ တည်ရှိနေမှု တိုးချဲ့ရေး အတွက်ကို အာရုံထားခြင်း မဟုတ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ ၎င်းအစား အမေရိကန်က အာရှတိုက်နှင့် ဘက်စုံ ချည်းကပ် ဆက်ဆံလိုမှု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့အတွက်ကြောင့် အမေရိကန်က ထိုင်းနိုင်ငံနှင့် မဟာမိတ်ပြုမှု၊ ကတိက၀တ်များ ရှိထား မှုကို တန်ဖိုးထားနေရခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က အမေရိကန်ထိပ်တန်း ရင်းနှီးမြှုပ်နှံ သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အုပ်စုကြီးကို ဦးဆောင်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လာရောက် လည်ပတ်မည့် အကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုခဲ့သေး သည်။

အပြန်အလှန်အနေဖြင့် ထိုင်းနိုင်ငံက ပိုမိုချဉ်းကပ်ဆောင်ရွက်မှုများကို ကြိုဆိုခဲ့သလို ဒေသဆိုင်ရာ လုပ်ငန်းစဉ်များ တွင် အာဆီယံအဖွဲ့ က အဓိက ဗဟိုချက်မမှ ရှိနေပုံကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။

ဆီဟာဆက် က ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ယုံကြည်မှုရှိကြောင်း၊ ဘေဂျင်း အစိုးရက ကမ္ဘာပေါ် တွင် တာဝန်သိ သည့် အင်အားကြီးနိုင်ငံတခုသဖွယ် ပြုမူမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။ အမေရိကန် နှင့် တရုတ်နိုင်ငံ တို့က သူတို့ ဆက်ဆံရေးကို မည်သို့မည်ပုံ ဦးတည်ကြမည်ကို သိရှိကြသလို သူတို့ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှောင်ရှားနိုင်ကြမည်၊ အာဆီယံနိုင်ငံများအပေါ် အန္တရာယ် ဖြစ်စေနိုင်မည့်အရေး ရှောင်ရှားနိုင်ကြမည်ကိုလည်း အလေးပေး ပြောဆိုခဲ့ သည်။ ထိုင်းနိုင်ငံက (၂၀၁၂- ၂၀၁၅) ခုနှစ်များအတွင်း တောင်တရုတ် ပင်လယ်ပဋိပက္ခများ ဖြေရှင်းရေးအတွက် အာဆီယံ-တရုတ် ဆက်ဆံရေး ကိစ္စများ အတွက် ပူးပေါင်းဆောင်ရွက်မှုကို အဓိက တာဝန်ယူရမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကိုလည်း ယုံကြည်မှုရှိကြောင်း အမေရိကန်က ဖော်ပြပြောဆိုခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ထိုင်းနိုင်ငံရှိ အူတာပေါင် လေဆိပ် ကို အသုံးပြုနိုင် ရေးအတွက် လိုအပ်သည့်ပြဋ္ဌာန်းချက်များ လေ့လာရန် ဒုတိယ အလုပ်အဖွဲ့တခုကိုလည်း ဖွဲ့စည်း နိုင်ခဲ့ကြသည်။ ၎င်းနေရာကို ထိုင်း နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝ ကပ်ဘေး ကယ်ဆယ်ရေး ဗဟိုဌာနတခုအဖြစ် အသုံးပြုရန် အဆိုပြုထားသည့်အတွက်ကြောင့်လည်းဖြစ်သည်။ ထိုင်းနိုင်ငံက သဘာဝကပ်ဘေး ဒုက္ခများ ကြုံတွေ့ရသည့်အခါ ဒေသတွင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စများအတွက် ၎င်းတို့နိုင်ငံက ဗဟိုချက်မအဖြစ် ဆောင်ရွက်ပေးနိုင်ရေးကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် ၂၀၀၅ ခုနှစ်က အဆိုပြုခဲ့ဖူးသည်။ ကုလသမဂ္ဂ-အာဆီယံအသင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (U.N.-Asean framework) အောက်တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ
ဖြစ်လာသောကြောင့် ၎င်းအစား မလေးရှားနိုင်ငံရှိ ဆူဘန်း (Subang) လေဆိပ်ကို ရွေးချယ် ခဲ့ကြသည်။

ထိုအချိန်မှစ၍ ၎င်းရည်ရွယ်ချက်ဖြင့် စင်တာ (ဗဟိုဌာန) တခု ဖွင့်လှစ်နိုင်ရေးကိစ္စ အစိုးရ စဉ်းစားချက်တွင် ရှိနေခဲ့ သည်။ အစပိုင်းတွင် ထိုင်း တော်ဝင်ရေတပ်မတော်က ၎င်းစင်တာကို နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်တွင် ထည့်သွင်းလိုသော်လည်း အမေရိကန် ပြည်ထောင်စုကမူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် စင်မြင့်တခုသဖွယ် အသုံးပြုလိုသည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ဆူနာမီရေလှိုင်းဒဏ်၊ ထို့နောက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝ ကပ်ဘေး ဒဏ်များ ရိုက်ခတ်ခံရပြီးနောက်တွင် အူတာပေါင် လေဆိပ်မှာ အရှေ့တောင် အာရှဒေသတွင် အချက်အခြာနေရာ တွင် ရှိနေသောကြောင့် ရှာဖွေရေး/ကယ်ဆယ်ရေး လုပ်ငန်းများ (search and rescue missions) များအတွက် ပို၍ အာရုံကျလာကြသည်။

နှစ်စဉ် ထိုင်း-အမေရိကန်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုဖြစ်သည့် ရွှေမြွေဟောက် (Cobra Gold) စစ်ဆင်ရေးမှာ လူသားချင်း စာနာမှုနှင့် ကပ်ဘေးဒုက္ခကယ်တင်ရေးကိစ္စများအတွက် နိုင်ငံစုံတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ပို၍အလေးထား ဆောင်ရွက်လာခဲ့ကြ သည်။ အူတာပေါင် လေဆိပ်ကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခွင့်ရှိခဲ့ဖူးသည့် အမေရိကန်နိုင်ငံအဖို့ တရားဝင် သဘောတူခွင့်ပြုမှု ရလိုပြီး လူသားချင်းစာနာမှု ကပ်ဘေးဒုက္ခများ ဖြစ်ပွားချိန်တွင် အဆင်သင့်ဆောင်ရွက်နိုင်အောင် ထိုင်းအစိုးရထံမှ လုပ်ပိုင်ခွင့် လုပ် ငန်းစဉ်များ သိရှိရယူလိုနေသည်။ မဟာဗျူဟာ ဆွေးနွေးပွဲတွင် အမေရိကန်ဖက်မှ ထောက်ပြရာ၌ ယခင်က ဆောင်ရွက်ခဲ့သော အရေး ပေါ် အကူအညီပေးရေး အစီအစဉ်များသည် အခြားနိုင်ငံများက "ကြိုတင်စီစဉ်မှု မရှိသော အရေးပေါ်လုပ်ငန်းများ" အဖြစ်သာ မှတ်ယူ ကြသည် ဟု ဆိုသည်။ ၀ါရှင်တန်အစိုးရက ၎င်းအမြင်ကိုလည်း ပြောင်းလဲပစ်လိုသည်။

ထိုမျှမက အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံအဖို့ တတိယနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများ နှင့် ပူးပေါင်းဆက်ဆံရေး၌ ကူညီမှုပေးပါရန် အထူးသဖြင့် မဲခေါင်မြစ် အောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု (Lower Mekong Initiative) ၌ နှစ်နိုင်ငံချင်း ဆက်ဆံရေး အဖြစ်သော်လည်းကောင်း၊ နိုင်ငံစုံဆက်ဆံရေး အဖြစ် သော်လည်းကောင်း ကူညီပေးပါရန် တိုက်တွန်းခဲ့ သေးသည်။ ဤသို့တိုးချဲ့ ဆက်ဆံမှုကြောင့်လည်း အရှေ့တောင် အာရှဒေသ၌ အမေရိကန်၏ ပေါက်ရောက်ခြေချနိုင်မှု ပိုမိုကျယ်ပြန့် အားကောင်းလာစေမည်လည်း ဖြစ်သည်ဟု ဆိုသည်။

ယခုအချိန်တွင် ဤဆက်ဆံရေးကိစ္စသည်ပင် သဘောထားကွဲပြားရန် အကြောင်းအချက်တခု ဖြစ်နေပြန်သည်။ ဒီမိုကရက်ပါတီက အူတာပေါင် လေဆိပ် အသုံးပြုရေးတွင် ရှင်းလင်းစွာ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်း တောင်းဆိုနေသည်။ အမှန်တွင် ၎င်းအတိုက် အခံပါတီက ပို၍သိဖို့ အကြောင်း ရှိနေသည်။ အကြောင်းမှာ ယခု ဆွေးနွေးပွဲများသည် အဖိဆစ် ဦးဆောင်သည့် အစိုးရလက်ထက် ကတည်းက စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ထိုင်းနိုင်ငံဖက်က လေဆိပ်အသုံးပြုရေးနှင့် ပတ်သက်၍ စည်းမျဉ်း၊ ပြဋ္ဌာန်းချက်များ ပြုစုရေးဆွဲနေသောကြောင့် ထိုင်းနိုင်ငံက လိုလား သည့်အချက်များကို ထည့်သွင်းရေးဆွဲနိုင်ပါသည်။ နောက်ဆုံး အူတာပေါင်ကို နိုင်ငံတကာ လေဆိပ်တခုအဖြစ် အသွင်ပြောင်း၍ လာ မည့်နှစ်များတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ရန်လည်း အသုံးပြုနိုင်ပါသေးသည်။

သို့သော်လည်း ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ကြိုးပမ်း ဆောင်ရွက်ချက်များသည် အထူးသဖြင့် မဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများသည် ပြည်တွင်း၌ ရန်ဖြစ်ငြင်းခုံနေမှုနှင့် နိုင်ငံရေးအရ လိုသလိုအဓိပ္ပါယ်ဖွင့် နေမှုများကြောင့် အထူးခက်ခဲနေဖွယ် ရှိပြန်သည်။ ဤအတိုင်းသာ ထိုင်းနိုင်ငံဘက်တွင် ဆက်ဖြစ်ပေါ်နေပါက ဆုံးရှုံးမှု ကြုံရဖွယ်ရှိပြီး အမေရိကန်က ထိုင်းအစား အခြားနိုင်ငံတခုကို ရှာဖွေတော့မည် ဖြစ်သည်။ အတွင်းကျကျ ဆွေးနွေးမှုများအရ အခြားရွေးချယ်စရာ နိုင်ငံတခုအဖြစ် ကမ္ဘောဒီးယားကို မျက်စေ့ ကျနေကြောင်း မကြာခဏဆိုသလို ရည်ညွှန်းပြောဆိုသည်ကို ကြားခဲ့ရဖူးသည်။ အကြောင်းမှာ ကမ္ဘော ဒီးယား ခေါင်းဆောင်များက အမေရိကန် ပြည်ထောင်စုက လိုအပ်နေသည့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအတွက် လိုက်လျော ဆောင်ရွက်ရန် လိုလားနေကြသောကြောင့် ဖြစ်ပါသည်။

Kavi Chongkittavorn ရေးသားသည့် Thailand, U.S.: reducing mutual distrust ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။

ကာဝီ ချွန်ကစ်တာဝုန် (Kavi Chongkittavorn) သည် အရေ့တောင်အာရှဒေသ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများအကြောင်း ဝေဖန်
ရေးသားနေသူတဦး ဖြစ်ပါသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့