စောခိုလုံ
ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ်
သတင်းဝေဖန်ချက်
မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။ နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။
သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ် ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။
တမီလ်ကျားများကို တိုက်ခိုက်အနိုင်ယူပြီး တလအကြာ ၂ဝဝ၉ ခုနှစ်၊ ဇွန်လတွင် သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ (Mahindra Rajapaksa) က မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး နိုင်ငံအကြား ထေရဝါဒ ဗုဒ္ဓဘာသာ ကူးလူးဆက်ဆံရေး၊ ယဉ်ကျေးမှုချင်း ဆက်ဆံရေး ကိစ္စများသာမက နိုင်ငံရေးအရ ချစ်ကြည်ရေး ခိုင်မြဲစေ ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက နှစ်နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ထပ်လောင်း အတည်ပြုခဲ့ကြ သေး သည်။ တာမီလ်ကျား သူပုန်များကို အောင်မြင်ပြီးနောက် သီရိလင်္ကာ သမ္မတ က မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီး ထွက်လာခဲ့ခြင်း လည်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ က မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်အကြား ထောက်လှမ်းရေး ကိစ္စများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စများတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဟုဆိုလျှင် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် သူပုန်ထမှု ပဋိပက္ခများ ဆက်လက်ကြုံ တွေ့နေ ရဆဲ နိုင်ငံတခုဖြစ်ပြီး ယခင်စစ်အစိုးရက တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များကို မကြာခဏဆိုသလို အကြမ်းဖက်သမား များ အဖြစ် စွပ်စွဲမှုများ ရှိနေခဲ့သည်။ ယခုနှစ်နိုင်ငံအကြား နိုင်ငံရေးအရ ဆက်ဆံလာသည်ကို ထောက်ရှုခြင်းအားဖြင့် သံသယရှိစရာ မလိုသည့်အချက်မှာ မြန်မာစစ်ခေါင်းဆောင်များက သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ၏ တမီလ်ကျားသူပုန်များအပေါ် အကြင်နာကင်းကင်းဖြင့် စစ်ရေးအရ အနိုင်ယူနိုင်ခဲ့မှု အောင်ပွဲအပေါ်တွင်လည်း အထင်ကြီး လေးစားနေပုံရပါသည်။
ထို့အပြင် အခြားသံသယဖြစ်စရာ မလိုသည့်အချက်မှာ မြန်မာစစ်တပ် ခေါင်းဆောင်များက သီရိလင်္ကာတို့၏ သောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲ မိုဒယ်အပေါ်တွင်လည်း အထင်ကြီး အားကျနေကြမည် ဖြစ်ပြီး သမ္မတ မဟိန္ဒရာက မည်သို့မည်ပုံချေ မှုန်းလိုက် သည်ကိုလည်း သင်ခန်းစာယူကောင်း ယူလိုကြပေလိမ့်မည်။
သီရိလင်္ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နော်ဝေနိုင်ငံ၏ အခန်းကဏ္ဍ
၂ဝဝဝ ခုနှစ်တွင် သမ္မတ ကုမရတွန်ဂါ ဦးဆောင်သည့် သီရိလင်္ကာအစိုးရနှင့် တမီလ် ပြောက်ကျားများတို့၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် နော်ဝေနိုင်ငံကိုလည်း ကြားဝင်ဖြန်ဖြေသူအဖြစ် ပါဝင်ပါရန် ဖိတ်ခဲ့ကြသည်။ ၂ဝဝ၂ ခုနှစ်တွင် သီရိလင်္ကာ အစိုးရနှင့် တမီလ် ပြောက်ကျားတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သမ္မတသစ် မဟိန္ဒရာ ရာဂျာပက်ဆာနှင့် ပြန်၍ ချုပ်ဆိုခဲ့ကြသည်။ သို့သော်လည်း ၂ဝဝ၈ ခုနှစ်တွင် မဟိန္ဒရာ ရာဂျာပက်ဆာ ဦးဆောင်သည့် အစိုးရဖက်က ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။ နော်ဝေအရာရှိ အများဆုံး ဦးဆောင်ကြသည့် သီရိလင်္ကာ စောင့်ကြည့်လေ့လာရေး မစ်ရှင် The Sri Lankan Monitoring Mission (SLMM) လည်း နိုင်ငံအတွင်းမှ ထွက်ခွာခဲ့ကြရသည်။ ၎င်းနောက်ပိုင်းတွင် တမီလ် ပြောက်ကျားများ အစိုးရ၏ မေလ ၂ဝဝ၉ ခုနှစ် ထိုးစစ်တွင် လုံးဝချေမှုန်းခြင်း ခံလိုက်ရတော့သည်။
၁၉၉၇ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ သီရိလင်္ကာနိုင်ငံတွင် နော်ဝေနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်း များသည် မယ်မယ်ရရ အလုပ်ဖြစ်ခဲ့သည်ဟူ၍ မရှိဘဲ အကျယ်အပြန့် ပြဿနာများ ရှိနေကြသည့် စစ်မက်အင်အားစု နှစ်ခု အကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မျှကိုသာ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ပြောရမည်ဆိုလျှင် စစ်ပွဲ ပဋိပက္ခနိဂုံးချုပ် အဆုံးသတ် နိုင်စေရေး ကြိုးပမ်းခဲ့သည့် နော်ဝေနိုင်ငံ၏ ဆောင်ရွက်ချက်မှာလည်း အရှုံးနှင့် နိဂုံးချုပ်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။
ဤသို့ ရှုံးနိမ့်ရမှုကို ပြန်ကြည့်သည့်အခါ အကြောင်းအရင်း အများအပြားရှိနေသည်။ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး ညှိနှိုင်းကြသူများက နိုင်ငံ၏ နှစ် ၃ဝ ကြာ ဖြစ်ပွားနေခဲ့သည့် ပြည်တွင်းစစ်၏ အရင်းခံ အကြောင်းတရားများကို နားလည် သဘောပေါက်နိုင်ခြင်း မရှိကြ သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုသည်မှာ သူတို့က စာရွက်ပေါ်မှ လုပ်ငန်းစဉ်ကိုသာ နားလည်ထားကြခြင်း ဖြစ်သည်။ ရလဒ်အဖြစ် တမီလ်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး အခွင့်အရေးသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်အတူ ရှုံးနိမ့်သွားရတော့သည်။ ထို့အပြင် စစ်မက်ဖြစ်ပွားနေသည့် အင်အားစု နှစ်ခုအကြား အခြေခံကျကျ အပြောင်းအလဲများကိုလည်း ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း မရှိပါ။ သို့ပါသော်လည်း ရှုံးနိမ့်ခဲ့ရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်ပင် တမီလ်ပြောက်ကျားတို့ကို မေလ ၂ဝဝ၉ ခုနှစ်တွင် အပြုတ် ဆော် အနိုင်ယူခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်ပွဲကို တဖက်သတ် အဆုံးသတ် နိဂုံးချုပ်စေခဲ့သော အောင်မြင်မှုကို ဖြစ်စေခဲ့သည်။
မြန်မာ့နိုင်ငံရေးတွင် နော်ဝေနိုင်ငံ၏ အခန်းကဏ္ဍ
နော်ဝေဆိုလျှင် မြန်မာနိုင်ငံကိစ္စတွင် အနောက်နိုင်ငံ အစိုးရများအနက်မှ ပထမဦးဆုံး ၎င်း၏ ဖွံ့ဖြိုးရေးဝန်ကြီးကို စေလွှတ်၍ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံစေခဲ့သော နိုင်ငံ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် နော်ဝေနိုင်ငံနှင့် ရေအား လျှပ်စစ်လုပ်ငန်း၊ ရေနံနှင့် သဘာ ဝဓာတ်ငွေ့၊ ခရီးသွား လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသလို၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်လိုလှသည်။
ထို့အပြင် နော်ဝေအစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နော်ဝေနိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး ဂျိုနပ်စ် ဂါ စတိုး (Jonas Gahr Stoere) က “အတွေ့အကြုံအများအရ အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ အခက်ခဲဆုံးကိစ္စ မဟုတ်ပါ။ သို့သော်လည်း တရားမျှတမှု ပေါ်ထွန်းလာစေရန် ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်းတူညီမျှရှိရန်၊ မျှတရန် ဆောင်ရွက်ရသည်မှာမှ အခက်ခဲ အရှုတ်ထွေးဆုံးကိစ္စ ဖြစ်ပါသည်” ဟု ဖော်ပြပြောဆိုခဲ့သည်။ သို့ဆိုလျှင် နော်ဝေနိုင်ငံအနေဖြင့် သီရိလင်္ကာတွင် ဆောင်ရွက်ခဲ့သည့် အတိုင်း မြန်မာနိုင်ငံ တွင်လည်း လာရောက် ဆောင်ရွက်ကြဦးမည်လောဟု မေးရန်သာ ရှိပါ တော့သည်။
သင်ခန်းစာယူစရာများ
နော်ဝေနိုင်ငံက ကမကထ ပြုခဲ့သည့် သီရိလင်္ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များ တခုပြီးတခု ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပြီး ရေတိုသာ ခံခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား ပဋိပက္ခများ ရေရှည် နိုင်ငံရေး အဖြေရှာမှုအတွက် အာမခံချက် မပေးနိုင်ခဲ့ပါ။
၎င်းအစား ရလဒ်က ဆန့်ကျင်ဖက် ဖြစ်ခဲ့သည်။ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော တမီလ် ပြောက်ကျားများ နောက်ဆုံးနိဂုံးချုပ် သုတ်သင်ခံရခြင်း ရလဒ်သာ ဖြစ်စေခဲ့သည်။ တမီလ်ကျားများက နှစ်ပေါင်း ၃ဝ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရလဒ်မထွက်စေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချို့ကို ဖြတ်သန်းပြီး နောက်ပိုင်းတွင် သီရိလင်္ကာ စစ်တပ်များက ရက်စက်စွာအကြမ်းဖက် ချေမှုန်းခြင်း ခံခဲ့ကြရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တခုပြီးတခု အပြီး နောက်ဆုံး တမီလ်ပြောက်ကျားများ မည်သို့မည်ပုံ ချေမှုန်းခံခဲ့ကြရ သည်ကို ယခု မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဆွေးနွေးနေကြသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ နှိုင်းယှဉ်ကြည့်သင့်လှပါသည်။ မြန်မာနှင့် သီရိလင်္ကာ အစိုးရတို့အကြား သံတမန်ဆက်ဆံရေး ရှိထားသည်၊ ထောက်လှမ်းရေး သတင်း အချက်အလက်များ ဖလှယ်နေကြသည်ကိုလည်း KNU တို့က အထူး သတိထားသင့်ပါသည်။
လက်ရှိ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေသည့် သမ္မတ ဦးသိန်းစိန် ၏ ရိုးသားမှုအပေါ် သံသယဖြစ်စရာ ရှိနေပါသေးသည်။
ကချင်တိုင်းရင်းသားတို့နှင့် စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲရှိပြီး ကရင်ပြည်နယ်အတွင်းတွင်လည်း စစ်လက်နက် ရိက္ခာပစ္စည်းများ ဆက်လက် ပို့ဆောင်နေဆဲ ရှိသည်။ ၎င်းတို့မှာ မြန်မာအစိုးရ၏ မရိုးသားသည့် လုပ်ဆောင်ချက် အချို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ မခိုင်မြဲပုံကို ဖော်ပြနေခြင်း ဖြစ်ပါသည်။
သီရိလင်္ကာ အစိုးရကလည်း ဤနည်းနှင်နှင်ပင် ဆောင်ရွက်ခဲ့ပါသည်။ တမီလ်ပြောက်ကျားတို့ ထိန်းချုပ်ထားသည့် ရှေ့တန်း ဒေသ များသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း စစ်ရေး အထောက်အပံ့များ ပို့ဆောင်ခဲ့ကြပါသည်။
သို့အတွက်ကြောင့် ကရင်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အလေးထား ဆွေးနွေးသင့်သည့်အချက်မှာ ကရင်ပြည်နယ် အတွင်းမှ မြန်မာအစိုးရတပ် အများစု ဆုတ်ခွာပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ ရှေ့တန်းတပ်များကို လက်နက် ရိက္ခာ ဆက်လက် ပေးပို့ နေမှုကိစ္စများ ချက်ချင်း ရပ်ဆိုင်းစေရေး ဖြစ်ပါသည်။
သေချာနေသည့်အချက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေပါက၊ သို့မဟုတ် တိုး၍ ဖြစ်ပေါ်လာပါက မြန်မာအစိုးရ အနေဖြင့် သီရိ လင်္ကာ အစိုးရ ဆောင်ရွက်ခဲ့ကြသည့် သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်ရေး မိုဒယ်ပုံစံအတိုင်း လက်ဦးမှုယူ သုတ်သင်ကြ လိမ့် မည် ဖြစ်သည်။ သီရိလင်္ကာ အစိုးရက ၎င်းတို့ ဆောင်ရွက်ခဲ့သည့် ရက်စက်ကြမ်းကြုတ် သော၊ အရပ်ဖက်/စစ်ဖက် ခွဲခြားမှု မရှိသော တမ်ီလ်ကျား ချေမှုန်းရေး စစ်ပွဲအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို ဂရုမစိုက် လျစ်လျူရှုခဲ့ကြသလို မြန်မာအစိုးရကလည်း အလားတူ ဆက်လက်ကျူးလွန်ကြမည်ဟု မျှော်လင့်ရပါသည်။
အမှန်ဆိုရလျှင် ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို ထောက်၍ နိုင်ငံတကာ မိသားစု အနေဖြင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားကို မထိခိုက်မချင်း မြန်မာ အစိုးရအပေါ် အခြေအနေ တစုံတရာအထိ ဝေဖန်ပြောဆိုမှု ပြုကြ မည်မဟုတ် ဆိုသည်မှာ ထင်ရှားနေပါသည်။ လက်တွေ့ အရေးယူ ဆောင်ရွက်မှုများဆိုလျှင် ပို၍ဝေးပါလိမ့်မည်။
တမီလ်ကျားတို့ ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာမျိုး ရှောင်လွှဲနိုင်ရေးမှာ KNU တို့အပေါ် မူတည်နေပါသည်။
လာမည့် ဆွေးနွေးပွဲများတွင် KNU ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လက်ရှိဆွေးနွေးပွဲများသည် အပစ်အခတ် ရပ်စဲရေး အဆင့်ထက် ပို၍ ဖြစ်ပေါ်လာစေရန် တောင်းဆိုသင့်ပါသည်။ ထို့အပြင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ သည် တိုင်းရင်းသားလူမျိုး စုများကို စီးပွားရေး မက်လုံးများဖြင့် ဝမ်းချရုံသာ ဖြစ်ကြောင်း၊ သို့မဟုတ် တိုင်းရင်းသားအရေး ၏ အရင်းခံ ပြဿနာကို ဖြေရှင်း ခြင်း မဟုတ်ဘဲ၊ တိုင်းရင်းသား ပြဿနာကို နောက်ဆုံး စစ်ရေးအရ အဆုံးသတ်နည်း ဖြင့် ဖြေရှင်းရန်သာ ဖြစ်ကြောင်း နိုင်ငံတကာ မိသားစု ထံသို့လည်း ဆက်လက် အသိပေးနေသင့်ပါသည်။ ။
စောခိုလုံ ရေးသားသည့် Drawing from the Sri Lankan Experience ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါ သည်။
စောခိုလုံ (Saw Kholon) သည် မူရင်းဖားအံမြို့တွင် နေထိုင်သူတဦးဖြစ်၍ သီးခြားလွတ်လပ်သော နိုင်ငံရေး အကဲဖြတ်တဦး ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၊ ဘလူးမင်တန်ရှိ အင်ဒီယားနားတက္ကသိုလ်မှ လူထုအုပ်ချုပ်ရေး ဘာသာ အထူးပြုဘွဲ့ ရရှိခဲ့သူလည်း ဖြစ်သည်။ sawklun@gmail.comဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ တွင် ဆက်သွယ်နိုင်ပါသည်။
Ref: မဇ္ဈိမ
Wednesday, July 25, 2012
သီရိလင်္ကာနိုင်ငံမှ တမီလ်ကျား သင်ခန်းစာ
Monday, July 16, 2012
မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများအတွင်း ပေါ်ပေါက်လာနေသော လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ
Ashok Nigam
ဇူလိုင်လ ၁၅ ရက် ၂၀၁၂ ခုနှစ်
မြန်မာနိုင်ငံသည် သသာဝကပ်ဘေးဒုက္ခများနှင့် လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များနှင့် ပတ်သက် ၍ ထိလွယ် ခိုက်လွယ်အခြေအနေရှိသော နိုင်ငံ ဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နှင့် ၂ ရက်နေ့များတွင် နာဂစ်တည်းဟူသော မုန်တိုင်း က မြန်မာနိုင်ငံကို ဝင်ရောက်မွှေနှောက်သွားခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး သဘာဝကပ်ဘေး ဒုက္ခ ဖြစ်ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း ၁၄ဝဝဝဝ တို့ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂.၄သန်းခန့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစား ခဲ့ရသည်။ ၂ဝ၁ဝ
ပြည့်နှစ် အောက်တိုဘာလ ၂၂ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ခဲ့သော ဂီရိမုန်တိုင်းကြောင့် လူ ၄၅ဦး သေဆုံးကာ လူပေါင်း ၂၆ဝဝဝဝ တို့၏ ဘဝများကို ဆိုးကျိုးများ သက်ရောက်ခဲ့သည်။ ၂ဝ၁၁ခုနှစ် မတ်လ ၂၄ရက်နေ့က မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ အကြား နယ်စပ်များအနီးတွင်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၆.၈ ပြင်းအားရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ယင်းသို့သော ကပ်ဘေးများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များကြောင့်လည်း မြန်မာပြည်သူပြည်သားများမှာ မပြောပြနိုင်သော ဒုက္ခဆင်းရဲ များကို ခံစားခဲ့ကြရပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူပြည်သား အများအပြားမှာ သဘာဝကပ်ဘေး၏ ဒဏ်ရာဒဏ်ချက် များမှ သူတို့ ၏ ဘဝများကို ပြန်လည် ထူထောင်ပြီးရင်း ထူထောင်နေခဲ့ရပါသည်။
သဘာဝဘေးအန္တရာယ်များအပြင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အသိုင်း အဝိုင်းဆိုင်ရာ တင်းမာမှုများကြောင့် လူဦးပမာဏအမြောက်အမြား အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရခြင်းကလည်း လူလူချင်းစာနာထောက် ထားမှု ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ အရေးတကြီး လိုအပ်လာခဲ့ ပါသည်။
လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများတွင် ပထမဦးဆုံး တုံ့ပြန်ဆောင်ရွက်မှုပြုခဲ့သူများမှာ ဒေသခံအဖွဲ့အစည်း များနှင့် နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ ဖြစ်သည်။ ထိုဆောင်ရွက်မှုတွင် အိမ်နီး ချင်းများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ရပ်ရွာခေါင်းဆောင်များက ချက်ချင်း ဝိုင်းဝန်း၍ ကူညီမှုပြုခဲ့ကြပါ သည်။ ထိုသူများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ ကြသော ပထမဦးဆုံး သူရဲကောင်းများ လည်း ဖြစ်သည်။ ထိုသို့သော သဘာဝကပ်ဘေးဒုက္ခများမှ သင်ခန်းစာများရယူ ကာမြန်မာ့ လူ့အသိုင်းအဝန်း သည် ကပ်ဘေးဒုက္ခများကို ကြံကြံခံနိုင်လာခဲ့ပါသည်။ မည်သို့ဆိုစေ မြန်မာ့လူ့အသိုင်းအဝန်းအား ပိုမိုကြံ့ခိုင် သန်စွမ်းစေပြီး ကူညီပံ့ပိုးရမည် ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာ အကူအညီ များကြောင့် မိမိ၏ ကပ်ဘေးဆိုင်ရာ ကူညီမှု လုပ်ငန်းများ အရှိန်မြင့်စေနိုင်ကြောင်းကို အသိအမှတ်ပြု လျက်ရှိပါသည်။
အစိုးရအနေဖြင့် ၎င်း၏ ပြည်သူပြည်သားများအတွက် အဓိက တာဝန်ဆောင်ရွက်ရမည့်သူ ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် လူလူချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတို့က အစိုးရနှင့်အတူ မိတ်ဖက်အဖွဲ့များ နှင့် မြေပြင်တွင် အတူတကွ လုပ်ဆောင်ကြပါသည်။ ဤကဲ့သို့ ကျွန်ုပ်တို့က ကမ္ဘာ့ မည်သည့်နေရာတွင်မဆို လုပ်ဆောင်နေပြီး မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့ လုပ်ဆောင်နေပါသည်။ တစ်ချိန်တည်းမှာပင် လူလူချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရာတွင် မည်သူတွေက အကူအညီအလိုအပ်ဆုံး ဖြစ်သည်၊ မည်သည်တို့လိုအပ်သည်၊ မည်ကဲ့သို့ အကောင်ဆုံး ကူညီနိုင်သည်တို့ကို ပိုင်းခြားကာ အကူအညီပေးမှု ကိုသေချာစေသော အခြေခံ သဘာဝတရားများဖြင့် လမ်းညွှန်မှုပြုလျက်ရှိပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့က လူမျိုး၊ ဘာသာ၊ ယုံကြည်ချက် စသည်ဖြင့် ဘက် လိုက်မှုမပြုဘဲ ကြားနေ အနေအထားအားဖြင့် လွတ်လပ်စွာ ကူညီပံ့ပိုးမှု ပြုနေသည့်သဘောပင် ဖြစ်ပါသည်။
ကုလသမဂ္ဂသည် လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းကို ပြည်တွင်းပြည်ပ အင်ဂျီအို များနှင့် အရပ်ဖက်အဖွဲ့ အစည်းများမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ လူလူချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကို အစိုးရ၊ အလှူရှင်များနှင့် အကူအညီကို လက်ခံရရှိသူတို့မှ အသိအမှတ်ပြုသော လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် တာဝန်ခံမှုနှင့်အတူ ထင်သာမြင်သာရှိစွာ ဆောင်ရွက် နေပါသည်။ ကုလသမဂ္ဂအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးခြင်းကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြား ယုံကြည်အားထားရသော လုပ်ဖော်ကိုင်ဖက် အဖြစ် နှစ်ကာလအတန်ကြာ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ လှုပ်ရှားဆောင်ရွက်မှု များမှာ နိုင်ငံအနှံ့ တွင်ရှိပါသည်။ မြောက်ဘက် ကချင်ပြည်နယ်မှသည် အရှေ့တောင်ဘက်ရှိ တနင်္သာရီနှင့် မွန်ပြည်နယ်အထိ၊ အရှေ့ဘက် ကရင်ပြည် နယ်နှင့် ရှမ်းပြည်နယ်မှသည် အနောက်ဘက်ရှိ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များအထိ ကုလသမဂ္ဂက လက်လှမ်းမီသ၍ တတ်နိုင်သမျှ ကူညီပံပိုးမှုပြုနေခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့်အတူ အစိုးရနှင့် အရပ်သားအဖွဲ့အစည်းများမှ မိတ်ဖက်အဖွဲ့အစည်းများ အထူးသဖြင့် လက်တွေ့မြေပြင်တွင် လူအများကို လိုအပ်သည်များ ကူညီရေး မရှိမဖြစ်ဖြစ်သော နိုင်ငံတကာနှင့် ပြည်တွင်းရှိအင်န်ဂျီအိုအဖွဲ့အစည်းများ ပါဝင်လုပ်ဆောင်လျက်ရှိပါသည်။ ယခုနှစ် ဇန်နဝါရီနှင့် မေလအတွင်း မြန်မာနိုင်ငံရှိ နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၅၄၅ဝဝဝ တို့အတွက် ဆန်မက်ထရစ်တန် ၈၉၃ဝ သို့မဟုတ် ဆန်အိတ်ပေါင်း ၁၇၈ဝဝဝ အပါအဝင် စားနပ်ရိက္ခာပမာဏ ၁ဝ၂၅ဝ မက်ထရစ်တန်ကို ကူညီပံ့ ပိုးပေးခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ကချင်ပဋိပက္ခ၏ သားကောင်ဖြစ် ခဲ့ရသူအားလုံး အား ကူညီ ပံ့ပိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စုပေါင်းကြိုးပမ်း ဆောင်ရွက်မှု၏ ရလဒ်အဖြစ် ယခုနှစ် တစ်နှစ်တည်း မှာပင် ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည် ၄ဝဝဝဝ ခန့်အား ကုလသမဂ္ဂမှ တိုက်ရိုက်ကူည်ီပံ့ပိုးမှု ပြုခဲ့ပါသည်။ ယင်းတို့အထဲတွင် ပဋ္ဋိပက္ခဖြစ်ပွားနေသည့် နေရာ ၁၃ နေရာမှ ဒုက္ခသည်ပေါင်း ၁၅ဝဝဝ ခန့်အား ကုလသမဂ္ဂအထောက်အပံ့ပြု ယာဉ်တန်း ကိုးတန်းမှ တစ်ဆင့် အစားအသောက်နှင့် အိမ်ထောင်ပစ္စည်းများကို ဖြန့်ဝေပေးနိုင်ခဲ့ခြင်းလည်း ပါဝင်ပါသည်။ ကချင်ဒုက္ခသည်များ အား ကူညီပံ့ပိုး မှုပြုရာတွင် ပဋိပက္ခ အခြေအနေ၊ ရာသီဥတု၊ ပထဝီအနေအထားနှင့် အခြေံအဆောက်အအုံ စသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ ရပါသည်။ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂနှင့် ယင်း၏ မိတ်ဖက်အဖွဲ့များ မရောက်နိုင်သည့် ထိုဒေသများသို့ တ ကယ်ရောက်နိုင်ကြသည့် ဒေသဆိုင်ရာအဖွဲ့အ စည်းများနှင့် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ်တွင် အားထားဆောင်ရွက်
ခဲ့ရပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အသိုင်းအဝိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံး မှု ဖြစ်ပေါ်စေခဲ့သကဲ့သို့ ဒေသခံပြည်သူလူထု၏ သက်မွေးမှုဘဝများကိုပါ ထိခိုက် ခံစားခဲ့ကြရပါသည်။ ရခိုင်ပြည်နယ် အစိုးရ ၏ နောက်ဆုံး သတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်တစ်လွှားတွင် အိုးမဲ့အိမ်မဲ့ဒုက္ခသည်ပေါင်း ၆၃ဝဝဝခန့် ရှိသည်ဟု ဆိုသည်။ ထို့ထက်မကသောပြည်သူများသည် တစ်မျိုးမ ဟုတ်တစ်မျိုး ထိခိုက်ခံစားနေရပြီး အကူအညီလိုအပ်နေသည်။ ထပ်မံဆိုရလျှင် ဒေသ လူမှုအသိုက်အဝန်း သည် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် စိတ်သောကရောက်နေသူတို့အား ကနဦး ကူညီစောင့်ရှောက်မှုများ
ပေးပြီးဖြစ်သည်။ အရပ်သားအဖွဲ့အစည်းများနှင့် အလှူရှင်တစ်ဦးချင်းစီတို့မှ လှူဒါန်းမှုများနှင့် ကူညီထောက်ပံ့ မှုများကို လည်း ပြည်တွင်း သတင်းမီဒီယာတို့တွင် နေ့စဉ်နှင့်အမျှ ဖော်ပြလျက်ရှိပါသည်။ လူလူချင်းစာနာ ထောက်ထားသည့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ထိခိုက်ခံစားရသော ဒုက္ခသည်များအတွက် လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများပြုရေးကို တစ်ဖက်တစ်လမ်းက ကြိုး ပမ်းဆောင်ရွက် လျက်ရှိပါသည်။
လူလူချင်းစာနာထောက်ထားမှုလုပ်ငန်းတွင် ဆောင်ရွက်နေသော လုပ်သားများမှာ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု တည်ဆောက်ခြင်းဖြင့် လုပ်ကိုင်ဆောက်ရွက်နေကြပါသည်။ သဘာဝကပ်ဘေးဒုက္ခများကို ထိခိုက်ခံ စားရချိန်တွင် လူ့အဖွဲ့အစည်း အတွင်း ယုံကြည်မှု၊ နွေးထွေးမှုများက ကြံ့ကြံ့ခံစိတ်ကို တိုးပွားစေပါသည်။ ပဋိပက္ခနှင့် အကြမ်းဖက်တိုက်ခိုက်မှုတို့သည် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်မှုနှင့် သံသယမ ကင်းမှုများမှ နေ၍ လောက်မြိုက်ပေါက်ဖွားလာခဲ့ခြင်းလည်း ဖြစ်သည်။ သဘာဝ ကပ်ဘေးဒုက္ခက ရက်အနည်း ငယ်သာကြာမည်။ ကြံ့ကြံ့ခံစိတ် တိုးပွားလာသည်နှင့်အမျှ သူတို့ဘဝများ တစ်ဖန်ရှင်သန်လာနိုင် ကြပေမည်။ ပဋ္ဋိပက္ခနှင့် သဘောထား ကွဲလွဲတင်းမာမှုကမူ အချိန်ကာလ ရှည်ကြာကောင်း ရှည်ကြာနိုင်မည် ဖြစ်သည်။ သတင်း မှား များနှင့် ကောလာဟာလတို့ကြောင့် မုန်းတီးမှုနှင့် သံသယမကင်းမှုများကို ပိုမို တိုးပွားစေမည်သာ ဖြစ်သည်။ မီဒီယာများအပါအဝင် လုပ်ဆောင်သည့် လုပ်ငန်းတိုင်းတွင် ထင်လင်းမြင်သာသော သတင်းအချက် အလက်များကို ကျွန်ုပ်တို့ပေးကြရမည် ဖြစ်သည်။ ယင်း သည် မှားယွင်းသော သတင်းများကြောင့် သံသယ ပွားမှုကို ရှောင်လွှဲစေနိုင်မည် ဖြစ်ပါသည်။ ဘေးဒုက္ခခံစားနေရသူများနှင့်အတူ အာဏာပိုင်များအပေါ် ယုံကြည်မှု တိုးပွားစေမည်လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနှင့်အတူ ရင်ပေါင်တန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသောနိုင်ငံ ဖြစ်သည်။ ယခုနှစ် ဇွန်လ ၂ဝ ရက်နေ့က ပြောကြားခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များတွင် ကုလသမဂ္ဂ INGO နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်သွား
မည် ဖြစ်ကြောင်း အထင်အရှား ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် လူလူချင်းစာနာထောက်ထား မှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများကလည်း လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေသဘောတရား များဖြစ်သော လွတ်လပ်မှု၊ ကြားနေမှု၊ ဘက် လိုက်ခြင်းကင်းမှုများဖြင့် အကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားရန် အသင့်ရှိနေပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သော ဘေးဒုက္ခကို ရှောင်လွှဲ၍ မရပါ။ သို့သော် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေ စီရှေ့ရှုဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းတွင် လူကြောင့်ဖြစ်သော ဘေးဒုက္ခများက ပိတ်ဆို့မနေသင့်ပါ။ ကုလသမဂ္ဂနှင့် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာပြည်သူများနှင့်အတူ လက်တွဲလုပ်ရန် ရှိနေကြပါသည်။ မြန်မာပြည်သူများ၏ စွမ်းဆောင်မှုများကို ကူညီပံ့ပိုးရန် ပြည်သူ့ထံမှပြည်သူ့ထံသို့ ပြည်သူများနှင့်အတူ ကျွန်ုပ်တို့အတူတကွ ရှိနေကြပြီဖြစ်ပါသည်။
(မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌါနေကိုယ်စားလှယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ashok Nigam ရေးသား သည့် မူရင်းဆောင်းပါးအား ဘာသာပြန်ဆရာ မင်းဆက်မှ ဆီလျော်အောင် ပြန်ဆိုပါသည်။)
Ref: မဇ္ဈိမ
Tuesday, June 26, 2012
ထိုင်းနှင့် အမေရိကန် အပြန်အလှန် သံသယများ လျော့ကျစေရေး
ကာဝီ ချွန်ကစ်တာဝုန်
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်
ဇွန်လ ၁၄ ရက်နေ့တွင် ၀ါရှင်တန်၌ ငါးကြိမ်မြောက် ထိုင်း-အမေရိကန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ကြေညာ ချက် အရ နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေးက လမ်းကြောင်းမှန်အတိုင်း ဆက်လက်ဦးတည်သွားဖို့ ရှိနေသည်။
သို့သော်လည်း နောက် ရက်အနည်းငယ်ကြာ သည့်အခါ ဤသို့ကတိက၀တ်များက ပြဿနာ နှင့် ကြုံတွေ့ရတော့သည်။
မကြာသေးခင် ရက်သတ္တပတ်များအတွင်း ထိုင်း အစိုးရနှင့် အတိုက်အခံ ဒီမိုကရက်ပါတီ တို့အကြား အူတာပေါင် (U-tapao) လေဆိပ်
ကို အမေရိကန်က အသုံးပြုရေးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲဝေဖန်ချက် များ ထွက်ပေါ်လာသည်နှင့် အတူ ထိုင်း- အမေရိ ကန် အကြား ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းကိစ္စများအဖို့လည်း လုံလောက်သည့် ပွင့်လင်းမြင်သာမှု၊ သက်ဆိုင်သည့် အင်အားစု အားလုံးနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိလျှင် လွယ်လွယ်ကူကူ ရှေ့ဆက်၍ မရနိုင်မည့်အရေးကို တွေ့မြင်လာကြရသည်။

ဝါရှင်တန်အစိုးရက ၁၉၉၇ ခုနှစ်၊ ထိုင်းနိုင်ငံ ငွေကြေးအကျပ်အတည်း ဆိုက်စဉ်ကာလအတွင်း ဘဏ္ဍာငွေကြေး ပံ့ပိုးကူညီရန် ငြင်းဆန် ခဲ့ဖူးသည်။ ဤအတွက်ကြောင့်လည်း ထိုင်းတို့၏ စိတ်အတွင်း ဒဏ်ရာအနာတခုလို ယနေ့တိုင် ကျန်ရစ်နေရသေးသည်။ သူတို့ ယခင် တကြိမ်တခါက ယုံကြည်အားထားခဲ့ဖူးသလို အမေရိကန်အစိုးရကို မယုံကြည် မကိုးစားနိုင် ဖြစ်ခဲ့ရသည်။
ဤအခြေအနေများကြောင့် ယခုအခါ မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွင် ပထမဦးဆုံး အကြိမ်အဖြစ် ပြည်သူချင်း- ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်းရန် သဘောတူညီခဲ့သည်ကိုလည်း နားလည်၍ ရနိုင်သည်။ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၈၀ ကျော်ပြီးသည့် ကာလတွင် အစိုးရများအနေဖြင့် နှစ်နိုင်ငံရှိ ပြည်သူ များ အကြား အပြန်အလှန် ဆက်ဆံဖလှယ်မှု တိုးမြင့်လာစေရန် အကြံဉာဏ် များလည်း လိုအပ်နေပါသေးသည်။ နိုင်ငံရေးအရ လှည့်ဖျား ပြောဆိုကြသည့် သတင်းစကားများ မရှိလျှင် ထိုင်းနှင့် အမေရိကန် ပြည်သူများအဖို့ အထူးပင် ချစ်ခင်နိုင်ကြပါသည်။ သို့သော်လည်း နှစ်နိုင်ငံအကြား အရေးကိစ္စများကို မျိုးချစ်စိတ်အခံဖြင့် ရှုမြင်သုံးသပ်ကြသည့်အခါ အမေရိကန် ဆန့်ကျင်ရေး စိတ်ခံစားမှုများ ပေါ် ပေါက် လာစေရေး အလွယ်တကူ မီးမွှေးနိုင်ခြေ ဖြစ်လာတော့သည်။
ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက သူတို့နိုင်ငံမှ ခရီးသွားတိုးရစ်များနှင့် အခြားသူများ အမေရိကန်ပြည်ထောင်စု သို့ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ရရေးအတွက် တောင်းဆိုခဲ့ပါသည်။ ၀ါယာလက်စ် လမ်းမရှိ အမေရိကန်သံရုံးရှေ့တွင် ဗီဇာ လျှောက်ရန် တန်းစီနေရသော လူတန်းရှည်ကြီးမှာ ရေရှည်ဆက်ဆံခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စိတ်ပျက်ဖွယ်အချက်တခု ဖြစ်ပါသည်။ အခြားတဖက်တွင် ရုရှားနိုင်ငံက ထိုင်းနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်၍ လာ ရောက်ခွင့်ပြုခဲ့ရာ ဤသို့ခွင့်ပြုသည့် ပထမဦးဆုံး အင်အားကြီး နိုင်ငံတခု ဖြစ်လာပါသည်။
ဝါရှင်တန်နှင့် ပြောဆိုဆွေးနွေးမှုများမှာ ပွင့်လင်း၍ ကြိုတင်ချမှတ်ထားသည့် ခေါင်းစဉ်များ ရှိမနေခဲ့ပါ။ အမေရိကန် ပြည်ထောင်စု၏ အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ (Kurt Campbell)၊ နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် ဆီ ဟာဆက် ဖောင်ခက်ကယော့ (Sihasak Phuangkhetkeou) တို့မှာ တဦးနှင့်တဦး အလွန်အလွမ်းသင့်ကြပါသည်။ ယခုတကြိမ်တွင် သူတို့က ထိုင်း-အမေရိကန် ဆက်ဆံရေး ပြဿနာ အထွေထွေကို ဆွေးနွေးခဲ့ကြပါသည်။ အထူးသဖြင့် ပို၍အားဖြည့်ရန် လိုအပ် နေသည့် ဧရိယာများကို အာရုံထား ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများသည် ၂၀၀၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ အထူးတလည် ထိခိုက်ခဲ့ရသည်။ မဟာမိတ်ပြုမှု၏ ဗဟိုဆုံချက် ဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကြံပြုဆွေးနွေးမှုများလည်း ၎င်းအချိန်မှစ၍ ယာယီ ဆိုင်းငံ့ထားခဲ့သည်။
အချိန်များစွာ ကြာမြင့်ခဲ့ရပြီးမှ ၀ါရှင်တန်က နောက်ဆုံး ထိုင်း-အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီးများ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကို စတင်ရန် သဘောတူညီခဲ့သည်။ ထိုင်း စစ်ဖက်ဆိုင်ရာ ခေါင်းဆောင် များအတွက် စိတ်ဓာတ် တက်ကြွလာစေရန် လျော်ကန်သည့် ကြိုးပမ်းဆောင်ရွက်ချက်လည်း ဖြစ်သည်။
ထိုင်းနိုင်ငံက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်နိုင်ငံ ဖြစ်သည့်အလျောက် ကာကွယ်ရေးဆိုင်ရာ နောက်ဆုံးပေါ် စွမ်းဆောင် ရည်များ ဖြည့်ဆည်းပေးရန် အမေရိကန်က ပျက်ကွက်နေမှု အပေါ်တွင်လည်း သူတို့က ယခင် အချိန်ကာလများတွင် တစိုက်မတ်မတ် စောဒကတက် ပြောဆိုခဲ့ကြဖူးသည်။ ထိုင်းနိုင်ငံက မကြာသေးမီ တချိန်က တင်ပြခဲ့ဖူးသည့် ကျည်နှင့် လက်နက်စနစ်များ စာရင်းကို လည်း အမေရိကန်က ကာလတစုံတရာကြာ လျစ်လျူရှု ထားခဲ့သည်။
တကြိမ်တွင် ဆီဟာဆက် က ကာ့တ် ကင်းဘဲကို မေးခဲ့ဖူးသည်။ အကယ်၍ ထိုင်းနိုင်ငံမှ တောင်းဆိုမှုများကို အမေရိကန်က တုံ့ပြန် ဆောင်ရွက်ပေးရန် ပျက်ကွက်နေခဲ့ပါက နေတိုးအဖွဲ့ဝင် မဟုတ်သည့် မဟာမိတ်ပြုမှုဆိုသည်မှာ မည်သို့အဓိပ္ပါယ် ရှိပါတော့မည်နည်း ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။
ယခုတကြိမ် ဆွေးနွေးပွဲတွင်တော့ နှစ်ဖက်စလုံးက သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်တင်ပြခဲ့ကြသလို မဟာဗျူဟာ အမြင်များ ကိုလည်း ဖလှယ်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်းက အာရှတိုက်အတွင်း အမေရိကန် ပြည်ထောင်စု၏ တည်ရှိမှု အခန်းကဏ္ဍကို စိုးရိမ် မေးခွန်း ထုတ်ခဲ့သည်။ ကာ့တ်ကင်းဘဲ က ပထမနေ့တွင် အာရှတိုက်အတွင်း ၎င်းတည်ရှိနေမှု တိုးချဲ့ရေးနှင့် ပြန်လည်ချိန်ညှိရေးကိစ္စများ အဆိုပြုချက်ကို နေ့တ၀က်ကြာ အချိန်ယူ၍ ရှင်းပြခဲ့သည်။ သူက စစ်ရေးအင်အားတိုးချဲ့မှု သို့မဟုတ် ၎င်းတို့ တည်ရှိနေမှု တိုးချဲ့ရေး အတွက်ကို အာရုံထားခြင်း မဟုတ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ ၎င်းအစား အမေရိကန်က အာရှတိုက်နှင့် ဘက်စုံ ချည်းကပ် ဆက်ဆံလိုမှု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့အတွက်ကြောင့် အမေရိကန်က ထိုင်းနိုင်ငံနှင့် မဟာမိတ်ပြုမှု၊ ကတိက၀တ်များ ရှိထား မှုကို တန်ဖိုးထားနေရခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က အမေရိကန်ထိပ်တန်း ရင်းနှီးမြှုပ်နှံ သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အုပ်စုကြီးကို ဦးဆောင်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လာရောက် လည်ပတ်မည့် အကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုခဲ့သေး သည်။
အပြန်အလှန်အနေဖြင့် ထိုင်းနိုင်ငံက ပိုမိုချဉ်းကပ်ဆောင်ရွက်မှုများကို ကြိုဆိုခဲ့သလို ဒေသဆိုင်ရာ လုပ်ငန်းစဉ်များ တွင် အာဆီယံအဖွဲ့ က အဓိက ဗဟိုချက်မမှ ရှိနေပုံကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။
ဆီဟာဆက် က ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ယုံကြည်မှုရှိကြောင်း၊ ဘေဂျင်း အစိုးရက ကမ္ဘာပေါ် တွင် တာဝန်သိ သည့် အင်အားကြီးနိုင်ငံတခုသဖွယ် ပြုမူမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။ အမေရိကန် နှင့် တရုတ်နိုင်ငံ တို့က သူတို့ ဆက်ဆံရေးကို မည်သို့မည်ပုံ ဦးတည်ကြမည်ကို သိရှိကြသလို သူတို့ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှောင်ရှားနိုင်ကြမည်၊ အာဆီယံနိုင်ငံများအပေါ် အန္တရာယ် ဖြစ်စေနိုင်မည့်အရေး ရှောင်ရှားနိုင်ကြမည်ကိုလည်း အလေးပေး ပြောဆိုခဲ့ သည်။ ထိုင်းနိုင်ငံက (၂၀၁၂- ၂၀၁၅) ခုနှစ်များအတွင်း တောင်တရုတ် ပင်လယ်ပဋိပက္ခများ ဖြေရှင်းရေးအတွက် အာဆီယံ-တရုတ် ဆက်ဆံရေး ကိစ္စများ အတွက် ပူးပေါင်းဆောင်ရွက်မှုကို အဓိက တာဝန်ယူရမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကိုလည်း ယုံကြည်မှုရှိကြောင်း အမေရိကန်က ဖော်ပြပြောဆိုခဲ့သည်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ထိုင်းနိုင်ငံရှိ အူတာပေါင် လေဆိပ် ကို အသုံးပြုနိုင် ရေးအတွက် လိုအပ်သည့်ပြဋ္ဌာန်းချက်များ လေ့လာရန် ဒုတိယ အလုပ်အဖွဲ့တခုကိုလည်း ဖွဲ့စည်း နိုင်ခဲ့ကြသည်။ ၎င်းနေရာကို ထိုင်း နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝ ကပ်ဘေး ကယ်ဆယ်ရေး ဗဟိုဌာနတခုအဖြစ် အသုံးပြုရန် အဆိုပြုထားသည့်အတွက်ကြောင့်လည်းဖြစ်သည်။ ထိုင်းနိုင်ငံက သဘာဝကပ်ဘေး ဒုက္ခများ ကြုံတွေ့ရသည့်အခါ ဒေသတွင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စများအတွက် ၎င်းတို့နိုင်ငံက ဗဟိုချက်မအဖြစ် ဆောင်ရွက်ပေးနိုင်ရေးကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် ၂၀၀၅ ခုနှစ်က အဆိုပြုခဲ့ဖူးသည်။ ကုလသမဂ္ဂ-အာဆီယံအသင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (U.N.-Asean framework) အောက်တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ
ဖြစ်လာသောကြောင့် ၎င်းအစား မလေးရှားနိုင်ငံရှိ ဆူဘန်း (Subang) လေဆိပ်ကို ရွေးချယ် ခဲ့ကြသည်။
ထိုအချိန်မှစ၍ ၎င်းရည်ရွယ်ချက်ဖြင့် စင်တာ (ဗဟိုဌာန) တခု ဖွင့်လှစ်နိုင်ရေးကိစ္စ အစိုးရ စဉ်းစားချက်တွင် ရှိနေခဲ့ သည်။ အစပိုင်းတွင် ထိုင်း တော်ဝင်ရေတပ်မတော်က ၎င်းစင်တာကို နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်တွင် ထည့်သွင်းလိုသော်လည်း အမေရိကန် ပြည်ထောင်စုကမူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် စင်မြင့်တခုသဖွယ် အသုံးပြုလိုသည်။
၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ဆူနာမီရေလှိုင်းဒဏ်၊ ထို့နောက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝ ကပ်ဘေး ဒဏ်များ ရိုက်ခတ်ခံရပြီးနောက်တွင် အူတာပေါင် လေဆိပ်မှာ အရှေ့တောင် အာရှဒေသတွင် အချက်အခြာနေရာ တွင် ရှိနေသောကြောင့် ရှာဖွေရေး/ကယ်ဆယ်ရေး လုပ်ငန်းများ (search and rescue missions) များအတွက် ပို၍ အာရုံကျလာကြသည်။
နှစ်စဉ် ထိုင်း-အမေရိကန်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုဖြစ်သည့် ရွှေမြွေဟောက် (Cobra Gold) စစ်ဆင်ရေးမှာ လူသားချင်း စာနာမှုနှင့် ကပ်ဘေးဒုက္ခကယ်တင်ရေးကိစ္စများအတွက် နိုင်ငံစုံတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ပို၍အလေးထား ဆောင်ရွက်လာခဲ့ကြ သည်။ အူတာပေါင် လေဆိပ်ကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခွင့်ရှိခဲ့ဖူးသည့် အမေရိကန်နိုင်ငံအဖို့ တရားဝင် သဘောတူခွင့်ပြုမှု ရလိုပြီး လူသားချင်းစာနာမှု ကပ်ဘေးဒုက္ခများ ဖြစ်ပွားချိန်တွင် အဆင်သင့်ဆောင်ရွက်နိုင်အောင် ထိုင်းအစိုးရထံမှ လုပ်ပိုင်ခွင့် လုပ် ငန်းစဉ်များ သိရှိရယူလိုနေသည်။ မဟာဗျူဟာ ဆွေးနွေးပွဲတွင် အမေရိကန်ဖက်မှ ထောက်ပြရာ၌ ယခင်က ဆောင်ရွက်ခဲ့သော အရေး ပေါ် အကူအညီပေးရေး အစီအစဉ်များသည် အခြားနိုင်ငံများက "ကြိုတင်စီစဉ်မှု မရှိသော အရေးပေါ်လုပ်ငန်းများ" အဖြစ်သာ မှတ်ယူ ကြသည် ဟု ဆိုသည်။ ၀ါရှင်တန်အစိုးရက ၎င်းအမြင်ကိုလည်း ပြောင်းလဲပစ်လိုသည်။
ထိုမျှမက အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံအဖို့ တတိယနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများ နှင့် ပူးပေါင်းဆက်ဆံရေး၌ ကူညီမှုပေးပါရန် အထူးသဖြင့် မဲခေါင်မြစ် အောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု (Lower Mekong Initiative) ၌ နှစ်နိုင်ငံချင်း ဆက်ဆံရေး အဖြစ်သော်လည်းကောင်း၊ နိုင်ငံစုံဆက်ဆံရေး အဖြစ် သော်လည်းကောင်း ကူညီပေးပါရန် တိုက်တွန်းခဲ့ သေးသည်။ ဤသို့တိုးချဲ့ ဆက်ဆံမှုကြောင့်လည်း အရှေ့တောင် အာရှဒေသ၌ အမေရိကန်၏ ပေါက်ရောက်ခြေချနိုင်မှု ပိုမိုကျယ်ပြန့် အားကောင်းလာစေမည်လည်း ဖြစ်သည်ဟု ဆိုသည်။
ယခုအချိန်တွင် ဤဆက်ဆံရေးကိစ္စသည်ပင် သဘောထားကွဲပြားရန် အကြောင်းအချက်တခု ဖြစ်နေပြန်သည်။ ဒီမိုကရက်ပါတီက အူတာပေါင် လေဆိပ် အသုံးပြုရေးတွင် ရှင်းလင်းစွာ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်း တောင်းဆိုနေသည်။ အမှန်တွင် ၎င်းအတိုက် အခံပါတီက ပို၍သိဖို့ အကြောင်း ရှိနေသည်။ အကြောင်းမှာ ယခု ဆွေးနွေးပွဲများသည် အဖိဆစ် ဦးဆောင်သည့် အစိုးရလက်ထက် ကတည်းက စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ထိုင်းနိုင်ငံဖက်က လေဆိပ်အသုံးပြုရေးနှင့် ပတ်သက်၍ စည်းမျဉ်း၊ ပြဋ္ဌာန်းချက်များ ပြုစုရေးဆွဲနေသောကြောင့် ထိုင်းနိုင်ငံက လိုလား သည့်အချက်များကို ထည့်သွင်းရေးဆွဲနိုင်ပါသည်။ နောက်ဆုံး အူတာပေါင်ကို နိုင်ငံတကာ လေဆိပ်တခုအဖြစ် အသွင်ပြောင်း၍ လာ မည့်နှစ်များတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ရန်လည်း အသုံးပြုနိုင်ပါသေးသည်။
သို့သော်လည်း ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ကြိုးပမ်း ဆောင်ရွက်ချက်များသည် အထူးသဖြင့် မဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများသည် ပြည်တွင်း၌ ရန်ဖြစ်ငြင်းခုံနေမှုနှင့် နိုင်ငံရေးအရ လိုသလိုအဓိပ္ပါယ်ဖွင့် နေမှုများကြောင့် အထူးခက်ခဲနေဖွယ် ရှိပြန်သည်။ ဤအတိုင်းသာ ထိုင်းနိုင်ငံဘက်တွင် ဆက်ဖြစ်ပေါ်နေပါက ဆုံးရှုံးမှု ကြုံရဖွယ်ရှိပြီး အမေရိကန်က ထိုင်းအစား အခြားနိုင်ငံတခုကို ရှာဖွေတော့မည် ဖြစ်သည်။ အတွင်းကျကျ ဆွေးနွေးမှုများအရ အခြားရွေးချယ်စရာ နိုင်ငံတခုအဖြစ် ကမ္ဘောဒီးယားကို မျက်စေ့ ကျနေကြောင်း မကြာခဏဆိုသလို ရည်ညွှန်းပြောဆိုသည်ကို ကြားခဲ့ရဖူးသည်။ အကြောင်းမှာ ကမ္ဘော ဒီးယား ခေါင်းဆောင်များက အမေရိကန် ပြည်ထောင်စုက လိုအပ်နေသည့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအတွက် လိုက်လျော ဆောင်ရွက်ရန် လိုလားနေကြသောကြောင့် ဖြစ်ပါသည်။
Kavi Chongkittavorn ရေးသားသည့် Thailand, U.S.: reducing mutual distrust ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။
ကာဝီ ချွန်ကစ်တာဝုန် (Kavi Chongkittavorn) သည် အရေ့တောင်အာရှဒေသ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများအကြောင်း ဝေဖန်
ရေးသားနေသူတဦး ဖြစ်ပါသည်။
Ref: မဇ္ဈိမ
Saturday, February 26, 2011
မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်
ဦးအောင်ခင် & မညိုညိုလွင် 26 ဖေဖော်ဝါရီ 2011
၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံခြားအကူအညီနဲ့ မြန်မာပြည်ကို ကြီးစိုးကြပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်နေဝင်း တည်ထောင်ခဲ့တဲ့ မဆလ စစ်အစိုးရဟာ ဂျပန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့သလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင် တဲ့ စစ်အစိုးရဟာ တရုတ်အကူအညီနဲ့ ရှင်သန်နေတာ တွေ့ရပါတယ်။ ဂျပန်ဟာ မဆလခေတ်ကလို အများအပြား မချေးငှားတော့ပေမယ့် လူမှုရေးလုပ်ငန်း တွေအတွက် ပေးကမ်းနေတုန်းပါ။ ရန်ကုန်က ဂျပန်သံရုံး အင်တာနက် စာမျက်နှာကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဂျပန်သာ ငွေမချေးရင် မဆလ စစ်အစိုးရ စောစောစီးစီး နိဂုံးချုပ် သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ပြည်သူ့အုံကြွမှုကြောင့် ၁၉၈၈ မှာ မဆလစစ်အစိုးရ နိဂုံးချုပ်သွားချိန်မှာ ဂျပန်ကို ပေးဆပ် စရာရှိတဲ့ အကြွေးပမာဏဟာ ဒေါ်လာ သန်းသုံးထောင်လောက် ရှိနေပါတယ်။ ဆန္ဒပြတဲ့ ပြည်သူကို ပစ်သတ်တဲ့ နဝတ စစ်အစိုးရကို ငွေကြေးမထောက်ပံ့ဖို့ အနောက်တိုင်းနိုင်ငံတွေနဲ့ ဂျပန်က ဆုံးဖြတ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ အခြေခံတဲ့ ODA (Official Development Assistance) နိုင်ငံခြားထောက်ပံ့ရေး လမ်းစဉ်ကျင့်သုံးမယ်လို့ ၁၉၉၂ မှာ ဂျပန်က ကြေညာပါတယ်။ ဒါပေမဲ့ လူမှုရေး အကူအညီအနေနဲ့ နှစ်စဉ်ထောက်ပံ့လာတာ ၂၀၀၅ ခုနှစ်ရောက်တော့ ဒေါ်လာသန်း (၈၀၀) ကျော်အထိ ရှိလာတာတွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ မဆလ စစ်အစိုးရကို ဂျပန်အစိုးရက ငွေကြေး ထောက်ပံ့နေချိန်မှာ တရုတ် ကွန်မြူနစ်အစိုးရဟာ မဆလ အစိုးရ နဲ့ မဆလကို ဆန့်ကျင် နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုရော လှေနံနှစ်ဘက်နှင်းပြီး ဆက်ဆံပါတယ်။ ပါတီချင်း ဆက်ဆံရေးအရ ဗကပကို တရုတ်က ကူညီထောက်ပံ့ပြီး အစိုးရချင်းဆက်ဆံတဲ့အနေနဲ့ မဆလအစိုးရနဲ့ ဆက်သွယ်ပါတယ်။ ဒါပေမဲ့ မော်စီတုန်း သေပြီးနောက် မကြာမီ ပါတီအချင်းချင်း ကူညီထောက်ပံ့တဲ့လမ်းစဉ်ကို တရုတ်က စွန့်လွှတ်လိုက်ပါတယ်။ ၁၉၈၈ မှာ စစ်အာဏာသိမ်းပြီး မကြာမီ တိုင်းရင်းသားအုပ်စုတွေ ဗကပကို ပုန်ကန်ပြီး ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ နှောင်းပိုင်းမှာ ဗိုလ်ချုပ်မှုးကြီး တရုတ်ပြည်သွားပြီး အကူအညီတောင်းတာဟာ အခု အချိန်အထိ ဖြစ်ပါတယ်။
ဂျပန်အစိုးရက မူဝါဒအပေါ်အခြေခံတဲ့ ODA နိုင်ငံခြား ထောက်ပံ့ရေးလမ်းစဉ်ကျင့်သုံးဖို့ ကြိုးစားချိန်မှာ ဗမာစစ်အစိုးရ လိုချင်တာကိုပေးနိုင်ဖို့ တရုတ် က ကြိုးပမ်းသွားပါတယ်။ အကြမ်းဖက်မှုကြောင့် စစ်အစိုးရကို စတင် ဒဏ်ခတ်အရေးယူချိန်မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွင့်ပေးတာဟာလည်း တရုတ်မှီခိုရတဲ့အဖြစ်ကို ရောက်သွား စေပါ တယ်။ ဂျပန်ပစ္စည်းအများဆုံး တင်သွင်းခဲ့တဲ့ မြန်မာပြည်ဟာ တရုတ်ပစ္စည်း အများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်လာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗမာစစ်အစိုးရကို ငွေအများဆုံးချေးသူဟာ တရုတ်အစိုးရပါ။ ဗမာစစ်အစိုးရရဲ့ ကြွေးရှင်ကြီး ဂျပန်နေရာကို တရုတ်က ယူလိုက်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်တို့ရဲ့  လျှို့ဝှက်တဲ့ ဓလေ့ကြောင့် တရုတ်အကြွေး ဘယ်လောက်ရှိနေပြီဆိုတာ အတိအကျမပြော နိုင်ပေမယ့် ဒေါ်လာသန်းပေါင်း ထောင်ချီနေမှာကတော့ သေချာပါတယ်။
မြန်မာ့သဘာဝ သံယံဇာတပစ္စည်းရယူရေး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ်အသုံးပြုရေး စတဲ့ ရည်ရွယ်ချက်အတွက် တရုတ်အစိုးရက ငွေကြေး ထောက်ပံ့နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္မဏီတွေဟာ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။ မြန်မာပြည်မှာ ခြေကုတ်ရဖို့အတွက် တရုတ်အစိုးရဟာ ရေရှည်စီမံကိန်းချပြီး ရင်းနှီးမြုပ်နှံနေပါတယ်။ အတိုးမယူဘဲ ချေးထား တာတွေ့ရှိသလို အတိုးသက်သက်သာသာနဲ့ ချေးထားတာတွေ့ရှိရပါတယ်။ ထောက်ပံ့တဲ့ အနေနဲ့ အလကားပေးတာမျိုးလည်း ရှိပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံကို ဈေးသက်သက်သာသာနဲ့ တည်ဆောက်နိုင်အောင် တရုတ်က ကူညီ ပါတယ်။ တရုတ်အကူအညီသာ မရရင် နေပြည်တော်ဆိုတာလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ အခုတော့ မြန်မာ့စီးပွားရေးဟာ တရုတ်ကိုမှီခိုနေရပြီ ဖြစ်ပါတယ်။ တရုတ်ဟာ သူလိုချင်တာရဖို့ကိုသာ အဓိကထားပါတယ်။
ဒေါ်လာသန်းပေါင်းထောင်ချီနေတဲ့ ဂျပန့်အကြွေးကို မဆပ်နိုင်သေးပါဘူး။ အကြွေး မဆပ်နိုင်တဲ့ အစိုးရကို ဂျပန်အစိုးရက ငွေထပ်မချေးနိုင်ပါဘူး။ ဒါကြောင့် အကြွေးသက် သာအောင် လုပ်တဲ့အနေနဲ့ ဗမာအစိုးရ ဆပ်ရမယ့်ငွေတိုးကို ဂျပန်က ထောက်ပံ့ နေတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေနဲ့ ဂျပန်ဆီက ပစ္စည်းဝယ်ယူဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ဗမာစစ်အစိုးရ မှာ အကြွေးစုစုပေါင်း ဒေါ်လာသန်း (၇၀၀၀) ကျော်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဂျပန်ကို ပေးဆပ်ရမှာက ဒေါ်လာသန်း (၃၀၀) လောက်ရှိပါတယ်။ ဗမာစစ်အစိုးရ လုံးဝ ကြွေးမဆပ်နိုင်ရင် ဂျပန်အစိုးရရဲ့ ODA နိုင်ငံခြားထောက်ပံ့ရေး အစီအစဉ် ခြွတ်ခြုံ ကျသလို ဖြစ်သွားနိုင်တာကြောင့် အနည်းအကျဉ်း ပြန်ဆပ်နိုင်အောင် ဂျပန်က ဆက်လက်ထောက်ပံ့နေတယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ဗမာအစိုးရက ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ဟာ မြန်မာ့သယံဇာတကို အကြွေးနဲ့ သိမ်းယူနိုင် တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြွေးမဆပ်နိုင်ရင် တရုတ်ကို အခွင့်ထူးပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်ဖို့ဆိုတဲ့ ရေရှည်အကျိုးအတွက် ဒေါ်လာသန်းပေါင်းထောင်ချီပြီး တရုတ်အစိုးရက ဗမာစစ်အစိုးရကို ချေးထားတာ ဖြစ်ပါတယ်။
Ref;VOA
Thursday, September 9, 2010
တစည ဘာလဲ ဘယ် လဲ
Sep 7, 2010 12:33
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ များဟာ မထင်မှတ်ဘဲ အုပ်စု ကြီး သုံး စုရဲ့ အားပြိုင်ပွဲ ဖြစ်သွား ပါပြီ။ ကြံ့ခိုင်ရေး၊ တစည နဲ့ ဒီမိုကရေစီ အင်အားစုများ ဆိုတဲ့ အားပြိုင်ပွဲ ဟာ နိုင်ငံရေးမှာ ငွေကြေး အရေးကြီးတယ် လို့ပြဆိုနေတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
တစညပါတီ ဟာ ငွေကလွဲရင် ဘာမှ မရှိတဲ့ ပါတီဖြစ်ပါတယ်။ ခေါင်းဆောင်ဗိုလ်ချုပ်ဟောင်းများနဲ့ အခြေခံ လူတန်းစားများ ပေါင်းစု ထားတဲ့ ပါတီ ဖြစ်ပြီး နိုင်ငံရေးကို အပျော်တန်း သဖွယ် ထလုပ်ရင်း အဓိက နိုင်ငံရေး အင်အားစု ဖြစ်လာတော့မည့် အခြေဆိုက် နေပါတယ်။ တစည ကြီး တဦးကဆိုရင် သူတို့ အနေနဲ့ သမတနေရာ မမျှော်မှန်းပေမည့် ဒုတိယ သမတတော့ ဖြစ်လိုတယ်လို့ ပြောနေပါပြီ။
ဒီကိစ္စဟာထူးခြားပါတယ်။ တစည ပါတီ အနေနဲ့ ကဒီမိုကရေစီပါတီများ နဲ့ မယှဉ်ပြိုင်ရတဲ့ နေရာများမှာ အလုး အရင်း နဲ့ အနိုင်ရဖို့ ရှိနေပြီး ပြည်သူ့လွှတ်တော်က အမည် တင်သွင်းတဲ့ ဒုတိယသမတ ဟာ သူတို့ဖြစ်ရမယ်လို့ ပြောလာတာပါ။ အမျိုးသား လွှတ်တော် ရဲ့ ရလဒ်များမှာ တိုင်းရင်းသားများ အနိုင်ရဖို့ ရှိနေတာကြောင့် NDF လို ပါတီက ကူညီရင် တိုင်းရင်းသားထဲ က ဒုတိယ သမတ တဦး ထပ်မံ ရရှိဦးမှာ ဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး ဟာ သူစီစဉ်တဲ့ အတိုင်း မဖြစ် တော့တဲ့ အခြေအနေသစ် တခုနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။
ကြံ့ခိုင်ရေး၊ နဲ့ ဗိုလ်ချုပ်မှူးကြီး တို့ရဲ့ ရန်သူဟာလဲ ထင်မှတ်ထားတဲ့ NDF ပါတီ မဟုတ်တော့ဘဲ တစည ဖြစ်လာတာကို တွေ့ကြရ ပါတော့မယ်။ တစည ကြီး တဦး က သူတို့အတွက် ဒီအခြေအနေသစ် ကို ရန်သူဟောင်း ဖြစ်တဲ့ NLD ပါတီ၊ ပါတီဝင်ဟောင်းဖြစ် တဲ့ ဦးဝင်းတင် တို့က လက်ဆောင်ပေးခဲ့ တာ ဖြစ်ကြောင်း၊ သမိုင်းကြွေးဆပ်ဖို့ အခွင့်အရေး ပေးလာပြီလို့ ယူဆကြောင်း ပြောပါတယ်။ တစည ပါတီ ရဲ့ အဓိက မကျေနပ်ချက်က စီးပွါးရေးမှာ အခုလို စည်းဝါးလွတ် လူ တစုကောင်းစား ရေး လုပ်လိုက်တဲ့ ကိစ္စ ဖြစ်လို့ ဒီဖြစ်ရပ် အားလုံး လွှတ်တော် က ပြန်လည် သုံးသပ်ဖို့ လိုမယ်လို့ မကွေး တိုင်းထဲ က အမတ်လောင်း တဦးက ပြောပါတယ်။
အဆိုပါ တစည ကြီး တဦး က သူတို့ဟာ တို့တာဝန် အရေးသုံးပါးကို လိုလား ထောက်ခံ သူများ ဖြစ်လို့ သူတို့ကို ချေမှုန်းခဲ့ရင် အာဏာ မက်လို့သာ ဖြစ်ရမယ် တိုင်းပြည် ကောင်းကျိုး လိုလားလို့တော့ မဖြစ်နိုင်လို့ သုံးသပ်ထားကြောင်း တင်ပြ လိုက်ရပါတယ်။
Ref: Myanmar watch
Friday, March 6, 2009
မြန်မာတွေသာ ဖြေရှင်းရမည့် မြန်မာ့နိုင်ငံရေး (သတင်းသုံးသပ်ချက်)
၎ မတ် ၂၀၀၉
ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် လမ်းညွှန်မြေပုံအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။
“လူထုဘက်က ဆနေတာမျိုး။ စောင့်ကြည့်နေတာမျိုးပဲ ဖြစ်မှာ။ စက်တင်ဘာ သံဃာ့ အရေးအခင်းကို ဘယ်သူကမှ မျှော်လင့်မထားတဲ့၊ ဘယ်တုန်းကမှ မကြားဘူးတဲ့ သံဃ့ာ အသိုင်းအ၀ိုင်းကနေ ပေါ်ထွက်လာသေးတာပဲ။ လူထုအုံကြွမှုဆိုတာက အဓိကလိုအပ်နေ တာက ခေါင်းဆောင်မှုပါ။ ခေါင်းဆောင်မှုဆိုတာက တရားဝင်အဖွဲ့အစည်းတွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မြေအောက် အဖွဲ့တွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေ ထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုအဖွဲ့အစည်းတွေက လူထုကြီးနဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ပေါင်းစပ်လိုက်နိုင်ဖို့က အရေးကြီးတာပါ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြေညာထားသည့် လမ်းညွှန်မြေပုံအတိုင်း အကောင်အထည်ဖော်ရန် အာဆီယံ ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပြောသည်။
ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းသည် နအဖက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ထောက်ခံသည့် သဘောလက္ခဏာတရပ်ဖြစ်သည်။
အာဆီယံနှင့် ကုလသမဂ္ဂတို့မှာ နအဖက ကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသာ အာရုံပြုနေကြပြီး တရားဝင်ပယ်ဖျက်ခြင်းမပြုရသေးသော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားခဲ့ကြပြီ ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်တခုကို တရားဝင်ပယ်ဖျက်ခြင်းမပြုသေးဘဲ နောက်ရွေးကောက်ပွဲတခုဆီ ခြေလှမ်းနေခြင်းမျိုး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် မရှိဟု နိုင်ငံရေးစာပေများ ရေးသားနေသော ဗကပပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောသည်။
ယင်းကဲသို့ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ကျန်နိုင်ငံများအပေါ် သက်ရောက်နိုင်မှု အားနည်းခြင်းကြောင့် ကျန်နိုင်ငံများက စိတ်မ၀င်စားတော့ခြင်း ဖြစ်သည်ဟု လည်း သုံးသပ်သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို လူထုကသာ အပြောင်းအလဲလုပ်နိုင်မည်၊ ပြည်တွင်းရှိ အဖွဲ့အစည်းများ ကိုယ်တိုင်သာဖြေရှင်းရမည်၊ ပြည်ပအဖွဲ့အစည်းများမှာ ၀ါဒဖြန့်အလုပ်သာ လုပ်နိုင်သည်ဟု ရဲဘော်ဖိုးသံချောင်းက ထောက်ပြသည်။
ပြည်တွင်းရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ နိုင်ငံရေးလှုပ်ရှားသူများအပေါ် နအဖ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် ပြည်တွင်းလူထုအနေဖြင့် အန်အယ်လ်ဒီက ပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လက်မှတ်ကောက်ယူမှုများမှာပင် ပါဝင်လာနိုင်မှု သိပ်မရှိဟု ဆိုသည်။
အမှန်တကယ်လည်း နအဖစစ်အစိုးရက ရွေးကောက်ပွဲနီးလာချိန်တွင် အတိုက်အခံ နိုင်ငံရေးအင်အားစုများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြခြင်းဖြင့် လူထုထံ အကြောက်တရား စိတ်ဓာတ် သွတ်သွင်းပေးနေသည်။
“ဆိုလိုတာက ဗျာ။ အထဲကလူတွေလုပ်မှရမှာ ဟုတ်ပေမယ့် အထဲမှာကလည်း နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်တွေချ၊ ဘာတွေချနေတော့ အခု အန်အယ်လ်ဒီက လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုမှာတောင် လူထုအား ဘယ်လောက်ပါသလဲ။ လူဦးရေသန်း (၅၀) ကျော် ရှိတဲ့အထဲမှာ လက်မှတ် (၅) သောင်းရအောင် စုနိုင်သလား။ (၅) သိန်းရအောင် စုနိုင်လို့လား။ တက်ကြွလှုပ်ရှားတဲ့ မြို့နယ်တွေမှာပဲ အနည်းအကျဉ်း လှုပ်ရှားသံကြားနေရ တာပဲ။ အဲဒီလိုလှုပ်ရှားတဲ့ သူတွေမှာလည်း အနှောင့်အယှက် အမျိုးမျိုးကြုံနေကြရတယ်။ ဒီတော့ အန်အယ်လ်ဒီက လူထုထောက်ခံမှုရအောင် ဘယ်လောက်လုပ်နိုင်မလဲ” ဟု သခင်ချန်ထွန်းက လူထုထောက်ခံမှုနှင့် အန်အယ်လ်ဒီ၏ လုပ်နိုင်စွမ်းကို ထောက်ဆသည်။
အကယ်စင်စစ်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီးကတည်းက နအဖစစ်အစိုးရက အကြောင်းပြချက်မရှိဘဲ အန်အယ်လ်ဒီပါတီ၏ မြို့နယ်ရုံးခွဲများကို ပိတ်ပစ်လိုက်သဖြင့် အန်အယ်လ်ဒီပါတီ၏ စည်းရုံးနိုင်မှုမှာ ကျဆင်းနေခဲ့ရသည်။
သို့သော်လည်း စည်းရုံးနိုင်မှု ကျဆင်းခြင်းသည် ထောက်ခံမှုကျဆင်းခြင်း မဟုတ်ပေ။
လူထုလိုက်ပါနိုင်မှု အားနည်းနေပြီဟု ယူဆသော သခင်ချန်ထွန်းက ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များပင် နအဖက လာဆိုမှလာ၊ သွားဆိုမှသွားရသည့် အခြေအနေဖြစ်နေသည် ဟုလည်း ပြောသည်။
မြန်မာ့နိုင်ငံရေး တိုးတက်ရေးအတွက် မကြာခဏသွားလာနေရသော မစ္စတာဂမ်ဘာရီကမူ မစ္စတာဘန်ကီမွန်း အနေဖြင့် စစ်အစိုးရအား အကျပ်ကိုင်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
သို့သော် မစ္စတာဂမ်ဘာရီအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အလေးပေး ပြောကြားနေခြင်းမသင့်ဟု အတိုက်အခံများက ယူဆသည်။ ကြားဝင်စေ့စပ်သူပီပီ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန်ကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း အတိုက်အခံများက ပြောကြသည်။
နအဖက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်အထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုအချိန်အထိ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ထိုကဲ့သို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကို ကုလသမဂ္ဂလေ့လာခွင့်ရမည်ဟု နအဖ ၀န်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီ ဖြစ်သည်။
ယင်းကဲ့သို့ ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန် မပေးသေးသည်မှာ နအဖဘက်မှ မရိုးသားသည့် လက္ခဏာများဖြစ်ကြောင်း အန်အယ်လ်ဒီ၏ တုံ့ပြန်မှုကို စောင့်နေသည်ဟု မြင်မိကြောင်း ရဲဘော်ဖိုးသံချောင်းက ထောက်ပြပြောဆိုသည်။
“နအဖဘက်ကတော့ ရှင်းတယ်လေ။ သူတို့ရဲ့မြေပုံနဲ့ ရွေးကောက်ပွဲကို အကောင်အထည် ဖော်မှာပဲ။ လာမည့် ရွေးကောက်ပွဲဟာ သဏ္ဌာန်သက်သက်သာ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်အာဏာရဲ့ အဓိကကျတဲ့ သမ္မတနေရာတွေ၊ ၀န်ကြီးနေရာတွေမှာ သူတို့ စစ်တပ်ဘက်က ရအောင်လုပ်ထားပြီးပြီ။ ဒါကြောင့်မို့ ဘယ်သူလာကြည့်ကြည့်ရတယ်။ တရားမျှတတယ်ဆိုတာကို ဖော်ပြမှာပဲ။ အာဏာက သူတို့လက်က ပြေးမလွတ်တော့ဘူးလေ။ ဒါကြောင့် သူတို့က အင်မတန် သဘောထားကြီးလေဟန် လာပါ၊ လေ့လာပါလုပ်နေတာ။ အန်အယ်လ်ဒီဘက်ကကျတော့လည်း တခြားအဖွဲ့တွေနဲ့မတူဘူး။ သူတို့က ၁၉၉၀ မှာ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့။ တခြားအဖွဲ့တွေ ရွေးကောက်ပွဲဝင်လို့ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် အန်အယ်လ်ဒီက ၀င်လိုက်လို့ရှိရင် အဲဒီ mandate ကို စွန့်လွှတ်ပစ်လိုက် ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဖောက်ဖျက်လိုက်ရာ ဖြစ်သွားနိုင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ကျနော်ထင်တယ် ထူးခြားတဲ့ အပြောင်းအလဲမရှိရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးထင်တယ်” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
ထူးခြားသည့် အပြောင်းအလဲဆိုသည်မှာ နအဖဘက်မှ အပြောင်းအလဲနှင့် အန်အယ်လ်ဒီ ပါတီတွင်း အပြောင်းအလဲကို ပြောဆိုခြင်းဖြစ်သည်ဟု ရဲဘော်ဖိုးသံချောင်းက ရှင်းသော်လည်း အသေးစိတ်ကို ပြောရန်မသင့်ဟု ဆိုသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်သင့်သည် ဟု ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံခြားသားနှင့် လက်ထပ်ထား သူများကိုလည်း မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ခဲ့လျင် ရွေးကောက်ပွဲ ၀င်ဖို့ ခွင့်ပြုသင့်သည် ဟုပါ ဆက်လက် ပြောဆိုသည်။
ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကဲ့သို့ မဖြစ်ရအောင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားပေးသင့်သည်ဟု ဆိုသည်။
သခင်ချန်ထွန်းက “ရွေးကောက်ပွဲလုပ်ရင် စောင့်ကြည့်လေ့လာသူတွေပါရမယ်။ ကျနော် ထင်တယ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလိုတော့ သွားလို့မရဘူး။ ကျနော်လည်း မေးကြည့် ပါတယ်။ နယ်ကအမျိုးသမီးတယောက် အလည်ရောက်လာလို့မေးကြည့်တော့ ဆန္ဒခံယူပွဲတုန်း က ရယကတွေကပဲ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်း မေးပြီး ရယကတွေကပဲ ထည့်သွား တာတဲ့။ အဲဒါမျိုးတွေက အများကြီးပဲ။ လာမယ့်ဟာကိုတော့ အဲလိုလုပ်လို့မသင့်ဘူး။ လုပ်ရင်လည်း အစိုးရကို အကာအကွယ်ပေးထားတဲ့ တရုတ်တို့ ရုရှတို့ပါ မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်။ ဆိုတော့ ဒီလိုစောင့်ကြည့်သူတွေလည်းပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေလည်းပါမယ်ဆိုရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်သင့်တယ်” ဟု ပြောသည်။
သခင်ချန်ထွန်း၏ တိုက်တွန်းချက်မှာ အန်အယ်လ်ဒီပါတီက တောင်းဆိုထားသည့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး သဘောမျိုးသာဖြစ်နေသဖြင့် နအဖဘက်မှ လက်ခံနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကုလသမဂ္ဂက နအဖ၏ လမ်းညွှန်မြေပုံ (၇) ချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိသကဲ့သို့ အာဆီယံကလည်း ယင်းအတိုင်းဆက်သွားရန်ကိုပင် တိုက်တွန်းနေပြီဖြစ်ရာ မြန်မာ့အရေး အပြောင်းအလဲသည် ပြည်သူလူထုနှင့် ပြည်သူလူထုက ရွေးကောက်ထားသော အန်အယ်လ်ဒီပါတီအပေါ်တွင်သာ အဓိက မူတည်နေပြီဖြစ်သည်။
မင်းနိုင်သူ
REF: ခေတ်ပြိုင်
Friday, February 20, 2009
အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ (သုံးသပ်ချက်)
မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။
မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေးဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည်ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။ “မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင်ကြိုးစားမှုမှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။ သို့သော် ဘရပ်ဆဲအခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေးကူညီမှုအဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။ U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမားအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက်မရောင်းချရေး ပိတ်ဆို့မှုလုပ်သင့်ကြောင်း ပြောသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဘက် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။ ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။ အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိ အတိအကျ မသိရပေ။ ၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။ ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။ သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။ အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။ အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။
စင်စစ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။
သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်
Tuesday, January 27, 2009
၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်) - မင်းနိုင်သူ
၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့ စီးပွားရေး ထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။
ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ် ကြည့်ဖို့လိုလာသည်။
၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။
၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများ နှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက်ပြား သွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။
“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်က ဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက် ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူး ဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုး လည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုး သက် ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။
အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။ စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆား လုပ်ငန်းများလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရ ခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။ သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ် အတွင်း အရအမိကောက်ကာ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။ နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။ ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုး ပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှု ကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။ တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေ သော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွား လုပ်ငန်းရှင်များကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန် နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာ ကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။ ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။ တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင် ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင် များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံ ကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည် ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။ နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်း ကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။ “အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေ ဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါ စိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါ ပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့ အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ် သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင် ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြ သည်။ ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ် ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး (၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။ “(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦး မယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflation) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။ ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန် မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီ မှာ ပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက် လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ် ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာ မရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြော သည်။ နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခု ဘတ်ဂျက်လိုငွေပြမှုသည် လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့ နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသ နည်း။ ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင် ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။ ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလို သည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီ က (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြော သောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထု ကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။ အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့် များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။
မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများလက်သို့သာ ၀ကွက်အပ် စီမံစေသည် မှာ တကယ်တော့မဆန်း။
မင်းနိုင်သူ
REF: ခေတ်ပြိုင်
ဂမ်ဘာရီပြန်လာမည် - (သုံးသပ်ချက်)
၂၃ ဇန်န၀ါရီ ၂၀၀၉ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့် အ တွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။
ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလ သမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့ အလားအလာ ရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။
၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက် အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင် ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော် ပြထားသည်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေး ရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်း ဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။ ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာ အပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက် မည် ဖြစ်သည်။ ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာ သည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့် အချက်သာရှိသည်။ သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလ သမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင် သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟု လည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။ မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။ ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာ ပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများ တွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန် တဦးက ပြောသည်။ ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။ ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း နှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။ ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ် မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထို အချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။ ၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေကိုယ်စားလှယ်များ ခန့်ထား ပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူ အညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလ သမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူး ချူပ်ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန် ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသား ပြော သည်။ ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့် ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။ ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင်လုပ်နေချိန် ဖြစ် သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေး ကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။ နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထား သည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင် မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။ ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်း စုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကားလုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခု နှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲ မှာ ကပ်ထားသည်။
မြလူ
REF: ခေတ်ပြိုင်


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88