Tuesday, January 27, 2009

ဂမ်ဘာရီပြန်လာမည် - (သုံးသပ်ချက်)

၂၃ ဇန်န၀ါရီ ၂၀၀၉

ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့် အ တွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလ သမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့ အလားအလာ ရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက် အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင် ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော် ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေး ရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်း ဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာ အပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက် မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာ သည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့် အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလ သမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင် သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟု လည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာ ပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများ တွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန် တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း နှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ် မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထို အချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေကိုယ်စားလှယ်များ ခန့်ထား ပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူ အညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလ သမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူး ချူပ်ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန် ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသား ပြော သည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့် ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင်လုပ်နေချိန် ဖြစ် သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေး ကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထား သည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင် မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်း စုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကားလုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခု နှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲ မှာ ကပ်ထားသည်။



မြလူ
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့