Thursday, January 29, 2009

ဘာကြောင့် အာဏာမလွှဲပေးရသလဲ - ခိုင်လင်း(မေဃ၀တီ)

ဗုဒ္ဓဟူးနေ့၊ 21 ဇန်န၀ါရီ 2009

၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲရလာဒ်ကို အနိုင်ရပါတီအား အဘယ်ကြောင့် အာဏာမလွှဲပေးဘဲ နေရသနည်း။ စစ်အုပ်စုအနေဖြင့် အာဏာကို ဆက်လက်ဆုပ်ကိုင်လိုခြင်း တစ်ခုတည်းတော့ မဖြစ်နိုင် ချေ။ အာဏာလွှဲပြောင်း မပေးနိုင်ခြင်း အကြောင်းအရာများစွာထဲက အဓိက ကျောရိုးတခု (သို့မဟုတ်) အချက်တခုရှိသည်။ ယင်းအချက်သည် နအဖ (န၀တ) စစ်အုပ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီး သည်။ (ဤနေရာ၌ တပ်မတော်သားများကို မဆိုလိုပါ။ တပ်မတော်သားများအနေနှင့်လည်း တပ်မတော်နှင့် နအဖ (န၀တ) သည် သီးခြားဆိုသည်ကို သဘောပေါက်ရန် အရေးကြီးသည်။ စစ်တပ်ကို ခုတုံးလုပ်၍ လူ တစုက သူတို့ဆန္ဒအတိုင်း လုပ်ချင်သလိုလုပ်၍ တဖက်မှာ နအဖ (န၀တ) နှင့် တဘောတည်းပုံစံမျိုး လုပ် ဆောင်နေသည်ကို သတိချပ်သင့်သည်။ စကားချပ်)

နအဖ (န၀တ) သည် အာဏာသိမ်းပြီးကတည်းက ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်အပ်၍ ၄င်းတို့ အနေဖြင့် စစ်တန်းလျားကို ပြန်မည်ဟု ကတိပေးခဲ့ပါသည်။ အမှန်ကလည်း သူတို့ပြန်မည်ဟု ပြောဆိုခြင်း သည် သူတို့မျှော်လင့်ထားသော (တစည) သေချာပေါက်နိုင်မည်ဟု တွက်ထားသောကြောင့်ဖြစ်သည်။ အကယ်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲသည် (တစည) သာ နိုင်ခဲ့ပါက (တစည) အာဏာလွှဲ၍ စစ်တပ်သည် စစ်တန်းလျားကို ပြန်မှာသေချာသည်။ ဤကဲ့သို့ ကောက်ချက်ချရခြင်းသည် နှစ်နှစ်ဆယ်ကာလ၏ အခင်း အကျင်းအရ ကောက်ချက်ချခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရလည်း နအဖ(န၀တ) အနေဖြင့် (တစည) ကို ကျားကန်ပေးနေသည်ကို သတင်းအချက်အလက်များအရ သိရသည်။ သို့သော် နအဖ(န၀တ) မျှော်လင့် ထားသလို ဖြစ်မလာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့သည့်အခါ နအဖ (န၀တ) အနေဖြင့် ဗြောင်ပေးထားသည့်ကတိကို ဗြောင်ဖျက်ခဲ့ရသည် ။ ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးချင်ရသနည်း။ အာဏာအပေါ်မှာသာယာ၍ သို့မဟုတ် အာဏာကို ဆက်လက်ဆုပ်ကိုင်လို ခြင်းကြောင့်ဖြစ်သည်ဆိုလျှင် ယင်းတခုတည်းကြောင့်တော့မဖြစ်နိုင်။ ယင်း၏ နောက်ကွယ်မှာ ဘာတွေရှိသ နည်း။ လက်ကုန်နှိုက်ကြည့်ရန်လိုလာသည်။ အချို့က ချပြသည် ။ မရဲတရဲ ။ ကျနော်လည်း မရဲတရဲ ၂၀၀၂ တုန်းက မဂ္ဂဇင်းတစ်စောင်မှာ ပါးပါးလေးချပြဖူးသည် ။ ကျနော်က ယင်းဆောင်းပါး တွင် “မြန်မာနိုင်ငံ၏ ပကတိတည်ရှိနေသော ပြဿနာသည် အမျိုးသားရေးပြဿနာဖြစ်သည် ။ ယင်းအမျိုးသားရေးပြဿနာအား နိုင်ငံရေးအရဖြေရှင်းမှသာလျှင် ပြေလည်သွားမည် ဖြစ်၏ ။ (၁၉၉၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့အာဏာအား ပြည်သူ့ထံအပ်နှင်းရုံသက်သက် မဟုတ်ဘဲ အမျိုးသားရေးပြဿနာအား နိုင်ငံရေးအရ မဖြေရှင်းလိုသောကြောင့် ပြည်သူ့အာဏာအား မအပ်နှင်းဘဲ ငြင်းဆန်နေခြင်းဖြစ်၏။ စစ်အုပ်စုသည် အမျိုး သားအသီးသီးတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို မလိုလားသည်မှာ သမိုင်းက သက်သေပြ လျက်ရှိသည်။ အကယ်၍ အမျိုးသားရေးပြဿနာအား မဖြေရှင်းဘဲ အာဏာပိုင်ဆိုင်ရေးတခုတည်းဆိုလျှင် အောင်နိုင်ရေးပါတီဖြစ်သော (NLD) လက်ထဲသို့ အာဏာလွှဲပြောင်းလိုက်မည်ဖြစ်၏။ ယခု (၁၉၉၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အဖြေသည် အာဏာရရှိရေးသက်သက်မဟုတ်သည်မှာ ထင်ရှားသည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရအဖြေရှာမည်မှာ သေချာသောကြောင့် စစ်အုပ်စုအနေဖြင့် ငြင်းဆန်နေရခြင်းဖြစ်၏” ဟူ၍ အခြားအကြောင်းအရာရေးရင်း ကျနော် ကောက်ချက်ချ ရေးပြခဲ့ဖူးသည်။ တချိန်ချိန် ယင်းအကြောင်းအရာလေးကို သီးသန့်ဆောင်းပါးတပုဒ်ရေးမည်ဟု စိတ်ကူးခဲ့ သော်လည်း ပြန်လည်အမှတ်မရသဖြင့် ကျနော်မရေးဖြစ်ခဲ့ပါ။

တိုက်ဆိုင်စွာဖြင့် နာမည်ကျော်စာရေးဆရာတဦး၏ ဆောင်းပါးကို ဖတ်ဖြစ်မှ ယင်းအကြောင်းအရာကို ပြန် လည်သတိရ၍ ရေးဖြစ်ခြင်းဖြစ်သည်။ ဆရာ၏ ဆောင်းပါးအနှစ်ချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေ ဖြင့် တစ်ထစ်လျှော့ရမည်ဖြစ်ကြောင်း၊ ဆရာလေသံအရ ပြောရရင် ပညာရှိလေးများကဆိုသည့်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်ထစ်မက လျှော့လာလိုက်သည်မှာ နောက်ဆုံးလျှော့စရာမရှိ၍ ဦးလွင်ပုဆိုးသာ ကျန်တော့သည့်အကြောင်း စသည် အားဖြင့် ရေးထားပါသည် ။ ကျနော့်အနေနှင့် ဆရာအား တိုက်ခိုက်လို၍ ဤဆောင်းပါးကို ရေးသည်မဟုတ်ပါ။ ပညာရှိလေးများဆိုသည့် ဆရာ့စကားကိုလည်း ကျနော့်ကို ရည်ရွယ်သည်မဟုတ်ပါ။ မည်သူအား ရည်ရွယ်သည်ကို ကျနော်သိသည်။ သို့သော် ယင်းကိစ္စ အဓိကမဟုတ် ။ အဓိက ဖြစ်နေသည့်အကြောင်းအရာကိုသာ ဆုပ်ကိုင်၍ အထက်မှာ ကျနော် ပြောခဲ့သည့် အတိုင်း တိုက်ဆိုင်၍သာ ဥပမာအဖြစ်ပြရင်း ရေးသားရခြင်းဖြစ်ပါသည်။ ဆရာညွန်းသော ပညာရှိလေးများ ထဲမှ တယောက်ပြောသေ စကားသည် န၀တ (နအဖ) မှ အာဏာမလွှဲပြောင်းပေးရေး၏ အချက်တချက်ဖြစ် သည်။ ယင်းအချက်သည် ကျနော် အထက်မှာတင်ပြခဲ့သည့် ၂၀၀၂ ခုနှစ်က ရေးခဲ့ဖူးသည့် ဆောင်းပါး ကောက်နုတ်ချက်နှင့် အနှစ်သာရအားဖြင့် တူနေသည်။ ယင်းအကြောင်းအရာကို ဆွဲဆန့်၍ ယခုဆောင်းပါး ကို ကျနော်ရေးရခြင်းဖြစ်သည်။ (ဤနေရာ၌ ကျနော် ညွန်းဆိုသောပုဂ္ဂိုလ်များ၏ နာမည်အား မထည့်ရေး သည်ကို နားလည်ပေးစေချင်သည်။ ၄င်းပုဂ္ဂိုလ်များအား နာမည်မထည့်ရေးသော်လည်း စာဖတ်နှံ့စပ်သူများ အနေဖြင့် အဖြေရှိပါသည်။ စကားချပ်။)

ယင်းအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လျှော့ပေးလျှင် အာဏာလွှဲပြောင်းပေးခြင်းကို ရရ မည်ဖြစ်သည်။ ယင်းအချက်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများ အပေါ်ထားရှိသည့် သဘောထားပင်ဖြစ်သည်။ အဖွဲ့ချုပ်အနေနှင့်လည်း တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ ယခုကဲ့သို့ ခိုင်မာ စွာ ရပ်တည်နေရခြင်းသည် လွတ်လပ်ရေးနှင့်ထပ်တူ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်စေ လို၍ ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် လွတ်လပ်ရေးနှင့်ထပ်တူ အစိုင်အခဲအဖြစ်တည်ရှိနေသော အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလို၍ဖြစ်သည်။ အဖွဲ့ချုပ်၏ ရပ်တည်ချက်သည် ပင်လုံအပေါ် သစ္စာဖောက်မှုများကို ပြန်လည်ကုစားခြင်းလည်းဖြစ်သည်။ ဦးဝင်းတင် လွတ်လာပြီးနောက် မီဒီယာ (RFA) နှင့် အင်တာဗျူးသည့်အခါ၌လည်း ဗမာအမျိုးသားများနှင့် ထပ်တူ ကျန်အမျိုးသားများသည်လည်း နိုင်ငံရေး အရ တန်းတူအခွင့်အရေး ရှိကိုရှိရမည်ဟု ပြောကြားခဲ့သေးသည်။ “နိုင်ငံရေးအရ တန်းတူရေး” ဆိုသည့် စကားသည် ၁၉၆၂ ခုနှစ်မှသည် ယနေ့ကာလအထိ အာဏာသိမ်း စစ်ခေါင်းဆောင်တစုအနေဖြင့် နာနာ ကျင်ကျင် ခါးခါးသီးသီး အပြင်းအထန်ငြင်းဆန်နေခဲ့ကြသည်။ ၁၉၆၂ ခုနှစ်၏ ဟိုမှာဘက် ပါလီမန်ခေတ်မှာ လည်း နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိခဲ့သည်မဟုတ်ပါ။ ၁၉၆၂ အလွန် ကာလများနှင့် နှိုင်းယှဉ်၍ ကောင်းနေခြင်းသာဖြစ်သည်။ ပါလီမန်ခေတ်သည် အနူထဲက လူချော။

ဒီမိုကရေစီအင်အားစုကြားမှာလည်း အချို့ပုဂ္ဂိုလ်များသည် တိုင်းရင်းသားများအနေဖြင့်လည်း တစ်ထစ်လျှော့ တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်း ဆွေးနွေးချပြသည်ကို နယ်စပ်မှနေစဉ် ကျနော်ကြုံခဲ့ရဖူးသည်။ တိုင်းရင်းသား များ၏ တစ်ထစ်လျှော့ တိုက်ပွဲဝင်ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တစ်ထစ်လျှော့ရန် အကြံ ပေးခြင်းသည် ဒီမိုကရေစီ နိုင်ငံတော်တခု တည်ဆောက်ရေးတခုကိုသာ ကြည့်ခြင်းဖြစ်သည်။ ပါလီမန်ခေတ် သည်လည်း ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရှိခဲ့ပါသလား။ ပြည်တွင်းစစ်ရော မရှိဘဲနေခဲ့ဖူးပါသလား။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများအနေဖြင့် ပင်လုံကို ကျောခိုင်းသစ္စာဖောက်ခဲ့ခြင်း၏ ရလဒ်သည် တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး ကုန်းကောက်စရာမရှိ သော နိုင်ငံအဖြစ် ကြွင်းကျန်ရစ်ခဲ့ခြင်းသာ အဖတ်တင်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစသဖြင့် အဖွဲ့ချုပ်၏ နိုင်ငံရေး ရပ်တည်ချက် သို့မဟုတ် တိုင်းရင်းသားများအပေါ် အဖွဲ့ချုပ်၏ သဘောထားသည် ယနေ့အချိန်ထိ မပြောင်းလဲသေးပါ။ ထို့အတူ စစ် အုပ်စုသည်လည်း ၁၉၉၀ ပြည့်အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ပါ။ အသိ အမှတ်ပြုသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများနှင့် ပတ်သက်သည့် နိုင်ငံရေးရပ်တည် ချက် တစ်ထစ်မလျှော့သမျှ အဖွဲ့ချုပ်အား အာဏာအပ်နှင်းမည်မဟုတ်ပါ။ ဆိုလျှင် အဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေးနှင့် အာဏာရရှိရေးအတွက် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိသည့် သဘောထား သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်ကို ပြောင်းလဲပစ်မည်လား။ အဖွဲ့ချုပ်သည် အာဏာရယူရေး တခုတည်းသက်သက်မဟုတ်ဘဲ အမျိုးသားရေးပြဿနာများအား နိုင်ငံရေးအရဖြေရှင်းရန် စိန်ခေါ်မှုများဖြင့် တိုးဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်နယ်များ တွင်လည်း အောင်ပန်းဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်ပင် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာ ချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီး တိုင်းရင်းသားပါတီများနှင့်လက်တွဲ၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

နအဖ (န၀တ) အနေဖြင့်လည်း အဖွဲ့ချုပ်၏ တိုင်းရင်းသားများအပေါ် သဘောထားအား ပြောင်းလဲသင့် ကြောင်းကို ဆွေးနွေးကောင်း ဆွေးနွေးပြီးဖြစ်လိမ့်မည်။ သို့သော် အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားများအပေါ် ရပ်တည်ချက်ကို မပြောင်းလဲခဲ့သဖြင့် စစ်အုပ်စုသည် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လုံးဝမပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံခံဥပေဒကို တရပ်ကြမ်း ရေးဆွဲခဲ့ပြီး ဖြစ်သည့် နည်းဖြင့် လူထုဆန္ဒခံယူပွဲကျင်းပကာ အားလုံးထောက်ခံပါသည်ဟု လုပ်ဆောင်ခဲ့သည်။ စစ်ခေါင်းဆောင်များ အုပ်ချုပ်ရေးဟုဆိုသော်လည်း အမှန်စင်စစ် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုံးဝပစ်ပယ်လို၍ လုပ်ဆောင်လာခြင်းဖြစ်သည်မှာ ထင်ရှားသည်။ တပ်မတော် ကောင်းစားရေးမဟုတ် ။ ခေါင်းဆောင် လူတစုကောင်းစားရေးနှင့် တိုင်းရင်းသားများအား နှိပ်ကွပ်ရေး။ ဆို လျှင် တပ်မတော်တွင်းရှိ တိုင်းရင်းသားများအနေဖြင့် ဘာလုပ်သင့်သနည်း။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာမလွှဲပေးခြင်းသည် ၄င်းအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုများအပေါ်ထားရှိသည့် နိုင်ငံရေးသဘော ထားကို မကြိုက်သောကြောင့်ဖြစ်သည်ကို မမေ့သင့်ပေ။



REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့