Thursday, January 29, 2009

စီးပွားရေးကျဆင်းမှုဒဏ် ဗမာစစ်တပ် မရှုမလှခံနေရ - စိုင်းအောင်

တနင်္လာနေ့၊ 05 ဇန်န၀ါရီ 2009

မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြသော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိုတားဆီးကာ ငွေတောင်းယူသည်ကို တော့ ထူးဆန်းမှုတစ်ခုအဖြစ် မြင်တွေ့ကြရမည်ဖြစ်သည်၊၊

ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းတွင်ဖြစ်သည်။ ယခုရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နား ရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃) နေရာဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီးယာဉ်ငယ်မှန်သမျကို တစ်စီးလျှင် ကျပ် (၅၀၀) နူန်း ကောက်ခံနေသည်၊၊

ဂိတ်ဖွင့်ထားသည့်လမ်းက အချက်အခြာကျသည့် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျား ပိုင်း တနိုင်းနှင့် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ရွှေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျှင် ယာဉ်ကြီး ယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့် ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင်ကောက်ခံ နေခြင်းဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊

ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးအပေါ် ယခု ဖြစ်စဉ်များသည် သာမန်မျှသာဖြစ်သည်ဟု ယူဆမည်ဆိုပါက ယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့ များသည် ကိုယ့်ပြဿနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒကတက်စရာရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ်အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ် ပေါ်နေသည့် ပြယုဂ်တစ်ခုအဖြစ် ရှုမြင်သူများလည်းရှိသည်။

မကြာသေးမီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ်ဒေသ များမှ တရားမ၀င် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘဏ္ဍာကိုဖြည့်တင်းနေခြင်းက ၄င်း တို့၏ ငွေကြေးလိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊

ယခုအခါ ထိုငွေရေးကြေးရေး အကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေး ကို ရိုက်ခတ်လာပြီဖြစ်ကာ အခက်အခဲ ပိုမိုကြုံတွေ့လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်း စည်းကမ်းနှင့် တာဝန်ဝတ္တရားများကို စိတ်ဝင်စားနိုင်ခြင်း မရှိကြတော့ပဲ ပြင်ပ၀င်ငွေရပေါက်ရလမ်းများကိုသာ ရှာကြံနေရသည်ဟု စစ်အရာရှိများနှင့် စီးပွားရေး အတူလုပ်နေသူတစ်ဦးက ပြောသည်၊၊

တစ်လလျှင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန် အထက်ဌာန များက အတင်းအကြပ် ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်းများက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင်ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊

တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက တစ်လလျှင် ကျပ် (၃) သိန်းမှ (၅) သိန်းကြား တပ်ရင်းမှူးအား ပေးသွင်းရပြီး တပ်ရင်းမှလည်း ရင်းရံပုံငွေထည့်ဝင်ရန် အာမခံချက်ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်း များ လုပ်ပိုင်ခွင့်ပေးထားရသည်၊၊

တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များသည် ၄င်းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်း အချိုးကျ ဖြတ်တောက် ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိတက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများ ကိုယ်တိုင် ရှာကြံကြရခြင်းဖြစ်သည် ၊၊ အဓိက ၀င်ငွေရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်၊ ထင်းခုတ်၊ ၀ါးခုတ် စသည့် လုပ်ငန်းများကိုပါ ၀င်ငွေ ရရှိ ရန်အလို့ငှာ လုပ်ကိုင်ကြရသည်။

တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပ၀င်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း) အ၀တ် လျှော်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဈေးရောင်းခြင်းများ၊ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည်။ ထိုသို့ ပင်ပန်းဆင်းရဲကြီးစွာ လုပ်နေရသည့်တိုင် ၀မ်းမ၀ ခါးမလှနိုင်ပဲ ဖြစ်နေကြရသည်၊၊

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံ များ၏ ကျွဲနွားများကို ခိုးယူသတ်ဖြတ် စားသောက်ကြကာ တချို့က အသားခြောက်များလှမ်း၍ မြစ်ကြီးနား ဈေးကြီးတွင် ဆတ်သားခြောက်ဟု လိမ်လည်ရောင်းချသည်အထိ သောင်းကျန်းလာကြသည်။

ယခုပို၍ သိသာလာသည်က တရားမ၀င်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှုတွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်လုပ်ကိုင်လာကြသည်။ ထော်လာဂျီ၊ ဆိုင်ကယ်၊ ၀စ်သောက်ကား၊ စက်ပစ္စည်းများအပြင် ကျောက်စိမ်း၊ သစ်နှင့် အခြားကုန်ပစ္စည်းမျိုးစုံ ခိုးသွင်းခိုးထုတ်ရာတွင် ယခင်က အရပ်သားကိုယ်စားလှယ်များက လမ်း ကြောတစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်းနေရာတွင် ယခု စစ်ဘက်အရာရှိများ ကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊

ဗိုလ်မှူးများ မှောင်ခိုလောကတွင် နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သား စီးပွားရေးလောကသားများ ဘုံပျောက်ဘ၀ရောက်သွားကြလေပြီ။ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်းအချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါဝါရှိသည်ကတစ်ကြောင်း ပို၍ အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊

တရုတ်ထော်လာဂျီတစ်စီး မန္တလေးထိ သွားမည်ဆိုလျှင် မြန်မာကျပ်ငွေ သိန်း (၂၀) ခန့် ပေးကျွေးရကြောင်း လည်း စီးပွားရေးသမားများက ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့် ထိစပ်လာသည့် စစ်ဗိုလ် စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘ၀တူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြ သည်။ ဘီယာလေးတမြမြ မိုဘိုင်းဖုန်းတကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူ များဖြစ်လာပြီး ရရှိသည့်ဝင်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက်၊ စီးပွားရေးလုပ်ငန်းများ ထူထောင်ထား ကြသည်။

အထက်ဌာနများနှင့် နားလည်မှုယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့်မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည်။ သစ်၊ နွား၊ ဘိန်းမှောင်ခိုသမားများ နှင့် ရွှေကျင်း၊ ကျောက်ကျင်းများတွင် တရားမ၀င်အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့ သည် ကျိကျိတက်ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ်နေကြတော့သည်။

နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ၊ ထော် လာဂျီများ၊ ဆိုင်ကယ်သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး၊ နောက်မှတသွယ် လိုက်လံ ငွေ တောင်း ရမ်းကြရသည်။ တပ်တွင်း တချို့မိသားစုများကတော့ ဘော်လုံးပွဲ ၂ လုံး ၃ လုံးဟုခေါ်သော လောင်းကစား များတွင် ဒိုင်ခံခြင်း၊ ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်။


စစ်တပ် ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် နအဖစစ်ကောင်စီဝင် ဆွေမျိုး မိသားစုအသိုင်းအ၀ိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ၀ါးမြိုထား သဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု တစ်ရပ်လုံးက မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရား ရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည်။

စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေတပ်သားထုနှင့် မိသားစုများမှာ စစ်သူတောင်းစားများဘ၀ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ် ကြီးများကတော့ တိုင်းပြည်စီးပွားရေး တိုးတက်နေကြောင်း ဆက်လက်လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည် ၊၊



REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့