Thursday, January 29, 2009

ကာကွယ်ရေးဝန်ကြီးဌာနအောက် အပစ်ရပ်များ ပြန်လည်ဖွဲ့စည်းမည်

တနင်္လာနေ့၊ 20 အောက်တိုဘာလ 2008 RFA 14/10/08

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တရုပ်နယ်စပ်က အပစ်ရပ်အဖွဲ့တွေ ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ထားရှိမယ်လို့ နအဖတာဝန်ရှိ တပ်မှူး တစ်ဦးက စက်တင်ဘာလကုန်ပိုင်းမှာ အသိပေး ပြောကြားလိုက်ပါတယ်။


နယ်စပ်တစ်နေရာမှ အပစ်ရပ် လက်နက်ကိုင် ၀တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ AFP)


သျှမ်းပြည်တခုလုံးကို တာဝန်ယူထားတဲ့ ကစထမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကျိုင်းတုံအရှေ့ မုန်းလားအဖွဲ့၊ တောင်ပိုင်း UWSA ၀တပ်ဖွဲ့အရာရှိတွေကို ကျိုင်းတုံခေါ်ယူပြီး တွေ့ဆုံအသိပေးတာလို့ တရုတ် နယ်စပ်က အပစ်ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်က သိရပါတယ်။ အခုလို တွေ့ဆုံရာမှာ အပစ်ရပ် တပ်တွေကို လက်နက်ချခိုင်းတာမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ တိုင်းအောက်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းမယ့်အကြောင်း အသိပေးတာလို့ဆိုပါတယ်။ ဒီလိုအသိပေးပေမဲ့ အပစ်ရပ်တပ်တွေကို ဘယ်တော့ပြန်ဖွဲ့စည်းခိုင်းမယ်ဆိုတာကို ပြောတာမဟုတ်ဘဲ ဒီကိစ္စအတွက် ပြင်ဆင် ထားဖို့၊ အချင်းချင်းနားလည်မှုရှိရှိနဲ့ ဆွေးနွေးညှိနှိုင်းထားဖို့ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မှာကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်တွေကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံတော်ရဲ့ တပ်မတော်အောက်မှာရှိတဲ့ အတွက် တပ်မတော်ရဲ့ဂုဏ်သိက္ခာနဲ့ညီညွတ်တဲ့၊ အရည်အချင်း အဆင့်အတန်း ပြည့်မှီတဲ့ တပ်ဖွဲ့တွေဖြစ်ဖို့လို တယ်လို့ ဆိုပါတယ်။ ဒီအတွက် အပစ်ရပ်အဖွဲ့တွေကနေပါလာတဲ့ အဆင့်မမှီတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးတွေနေရာမှာ လိုအပ်ရင် ဗမာ့တပ်မတော်ကအရာရှိတွေနဲ့ အစားထိုးပြီး အုပ်ချုပ်သွားမယ်လို့ ပြော ကြားသွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အပစ်ရပ် UWSA ၀ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မေးမြန်းတော့လည်း မရခဲ့ပါဘူး။ အခုလို စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေကို တရုတ်နယ်စပ် လေ့လာစောင့်ကြည့်နေသူတွေကတော့ ကစထမှူး ဒု- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အခုလိုပြောခဲ့တယ်ဆိုတာ မှန်တယ်လို့ အဆက်အသွယ်တွေကတဆင့် သိရကြောင်း ပြော ပါတယ်။ အကယ်၍သာ အပစ်ရပ်အဖွဲ့တွေ စစ်အစိုးရတပ်ရဲ့ လက်အောက် ရောက်သွားခဲ့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုပ်နယ်စပ်က စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလိုရှုမြင်ပါတယ်။

“ လက်နက်ချတာထက်ဆိုးတာပေါ့။ လက်နက်ချရင် ကိုယ့်လူတွေ လက်နက်အပ်လိုက်တာနဲ့ ပြီးပြီ။ ကိုယ့်ရပ် ကိုယ့်ရွာပြန်နေလို ရတာဘဲ။ သူပုန်ထချင်တဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ် သေနတ်ရှာပြီး သူပုန်ပြန်ထ လို့ရတယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ တပ်တွေကို သူတို့ထဲ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ၊ သက်ဆိုင်ရာ စစ်တိုင်းတွေအောက်မှာ ပြန်လည်ဖွဲ့စည်းပြီးထားဖို့ပေါ့”။

မေလဆန္ဒခံယူပွဲက ထောက်ခံလိုက်ပြီဆိုတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံမှာ စစ်တပ် တတပ်ဘဲရှိရမယ်လို့ ပါရှိပါတယ်။ ဒါနဲ့ဆက်စပ်ပြီးတော့လဲ “ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုကတည်းက အခြေခံ ဥပဒေ စည်းမျဉ်းစည်းကမ်း ပြဌာန်းချက်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမဲ့သဘောဖြစ်တယ်။ ကိုယ် ထည်ကြီးရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်းအားလုံးက ကိုယ့်တပ်နဲ့ကိုယ်နေလို့ မရတော့ဘူး။ နဂိုပုံစံအတိုင်း နေခွင့်မပေးတော့ဘူးလေ။ သူက တပ်တွေကိုမုချ လက်နက်အပ်ရင်အပ် မအပ်ရင် အဲလိုဘဲ အဖျက်ခံရမှာ ပေါ့။ ရှိတဲ့ခေါင်းဆောင်မှုက ဒေသဆိုင်ရာပါတီအတွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ပြီးတော့ တကယ်လို့ ရွေးကောက်တင်မြှောက်ခံရရင် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေးမြို့နယ်၊ ခရိုင်၊ တိုင်းရဲ့အကြီးအကဲတွေ ရှိမှာပေါ့။ ကျန်တဲ့အပိုင်း အပစ်ရပ်လက်နက်ကိုင်တွေကိုတော့ ခွဲရမှာပေါ့” စစ်တိုင်းတွေနဲ့ တိုက်ရိုက်ဆက်ဆံ ထိတွေ့နေရတဲ့ လက်ရှိအပစ်ရပ်အဖွဲ့တွေကို လောလောဆယ်မှာ ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်မှာ အထူးရဲတွေအဖြစ် လခပေးနေရာက တပ်တွေပြန်လည်ဖွဲ့စည်းပြီးရင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် လုံးဝကျရောက်သွားမယ်လို့လဲဆိုပါတယ်။

“အထူးရဲတပ်ဖွဲ့တွေအဖြစ် လခပေးထားမှာပေါ့။ ဆက်စပ်မှုကျတော့ စရဖတို့နဲ့ ဆက်ဆံရပေမဲ့ ပြည်ထဲရေး ဌာနက လခ ထုတ်ပေးတာပေါ့။ ဟိုကျရင် ရဲမဟုတ်တော့ဘဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက် ချုပ်ကိုင်တဲ့ စစ်တပ်အဖြစ် ရောက်သွားမှာပေါ့။ အဲဒီအခါ ကျရင် ပြည်ထဲရေးအခန်းကဏ္ဍ မရှိတော့ဘူးပေါ့။ ဗမာစစ်တပ်က ဒါရိုက်ကိုင်မဲ့ သူ့တပ်နဲ့ သူဖြစ်သွားပြီ။ သက်ဆိုင်ရာတိုင်းမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ အောက်မှာ တပ်တွေဖြစ်ကုန်မှာပေါ့။ ၀ တပ်မတော်ဆိုတာလဲ ရှိတော့မှာမဟုတ်ဘူး။ သျှမ်းအရှေ့မြောက် တပ်ဆိုတာလဲ မရှိတော့ဘူး”

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင် အင်အားစုတွေ မရှိအောင် ကြိုးစားနေတယ်လို့ ဦးအောင် ကျော်ဇော က ပြောပါတယ်။ အပစ်ရပ်အဖွဲ့တွေ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရောက်သွားရင် အလားအလာ မကောင်းဘူးလို့ ဆိုပါတယ်။

“၂၀၁၀ မတိုင်ခင်မှာ အတိုက်အခံတွေဖက်က လက်နက်ကိုင် အင်အားစုမရှိအောင် သူကြိုးစားဖို့ပါ။ ဒါကြောင့် ကရင်ကိုလဲ သူအပြီး ဖြတ်နေတာ။ အလားအလာကတော့ ဆိုးမှာပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်ကို အပစ်ရပ် အဖွဲ့တွေ ကိုယ့်တပ်နဲ့ ကိုယ် မရှိအောင်လုပ်မယ်။ ကိုယ့်ဒေသမှာ ကိုယ်ရွေးကောက်ပွဲတွေလုပ်ခိုင်း တရား မျှတမှုဆိုတာကိုပြဖို့ အားပေးတိုက်တွန်းမှာပေါ့။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အင်အားစုမရှိအောင် သူလုပ်လိုက် မယ်။ ဒုတိယ ဘာဖြစ်နိုင်လဲဆိုတော့ ဒါကအနာဂတ်အတွက် သူတို့လုပ်နေကျ အမျိုးသားရေးသွေးခွဲမှုကို သူ ဖန်တီးဖို့ လွယ်လွယ်လေးဖြစ်သွားမယ်။ ဥပမာတပ်မှူး ခေါင်းဆောင်တွေက ဗမာစစ်တပ်က လာတဲ့လူတွေ ဖြစ်ပြီး တပ်သားတွေကျတော့ ၀ ရဲဘော်၊ သျှမ်းရဲဘော်တွေဖြစ်ရင် ဒါတွေနဲ့ မြို့ပေါ်မှာ မြို့ခံလူထုလှုပ်ရှားမှုကို ပစ်ဟယ် ခတ်ဟယ်လုပ်လာရင်-ဒါ ၀ တပ်တွေပါ၊ သျှမ်းတပ်တွေပါဆိုပြီး ပြည်တွင်းမှာ တသက်လုံး မကျေ မချမ်းနိုင်တဲ့ အမျိုးသားရေး ရန်ငြိုးတွေ ဖြစ်အောင်ဖန်တီးမှာဘဲ”။



REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့