Thursday, January 29, 2009

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

ကြာသပတေးနေ့၊ 29 ဇန်န၀ါရီ 2009

ယခုလဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ ဌာနပေါင်းစုံဝန်ထမ်းများ အစည်း အဝေး ဆင့်ခေါ်ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ် ရှိကြောင်း" ထည့်သွင်း ပြောကြားသွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး တင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင် ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်းပါမကျန် ၀န်ထမ်းများစုံညီအစည်းဝေး ဆင့်ခေါ်ကျင်းပခဲ့ ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင် ပြောင်းမယ်” ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခု ရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက် နှောင့်ယှက်မယ်လို့ သတင်းရထားလို့၊ (၂) ရခိုင်ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျနဲ့ နယ်ခြား ပြဿနာ၊ (၃) တိကျတဲ့ လူဝင်ထွက်/ သန်းခေါင်စာရင်း မှတ်ပုံတင် မပြီးပြတ်နိုင်သေးတာရယ် (၄) မူးယစ် ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာနှင့် ဖန်လန်းရွာမှ ပြည်သူ့စစ်ခေါင်းဆောင်များကို ဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်းနှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့စစ်များအား စစ်ရေးလေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်း ထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့က တော့ ရွေးကောက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲ ဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာ ကတဲ့က အိမ်အလုပ်ကို ကောင်းကောင် မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေး အဆက် မပြတ် လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံး အလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့