Wednesday, January 28, 2009

နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက် ဖြုတ်သိမ်းခံရ

အင်္ဂါနေ့၊ 27 ဇန်န၀ါရီ 2009

၂၀၁၀ ရွေးကောက်ပွဲအတွက် ငြိမ်းအဖွဲ့များကို စည်းရုံးသိမ်းသွင်းရန် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေး မှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့ ပါ လာသော လက်နက်ကြီးများကို ဖြုတ်သိမ်းထားကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၁၇ - ၁၈ ရက် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အဖွဲ့ အင်အား ၃၀ ခန့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးရန် UWSA ပန်ဆန်း ဌာနချုပ်အသွား တပ်မဟာ ၄၆၈ ၀ နယ်ခြားလုံခြုံရေးအဖွဲ့က ၎င်းအဖွဲ့ပါလာသောလက်နက်ကြီးများကို ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာရှိ မိုင်းပေါက်မှ ဖြတ်သန်းသယ်ဆောင်ခွင့်မပြုဟု ဆိုကာ ခေတ္တသိမ်းထားလိုက်သည်ဟုဆို၏။


ဝ ပြည်နယ်မြို့တော် ပန်ဆန်းဌာနချုပ်ရှိ အာဇာနည်ကျောက်တိုင် နှင့် ၀ ရဲဘော်များ

UWSA တပ်မဟာ ၄၆၈ အရာရှိတချို့နှင့် နီးစပ်သူတဦးက - “ယခုလ အစောပိုင်းက သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဆီလူး နဲ့ အထူးဒေသ ၂ တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက်ဘက်လာမယ်လို့ သတင်းကြားထားပေမဲ့ မလာဖြစ်ဘူး။ အခုလာသွားတဲ့ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ အဖွဲ့ ကိုလည်း မိုင်းပေါက်ရှိ ၀ အဖွဲ့က သူတို့ပါလာတဲ့ လက်နက်ကြီးတွေ ပန်ဆန်းကိုပေးမယူသွားဘူးလို့ပြော တယ်။ ပစ္စတိုတချို့ကိုဘဲ ယူသွားခွင့်ပေးတယ်” - ဟုဆို၏။

ပန်ဆန်းသို့ရောက်သွားသော စရဖ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးညှိနှိုင်းခြင်းမရသောကြောင့် စရဖ မှူးကြီး အမျက်ဒေါသထွက်ကာ မိုင်းကာ၊ မိုင်းခတ်မှတဆင့် ကျိုင်းတုံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ လတ်တလော ၀ နှင့် နအဖ ကြား ဆက်ဆံရေး ပိုမိုတင်းမာလာနေကြောင်း ၎င်းကဆက်ပြောပြ၏။

“၀ တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်အောက်မှာနေဖို့ စစ်အစိုးရကိုယ်စားလှယ် တွေက ဆန္ဒရှိတာကို ၀ အဖွဲ့က လက်မခံဘူး။ အခုအခြေအနေက ပိုပြီးတင်းမာလာတယ်။ ၀ ဘက်က ပြင် ဆင်မှုတွေ ပိုလုပ်လာတယ်လို့ပြောရမှာဘဲ” - ဟု ဆို၏။

အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ်ကလည်း သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ၀ တပ်ဖွဲ့တွေ ကိုပြင်ဆင်ဖွဲ့စည်းဖို့ သွားရောက်တွေ့ဆုံ ဖိအားပေးခဲ့ရာ မအောင်မြင်သောကြောင့် စစ်သည်၂၀၀- ၃၀၀ ခန့် ပို့၍ အင်အားပြ ခြိမ်းခြောက်ခဲ့သေးကြောင်း၊ အတည်မပြုနိုင်သေးသောသတင်းအရ ၀ နှင့် နအဖ ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေကြောင်း ဆိုပါသည်။




REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့