Thursday, January 29, 2009

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် တရုတ်ငွေလဲနှုန်းကိစ္စအပေါ် တင်းမာ

၂၈ ဇန်န၀ါရီ ၂၀၀၉

အိုဘားမားအစိုးရက မစ္စတာ တီမော်သီ ဂိုက်တ်နာကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်လိုက်ပြီ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် တီမော်သီ ဂိုက်တ်နာသည် အသက် (၄၇) နှစ်သာရှိသေးသည့်အတွက် သမ္မတ အိုဘားမားနှင့် သက်တူရွယ်တူ ဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် တရုတ်ယွမ်ငွေလဲလှယ်နှုန်း မသမာသည့်နည်း (Currency Manipulation) ကို အသုံးပြုထားသည့်အတွက် အမေရိကန်အစိုးရသစ်က ဖိအားပြင်းပြင်းထန်ထန်ပေးသွားမည်ဟု ရာဇသံပေးလိုက်သည့်အတွက် ငွေကြေးဈေးကွက်များ တုန်လှုပ် သွားသည်။

တရုတ်ကလည်း စွပ်စွဲချက်မမှန်ကြောင်း ချက်ချင်းချေပပြောဆိုခဲ့သည်။ သို့သော် ဂိုက်တ်နာ၏ စကားကြောင့် တရုတ်အပေါ်ဆက်ဆံသည့် အမေရိကန်နည်းဗျူဟာ ပြောင်းတော့မည်ဟု ကမ္ဘာက နားလည်သွားသည်။ တရုတ်ယွမ်ငွေကို တန်ဖိုးတက်လာအောင် မြန်မြန်လုပ်ရန် အမေရိကန်ပေါ်လစီ ဆုံးဖြတ်သူများက အစော ပိုင်းကတည်းက ဖိအားပေးခဲ့သည်။ တရုတ်ယွမ်ငွေကို ခိုင်မာအောင် မလုပ်သည့်အတွက် တရုတ်စီးပွားရေး သာမက ကမ္ဘာ့စီးပွားရေးပါ ဟန်ချက်ပျက်နေသည်ဟု ယူဆကြသည်။

ငွေလဲနှုန်းမသမာသည့် ကုန်သွယ်ဘက် တိုင်းပြည်များစာရင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက (၆) လတကြိမ် ထုတ်ပြန်ပေးရသည်။ ငွေလဲနှုန်းမသမာကြောင်းတွေ့လျှင် အမေရိကန်ဥပဒေအရ အဆိုပါ တိုင်းပြည်ကို ဒဏ်ခတ်ခွင့်ရှိသည်။

တိုင်းပြည်အတော်များများက အမေရိကန်ဒေါ်လာကို မြှင့်ထားပြီး မိမိငွေတန်ဖိုးကို နည်းနိုင်သမျှ ချပေးလေ့ရှိ သည်။ တရုတ်အပါအ၀င် နိုင်ငံအချို့က ယင်းသို့ မိမိငွေတန်ဖိုးကို ရှိသင့်သည်ထက် ပိုချပြီး အမေရိကန် တင် ပို့သည့် ကုန်စည်များအတွက် ငွေပံ့ပိုးပေးပြီး အခွန်သက်သာအောင် ရှောင်ခြင်းကို ငွေလဲနှုန်း မသမာသည့် နည်း (Currency Manipulation) ကျင့်သုံးသည်ဟု သတ်မှတ်သည်။ ထိုအချက်သည် အမေရိကန်ဥပဒေနှင့် လည်း ငြိစွန်းသည်။

တရုတ်က (အခြားငွေကြေးများနှင့်) ယွမ်ငွေလဲနှုန်း ချထားသည့်အတွက် တရုတ် အမေရိကန် ကုန်သွယ်ရေး မှာ အမေရိကန်ဘက်က လိုငွေအများအပြားပြသည့်အဖြစ်ကို ရောက်သည်။ တရုတ်နှင့် ကုန်သွယ်ရာတွင် ဒေါ်လာသန်း (၂၀၀) ကျော် အမေရိကန်က လိုငွေပြနေသည့်အပြင် တရုတ်ဗဟိုဘဏ်တွင် အရန်ဒေါ်လာ ဘီလီယံ (၁,၀၀၀) ပိုက်မိထားသည်။ ယွမ်လဲနှုန်းနိမ့်နေသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် သော်လည်း အမေရိကန်ထုတ်လုပ်သူများ တရုတ်နိုင်ငံ မ၀င်နိုင်ဖြစ်နေသည်။ ကမ္ဘာ့ကုန်သွယ်ရေးလည်း ကမောက်ကမဖြစ်လာသည်ဟု ထောက်ပြကြသည်။

သမ္မတ ဘွတ်ရှ်လက်ထက်တွင် အမေရိကန်က တရုတ်ကို ငွေလဲနှုန်းကိစ္စအတွက် တင်းတင်းမာမာ မဆက် ဆံဘဲ ပျော့ပျောင်းသည့်နည်းဖြင့် ဖျောင်းဖျရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ် စကားကြောင့် အိုဘားမား အစိုးရသစ်သည် တရုတ်အပေါ် ခပ်တင်းတင်းကိုင်တော့ မည်ဟု ကမ္ဘာက နားလည်သွားသည်။

တရုတ်နှင့်ဆက်ဆံရာတွင် စီးပွားရေးနည်းဗျူဟာကို မည်သူက ဦးဆောင်မလဲဆိုသည်မှာ မသေချာသေး သလို အိုဘားမားက တရုတ်ကို မည်သို့ အရေးယူမလဲဆိုမှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော် ကောလာဟလ သတင်းများအရ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဟီလာရီက ဦးဆောင်စေချင်သည်ဆို၏။ အိုဘားမားကိုယ်တိုင်ကလည်း အထက်လွှတ်တော်မှာကတည်းက တရုတ်ကို ဥပဒေကြောင်းအရ ခပ်တင်း တင်း ကိုင်စေလိုသူဖြစ်သည့်အတွက် တရုတ်-အမေရိကန် စကားစစ်ထိုးပွဲ တကျော့ပြန်ဦးမည်ဟု မျှော်လင့်ရ သည်။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့