ခိုင်မြန်မာ
ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ်
စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ဒေသခံ ပြည်သူများအပေါ်တွင် လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ပေါ် တွင်လည်း ကောင်း၊ ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းအောင် စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များရဲ့ ရည်မှန်းချက်ကို အချို့သော စီမံကိန်းများမှ အကောင်အထည် ဖော်ဆောင်နိုင်မှု အားနည်းနေကြောင်းကို တွေ့မြင်နေရပါတယ်။
ကျမတို့ ရန်ကင်းမှာ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံကိန်းများချပြီး တိုက်ခန်းဟောင်း များမှာ နေထိုင်ကြသူတွေကို တိုက်အသစ်ကြီး များပေါ် ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။ (ခိုင်ခန့်မှုကို စနစ်တကျ တိုင်းတာရန် မဖြစ်နိုင်သေး သော်လည်း) ကောင်းမွန်သည့် ဘဝမြှင့်တင်ရေး စီမံကိန်းများ ဖြစ်ကြောင်း မြင်သာပါတယ်။
သို့ပါသော်လည်း ရန်ကင်းဈေးအနီးမှာ ဖော်ဆောင်နေတဲ့ အိုးအိမ်စီမံကိန်းအတွက် တာဝန်ပေးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီများက ၎င်းတို့အတွက် ကုန်ကျစားရိတ် သက်သာစေရန်ကိုသာ ဦးစားပေးပြီး ဒေသခံ ပြည်သူများအပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက် နေ မှုများကို လျစ်လျူရှုနေပါတယ်။
ထိုဆောက်လုပ်ရေးဝင်းအတွင်းမှာ အလုပ်သမားများကို မိသားစုများအလိုက် တဲထိုးပြီး နေထိုင်စေပါတယ်။ ဒီဝင်း အတွင်း နေထိုင်တဲ့ အလုပ်သမားတွေဟာ သူတို့၏ နေ့တွက်ကို ပြင်ပမှလာတဲ့ အလုပ်သမားတို့ထက် ကျပ် ၅ဝဝ လျှော့ ၍ ယူရပါတယ်။ ယူပျော်ပါတယ်။ ၎င်းတို့အတွက် မီး ခိုးသွယ်တန်းပေးတာ၊ ရေပိုက်လိုင်းများ ဖောက်၍ သုံးစေတာ တို့ဟာ တနေ့ ငွေကျပ် ၅၀၀ မက တန်လှပါတယ်။
ဒီအလုပ်သမားတွေရဲ့ အညစ်အကြေး စွန့်ပစ်မှုက အနီးပါတ်ဝန်းကျင်ရှိ တိုက်များနေ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သို့သော် ဒါကို သည်းညည်းခံနိုင်ခဲ့ပါသေးတယ်။
အခု မိုးရာသီသို့ ရောက်ခဲ့ပါပြီ။ ဈေးစည်ကားချိန်ပါ မရှောင်၊ ကားကြီးတွေနဲ့ အတင်းဝင်ပြီး အုတ်သဲကျောက် ချထားမှု များကြောင့် ယာဉ်တိုက်မှုများလည်း မကြာခဏ ကြုံခဲ့ရပါတယ်။ ဒီကားကြီးများကြောင့် လမ်းတွေလည်း ချိုင့်ထပြီး ဗွက်ပေါက်နေခဲ့ပါပြီ။ ဈေးသည် တွေလည်း ဈေးကွက် ပျောက်ခဲ့ရပါပြီ။ ဒါကြောင့် မနေနိုင်တဲ့ ရပ်မိရပ်ဖများက လမ်းသွားလို့ ရအောင် ပြုပြင်ပေးဖို့ ဆောက်လုပ်ရေးဝင်း အတွင်း သွားပြောတဲ့အခါ မချေမငံ ပြန်ပြောလွှတ်ကြောင်း သိရှိရပါတယ်။
တနေ့ ကျမ ဈေးအသွား မိုးရွာထားလို့ ချော်နေတဲ့ ဈေးလမ်းပေါ်မှာ ကိုယ်ဝန်သည်တဦးက သတိကြီးစွာထား၍ လမ်းသွားနေစဉ် သဲ ကားကြီးတစီးက အတင်းချိုးဝင်တဲ့အတွက် ထိုကိုယ်ဝန်သည် အမျိုးသမီးမှာ လဲမသွားပေမယ့် ခြေချော်သွားခဲ့ ပါတယ်။ ဒီမြင်ကွင်းကို မြင်ရတဲ့ ကျမ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဈေးမှအပြန် ကျမ၏ ခြေလှမ်းတွေဟာ ထိုဆောက်လုပ်ရေးဝန်းအတွင်းကို ဦးတည် ရောက်သွားခဲ့ပါတယ်။ တဲရှေ့က လူတစုကို ဆိုဒ် တာဝန်ခံ မည်သူလဲ လို့ မေးတော့ အတွင်းမှာ ထိုင်နေသူတဦးကို လက်ညှိးထိုးပြကြပါတယ်။ အဲဒီ လူက ဒေါသတကြီးနဲ့ ထလာတဲ့ပြီး “ဘာကိစ္စလဲ၊ ပြော” လို့ မေးပါတယ်။ ကျမက ကားကြီးများဖြင့် လမ်းများဗွက်ပေါက် ၍ သွားမရအောင် ဖြစ်နေကြောင်း ပြောတဲ့အခါ ကျမ စကားကိုတောင် ဆုံးအောင်မစောင့်တော့ဘဲ “ပြင်မပေးနိုင်ဘူး။ ဒီမှာ လုပ်နေတာ ကုမ္ပဏီ ၆ ခုရှိတယ်” လို့ ဘုပြောပါတယ်။
ကျမက “ဦးလေးနာမည် ဘယ်လိုခေါ်သလဲ”လို့ မေးတဲ့အခါ “ဘာလဲ၊ တိုင်မလို့လား။ ငါ့နာမည် ------ ၊ တိုင်ချင်ရာတိုင်၊ သမ္မတကြီးကို တိုင်ချင်လည်းတိုင်၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။ ကျမလည်း အလွန် ရိုင်းစိုင်းတဲ့သူနဲ့ ဆက် မပြောလိုတော့တာနဲ့ တဲပေါ်မှာ ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖျက်ကနဲကြည့်ပြီး လှည့်ထွက်လာခဲ့ပါတယ်။ အဲဒီ လူဟာ ------- ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံကြီး ဖြစ်ပါတယ်။
ပြည်သူနဲ့ သက်ဆိုင်တဲ့ စီမံကိန်းများကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေဟာ လူမှုရေး တာဝန် သိတတ်သော စီးပွားရေး လုပ်ငန်းများ (Social Responsible Businesses) ဖြစ်သင့်ပါတယ်။ ကျမတို့နိုင်ငံရဲ့ လက်ရှိအနေအထားအရ ဆူညံသံ ၏ တန်ဖိုး၊ ဘိလပ်မြေ ဖျော်စက်များမှ လွင့်လာတဲ့ ဘိလပ်မြေမှုန်များရဲ့ လေထုညစ်ညမ်းမှု တန်ဖိုးတွေအတွက် တာဝန်ခံပေးပါလို့ မပြောလိုသေးပါ။
သို့ပါသော်လည်း ဈေးနဲ့ကပ်လျက် ဆောက်လုပ်နေတဲ့အတွက် ပြည်သူများဈေးသို့ ချောမောစွာ ဝင်ထွက်နိုင်ရန် အတွက် လုပ်ကိုင် ခွင့်ရထားတဲ့ ကုမ္ပဏီတွေက တာဝန်ခံသင့်ပါတယ်။ တာဝန်ခံမ ချထားရာမှာ ဒီလို တာဝန်ခံနိုင်တဲ့ အရည်အချင်း ရှိသူကိုသာ ခန့် ထားသင့်ပါတယ်။
အဲဒီလူနဲ့ တွေ့ဆုံပြီး အိမ်အပြန်လမ်းမှာ ကျမရဲ့ရင်တွင်းကို မေးခွန်းလေးတခု ဝင်လာပါတယ်။ နိုင်ငံတော် အစိုးရက ကျမတို့ပြည်သူ ပြည်သားများကို ကောင်းမွန်လှပတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးနေချိန်မှာ ကျမတို့ ပြည်သူ ပြည်သားများ ကရော ထို လမ်းကြောင်းပေါ်မှာ တာဝန်သိစွာ လျှောက်လှမ်းနိုင်ဖို့ အသင့်ဖြစ်ကြပါပြီလား။
ကျမတို့ မြန်မာနိုင်ငံသားများဟာ မိမိအတွက် အခွင့်အရေးဆိုတဲ့ Right ကိုသာ သိကြပြီး အများပြည်သူများအတွက် တာဝန်ဆိုတဲ့ Responsibility ကို လျစ်လျှူရူတတ်သူများ မဖြစ်စေရန် တင်ပြလိုက်ပါတယ်။
Ref: မဇ္ဈိမ
Wednesday, June 13, 2012
ပြည်သူ့တန်ဖိုးနဲ့ ပြည်သူ့တာဝန် သိစေချင်
Monday, April 9, 2012
ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်သူနိုင်ခဲ့သလဲ
အောင်ဇော်
April 6, 2012
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတခုပါပဲလို့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါကို ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် ဒီရွေး ကောက် ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံတကာက လေ့လာသူတွေရော မီဒီယာတွေပါ တက်ရောက်ခွင့်ရအောင် ဖွင့်ပေး၊ အတတ်နိုင်ဆုံး သမာသမတ် ကျအောင် ကျင်းပပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကိုလည်း ဒီရွေးကောက်ပွဲ နိုင်တဲ့သူတွေစာရင်းထဲ ပါတယ်လို့ပဲ ကျနော် တွက်ဆမိ ပါတယ်။
ဘာကြောင့်လဲဆိုတော့ NLD ပါတီဟာ ပါလီမန်ထဲကို အတိုက်အခံ ပါတီတခုအနေနဲ့ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒါကြောင့် ပါလီမန်ရဲ့ အခင်း အကျင်းဟာ ပြောင်းလဲသွားနိုင်တယ်လို့ မျှော်လင့်မိပါတယ်။ ပြည်သူကို ကိုယ်စားပြုပြီးသွားတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်ထဲမှာ ထင်ဟပ်ဖို့က အရေးကြီးတာကိုး။
“ပြည်သူ့အသံ လွှတ်တော်အသံ” ဆိုတာ လွှတ်တော်ရဲ့ ကြွေးကြော်သံ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီစကားကိုလည်း အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ ပြီးခဲ့တဲ့လက နေပြည်တော်မှာ အင်တာဗျူးလုပ်ခဲ့တုန်းက အကြိမ် ကြိမ်အခါအခါ ပြောခဲ့တာကို ကြားခဲ့ရပါတယ်။ ဒါကြောင့် လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော် မဖြစ်ဖို့ကတော့ သေချာသ လောက် ရှိမယ်လို့ ပြောနိုင်ပါတယ်။ ကဲ … တပွဲတလမ်း အကဲစမ်းရမယ့် အချိန်တော့ နီးလာပြီလို့ပဲ ဆိုလိုက်ချင်ပါတယ်။
NLD ပါတီရဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြုခဲ့တဲ့ ကတိကဝတ်တွေကလည်း ရည်မှန်းချက် အတော်ကြီးမားတာကို တွေ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးလည်း ပါပါတယ်။ ဒါတွေကို NLD ပါတီဘက်က ကတိကဝတ်ပြုတဲ့အတိုင်း မလုပ်နိုင်၊ မဖော်ဆောင်နိုင်ရင် သူ့ရဲ့ ၂၀၁၅ ရည်မှန်းချက်ဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်နိုင်ပါဘူး။
ဒါကြောင့် ဒါတွေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲမှာ အတိုက်အခံပါတီတွေ အားကောင်းဖို့ ကျန်းမာသန်စွမ်းဖို့ လိုပါတယ်။ ဒါကြောင့် လွှတ်တော် ပြန်ပြီးစတဲ့အချိန်မှာ တိုင်းရင်းသား အဖွဲ့တွေ၊ ပါတီငယ်လေးတွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ NLD ပါတီနဲ့ ပေါင်းစပ်မှုတွေ၊ မဟာမိတ် ပြုမှုတွေ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ အားနည်းတဲ့ လွှတ်တော်မဟုတ်ဘဲ ပြည်သူ့အသံကို တကယ်ထင်ဟပ်တဲ့ ပြည်သူ့လွှတ်တော်ဖြစ်လာဖို့ လိုပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ သူ့ရဲ့အစိုးရ ဂုဏ်သိက္ခာ တက်ဖို့အတွက် အတိုက်အခံ NLD ရဲ့အားကို ယူရတာကို တွေ့ရပါတယ်။ ဒါဟာလည်း ပြုပြင်ပြောင်းလဲမှုကို လိုလားတယ်ဆိုတဲ့ သမ္မတနဲ့ သူ့ရဲ့အဖွဲ့ရဲ့ သေနင်္ဂမဟာဗျူဟာတခုပဲလို့ သုံးသပ်မိပါတယ်။
ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားဟာ အရမ်းကို တာသွားပါတယ်။ ဒါကို ဖော်ဆောင်ဖို့အတွက် နိုင်ငံရေး အာသီသ (Political will) ရှိဖို့ လိုတဲ့အပြင် သတ္တိနဲ့ (တခါတရံမှာ) အဖော်ကောင်းလည်း လိုပါတယ်။ ဒါ့အပြင် အခြေအနေနဲ့ အချိန်အခါကို တွက်ဆဖို့လည်း လိုပါတယ်။ ဒါကို သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားသူတွေက တွက်ချက်စဉ်းစားနေခဲ့ပုံ ရပါတယ်။
အစိုးရမှာဆိုရင်လည်း အရင် စစ်အစိုးရ လက်ထက်ကတည်းက တာဝန်ထမ်းဆောင်ပြီး အာဏာစည်းစိမ် ယစ်မူးခဲ့သူတွေ နိုင်ငံတော် ဘဏ္ဍာကို ကိုယ့်ရဲ့ဘဏ္ဍာငွေလို သဘောထားပြီး သုံးစွဲခဲ့သူတွေ၊ အဂတိ အကြီးအကျယ် လိုက်စားခဲ့သူတွေ၊ အလွဲသုံးစား လုပ်ခဲ့သူတွေ၊ လူမှန် နေရာမှန် မဟုတ်တဲ့သူတွေ၊ ရှေ့မတိုး နောက်မဆုတ်ချင်သူတွေ၊ ခြံစည်းရိုး ခွထိုင်နေသူတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။
ဒါတွေကို သမ္မတ ဦးသိန်းစိန်က ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အားလုံးက စိတ်ဝင်တစားနဲ့ ဆွေးနွေးနေကြတယ် ဆိုတာကို မြန်မာ ပြည်ကို ပြီးခဲ့တဲ့ မတ်လအတွင်း ကျနော် ဒုတိယအကြိမ် ပြန်ခဲ့တုန်းက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြားခဲ့ ဆွေးနွေးခဲ့ရပါတယ်။ ရှေ့ဆက် သွားဖို့အတွက် အဟန့်အတား ဖြစ်နေသူတွေကို အစိုးရက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ကို ပြည်သူတွေက လိုလားနေပါပြီ။
ဒါကြောင့် သမ္မတရဲ့ ရှိနေပြီးသားနဲ့ တရိပ်ရိပ်တက်လာနေတဲ့ သူ့ရဲ့ပုံရိပ်ဟာ နောက်ကြောင်း ပြန်လှည့်ချင်သူတွေကြောင့် အနုတ် လက္ခဏ ဆောင်လာနိုင်တယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။
ဦးသိန်းစိန်ဟာ မြန်မာပြည်မှာ ရာဇဝင်မကောင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လိုမျိုး မဟုတ်ဘူးလို့ ယူဆရပါတယ်။
သူဟာ အေးဆေးတည်ငြိမ်စွာနဲ့ တဖက်သားရဲ့စကားကို နားထောင်တယ်၊ ဆုံးဖြတ်ချက်တခုကို ချဖို့အတွက် ဘက်ပေါင်းစုံက စဉ်း စားပြီးတော့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တချို့ သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ အားလုံးအတွက် အံ့အားသင့်စရာတွေ (ဝမ်းမြောက်စရာတွေ) လည်း ပါခဲ့သလို အားမလိုအားမရ ဖြစ်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့နောက်မှာ အစိုးရအဖွဲ့က တတပ်တအားနဲ့ ဘယ်လောက် ရှိနေသလဲ၊ တပ်မတော်ရော ဘယ်လောက် အတိုင်းအတာထိ ပါနေသလဲ။ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကရော သူ့နဲ့ တစည်းတလုံးတည်းပဲ ရှိနေသလား ဆိုတာကတော့ မေးခွန်းထုတ် စရာပါပဲ။ သူ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတာတော့ အမှန်ပါပဲ။
ဒါ့အပြင် လွှတ်တော်ထဲမှာ ဆိုရင်လည်း သြဇာအာဏာ တည်ဆောက်နေသူတွေ၊ ၂၀၁၅ အတွက် ခြေလှမ်းပြင်နေသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ဟာကွက်နဲ့ မှားကွက်ကို မျက်လုံးဒေါက်ထောက် ကြည့်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန် ရလိုက်တဲ့ အပေါင်းလက္ခဏာတွေပါပဲ။ (ကြံ့ခိုင်ရေးပါတီက တဝက်နိုင်၊ NLD ပါတီ က တဝက်နိုင် ဆိုရင်တောင် ဒီပွဲကို အားပါးတရ လက်ခုပ်တီး ကြိုဆိုမယ့်သူ နည်းမှာ အမှန်ပါပဲ။) အခုဆိုရင် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ သူလည်း နောက်ပြန် မဆုတ်တော့ပါဘူး။ ရှေ့ကို တဆင့်ချင်း တိုးနေတာပါ။ ဥရောပ သမဂ္ဂက ဒီလထဲ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် မြန်မာ့အပေါ်ထားတဲ့ မူဝါဒ ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲမှာ တော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချတဲ့ မူဝါဒကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့များပါတယ်။ ဒါဟာ သတင်းကောင်း လို့ပဲ ဆိုချင်ပါတယ်။
အခု ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မှာကျင်းပတဲ့ အာဆီယံအသင်းကြီးရဲ့ အစည်းအဝေးမှာ မြန်မာဟာ အတော်ကို မျက်နှာရခဲ့တာ တွေ့ရ ပါတယ်။ ပိတ်ဆို့မှု ရပ်တန့်ဖို့ကို တညီတညွတ်တည်း မြန်မာဘက်ကရပ်ပြီး ပြောခဲ့ပါပြီ။ အရင်ကဆိုရင်တော့ မြန်မာတက်တဲ့ ပွဲတိုင်းဟာ လူကြမ်းမင်းသား လမ်းမတော် ဖိုးတုတ် ဘုရားစောင်းတန်း တက်သလိုမျိုး ဝိုင်းပြီး ဝေဖန်ကဲ့ရဲ့တာတွေပဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဖနွမ် ပင်မှာ မြန်မာက မျက်နှာပန်းလှပါတယ်။ ဦးသိန်းစိန်ရဲ့ သပိတ်ဝင် အိတ်ဝင်ပွဲပါပဲ။
မြန်မာဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ရင်းနဲ့ နိုင်ငံတကာကို တဖြည်းဖြည်းနဲ့ ပြန်ပြီးဝင်ဆံ့လာမယ့် ခြေလှမ်းတွေကို တွေ့ရပါ တယ်။ ဒီခြေလှမ်းတွေဟာ ရှေ့ကိုတက်ရမယ့် ခြေလှမ်းတွေပါ။ နောက်ကို မဆုတ်ပါနဲ့၊ ရှိနေတဲ့နေရာမှာပဲ ရပ်မနေပါနဲ့လို့ ပြောပါရစေ။ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း ဒီနေ့တော့ ကျည်ဆံရထား စီးနေရသလို ခံစားရပြီး နောက်နေ့တွေကျတော့ နွားလှည်းနဲ့ပဲ ဒီခရီးကို ဆက်သွားနေရတယ်လို့ ခံစားနေရင်တော့ အသွင်သစ် ကူးပြောင်းရေးကာလမှာ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုဟာ ရေရှည်တည် တံ့ဖို့ ခက်တယ်လို့ပဲ မြင်ပါတယ်။ ဒါဟာ အတုကြီးလို့ မြင်သွားရင် သမ္မတ ဦးသိန်းစိန် ချောက်ကျမယ့် ကိန်းပါပဲ။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်တဲ့အခါမှာ စီးပွားရေးဟာ အခရာကျတယ်ဆိုတာ သဘော ပေါက် ခဲ့ပုံရပါတယ်။ ဒါကို မဖော်ဆောင်နိုင်ရင် စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေနဲ့ ကုန်ဈေးနှုန်းတွေက သူ့အစိုးရကို ဆွဲချသွားမှာကို သိနေ တာကိုး။
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ်ခုစလုံးဟာ ဟန်ချက်ညီညီနဲ့ ထိန်းကျောင်းသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြီးတာနဲ့ အချိန်ကိုက်ပဲ မြန်မာကျပ်ငွေ လှဲလှယ်ရေးနှုန်းထားကို တရားဝင် ပြင်ဆင်ဖို့ ဦးသိန်းစိန်အစိုးရက ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံတကာ စီးပွားရေးသမားတွေကိုလည်း ဖိတ်ခေါ်နေပြီ ဖြစ်ပါတယ်။ စိတ်ချလက်ချ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံ လာနိုင်ဖို့အတွက် ဥပဒေတွေ ရေးဆွဲဖို့လည်း လွှတ်တော်မှာ ပြင်ဆင်နေကြပါတယ်။
ပိတ်ဆို့မှုတွေကို ဖြေလျှော့နေချိန်မှာ အထဲက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အင်တိုက်အားတိုက် (အာဏာစက်ကိုပါသုံးပြီး) လုပ်နိုင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်သလို ပြည်တွင်းမှာလည်း ပြည်သူပြည်သားတွေရဲ့ ဓနအင်အား တိုးတက်လာမှာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်ပြီးကာမှ စီးပွားရေး ဦးမော့အောင် မလုပ်နိုင်ရင် ဘယ်သူ့ကို အပြစ်တင်ကြမှာလဲ။ ပိတ်ဆို့အရေးယူတွေနဲ့ အနောက်နိုင်ငံတွေကို လက်ညှိုးထိုးလို့ မရတော့တာကတော့ အသေအချာပါပဲ။ (လောလောဆယ်မှာတော့ မြန်မာပြည်မှာ အရမ်းချမ်း သာနေသူတွေနဲ့ မွဲတေနေသူ လူတန်းစားနှစ်ရပ် ကြီးစိုးနေပြီး ချမ်းသာဆင်းရဲ ကွာဟမှုက အရမ်းကြီးတာ တွေ့ရပါတယ်။)
သမ္မတ ဦးသိန်းစိန်က ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေချိန်မှာ သူဟာ ပြည်တွင်းက အားရော ပြည်ပက အားကိုပါယူပြီး သူ့ရဲ့စိန်ခေါ်မှုတွေကို သူကပြန်ပြီး အသံတိတ် စိန်ခေါ်ရင်း ဖော်ဆောင်နေတာလို့ သုံးသပ်မိပါတယ်။ ဒါကြောင့် မနှစ်ကနဲ့တောင်မတူဘဲ သမ္မတရဲ့အပေါ် ပြည်တွင်းပြည်ပက ယုံကြည်မှုနဲ့ ကိုးစားမှုက မြင့်တက်နေတာ သိသာပါတယ်။
ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အတိုင်းအတာအရ သေးငယ်တယ်ဆိုပေမယ့် မြန်မာပြည်အတွက် ရှေ့ဆက်တိုးဖို့အတွက် ထပ်ဖွင့်လိုက်တဲ့ တံခါးချပ်တခုပဲလို့ မြင်မိပါတယ်။ ဆက်ဖွင့်ဖို့ လိုပါဦးမယ်။ ယုံကြည်မှုတွေ အခိုင်အမာ တည်ဆောက်ဖို့ လိုပါဦးမယ်။ အကြွင်းအကျန် သံသယတွေ ထပ်ရှင်းသွားဖို့ လိုပါဦးမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ဖို့၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့တွေ ကျန်ပါသေးတယ်။ ပြည်သူပြည်သားတွေရဲ့ ဘဝတွေ တိုးတက် ကောင်းမွန်လာဖို့ လိုပါတယ်။
ကိုယ့်တိုင်းသူပြည်သား အချင်းချင်း ဂုတ်သွေးစုပ်ထားတဲ့သူတွေ၊ ကိုယ့်အိပ်ကပ်ထဲ အကုန်ထည့်ထားတဲ့သူတွေ၊ ရှေ့မတိုးဘဲ ကိုယ့် ရဲ့တွင်းလေးထဲမှာပဲ ပျော်ပိုက်နေသူတွေ၊ လူမှန် နေရာမှန်တော့ ရောက်ဖို့လိုပါတယ်။ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ အတိုက်အခံ NLD ပါတီရဲ့ အောင်ပွဲ၊ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူတွေရဲ့ အောင်ပွဲသာမက ပြုပြင်ပြောင်းလဲရေးတွေမှာ NLD က အားကောင်းကောင်းနဲ့ ပါဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးလိုက်နိုင်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အောင်ပွဲလည်း ဖြစ်တယ်လို့ မြင်မိပါတယ်။
Ref: ဧရာဝတီ
Wednesday, April 4, 2012
“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”
ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ်
ယခုအချိန်သည် ခေတ်သစ်တခု၏ အစဟု မျှော်လင့်ပါကြောင်း တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိခဲ့အပြီး အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
“ဒါဟာ ခေတ်သစ်ကြီးတခုရဲ့အစလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်သို့ ရောက်ရှိလာသော ရာပေါင်းများစွာသော လူထုကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာအနက် နေရာ ၄ဝ ၏ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တနင်္လာနေ့ တွင် ထုတ်ပြန်ရာ NLD က နေရာ ၄ဝ လုံး အနိုင်ရရှိထားသည်ဟု ဆိုသော်လည်း NLD ကမူ ၎င်းတို့ ၄၃ နေရာ အနိုင်ရရှိပြီးဖြစ်ကြောင်း တရားဝင် မဟုတ်သေးသော ရလဒ်များကို အခြေခံကာ ပြောဆိုထားသည်။
ဤရွေးကောက်ပွဲကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို အလျှင်အမြန် ရုပ်သိမ်း လာဖွယ် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲမွဲတေမှုဒဏ်ကိုခံနေရသော နိုင်ငံမှလူပေါင်းသန်း ၆ဝ အတွက် အပြောင်းအလဲများ ဖြစ်ပေါ်လာ အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
“ကျနော်တို့ အလုပ်လိုချင်တယ်၊ မီးလိုချင်တယ်၊ ရေလိုချင်တယ်။ အခုက သိပ်ဒုက္ခ ရောက်တယ်။ ဒေါ်စုက သိပ်သြဇာကြီး တယ်။ ဒီတော့ ကျနော်တို့နိုင်ငံကို ပြောင်းလဲလာ အောင်လုပ်နိုင်မှာပဲ” ဟု လမ်းဘေးတွင် အဝတ်အထည် ရောင်းချသူ ကိုသိန်းတန်က တနင်္ဂနွေနေ့ က ပြောသည်။
တနင်္လာနေ့က NLD ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုက “အခုက စပြီး ကျမတို့ နိုင်ပြီလို့ မစဉ်းစားရဘူး။ တာဝန်ထမ်းဆောင်ဘို့၊ အလုပ်လုပ်ဘို့အတွက် အစလို့ပဲ တွေးရမယ်” ဟု ပါတီမှ ရွေးကောက် တင်မြှောက်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များကို သတိပေး ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားသော ဝန်ကြီးများကို မိမိ၏ ဝန်ကြီးအဖွဲ့မှ မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ အောက်ခြေနှင့် အလယ်အ လတ်အဆင့်ရှိ အုပ်ချုပ်ရေး ယန္တရားအတွင်း ရှိနေသော ကြိုးနီစနစ်ကို မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့်လည်း ကောင်း ယခုကဲ့သို့ မဲဆန္ဒရှင် အများစုက အာဏာရပါတီကို ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြခြင်း ဖြစ်ကြောင်း အကဲခတ်အချို့က သုံးသပ် ပြောဆိုနေ ကြသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေဖြစ်သော နေပြည်တော်တွင်ပင် NLD ကို ရှုံးနိမ့်ခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ရွေးကောက် တင်မြှောက်ခံခဲ့ရသော ဇမ္ဗူသီရိ မဲဆန္ဒနယ် အပါအဝင် နေပြည်တော် ၄ နေရာလုံးတွင် NLD က အနိုင်ရရှိသွားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသော ဦးညိုအုန်းမြင့်ကမူ NLD အနေဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သင့်မြတ်စွာ ဆက်ဆံသင့်ကြောင်း ပြောသည်။
“စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ ခုလို အပြတ်အသတ်နိုင်တာဟာ နှစ်ပေါင်း ၅ဝ ကျော် အာဏာရယူထားခဲ့တဲ့ အစိုးရ အတွက် ခြိမ်းခြောက်မှု တရပ်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရပါတီကို ပြေပြေလည်လည်ဘဲ ဆက်ဆံ ချဉ်းကပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျနော်တ ကယ့်ကို စိုးရိမ်ပါတယ်။ အာဏာရပါတီထဲက လက်ရှိခေါင်းမာသူတွေ တကယ့်ကို ကြောက်သွားမှာ စိုးရိမ်မိပါတယ်။ ဒါဟာ သူတို့အတွက် အခုကနေ ၂ဝ၁၅ ခုနှစ်အထိ အလွန်စိုးရိမ်စရာ ကိစ္စတရပ် ဖြစ်နေမှာပဲ” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။
ဤအတောအတွင်း အခြားပုဂ္ဂိုလ်များကမူ ယခုအခြေအနေကို ရှေ့တွင် ရရှိလာမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်နေကြသည်။
“ဒါဟာ မြန်မာနိုင်ငံအတွက်တော့ လာမယ့် အာရှရာစုမှာ လက်တွဲပါဝင်နိုင်ဘို့ ရှည်လျားတဲ့ ဖြစ်စဉ်ကြီးရဲ့ အစပါပဲ” ဟု ကမ္ဘောဒီးယား အခြေစိုက် Leopard Capital တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဒေါက်ဂလပ်စ် ကလေတန် က ပြောဆိုလိုက်သည်။ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းသွားသည်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁ဝဝ ရံပုံငွေတရပ် ရှာဖွေရန် ဤကုမ္ပဏီက စီစဉ်ဆောင်ရွက်နေ သည်ဟု သူက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
“အခုရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုကို ဆက်ထားဘို့ဆိုတာ အကျိုးအကြောင်းပြ စရာသိပ်မရှိတော့ပါဘူး” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူထမ်းဆောင်ရမည့် လွှတ်တော်တာဝန်များ အပေါ်သာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပါတီတွေအနေနဲ့ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာအောင် ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာတရပ်ကို နောက်ပိုင်းတွင် ထုတ်ပြန်သွား မည်ဟုလည်း ပြောဆိုခဲ့ သည်။
သို့သော် သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အနေဖြင့် လွှတ်တော်အမတ် နေရာအားလုံး၏ ၈ဝ% ကျော် ကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။
ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်ရန်အတွက် အမေရိကန်၊ EU နှင့် အိမ်နီးချင်း နိုင်ငံများမှ သတင်းထောက်များ ကို မြန်မာနိုင်ငံက အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲများသည် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါ သော အချိန် ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒများကို သေသေချာချာ ပြန်လည် လေ့လာသုံးသပ်သင့်ပြီ” ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှတန်က မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ မသမာမှုများ၊ လိမ်လည်မှုများ တနင်္ဂနွေနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထား ခဲ့ကြသော်လည်း အသေးအဖွဲ တချို့တလေမှအပ ထင်သလောက် ဖြစ်မလာခဲ့ကြောင်း တွေ့ရသည်။ အကဲခတ် အများအပြားကမူ ယခု ကြားဖြတ်ရွေး ကောက်ပွဲသည် အာရှစံချိန်နှင့် ကြည့်လျှင် အံ့အားသင့်စရာ ကောင်းလောက် အောင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
ထိုအတောအတွင်း နိုင်ငံ့ခေါင်းဆောင်အများအပြားနှင့် အကဲခတ်များကမူ သမိုင်းတွင်မည့် မဲပေးမှုအပေါ် အဆိုးအကောင်း ဝေဖန်ပြော ကြားရန် ချိန်ဆဆဲရှိကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ရွေးကောက်ပွဲသည် “လွတ်လပ်၊ မျှတ၍ ထင်သာမြင်သာရှိသော” ရွေးကောက်ပွဲ ဖြစ်ကြောင်း အာဆီယံ ထိပ်သီးအစည် အဝေး မတိုင်မီ ဖနွမ်းပင်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အေပီသတင်း ဌာနက သတင်းပေးပို့ထားသည်။
အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင်မူ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် စူဝမ်က ရွေးကောက်ပွဲ မဲလာထည့်သူဦးရေ များပြားသည်ဟု အကဲခတ်များက သတင်း ပေးပို့လာကြောင်း၊ အင်ဒီနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာ နိုင်ငံတွင် မကြာသေးမီ ကာလများက ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ သည် `နောက်ကြောင်းပြန်လှည့်´ တော့မည် မဟုတ်ကြောင်း ယခု ရွေးကောက်ပွဲများက နောက်ထပ် အာမခံပေးလိုက် ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ယခု ရွေးကောက်ပွဲကို အရေးပါသော ရှေ့သို့ တိုးတက်မှုကြီးတရပ်ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကား က တနင်္လာနေ့က ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲတွေဟာ တကယ့်ကို စစ်မှန်တယ်ဆိုတာ သိရတာနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ ကျနော်တို့စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုလိုက်သည်။ သို့သော် ယခုထက်ထိ မြန်မာနိုင်ငံတွင် စာအုပ်စာတန်းများအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများလည်း ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းကိုလည်း သူက သတိပေး ပြောဆိုလိုက်သည်။
“ခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ စဉ်းစားဆောင်ရွက်တာဟာ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်လာတာနဲ့ အချိုးညီပဲ ဖြစ်ပါလိမ့်မယ်။”
အရှေ့တောင် အာရှနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ တို့နှင့်ဆွေးနွေးပြောဆိုပြီးမှသာ ထိုကိစ္စများကို ဆက်လက်
ဆောင်ရွက်မှာဖြစ်သည်ဟုလည်း ဘော့ကား က ပြောဆိုသွားသည်။
ယခု ရွေးကောက်ပွဲများ ပြီးနောက် နွားတင်းကုပ် ဟု ချစ်စနိုးခေါ်ကြသော NLD ရုံးချုပ် သည် ကမ္ဘာသိ အတိုက်အခံ ဒေါ်အောင်ဆန်း စုကြည် နှင့် သူမပါတီအတွက် သင်္ကေတ သစ်တခု ဖြစ်လာတော့မည် ဖြစ်သည်။ အာရှနိုင်ငံများသို့ သွားရောက်ကြသော ကမ္ဘာလှည့် ခရီးသည်များအတွက် အရေးတကြီး သွားရောက်ကြည့်ရှုရမည့် နေရာ တနေရာ ဖြစ်လာခဲ့ပြီဟု ဝေါစထရိဂျာနယ် သတင်းထောက် ပက်ထရစ်ဘာထရာ က သတင်းပေးပို့ ထားသည်။
“ထိုင်းက ပင်လယ်ကမ်းခြေတွေကို သွားရင် ဒီကိုကော ဘာလို့ မလာရမှာလဲဗျာ” ဟု ဘယ်လ်ဂျီယံ လူမျိုး ခရီးသည် အသက် ၂၄ နှစ် အရွယ် ဗင်ဒင်ဘရွတ် က ဒေါ်အောင်ဆန်း စုကြည် အမှတ်တရ ပြက္ခဒိန်နှင့် တီရှပ်များကို ရွေးချယ် ဝယ်ယူရင်း ပြောကြားလိုက်သည်။ ထိုအထဲတွင် သူမရုပ်ပုံနှင့် “ကျမ အားလုံးကို မေတ္တာထားပါတယ်” ဟူသော စာတန်းပါ တီရှပ်တထည်လည်း ပါဝင်သည်။
စားပွဲပေါ်တွင် ဒေါ်စုပုံပါ တီရှပ်များ၊ ပိုစတာများ၊ သော့ချိတ်များ၊ ဘေ့စ်ဘော ဦးထုပ်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်စုပုံများ အပြည့်အလျှံရှိနေသည်။ ထူးခြားသည်မှာ ဧပြီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် ဒေါ် အောင်ဆန်း စုကြည်အကြောင်း သော်လည်းကောင်း၊ NLD အကြောင်းသော် လည်းကောင်း ရေးသားဖော်ပြထားခြင်း မရှိပေ။ အစိုးရအဖွဲ့ဝင် အရာ ရှိကြီးများ မဲပေးနေပုံ များကိုသာ ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုမှစ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှ အသစ်စက်စက် NLD အမတ်များကို စည်းရုံး လေ့ကျင့်သည့်အလုပ်သို့ ပြောင်းလဲ လုပ်ဆောင်ရတော့မည် ဖြစ်သည်။ တချိန်တည်းတွင် လက်ရှိ အစိုးရ ရာထူးကြီးများ ရယူထားကြ သည့် ဗိုလ်ချုပ်ဟောင်းများနှင့် သူတို့အကြား ရှိနေသည့် အတွေးအခေါ် ကွာဟာမှု ကိုလည်း ပေါင်းကူးတံတားထိုးပေးဘို့ ကြိုးပန်း ရဦး မည် ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံများအတွက် စိတ်ဓါတ် အသစ်နှင့် အာရုံစူးစိုက်စရာအသစ်ကို သူမက ဆောင်ကြဉ်းလာမည် ဖြစ်သည်။
စီးပွါးရေးမြို့တော် ရန်ကုန်မြို့မှ ၄ နာရီကြာ ကားမောင်းသွားရသည့် နေပြည်တော်တွင် နေထိုင်ရန် ဒုတိယ အိမ်တလုံး ကို သူမ ရှာဖွေ နေကြောင်းဖြင့် သတင်းထောက်များကို တနင်္လာနေ့က သူမက ပြောကြားခဲ့သည်။
“ကျမမှာ ခွေးလေးတကောင် ရှိတာကိုလည်း မမေ့ကြပါနဲ့။ သူ့ကို ကျမနဲ့အတူ ခေါ်သွားရမှာပါ” ဟု ရယ်ရွှန်းပြောရှာ သည်။
သူ့သားငယ် ကင်မ်က လက်ဆောင်ပေးခဲ့သော ခွေးကလေး တိုက်ချိတို သည် နေပြည်တော်တွင် လူအများ စိတ်ဝင်စား စရာ အထူး အဆန်း ဖြစ်လာလိမ့်မည်ဟု ရိုက်တာ သတင်းထောက် အင်ဒရူးမာရှယ် က ရေးသားထားသည်။ နေပြည်တော်သည် ယခု အချိန်ထိ နိုင်ငံခြားသံရုံးများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အလွန်ငြီးငွေ့ဖွယ် ကောင်းပြီး ဒေါ်စု လွှတ်တော်သို့ ရောက်ရှိလာသည့်အတွက် ထိုကိစ္စမှာလည်း အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။
Ref: မဇ္ဈိမ
Tuesday, January 24, 2012
ဒီမိုကရေစီစနစ်နှင့် မြန်မာ့တပ်မတော် ပြောင်းလဲရေး
အောင်လင်းထွဋ်
January 23, 2012
ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေး ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဖိအားပေးတိုက်တွန်းမှုများ အားကောင်းခြင်း၊ မြန်မာ့စစ် ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် မအောင်မြင်သော မူဝါဒများကို သဘောပေါက် ဝန်ခံလာခြင်းနှင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း သို့ နောက်မဆုတ်တမ်း စတင် ခြေလှမ်းလှမ်းနေခြင်းတို့ကို အငြင်းပွားစရာရှိမည် မထင်ပါ။
သို့သော် နှစ်ပေါင်း ၅၀ တိုင်နိုင်ငံ၏ အလုံးစုံအာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး လမ်း ကြောင်း သို့ လက်တွဲခေါ်ယူသွားနိုင်ရေး၊ ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေး တို့ကိုမူပြည်သူလူထု အနေဖြင့်မိသားစု စိတ်ဓာတ် ဖြင့် ဝိုင်းဝန်းစဉ်းစားပေးရန် လိုမည်ဖြစ်ပါသည်။
မြန်မာ့ တပ်မတော်၏ ဆောင်ပုဒ်တွင် “ရဲဘော် မကောင်းတာ မရှိခေါင်းဆောင် မကောင်းတာသာရှိ ပါသည်” ဟု ရှိသည်။ ဆိုလို သည်မှာ တပ်မတော်တွင်ခေတ် အဆက်ဆက် စစ်အာဏာရှင် စစ်ဦးစီးချုပ် တဦးမှလွဲ၍ လက်အောက် ကျန်ရှိသူ အားလုံးသည် ရဲဘော်များသာ ဖြစ်ကြပါသည်။ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်၏ အောက်တွင် “ပေးတာယူ ၊ ကျွေးတာစား ပြန်မပြောနဲ့ ထောင်ထဲရောက်သွားမည်” ဆိုသည့် ဆောင်ပုဒ်အောက်တွင် စစ်ကျွန်ဘဝဖြင့် အားလုံးနေခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အာဏာ ရှင် ကြီးက သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ်ဟု လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း တပ်မတော်သည် သံဃာနှင့် ပြည်သူများ၏ မုန်းတီးနာကျည်းမှုကို ခံနေရသည်။ ထို့ကြောင့် တပ်မတော်သားတို့ အနေဖြင့်လည်း ပြည်သူနှင့် အတူပြုပြင်ပြောင်း လဲ ရေး လမ်းကြောင်းတွင် လက်တွဲလျှောက်လှမ်းနိုင်ရေး လမ်းဖွင့်ပေးရမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်နှင့် အညီမြန်မာ့တပ်မတော်ဖြစ်ရေး အတွက်အဓိကအားဖြင့် တပ်မတော်အရာရှိ အရာခံ အကြပ်တပ်သားများ၏ အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။အခြေခံတပ်သားအဆင့်၊ ဗိုလ်လောင်းအဆင့်တို့ တပ်မတော်ထဲ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ဝါရင့်ဗိုလ်လောင်း၊ ဝါရင့်စစ်သည်များ၏ အပြစ်ပေးနှိပ်စက်ခြင်း၊ အနုနည်း ဖြင့်ဆုံးမခြင်းတို့ ခံခဲ့ရသည်။ ဤသို့အားဖြင့် “မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ ပြည်သူလူထု၏ အားကိုးရာဖြစ်သည်”၊ “တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များသည် တိုင်းတပါးကို အားကိုးပြီး မြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံထူ ထောင်လိုသူများဖြစ်ကြသည်”၊ “ပြည်တွင်းအတိုက်အခံ အဖွဲ့စည်းများသည်လည်း တပ်မတော်ကိုဖြိုခွဲပြီး နိုင်ငံရေးအာဏာ ကိုရ ယူကာ နိုင်ငံကိုရောင်းစားမည့်သူများဖြစ်သည်” အစရှိသည်ဖြင့်ဝါဒဖြန့်ချိရေးစကားလုံး ပေါင်းစုံဖြင့် ဦးနှောက်ဆေးကြောခြင်း (BrainWash) ကို စစ်ဗိုလ် စစ်သားတိုင်း ခံခဲ့ရသည်။
ထို့ကြောင့် လက်ရှိခေတ်နှင့်အညီ ပြောင်းလဲရမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရေးအတွက် အထက်ပါ အတွေးအခေါ်များကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ပြန်လည်၍ ဦးနှောက်ဆေး ကြောပေးခြင်းပြုလုပ်ရပေမည်။
တပ်မတော်သည်အမိန့်အာဏာဖြင့် ဖွဲ့စည်းထားသောကြောင့်တပ်ကို တာဝန်ယူသော အရာရှိတပ်စုမှူးမှသည်စစ်ဦးစီးချုပ် အဆင့်ဆင့် သည်တပ်မတော် အတွေးအခေါ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်။တပြိုင်တည်း မှာ ပင်တခြားအဆင့် စစ်သည်အားလုံးကိုလည်း“ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ”ဆိုသည့်ဆောင်ပုဒ်ကိုနားလည် သဘော ပေါက်ရေးတန်ပြန်လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယနေ့ မြန်မာ့တပ်မတော် အရာရှိကြီးငယ် အများစုသည်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်၊ရုရှား၊ အိန္ဒိယနိုင်ငံများတွင်သာ စစ်ပညာ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။စစ်လက်နက်ပစ္စည်းများကိုလည်း အဆိုပါနိုင်ငံများနှင့်မြောက်ကိုးရီးယားနိုင်ငံမှ ရောင်းချပေးခဲ့သည့် လက်နက်နှင့်နည်းပညာများကိုသာကိုင်တွယ်သုံးစွဲနေကြသည်။ထို့ကြောင့်အနောက်နိုင်ငံ တပ်မတော်များနှင့် ကင်းကွာခဲ့ပြီး အတွေး အခေါ်ပိုင်းဆိုင်ရာတွင်အာဏာရှင်တပ်မတော် အတွေးအခေါ်ကို မသိမသာသွတ်သွင်းခံထားရသူများ ဖြစ်သည့်အတွက် ဒီမိုကရေစီ တပ်မတော်တခု၏ သိက္ခာ၊ ပြည်သူလူထုအပေါ် ကျင့်ကြံဆက်ဆံရမည့် စည်းကမ်းများကို မေ့လျော့နေသည့်သဘော မြင်တွေ့နေ ရသည်။
အမှန်တကယ်တွင်မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသောတပ်မတော်၊ဗိုလ်ချုပ်အောင်ဆန်းစတင်ထူထောင်သော တပ်မတော်ဖြစ်သကဲ့သို့တပ်မတော်၏ နည်းဥပဒေများသည်လည်းစည်းကမ်းစနစ် ကောင်းမွန်သော ဗြိတိသျှတပ်မတော်နှင့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိရှိသော ဂျပန်တပ်မတော်တို့ကို အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ယနေ့တိုင်လည်း အဆို ပါစည်းမျဉ်းစည်းကမ်းများ တည်ရှိနေဆဲဖြစ်သည်။
ဥပဒေကို စာအုပ်အထဲတွင်သာထားပြီးစစ်အာဏာရှင်၏ နှုတ်ကထွက်လာသောအမိန့်ဖြင့်တပ်မတော်ကို စေခိုင်းနေခြင်း ကြောင့်သာ တပ်မတော်သည်သံဃာကို သံဃာမှန်းမသိ၊ပြည်သူကို ပြည်သူမှန်းမသိ၊တိုင်းရင်းသားအချင်းချင်းကို ရန်သူဟု သတ်မှတ်နေ ကြ သည်။အကယ်၍ နှုတ်မိန့်ကို အာခံခဲ့ပြန်လျှင်လည်းကျူပင်ခုတ်ကျူငုတ်မကျန်အောင် အဖိုးအဖွား အဖေအမေမကျန်သားစဉ် မြေး ဆက် ဒုက္ခရောက်အောင် လုပ်ပြခဲ့သည့်အတွက်ကြောင့်လည်း မည်သူမျှ မလှန်ရဲ။ဒုတိယ စစ်ဦးစီးချုပ်မှသည် တပ်သားအထိ တပ်မတော်သည်အာဏာရှင်စနစ်၏ အောက်စစ်ကျွန်သဖွယ် နေခဲ့ရသည်။ထို့ကြောင့်တပ်မတော်ကိုလည်း စစ်ကျွန်ဘဝမှ လွတ် မြောက်ရေးပြည်သူများအနေဖြင့်လည်း ကယ်တင်ရမည်ဆိုသည်ကိုသတိမမေ့ဖို့ လိုပါသည်။
တပ်မတော်အား ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲနိုင်ရေး လက်ရှိအခြေအနေတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေသောဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စဉ်းစားချင့်ချိန်ပြီးပြေပြေလည်လည် ပူးပေါင်း ဆောင် ရွက် နိုင်မှသာလမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။
စစ်သားများ၏စိတ်ထဲတွင် အရိုးစွဲနေသော ယူဆချက်တခု ရှိသည်။ “ငါတို့ အသက်တောင် အသေခံရဲသေးတာပဲ၊ငါတို့ကို လာမ စော်ကားနဲ့၊ဘယ်သူမှ ဂရုမစိုက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။စစ်သားကိုညင်ညင်သာသာပြောတတ်ဆိုတတ် စည်းရုံးတတ်ရန် လိုသည်။အတိုက်အခံရော အစိုးရပါ စစ်သားများ၏ ခံစားချက်ကို နားထောင်ပေးရန် လိုသည်။
မြို့နေစစ်ဗိုလ်ချုပ်တစုနှင့် မိသားစုကိုသာကြည့်ပြီးအများထင်သကဲ့သို့ စစ်တပ်ကြီးတခုလုံးကောင်းစားနေသည် မဟုတ်ပါ။ တချို့ နယ်စွန် နယ်ဖျားများတွင် မြို့နေပြည်သူလူထုထက် ဒုက္ခရောက်နေသူစစ်သည်နှင့် မိသားစုအများအပြား ရှိပါသည်။ စစ်အာဏာရှင် စနစ်၏ ဒဏ်ကို ပြည်သူလူထုနှင့်အတူ စစ်သားများလည်း ခံကြရသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မိဘသဖွယ်သဘော ထားပြီး စစ်ကျွန်ဘဝရောက်နေသော တပ်မတော်သားများကိုအပြောမဟုတ်လက်တွေ့ကျကျ နွေးထွေးစွာ လက်ကမ်းကြိုသင့် ပါ သည်။တပ်မတော်သားများဘက်မှလည်းပြည်သူဘက်မှ ကြိုဆိုလာသောလက်များကို ယုံယုံကြည်ကြည်ဖြင့်လက်ခံပြီး မိဘရင်ခွင်ကို ပြန်ဝင်ရန် အချိန်တန်ပြီဟုတိုက်တွန်းချင်ပါသည်။
အစိုးရအနေဖြင့် တပ်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်မျိုးဖြစ်ရန် ရည်ရွယ်သကဲ့သို့ စစ်မှုထမ်းအားလုံးကိုလည်း စိတ်ဓာတ် စည်းကမ်းနှင့် ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေးလည်း ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ထို့အပြင်လျော့လျဲပြန့်ကျဲစွာ မြန်မာနိုင်ငံ နေရာအနှံ့ ဖွဲ့စည်းထားသော တပ်များကိုကျစ်လစ်သိပ်သည်းစွာ ပြန်လည်စုဖွဲ့သင့်သည်။
စစ်တပ်အင်အား အဆမတန်ချဲ့သည့်အတွက် တပ်သားသစ် စုဆောင်းမရသောအခါ အရွယ်မရောက်သေးသော ကလေးပါမကျန် စစ်သားစုရသည့် အဖြစ်မျိုး နောင်မဖြစ်ပေါ်လာစေရန် ဖြစ်သည်။ စစ်သည်နှင့်မိသားစုတို့၏ အတွေးအခေါ်အသစ်များ ဒီမိုကရေစီ စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲလာရေး တပ်တွင်းသင်တန်း၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ယခင်အတွေးအခေါ် ဟောင်း များ ကို ပစ်ပယ်ပြီး ဒီမိုကရေစီအတွေးအခေါ် အကြောင်းများကို စတင်ပို့ချသင့်ပြီဖြစ်သည်။
ယခင် စစ်အာရှင်စနစ်၏အမွေးဆိုးများကြောင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များကို ရပ်တန်းကရပ်သင့်ပြီး စစ်တပ်ထဲမှ ပြစ်မှုကျူးလွန်သူမှန်သမျှကိုကျောသားရင်သား မခွဲခြားဘဲစစ်ဥပဒေအရ အရေးယူပြရန် လိုသည်။လက်ရှိကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍လည်းသာသည်နာသည် သဘောမထားဘဲတပ်မတော်ဘက်မှစတင်၍ အပစ်ရပ်စဲရေးကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။တပ်မတော်အနေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲပြီးပြည်ပရန်ကို ကာကွယ်သည့် တခုတည်း သော တပ်မတော်ဖြစ်ရေးဦးတည်ဆောင်ရွက်သွားသင့်သည်။
အတိုက်အခံနှင့် ပြည်သူလူထုအနေဖြင့်တပ်မတော်အပေါ် နားလည်လက်ခံပေးရန်လိုသည်။ သို့မှလည်း ဒီမိုကရေစီစနစ်နှင့် လျှောက် လှမ်းရမည့် တပ်မတော်၏ ခြေလှမ်းများသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်နိုင်ပါသည်။၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီး အနိုင်ရ ပါတီကြီး၏ အမတ်တစ်ဦးက အမှတ်မထင် ပြောလိုက်သော “ငါတို့ အာဏာရလျှင် စစ်တပ်ဗိုလ်မှူးကြီးနှင့်အထက်အားလုံးကို အရေး ယူရမည်” ဆိုသောစကားလုံးသည် ပြောသူအနေဖြင့်မေ့ကောင်းမေ့နိုင်ပေသော်လည်းခံရသူအနေဖြင့်မမေ့နိုင်ဘဲ “အာဏာ လွှဲ မပေး တော့လည်း ဘာဖြစ်လဲ၊ နောင်အနှစ် ၂၀ ဆက်အုပ်ချုပ်မယ်” ဆိုသည့်အတွေးအခေါ်မျိုး ဝင်ရန် အချက်တချက်ဖြစ် ခဲ့သည်။
ယနေ့အချိန်အခါမျိုးသည်လည်းအထိမခံနိုင်သေးသည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက်သမ္မတက နောက်ကြောင်းပြန် မ လှည့်ဟု ဆိုသော်ငြားလည်းစစ်တပ်ကိုမူ အပြတ်ပြောရန် မသင့်ဆိုသည်ကို ထောက်ပြလိုပါသည်။ ထို့ကြောင့် အတိုက်အခံအဖွဲ့များ အနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့မတွက်ဘဲအရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိအမှတ်ပြုသကဲ့သို့ ပြည်သူများမှလည်း လက်ခံရန်လိုပါသည်။
ဒီမိုကရေစီနိုင်ငံများမှ တပ်မတော်များအနေဖြင့်လည်း မြန်မာ့တပ်မတော်ကို ပစ်ပယ်မထားဘဲအာဏာရှင် အုပ်ချုပ်ခဲ့သော တပ်မ တော် ကို ပြန်လည်ဆွဲထုတ်သင့်ပါသည်။ ထို့အပြင် ဒီမိုကရေစီတပ်မတော်များ နေထိုင်ကျင့်ကြံ လုပ်ဆောင်ရမည့် နည်းနာ များကို မြန်မာ့တပ်မတော်သို့ မျှဝေပေးသင့်သည်။
ဒီမိုကရေစီ နိုင်ငံကြီးများအနေဖြင့်လည်းလက်ရှိမြန်မာ့တပ်မတော်မှ အရာရှိကြီးငယ်များကို ခွဲခြားဆက်ဆံခြင်းမပြုတော့ဘဲ တခြား ဒီမိုကရေစီနိုင်ငံငယ်များ၏တပ်မတော်များနည်းတူအရာရှိကြီးများကို ဖိတ်ခေါ်ခြင်း၊အရာရှိငယ်များကို ကာလတို၊ ကာလရှည် သင်တန်း များ ပေးခြင်းဖြင့်မြန်မာ့တပ်မတော်ကိုဒီမိုကရေစီနားမျက်စိများကို ဖွင့်ပေးရန် လိုမည်ဖြစ်သည်။ ထို့အပြင် စစ်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကိုလည်းအဆင်ပြေသလို ဖြေလျှော့သွားစေလိုပါသည်။သို့မှသာအာဏာရှင်နိုင်ငံကြီးများ၏ လောင်းရိပ်မှ အကြွင်းမဲ့ လွတ်မြောက်သွားမည်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အလိုလား အတောင့်တဆုံးဖြစ်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးကို ဖြည့်စွမ်းပေးနိုင် သည့်အထဲတွင်တပ်မတော်သည်အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေပါသည်။ထို့ကြောင့်တပ်မတော်သားများအနေဖြင့်လည်းမိမိတို့၏ အကျိုးစီးပွားထက်တိုင်းပြည်၏ အကျိုးစီးပွားကို ကြည့်ရန်လိုပါမည်။
အတိတ်ကာလမှအမှားများကို နောင်ဖြစ်မလာစေရန်လည်း ဆင်ခြင်သွားရမည်ဖြစ်သည်။တမြေတည်းနေ တရေတည်းသောက်ကြ သော သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမချင်းမပစ်မခတ် မသတ်မဖြတ်ကြတော့ဘဲချစ်ချစ်ခင်ခင် နေသွားသင့်ပါပြီ။ ဒီမိုကရေစီ စနစ်နှင့်အညီ လျှောက်လှမ်းနိုင်သောမြန်မာ့တပ်မတော်အမြန်ဖြစ်လာစေချင်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
Ref: ဧရာဝတီ
Wednesday, October 5, 2011
မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုအပေါ် အမြင်များ
Sunday, 02 October 2011
ဆရာလူထုစိန်ဝင်း -
တရုတ်ပြည်နဲ့ မြန်မာပြည်ဆိုတာ မော်စီတုန်း ၊ ချူအင်လိုင်း လက်ထက်ကတည်းက ရင်းနှီးစွာ ဆက်ဆံခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ ဒီချစ်ခင် ရင်းနှီးမှု အစဉ်အာလာကို ရသမျှ ယူမယ်ဆိုတဲ့ လောဘဇောကြောင့် ပျက်စီး မသွားအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ တရုတ်ဟာ အစဉ်အဆက်က ကိုလိုနီ နယ်ချဲ့တွေကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အခုချိန်မှာ ကိုယ်တိုင်က ကိုလိုနီ နယ်ချဲ့ လုပ်ရပ်တွေ လုပ်နေတာ သင့်၊ မသင့် စဉ်းစားဖို့ ကောင်းတယ်။ မြန်မာနိုင်ငံ ပြည်သူတွေ အနေနဲ့ကတော့ ဧရာဝတီကို ဖြစ်တဲ့နည်းနဲ့ ကာကွယ် စောင့်ရှောက် သွားကြရမှာ ဖြစ်တယ်။ အဲဒါကိုပဲ နောက်ဆုံး အနေနဲ့ အသိပေးလိုက်ချင်တယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ) -
ဒီကိစ္စက နိုင်ငံတစ်ခုရဲ့အချုပ်အခြာ အာဏာနဲ့ ပတ်သက်တယ်။ နိုင်ငံတော်က ပိုင်တယ်ဆိုတဲ့ ရေ၊ မြေ၊ လေတို့ဆိုတာ ပြည်သူလူထုက ပိုင်တယ်။ အစိုးရအဖွဲ့ဆိုတာ ပြည်သူတွေကိုယ်စား ကာလ အကန့်အသတ်နဲ့ အုပ်ချုပ်ခွင့် ရတဲ့အဖွဲ့ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ အစိုးရတိုင်းဟာ ပြည်သူ့အသံကို နားထောင်ကြတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရက လူထုရဲ့ ဆန္ဒကို ထင်ဟပ်ပြီး ဆုံးဖြတ်တာဟာ လူထုရဲ့ ကိုယ်စား ဆုံးဖြတ်တာပါပဲ။ တစ်ဖက် အစိုးရအနေနဲ့လည်း သဘောပေါက်ဖို့ လိုတယ်။ လူထုကို ကိုယ်စားပြုတဲ့ အစိုးရ ဆိုရင် သဘောပေါက်ရမယ်။ တရုတ် အစိုးရ လူထု ကိုယ်စားပြုတယ် ဆိုရင် လူထုရဲ့ အသံကို နားထောင်မှာပဲ။ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အတွက် ကမ္ဘာတည်သရွေ့ အိမ်နီးချင်း နိုင်ငံတွေအဖြစ် တည်ရှိနေမှာပဲ။ အိမ်နီးချင်းကောင်း ပီသစွာ မိတ်ဝတ်မပျက် ဆက်ဆံဖို့ လိုပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မူကြီး ၅ ချက်ကို နှစ်နိုင်ငံ လက်ခံ သဘောတူ ထားတဲ့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြည်တွင်းရေးကို မစွက်ဖက်ဘဲနဲ့ ဖြေရှင်း သွားဖို့ လိုပါတယ်။ ဒီကနေ့အထိ ကျွန်တော်တို့ ပြည်သူလူထုဟာ ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ EIA report ကို မဖတ်ရသေးဘူး။ နောက်ပြီး မူရင်း စာချုပ်တွေကိုလည်း မမြင်ရသေးဘူး။ ဒီတော့ ပြည်သူလူထု အနေနဲ့ ဘယ်လောက်ထိ ထိခိုက်လဲဆိုတာ မသိရဘူး။ တရုတ်အစိုးရ က တရုတ် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သလို ကျွန်တော်တို့ အစိုးရကလည်း ရေ၊ မြေ၊ လေ တိုင်းရင်းသား တွေရဲ့ Land Mark ကို အမျိုးသားရေး လက္ခဏာအနေနဲ့ စောင့်ထိန်း ကာကွယ်ဖို့ လိုပါတယ်။ တာဝန်ရှိပါတယ်။ နှစ်နိုင်ငံ ဒီကိစ္စကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးသန်းမောင် (စစ်တွေ) -
စာချုပ်တွေမှာ Force Majeure Clause ဆိုတာပါတယ်။ အဲဒီပြဋ္ဌာန်းချက်တွေ အထဲမှာ အကြုံး ၀င်နေတယ် ဆိုရင်တော့ အတင်းအကျပ် လုပ်လို့မရတဲ့ အနေအထား ရှိပါတယ်။ ဟိုဘက်၊ ဒီဘက် အတင်းအကျပ် လုပ်လို့ မရတဲ့ အနေအထား ရှိပါတယ်။ အဲဒီ Force Majeure Clause ဆိုတာကတော့ လူထုရဲ့ Public ပေါ်လစီကြောင့်ပဲ ဖြစ်ဖြစ် အစိုးရရဲ့မူဝါဒ ပြောင်းလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် စာချုပ်တွေ ပြက်ပျယ် သွားနိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒီအထဲမှာ အကျုံးဝင်နေတယ် ဆိုရင်တော့ အဲဒီ Force Majeure Clause ထဲမှာ အကျုံးဝင်နေတယ် ဆိုရင်တော့ ဒီကိစ္စကို အတင်းအကျပ် လုပ်လို့ မရပါဘူး။
ဦးသာဘန်း -
နှစ်ဦးနှစ်ဘက် MOU တွေ ဘယ်လို ထိုးထားလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့်လို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အာဏာပိုင်လို့ ပြောရမယ့် သမ္မတက ပြောတယ်ဆိုတဲ့ အတွက် ဒီလွှတ်တော်မှာ တင်ပြထားတယ် ဆိုတဲ့အတွက် ဒီအချက်ဟာ ငြင်းလို့ရတဲ့ အချက်လို့ မယူဆပါဘူး။ တရုတ်ကတော့ သူတို့ လိုချင်တဲ့ဟာကို ရအောင်ယူတတ်တဲ့ သဘောရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာလည်း အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမ္မတကလည်း ပြောတယ်။ နောက်ပြီး ရိုးရိုးပြောတာ မဟုတ်ပါဘူး။ လွှတ်တော် နှစ်ရပ်မှာ ပြောတယ်။ လွှတ်တော် ဆိုတာလည်း ဒီနိုင်ငံမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တယ်။ ဒီလိုမျိုး ပြောတဲ့စကားကို သူတို့ လိုချင်သလို လိုက်ပြီး တရုတ်ဘက်က လိုချင်သလို လိုက်ပြီးပြောင်းလို့ ဖြစ်နိုင်မယ်လို့ မယူဆပါဘူး။
ဒေါ်အေးအေးဝင်း (APသတင်းဌာန) -
တရုတ်အနေနဲ့ ကတော့ ပြန်လည် သုံးသပ်ပေးပါလို့ ပြောတာပေါ့လေ။ သူတို့ကလည်း တစ်ခုခုဆိုရင် ဒါမျိုးက သဘော တူညီမှု ထိုးထားတာကို သူတို့အနေနဲ့က သဘောတူထားတဲ့ အတိုင်း ဆက်လုပ် စေချင်တဲ့ သဘောပေါ့။ ဒါပေမယ့် သမ္မတကြီးက ကျတော့ ပြည်သူ သဘောမကျတာကို မလုပ်နိုင်ဘူးလို့ ပြောထားတဲ့ အခါကျတော့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရ နှစ်ဦးနှစ်ဖက် ညှိနှိုင်း ယူရမှာပေါ့။ ဒါပေမယ့် ညှိနှိုင်းတယ်ဆိုတာ ငွေကြေးတန်ဖိုးနဲ့ပဲ သူတို့ညှိနှိုင်းလို့ ရတော့မယ်။ ဥပမာ ပြန်လျှော့ပေးတဲ့ ညှိနှိုင်းမှုမျိုးတော့ လုပ်လို့ရမယ် မထင်ဘူး။ လုပ်လို့လည်း မသင့်ဘူး။ ပြန်လျှော့တယ် ဆိုတာက ကျွန်တော်တို့တော့ဖြင့် ပြန်ပေး ဆောက်ပါ့မယ် ဆိုတာမျိုးတော့ ပြောလို့ မရတော့ဘူး။ သူတို့ စကားပြောမယ် ဆိုတာက တရုတ်အနေနဲ့ ကုမ္ပဏီတွေမှာ ငွေဝင်နေတာတွေ ရှိတာကို ပြေလည်အောင် လုပ်စေချင်တဲ့ သဘောပေါ့။ သူတို့ တော်တော်တော့ ညှိနှိုင်းရမှာပေါ့။ ဒါပေမယ့် သမ္မတကြီး အနေနဲ့ ရပ်ဆိုင်း ထားသင့်တယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စကို လုပ်ငန်းအနေနဲ့ ရပ်ဆိုင်းထားပြီးတော့ သူတို့ သဘောတူညီမှုရဲ့ နားလည်မှုတွေမှာ ညှိနှိုင်းဖို့ ဒီလမ်းပဲရှိတယ်။ သမ္မတကြီးက အခုအချိန်မှာ ပြန်ဆုတ်မှာ မဟုတ်တော့ဘူး။ ဆုတ်လို့လည်း မကောင်းတော့ဘူး။ သူ့ဆုံးဖြတ်ချက် ကိုတော့ ဒီအတိုင်းပဲ ထားရမှာပေါ့။ တရုတ်ကတော့ စကားပြောချင်တယ် ပြောတာပေါ့။ အစိုးရ နှစ်ဖက်က ပြောကြပေါ့။ ပြောမယ် ဆိုတဲ့အခါမှာလည်း တခြား လုပ်ငန်းသဘောအရ စီးပွားရေး သဘောအရပဲ သူတို့ တစ်ဦးနဲ့တစ်ဦး ညှိလို့ရတော့မယ်။ ပြန်ဆောက်မယ်တို့ ဘာတို့တော့ လုပ်လို့မဖြစ်တော့ဘူး။ ပြည်သူက မလိုလားဘူးဆိုတာ သိပြီးသား သဘောတူပြီးသား ကိစ္စပဲ။ ဘယ်လောက် စကားပြောပြော သမ္မတကတော့ ပြည်သူကို ဘွာတေးခတ်လို့ မရတော့ဘူးလေ။ မိတ်ဝတ်မပျက် ဖြေရှင်းရမှာပဲလေ။ မြစ်ဆုံကိစ္စမှာ သမ္မတကြီး အနေနဲ့ ရပ်လိုက်တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ထင်တာပဲ။ ပြည်သူတွေ စိတ်ဆင်းရဲနေတဲ့ ကိစ္စကို မလုပ်တော့ဘူး ပြောလိုက်တာဟာ အစိုးရအနေ နဲ့ ဒီလို လိုက်လိုက်ရောရော ပြောလိုက်တာမျိုး တစ်ခါမှ မကြားဖူးဘူး။ ဒီကိစ္စကိုတော့ သူက လိုက်လျောပြီး ဒီလောက်တောင် လူတွေအများစု စိတ်ညစ်နေရင် မလုပ်တော့ဘူး ဆိုတော့ တော်တော်များများ လူတိုင်း ပျော်သွားစေတဲ့ ကိစ္စပေါ့။ သည်အတွက်ကြောင့် အင်မတန်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီလောက် ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ခါမှ မကြားဖူးသေးဘူး။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ(အင်ဂျန်းယန်)
အခုအစိုးရက ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို မှန်မှန်ကန်ကန်နဲ့ ဖြည့်ဆည်း ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဆုံဆည် တည်ဆောက်ခြင်းကတော့ လုံးဝ ရပ်တန့်သွားပြီလို့ ယုံကြည်တယ်။ ပြည်သူတွေက မလိုလားဘူး ဆိုရင် တရုတ် အစိုးရက ဘာပဲပြောပြော အစိုးရ ဆက်လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ပြည်သူတွေ အားလုံးကလည်း ယုံကြည်မှာပဲ။ ကျွန်မတို့ နောက်ထပ် ယုံကြည်တာ တစ်ခုကတော့ အခုအစိုးရက သူတို့ လက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမယ်လို့ ကတိပြုသလိုပဲ နောက်တက်လာမယ့် အစိုးရ တွေကလည်း ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုမှာ မဟုတ်ဘူးလို့ ကျွန်မနဲ့ အတူ လူထု တစ်ရပ်လုံးက အခိုင်အမာ ယုံကြည်ပါတယ်။ နောက်ပြီး ဒီသ၀ဏ်လွှာမှာ ပါသေးတာက နိုင်ငံတော်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် အန္တရာယ် မရှိနိုင်တဲ့ အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာ ဆန်းဆစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ အဆိုပါ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ စာချုပ် စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်’ လို့ ဖော်ပြထားပါတယ်။ အဲဒီမှာပါတဲ့အတိုင်း ကျွန်မတို့က ကြိုဆိုပါတယ်။ တရုတ်အစိုးရ အနေနဲ့လည်း ကျွန်မတို့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထား စဉ်းစား ပေးသင့်ပါတယ်။ နောက်ပြီး ကချင်ပြည်နယ်မှာက ငြိမ်းချမ်းရေးက အဓိကပါ။ မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းလိုက်ခြင်းဟာ ငြိမ်းချမ်းရေးလမ်းစ ပွင့်သွားပြီလို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဘာလုပ်လုပ် မအောင်မြင် နိုင်ပါဘူး။ ငြိမ်းချမ်းရေးရှိမှသာ နှစ်ဖက်နိုင်ငံအတွက် အရာရာကို အောင်မြင်အောင် ဆောင်ရွက် သွားပါလိမ့်မယ်။
Ref: EMG News
Friday, September 30, 2011
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို
သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို
Thursday, 29 September 2011
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာ ဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများ အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်း ရရှိပါသည်။
ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
လူထုစိန်ဝင်း
အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထား လေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီး ဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒီ ဧရာဝတီ ကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက် ချခဲ့တာဟာ ပြည်သူ တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံး ညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ် ခဲ့ကြတာဟာ အားလုံးသော ပြည်သူ တစ်ရပ်လုံး အတွက် တူညီသော အမျိုးသား အကျိုး စီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလို စည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော် သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ် မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော် လိုက်ချင်ပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPT ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထု ဆန္ဒကို လိုက်လျှော ပေးခဲ့ခြင်းဟာ အစိုးရ တစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံး ခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ပြည်သူတွေရဲ့ စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ် ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦဆောင်းမှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးအုန်း(ဒုဥက္ကဌ ၊ FREDA)
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့ ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ် ပါတယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ တို့ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတာကို မကျေနပ်နိုင်သလို မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက ပြောကြားခဲ့သည်။
ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။ ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"
ဆရာအော်ပီကျယ်
“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရ လက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့ အတွက် ဒီအစိုးရ လက်ထက် တစ်ခုစာတော့ သေချာ သွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င် ဧရာဝတီကို အားလုံး ပြည်သူ တစ်ရပ်လုံး ၀ိုင်းလုပ်တဲ့ အောင်မြင်မှုပဲလို့ ယူဆပါတယ်။”
ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)
မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာ သမ္မတကြီးရဲ့ သဘောထားကြီးမှု၊ အမြော်မြင် ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့အသံကို အလေးထားတယ် ဆိုတာကိုလည်း ပြလိုက်တဲ့ သဘောပါ။ ပြည်သူတွေရဲ့ အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီ နိုင်ငံကို ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စက လွှတ်တော်မှာ မဲခွဲပြီး ဆုံးဖြတ်မယ် ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက အစိုးရ တစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲက လူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊ အဂတိမကင်းတဲ့ ကိစ္စ တစ်ခုခုကြောင့်ပဲ ဖြစ်စေ ထောက်ခံတယ် ဆိုတာမျိုး ဖြစ်လာ နိုင်သေးတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့် အသံ စစ်စစ်ကတော့ မြစ်ဆုံ စီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်း နေမှာပါပဲ။ မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။ အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ် လိုက်တာဟာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ အင်မတန် မင်္ဂလာရှိတဲ့ သတင်းပါပဲ။
ဒေါက်တာ ဖုန်းဝင်း
“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက် သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုချင့်ချိန်ပြီး လုပ်နိုင်မယ် ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။ ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်က လုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့ သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့ အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင် ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့် အမြင်ကတော့ တခြား ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ် ဆိုရင် တစ်နေ့မှာ သွားချင်တဲ့ ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး
မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာ သတင်းပါ။ မြစ်ဆုံကို ရပ်ပေးတဲ့ အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ နောင်လာ နောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။ မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက် ဆက်ပေးလိုက်ရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးကိုပါ အသက် ဆက်ပေးလိုက်တာပါ။
ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့
မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။ မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့ ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။
ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)
“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”
ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)
“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့ ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့ ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”
ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)
“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့် အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက် ၀မ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင် မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့ ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”
ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)
“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း အရမ်းကို ပျော်ရွှင် သွားကြမှာပါ။ ပြည်သူ တစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊ စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည် စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။ အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”
ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)
“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့ EMG အပါအ၀င် လေ့လာ ပြောကြားခဲ့တဲ့ ပညာရှင်တွေ အားလုံးကိုလဲ လေးစားပါတယ်။ အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား လုပ်ဆောင်ပေးတဲ့ အချက်ကိုလည်း အားရ ကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုသာ လွှတ် ပေးခဲ့မယ် ဆိုရင် အများပြည်သူ အားလုံး ထပ်ပြီး ပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ လမ်းစဉ်ဖြစ်တဲ့ အများပြည်သူ ဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည် ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့ အတွက် အစိုးရနဲ့ ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုး ထမ်းတဲ့ကိန်းပါပဲ။”
ဦးအောင်လှထွန်း (Reuters)
ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း မကြားဖူး သေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး တွေ့တဲ့ သတင်းပဲ။
Ref: EMG News
Monday, September 26, 2011
'သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ' ဟောပြောပွဲ တက်ရောက်ခဲ့သူ အချို့၏ အမြင်များ
Sunday, 25 September 2011
ဦးသာဘန်း
ဒီပွဲကတော့ လုပ်သင့်တဲ့ ပွဲပါပဲ။ တော်တော်အောင်မြင်တဲ့ ပွဲပါပဲ။ လူတွေကလည်း စိတ်ဝင်စားစွာနဲ့ လာကြတယ် ပေါ့လေ။ အထူးသဖြင့် ကချင်က ဆင်းလာတဲ့ ဒူဝါကြီး ဆိုရင်လည်း အသက်လည်း ကြီးပြီပေါ့လေ။ ဒီအပေါ်မှာလည်း တော်တော် စိတ်ဝင်စားစွာနဲ့ လုပ်ကြပါတယ်။ အားရစရာ ကောင်းပါတယ်။ မြစ်ဆုံကတော့ ကျွန်တော်တို့က တစ်ပြည်လုံးနဲ့ ဆိုင်တဲ့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တော့ ကာကွယ် တားဆီးမှုတွေကို လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လို့ မြင်ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း မြစ်ဆုံကိစ္စနဲ့ မီဒီယာတွေနဲ့ ပြောတာတွေ ရှိပါတယ်။ ဒါကလည်း လုပ်ရမယ့် အလုပ်ပဲ။
ဆရာမောင်ဝံသ
အခုနောက်ဆုံးသိရတဲ့ သတင်းအရဆိုရင်တော့ သတင်းစာတွေထဲမှာလည်း ပါတယ်။ ဂျာနယ်တွေ ထဲမှာလည်း ပါတယ်။ သားရွှေအိုး ထမ်းလာတာ မြင်ရမယ်ဆိုတဲ့ ပုံစံမျိုး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောတယ်။ ဆိုလိုတာ ကတော့ သားရွှေအိုး ထမ်းတယ် ဆိုတာ အကြံပြုချက်တွေ တင်ပြီးတော့ မေခနဲ့ မလိခ အထက်ဘက်ကို တင်ပြီး ရွှေ့မယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆက်စပ်တယ်လို့ ယူဆပါတယ်။ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဦးအုန်းတို့ ပြောတာကတော့ ဧရာဝတီကို မထိခိုက်တာ အာမခံမယ်။ နေရာရွှေ့မယ် ဆိုရင်လည်း မဆိုးဘူးလို့ ဆိုတဲ့ သဘောမျိုး ပြောတာလည်း ကြားရတယ်။ ကျွန်တော့် တစ်ဦးချင်း အမြင်ကတော့ အဲဒီလို အနေအထားမျိုး ကိုတောင် လက်မခံပါဘူး။ အဲဒီမေခ မေလိခ အထက်ဘက်ကို သွားရင်လည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒီမြစ်ကြောင်း ထိန်းသိမ်းရေး တစ်ခုတည်းတင် မကတော့ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်း ပါတယ်။ ယဉ်ကျေးမှု ထိန်းသိမ်းရေးလည်း ပါတယ်။ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောဆန္ဒတွေ ရှိတယ်။ သူတို့ရဲ့ စိတ်ထဲမှာ အနာတရတွေ ဖြစ်သွားမယ့် ကိစ္စတွေ၊ အထင်အမြင် လွဲမှားတာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် မြန်မာနဲ့ ကချင်နားလည်မှု လွဲမှားနိုင်တဲ့ ပြဿနာတွေရှိတယ်။ အကျိုးဆက်တွေက အများကြီးပါ။
ဒေါက်တာဖုန်းဝင်း
မြစ်ဆုံနဲ့ပတ်သက်ပြီး အခုလောလောဆယ် အပြင်မှာရှိနေတဲ့ information တွေကို ကြည့်လိုက်လို့ ရှိရင် မလုပ်သင့်တဲ့ ဘက် ပိုထွက်နေတယ်။ တကယ်လို့ လုပ်ချင်တဲ့သူတွေက လုပ်သင့်တယ်လို့ ထင်တယ်၊ ဒီလို လုပ်တာကို လူတွေက တကယ် လက်ခံစေချင်တယ် ဆိုရင် လူတွေကို သိအောင်၊ ပိုမိုပြီးတော့ တိကျတဲ့ information တွေနဲ့ လိုက်ပြီးတော့ ရှင်းပြရမှာပေါ့။ ရှင်းပြတဲ့ အခါမှာလည်း တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ လူတွေကို ရှင်းပြရမယ်။ ဧရာဝတီ မြစ်တစ်လျှောက်မှာ ရှိတဲ့ လူတွေကို ရှင်းပြရမယ်။ ရှင်းပြလို့ သူတို့ပေးတဲ့ data တွေ၊ information တွေက မှန်မယ်၊ တကယ်လည်း အကျိုးရှိမယ် ဆိုရင်တော့ ဒေသခံတွေရော၊ ပြည်သူတွေကပါ ထောက်ခံမယ်လေ။ အဲဒီလို မရှင်းပြဘဲနဲ့ ငြိမ်ငြိမ်လေး နေနေလို့ ရှိရင်တော့ ကျွန်တော်တို့ လက်ရှိ ရှိနေတဲ့ ပေတံနဲ့ information တွေပေါ်မှာပဲ ဆုံးဖြတ်ရမှာပဲ။ အဲဒီ information တွေ အရကတော့ အကျိုးမရှိတဲ့ စီမံကိန်း တစ်ခုလို့ပဲ ပြောလို့ရပါတယ်။
ဒေါ်နေရီဗဆွေ
Eleven Media Group က CEO ဒေါက်တာသန်းထွဋ်အောင် ပြောသွားတာတွေ အရမ်း ကောင်းပါတယ်။ သဘောကျ ပါတယ်။ သူပြောသွား သလိုပါပဲ။ ဒုတိယပင်လုံလိုမျိုး မြစ်ဆုံမှာ တိုင်းရင်းသား အားလုံး ပြန်ဆုံနိုင်အောင် လုပ်ဆောင်ရမှာပါ။ မြစ်ဆုံနဲ့ ပတ်သက်လို့ ပညာရှင်တွေ တင်ပြသွားတာက ကျေနပ် စရာကောင်းပါတယ်။
ဦးအေးလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း)
ဒီနေ့ပွဲမှာပြောသွားတဲ့ အကြောင်းအရာတွေ၊ ထောက်ပြ သွားတာတွေ အားလုံးကို လက်ခံတယ်။ အားပေးတယ်။ အများပြည်သူ ဆန္ဒနဲ့ တစ်ထပ်တည်း ကျတဲ့ အတွက်လည်း ပိုပြီး လက်ခံတာပါ။ အများပြည်သူ အမှီပြုနေရသလို သဘာဝ သယံဇာတ များစွာကို ဖန်တီး ပေးနေတဲ့ ဧရာဝတီကို ထိခိုက် ပျက်စီးစေနိုင်တဲ့ အတွက် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူတွေလည်း ပြန်လည်စဉ်းစား သုံးသပ် စေချင်ပါတယ်။ ဒါ့အပြင် တည်ဆောက်မယ့် ကုမ္ပဏီတွေလည်း ပြန်သုံးသပ် ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိကြုံတွေ့ နေရတဲ့ ယန်စီမြစ်နဲ့ မြစ်ဝါမြစ်တို့မှာ ဖြစ်ပေါ် ခံစားနေရတဲ့ အနေအထား တွေကို ထောက်ပြီး တရုတ်က ကုမ္ပဏီ အနေနဲ့လည်း ကိုယ်ချင်းစာပါ။ ပြည်တွင်းက ကုမ္ပဏီ အနေနဲ့လည်း ကိုယ်ချင်းစာပါ။ ကိုယ်ကျိုးပဲ မကြည့်ကြပါနဲ့။ ဧရာဝတီမြစ်ဟာ တကယ်တော့ သဘာဝ သယံဇာတ များစွာကို ဖန်တီးပေးနေတဲ့ မိခင်မြစ်ကြီးပါ။
ဦးပေါဟိန်း (နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း)
'ဒီပွဲဟာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်လို့ မြင်ပါတယ်။ ပြောသွားတာတွေ အားလုံးကို ခြုံကြည့်ရင် အကျိုးထက် ဆုံးရှုံးမှုက ပိုများနေတာ တွေ့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ ဂျပန်နိုင်ငံတောင် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်တဲ့ Safety တွေ အများကြီး ထားရှိတာတောင် နျူစက်ရုံတွေ ထိခိုက်တဲ့အထိ ခံစား ခဲ့ရသေးတာပဲ။ အနှစ်ချုပ်ကို ပြောရရင် ပညာရှင်တွေရဲ့ စကား အများပြည်သူရဲ့ အသံကို အဓိက ထားရမယ်လို့ ပြောချင်ပါတယ်။ ဧရာဝတီဟာ မြန်မာနိုင်ငံ အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာ ထပ်ပြောစရာ မလိုတော့ပါဘူး။ မြစ်ဆုံနဲ့ ပတ်သက်လို့ ပြောချင်တာ ကတော့ ဂျပန်နိုင်ငံလို နည်းပညာ မြင့်တဲ့နိုင်ငံ၊ Safety တွေအများကြီး လုပ်ထားတဲ့ နိုင်ငံတောင် သဘာဝ ဘေးအန္တရာယ်ကို မကာကွယ် နိုင်တာကို ဥပမာ ယူပါလို့ပဲ ပြောချင်ပါတယ်'
ဦးအေးလွင် (ဗဟိုတရားရုံးရှေ့နေ)
ဆရာကြီး ဦးအုန်းပြောသွားတာကို နားထောင် လိုက်တာနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ အကျိုးထက် အပြစ် ပိုများတယ်လို့ ပွဲတက်ရောက် နားထောင်သူ အနေနဲ့ ခံစားမိပါတယ်။ မဆောက်သင့်ဘူးလို့ ခံစားမိတယ်။ ဦးဝင်းမိုးသူ ပြောသွားတဲ့ အချက်အလက်တွေ အရလည်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို မဆောက်သင့်ဘူး။ အကျိုးထက် အပြစ် ပိုများတယ်လို့ တွက်ချက် မိပါတယ်။ ဦးထွန်းလွင် ပြောသွားတဲ့ အကြောင်းအရာတွေ အရလည်း ဆောက်ကို မဆောက်သင့်ဘူးလို့ ခံစားမိပါတယ်။ ဒေါက်တာ သန်းထွဋ်အောင် ပြောသွားတဲ့ အချက်တွေအရတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အရရော၊ အများပြည်သူ အတွက် လုံခြုံစိတ်ချရမှု အတွက်ပါ မရှိတာ တွေ့ရတဲ့အတွက် လုံးဝ မဆောက်သင့်ဘူးလို့ ခံစားမိပါတယ်။ ဒေါက်တာသန်းထွဋ်အောင် ပြောသွားတဲ့ထဲမှာ အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဆောက်သင့်တဲ့ အပိုင်းကို သွားကြဖို့ ပြောတာကိုတော့ ပိုပြီးလက်ခံ မိတယ်။ ဒီမိုကရေစီ စပြီး ဖြစ်ထွန်းတော့မယ့် ကာလမှာ ဒီမိုကရေစီ ကျကျ အများဆန္ဒနဲ့ ထပ်တူ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ရမယ့် လမ်းကို ရွေးချယ် ချပြ သွားတာကိုပြောတာပါ။ ဒီမိုကရေစီ စပြီး ဖြစ်ထွန်းတော့မယ့် အချိန်မှာ အခုလို မြစ်ဆုံကိစ္စဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်သွားရင် မှတ်ကျောက်တစ်ခု အဖြစ်တောင် ထင်ကျန်ခဲ့မှာ ဖြစ်တယ်လို့ ခံစားမိပါတယ်။ နောက်ဆုံး ပြောချင်တာက ဒီတစ်ခါ ပင်လုံညီလာခံလို ညီလာခံသာ လုပ်ဖြစ်ရင် မြစ်ဆုံမှာ ပြန်ဆုံကြမယ်လို့ ပြောတဲ့စကားက တကယ်သာ ဖြစ်ခဲ့ရင် မြစ်ဆုံဟာ ဒီမိုကရေစီရဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုလိုလူငယ်တွေ စိတ်အားထက်သန်စွာ ကိုယ်တတ်နိုင်တဲ့ ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တွေ့ရတဲ့ အတွက်လည်း ၀မ်းသာမိပါတယ်'
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
ဒီပွဲကို ရောက်တဲ့အခါမှာ မသိတာတွေ အများကြီးကို သိခွင့် ရလိုက်ပါတယ်။ မမြင်နိုင်တာတွေလည်း အများကြီး မြင်လိုက်ရတယ်။ ပြောတဲ့သူ တစ်ယောက်ချင်းစီက စေတနာ ပါကြတယ်။ တစ်ခုခုကို တိုက်ခိုက်ချင်တဲ့၊ ထိခိုက်စေချင်တဲ့ ဆန္ဒမျိုး လုံးဝ မပါပါဘူး။ သဘာဝ ရေမြေကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ပြောသွားကြတာ သိသာပါတယ်။ သာမန်လူတွေ မသိနိုင်တဲ့ အချက်အလက် အများကြီးကို တွက်ချက်ပြသွားတာက တန်ဖိုး မဖြတ်နိုင်အောင်ပါပဲ။ မှန်ကန်တဲ့ သတ္တိဆိုတာကို သိခွင့် ရလိုက်ပါတယ်။ ပရမ်းပတာ ပြောတယ် ဆိုတာထက် ပြောသင့် ပြောထိုက်တဲ့ အချိန်မှာ ပြောသင့် ပြောထိုက်တာတွေကို ပြောသွား ကြတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီနေ့ ပြောသွားတဲ့သူတွေက သမိုင်းတာဝန် ကျေတဲ့သူတွေပါ။
ချစ်သုဝေ
ဒီနေ့ပွဲကို တက်ခွင့် ရလိုက်တဲ့အတွက် အသိပညာတွေ အများကြီး ရခဲ့ပါတယ်။ လူတွေအားလုံး နေ့စဉ်ဘ၀မှာ ရုန်းကန် နေကြရတဲ့ အတွက် ဒီလို အကြောင်းအရာမျိုးတွေကို မေ့နေကြတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒါကို မီဒီယာက ထောက်ပြတဲ့ အတွက် တန်ဖိုးကြီးတဲ့ အသိစိတ်တွေ အများကြီး ရလာနိုင်ပါတယ်။ ဘယ်ဆုံးဖြတ်ချက် မဆို လူတစ်ယောက် ဆုံးဖြတ်တယ် ဆိုတာထက် လူ ၁၀ ယောက်၊ လူအယောက် ၁၀၀၊ လူအယောက် ၁၀၀၀ ၀ိုင်းပြီး စဉ်းစားကြတာ ပိုပြီး မှန်မယ်လို့ ထင်ပါတယ်။ ဒီလို ကိစ္စရပ်မျိုးတွေကို မီဒီယာက တစ်ဆင့် ထောက်ပြဖြစ်တဲ့ အတွက် အရမ်း တန်ဖိုးရှိပါတယ်။ မီဒီယာ အားလုံးလည်း လုပ်သင့်တဲ့ ကိစ္စပါ။ တန်ဖိုး မဖြတ်နိုင်တဲ့ အသိပညာ ရရှိခဲ့သလို ဒီပွဲကို မတက်ရောက်ဖြစ်တဲ့၊ မတက်ရောက်နိုင်တဲ့ သူတွေအားလုံး အတွက် ဒီလို အသိပညာမျိုးတွေ ရစေ ချင်ပါတယ်။ ဒီပွဲမှာကြာတဲ့ အချိန်သုံးနာရီက ထရီဇာ အတွက်ရော လူအများစု အတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ ဗဟုသုတတွေ ရမယ်လို့ ထင်ပါတယ်။
Ref: EMG
Monday, February 7, 2011
အင်အားကြီးနိုင်ငံများနဲ့ မြန်မာ့အရေး
Monday, February 7, 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များရဲ့ အဆိုအရ နောင် အနာဂတ်မှာ အစိုးရသစ်နဲ့ NLD အကြား ဆွေးနွေး ညှိနှိုင်းဖို့၊ ဒိုင်ယာလော့ဂ်တွေ လုပ်ဖို့ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ NLD ပါတီကို တရားဝင် ရပ်တည်ခွင့်ရရေး ဆက်ကြိုးပမ်း လိုတယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့ ဘန်ကောက် သံတမန်တွေက NLD ခေါင်းဆောင်တွေကို အရင် ကတည်းက ပုံမှန် လာရောက် တွေ့ဆုံတာ မျိုးတွေ ရှိပေမယ့် NLD က ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက်မှာ အဲလို လာရောက် တွေ့ဆုံမှုမျိုး နည်းသွား ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက်ပိုင်းမှာ သံတမန်တွေ ထပ်ပြီး အလာ စိပ်ပြန်ပါတယ်။
အမေးများတာကတော့ ရွေးကေက်ပွဲနဲ့ ပါလီမန်မှာ “လှုပ်ရှားနိုင်တဲ့ ခွင်” (space) ကိစ္စတွေပဲ ဖြစ်ပါသတဲ့။ ဂျာမနီ၊ အမေရိကန် သံရုံးတွေက တလွှတ်တည်း လွှတ်ပြီး လွှတ်တော် ကိစ္စတွေပဲ တွင်တွင် ပြောနေ၊ မေးနေလို့ “လွှတ်တော်လိုင်း” သမားတွေလို့ NLD က ခေါင်းဆောင် တဦးက ပြောပါတယ်။ ဗြိတိန်ကတော့ ဒီလောက် မဟုတ်ပါဘူးတဲ့။
NLD အဖွဲ့ဝင်များနဲ့ ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် တွေကတော့ နောက်ထပ် လာမယ့် အမေရိကန် သံရုံး ကိုယ်စားလှယ်ကို သတိထား ရွေးချယ် သင့်တယ်လို့ ပြောနေကြပါတယ်။ (လက်ရှိ ကိုယ်စားလှယ် လာရီ ဒင်းဂါးက မကြာမီ တာဝန် ပြီးဆုံးတော့မှာမို့ပါ။) နှစ်အတော်ကြာ ကတည်းက အမေရိကန်ဟာ ဓားထက်တဲ့ သံတမန်မျိုး မြန်မာပြည်ကို မပို့တာ ကြာပြီလို့ ပြောရပါမယ်။
NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ NLD ကနေ ဒေါ်အောင်ဆန်းစုကြည် ခွာလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ အတူရှိနေဖို့က အရေးကြီးလို့ပဲလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခွာပြဲ စေချင်သူတွေ၊ သီးခြား ဖြစ်စေချင်သူတွေ ရှိနေတယ်၊ ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်ဟာ အရေးပါတဲ့ ကဏ္ဍက ရှိနေတယ်၊ တရုတ်နဲ့ အမေရိကန် မြန်မာပြည် အကြောင်း ဆွေးနွေးတယ် ကြားရင် ဝမ်းသာပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ သံသယတော့ ရှိနေဆဲပဲလို့ ဦးဝင်းတင်က ဆိုပါတယ်။
“ကျနော်တို့ ကံကြမ္မာက ကျနော်တို့ လက်ထဲမှာပါပဲ။ ကျနော်တို့ကို သူများအဆုံးဖြတ်ခံဖြစ်အောင် ဘယ်သူ့ကိုမှ ထိုးပေးမှာ မဟုတ်ပါဘူး” လို့ ဦးဝင်းတင်က ပြောပါတယ်။
Ref: ဧရာဝတ်ီဘလော့
Friday, March 13, 2009
အပစ်ရပ်အဖွဲ့အစည်းတွေအတွက် အချိန်သိပ်မရှိတော့ဘူး - တူမောင်ညို
အင်္ဂါနေ့၊ 10 မတ်လ 2009
“အပစ်အခတ်ရပ်စဲရေးအစ အရှေ့မြောက်က” လို့ ဆိုရမယ်နဲ့တူပါတယ်။
(ဗကပ)ကနေခွဲထွက်ခဲ့ကြပြီး (နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတာ ဗမာပြည်အရှေ့မြောက် အရပ်က စခဲ့တာမဟုတ်လား။ နောက်မှ ဗမာပြည် အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ပျံ့နှံ့သွားခဲ့တယ်။ အခု အဲဒီလို အပစ်အခတ် ရပ်စဲခဲ့တာ မကြာခင်မှာပဲ နှစ် (၂၀) ပြည့်တော့မယ်။ ဒီထက်ပိုကောင်းတဲ့ကိစ္စကတော့ အဲဒီလိုရရှိထားတဲ့ တစုံတရာတည်ငြိမ်မှုတွေဟာ ရေရှည်တည်တံ့ ခိုင် မြဲနိုင်မယ့် အာမခံချက်ရရှိဖို့လိုပါတယ်။
နှစ်ပေါင်း (၂၀) အတွင်းမှာ အပစ်ရပ်အဖွဲ့တွေဘာတွေလုပ်ဆောင်နိုင်ခဲ့ကြသလဲ။ မိမိစိုးမိုးထားရာ နယ် မြေဒေသနဲ့ ကိုယ်စားပြုရာလူမျိုးတွေအတွက် ဘာတွေဆောင်ရွက်ပေးနိုင်ခဲ့ကြသလဲ။ တပြိုင်နက်ထဲမှာ သီးခြား ကင်းလွတ် ဘေးဖယ်ထားလို့မရတဲ့ တတိုင်းတပြည်လုံးအကျိုးအတွက်ရော ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာ စာရင်းချုပ်ကြည့်ဖို့လိုပါလိမ့်မယ်။
အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ နယ်မြေဒေသတွေမှာ အရင်ကလို သေနတ်သံတွေမကြားရတော့တာ၊ တစုံတရာတည်ငြိမ် လာတာ၊ဒေသခံပြည်သူတွေ တစုံတရာ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်စားသောက်လာနိုင်တာတွေ ဟာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။
အကောင်းဆုံးကတော့ တတိုင်းတပြည်လုံး တည်ငြိမ် အေးချမ်းသာယာမှု ခိုင်ခိုင်မာမာရရှိရေးဆိုတဲ့ အချက်နဲ့ ခိုင်ခိုင် မာမာ ဆက်စပ်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါမှသာအေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောင်နိုင်ပါလိမ့်မယ်။
အခုတော့အထက်ကတင်ပြခဲ့တဲ့အချက် ၂ ချက်စလုံးတစ်ခုမှ မရသေးပါဘူး။ ဒါပေမယ့် (နအဖ) စစ် အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အောက်မှာ နယ်မြေ၊ တပ်နဲ့လက်နက်ပါ အပ်ရ၊ ချရတော့မယ် အနေ အထားဖြစ် လာနေပါပြီ၊ (နအဖ) စစ်အစိုးရကတော့ (နိုင်ငံရေး/စစ်ရေး) ပုံစံမျိုးစုံ နဲ့ သွေးတိုးစမ်းနေပါပြီ။
(နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်စတင်ရပ်စဲကြတော့ အပစ်ရပ်အဖွဲ့တွေကို (နဝတ) စစ်အစိုးရက မတရား သင်းကြေညာ ထားရာကနေ ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်နိုင်ငံရေးအဖွဲ့အစည်း တရပ် အဖြစ်ရပ် တည် လှုပ်ရှားဆောင်ရွက်ခွင့်မပြုခဲ့ပါဘူး။ လူမျိုးအရကိုယ်စားပြုမှုနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။
အမျိုးသားညီလာခံထဲ ဆွဲသွင်းချင်တဲ့အခါမှာ အပစ်ရပ်အဖွဲ့တွေကို “ အခြားဖိတ်ကြားသင့်သူများ” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ “အထူးဒေသကိုယ်စားလှယ်များ” အဖြစ်ပါဝင်ခဲ့ကြရတာပါ။ ညီလာခံတက်ခဲ့ကြပေမယ့်၊ တင်ပြချက်တွေ မှန်သမျှဘာမှဖြစ်မလာခဲ့ပါဘူး။ “နိုင်ငံရေးစကားပြောချင်ရင်နောက်တက်လာမယ့်အရပ်သားအစိုးရနဲ့ ပြောကြ” ဆိုပြီး နှပ်ကြောင်းပေးခဲ့တဲ့ ထလရ ဗိုလ်ခင်ညွန့်လည်း အခုတော့အရာကျသွားခဲ့ပြီ။
(နဝတ-နအဖ) စစ်အစိုးရ အပစ်ရပ်အဖွဲ့တွေအပေါ်မှာ မှန်ကန်တဲ့သဘောထားမထားရှိခဲ့သလို၊ သဘောထား တမျိုးထဲ ထားရှိခဲ့တာလည်းမဟုတ်ပါဘူး။ အဖွဲ့ကြီးတွေကို မကွဲကွဲအောင်ဖြိုခွဲခဲ့ပြီး။ ကွဲထွက်လာသမျှ ခွဲထွက်လာ သမျှကိုလည်း ဝါးမျိုးပစ်ခဲ့ပါတယ်။ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ချေမှုန်းပစ်ခဲ့ပါတယ်။ အပြီးအပိုင်လက်နက် ဖြုတ်သိမ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ အပစ်ရပ်အဖွဲ့ငယ်တချို့လုံးဝပျက်စီးသွားခဲ့တယ်။ တချို့လက်နက်ချခဲ့ကြရ တယ်။ အခုသူတို့အသံမကြားရ တော့ပါဘူး။ ဒါဟာ တကယ့်လက်တွေ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရကြံ့ခိုင် မှုမရှိတဲ့အခါ၊ စည်းလုံးညီညွတ်မှု မရှိတဲ့ အခါ (နဝတ-နအဖ) စစ်အစိုးရပြုသမျှနုရတဲ့ဘဝရောက်သွားရပါတယ်။ ဒါကြောင့် မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း တွေအတွင်း နိုင်ငံရေးအရ ကြံ့ခိုင်ဖို့နဲ့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။
ဒါ့အပြင်တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးနဲ့ဆက်စပ်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရှေ့ကအတွေ့အကြုံတွေလို နိဂုံးမလှဖြစ်ကြရပါလိမ့်မယ်။
အခုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်မလား/မဝင်ဘူးလားဆိုတာက အပစ်ရပ်အဖွဲ့တွေကြားမှာ ကွဲစရာပြဲစရာသပ် တစ်ချောင်း ဖြစ်နေပါတယ်။ အဖွဲ့အစည်းနဲ့တပ်ကို မအပ်နိုင်ဘူးဆိုတာကတဖက်၊ (နအဖ) စစ်အစိုးရ နဲ့အစစပြေလည်ဖို့ အလျော့ပေးချင်တဲ့ဖက်ဆိုပြီး အပစ်ရပ်အဖွဲ့တွေအတွင်းမှာ နှစ်ဂိုဏ်းနှစ်ပက္ခဖြစ်နေတယ် လို့ ကြားရပါတယ်။ ဒီလိုဖြစ်နေတာကို (နအဖ) စစ်အစိုးရကသိပ်ကြိုက်ပါတယ်။
ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနဲ့ပတ်သက် ပြီးပြဌာန်း ထားချက်တချို့နဲ့ယှဉ်တွဲထောက်ပြလိုပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့များရဲ့ ဥပဒေပြုစာရင်းကို ဇယား(၃) မှာအချက် (၁) မှ (၁၀) အထိ အမှတ်စဉ်ထိုးပြီးဖော်ပြထားရာမှာ “ကာကွယ်ရေး” ဆိုလို့ မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့သစ်တောကာကွယ် ရေးပဲပါရှိပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးလည်း ပုဒ်မ (၂၇၆) ပုဒ်မခွဲ ( က) မှ (ဌ) အထိ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မတွေနဲ့ ပုဒ်မခွဲတွေကို လိုရင်းချုပ်ပြီးဖော်ပြရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဦးစီး အဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးနဲ့ဖွဲ့စည်းရမယ်လို့ဆိုပါတယ်။
ဒီ (၁၀) ဦးထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များမှ ရွေးကောက် တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်စေရ မယ်။
လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမည် စာရင်းတင်သွင်းထားသူများပါရှိရမယ်လို့ဆိုပါတယ်။ ဒီလိုပါရှိရမယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း မည့်သူများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ဝင်စုစုပေါင်းရဲ့ လေးပုံတစ်ပုံ (အနည်းဆုံး၃ ဦး) ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဖွဲ့စည်းရာမှာလိုအပ်နေသေးရင် အထက်ကပုဂ္ဂိုလ်များ (သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူများ) ကရွေးချယ် ဖြည့်စွက် ခန့်အပ် နိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြီးအမှူးဟာအလိုအလျောက်အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီး အဖွဲ့ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရမည်လို့ အတိအလင်းရေးသားပြဌာန်းထားပါတယ်။
ဒီလိုအချက်အလက်တွေ (ဥပဒေပြုခွင့်နဲ့ အုပ်ချုပ်ခွင့်) နဲ့ လက်ရှိ “ဝ” ဒေသကို ချုပ်ကိုင်ထားတဲ့ အပစ်အရပ်အဖွဲ့ အစည်းအနေအထားကို ယှဉ်တွဲစဉ်းစားလိုက်မယ်ဆိုရင်အားလုံး(ဒေသနဲ့တပ်/အုပ်ချုပ်ရေး/စီးပွားရေး)ထိုးအပ်လိုက်ရ မယ်သဘောဖြစ်နေပါတယ်။
ဒါတောင် “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ” ထွက်မလာသေးပါဘူး။ အဲဒီမှာပါလာမယ့် ကန့် သတ်ချက်တွေ (နိုင်ငံသားဖြစ်မှု၊ ပညာအရည်အချင်းစသဖြင့် ) ကို ပါထည့်သွင်းစဉ်းစားလိုက်ရင် နိုင်ငံရေး ကနေထာဝစဉ်မောင်းထုတ် ထားတာကို ရှင်းရှင်းကြီးတွေ့မြင်နိုင်ပါလိမ့်မယ်။
ဒါကြောင့် (နအဖ) စစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ရင်အသိအမှတ်ပြုလိုက်ရင် အားလုံး လက်လွတ်ဆုံးရှုံး သွားမှာအသေအချာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်မခံနိုင်ဘူးဆိုရင်တော့နိုင်ငံရေးအရ တန်း တူရည်တူရှိပြီး တိကျသေချာတဲ့ အာမခံချက်ရှိဖို့လိုပါတယ်။ တပြည်လုံးနိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ထားဖို့ လို အပ်ပါတယ်။ သီးခြားစဉ်းစားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တချိန်ကတော့ သီးခြားစဉ်းစားပြီး (ကိုယ့်ဒေသ၊ ကိုယ့် အဖွဲ့အစည်း၊ ကိုယ့်လက်နက်ကိုင်တပ်တည်ရှိရေးအတွက်) ညီလာခံတက်ခဲ့ကြတာပဲ။ အခုတော့ အဲဒီညီလာခံ ရလဒ် (ဖွဲ့စည်းပုံအခြေခံဥပဒေ)နဲ့ အကျပ်ကိုင်လာနေပါပြီ။
မကြာခင်ကပဲ ကချင်အပစ်ရပ်အဖွဲ့တာဝန်ရှိသူတစ်ဦး “တက်လာတဲ့ အရပ်သားအစိုးရသစ်ဆီ လက်နက် ချဖို့အဆင် သင့်ရှိတယ်” လို့ပြောသံကြားရပါတယ်။ လွယ်လွယ်ပဲကိုင်ထားတဲ့လက်နက်အပ်လိုက်မယ်ဆိုရင်တော့ ပြောစရာ မရှိပါဘူး။ ဒီလိုသာဓကတွေရှေ့မှာရှိပြီးသားဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတစ်ခု နိုင်ငံရေးဖက် ကူးပြောင်းမယ်ဆိုရင် နိုင်ငံရေးစကားပြောဖို့လိုအပ်ပါတယ်။
ချုပ်လိုက်ရင် (နအဖ) စစ်အစိုးရ အခြေခံဥပဒေဆိုတာနဲ့တစ်ဖက်ကချုပ်ကိုင်လာသလို၊ စစ်ရေး၊ သပ် ရှိုဖြိုခွဲရေးတဲ့ နည်းလမ်းပေါင်းစုံနဲ့အကျပ်ကိုင်လာနေပါပြီ။ ဒီအခက်အခဲကို ဘယ်လိုကျော်လွန်ကြမလဲဆိုတာ အပစ်ရပ်အဖွဲ့ အစည်းများအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို အသေအချာဆုပ်ကိုင်ပြီး၊ ကုန်လွန်ခဲ့တဲ့ နှစ်(၂၀)ကို နိဂုံးချုပ်ကာ ရှေ့အနာဂတ်ဝေးဝေးအထိ မျှော်ကြည့်ကြရမယ်လို့ယူဆပါတယ်။ အချိန်ကသိပ်မရှိတော့ ပါဘူး။
(တစည) က စိုးရိမ်နေတဲ့ “စစ်ပွဲတွေ၊ လူထုဆန္ဒပြပွဲတွေ” ဖြစ်လာနိုင်တဲ့ အလားအလာတွေက လည်း စိုးရိမ်လောက်အောင် တကယ်ကိုတည်ရှိနေတာပါ။
မှတ်ချက်။ ။ စာရေးသူ၏ ပုဂ္ဂလိကအတွေးအမြင်ယူဆချက် သုံးသပ်ချက်ဖြစ်ပါသည်။ (အယ်ဒီတာ)
တူမောင်ညို
REF: သျှမ်းသံတော်ဆင့်
Thursday, February 12, 2009
အောင်ပွဲစစ်မှန် ညီညွတ်ရေးစာမျက်နှာသစ် - မောင်ခင်အေးတင့် (မဒေါက်)
ဗုဒ္ဓဟူးနေ့၊ 11 ဖေဖော်ဝါရီလ 2009
(ကျနော်တို့ ကရင်တော်လှန်ရေးလုပ်တဲ့အခါ ကျနော်တို့က ကိုယ့်အခြေခံအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့ အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကျနော်တို့နဲ့ ဘ၀တူ လူမျိုးစုတွေ၊ ပြည်သူတွေ၊ သူတို့ကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီး တော့လည်း ဆုံးခန်းတိုင် ကျနော်တို့လက်တွဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာ ဒီနေ့ထပ်ပြီး အတည်ပြု ပြောချင်တယ်။) ဗမာပြည်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လူမျိုးပေါင်းစုံတို့ အတူတကွ မှီတင်းနေထိုင် ပျိုး ထောင်ခဲ့ကြသော တိုင်းပြည်တစ်ပြည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗမာပြည်ကို လူမျိုးပေါင်းစုံတို့ အတူတကွ ပိုင်ဆိုင်ကြသည်။ ခေတ်အဆက်ဆက်မှ အုပ်စိုးသူလူတန်းစားကိုလည်း အတူတော်လှန်တိုက်ခိုက်ခဲ့ကြသည့် ထူးခြားချက်များသည် ယနေ့အထိ ရှိနေပေသည်။ ယနေ့ဗမာပြည်သည် လူမျိုးစုများ အလွန်များပြားသလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများလည်း များပြားသည်။ လူမျိုးစုတိုင်းလိုလို လက်နက်ကိုင် အဖွဲ့ အစည်းများ ရှိနေကြသည်။ တဖက်မှာလည်း လူတန်းစားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိနေပြန် သည်။ ထိုလူတန်းစား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားလူမျိုးစု (လူနည်းစု) လက်နက်ကိုင် အဖွဲ့ အစည်းများတို့သည် တချိန်တည်းလိုပင် ပေါ်ပေါက်လာကြသည်။ အတူတကွလည်း ရှိနေသည်။ သို့သော် လမ်းစဉ်ဆိုင်ရာမူများမှာမူ မတူညီကြချေ။ ဤပဋိပက္ခသည်လည်း ရှိနေပြန်ပါသည်။
(မန်းရှာလားဖန်း-၅၉နှစ်မြောက် ကရင့်တော်လှန်ရေးနေ့)
ယင်းအမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နှစ်ပေါင်းရှည်ကြာစွာ ဆင်နွှဲလာခဲ့သော ပြည်တွင်းစစ် ရပ်စဲ ရေးနှင့် အဆုံးသတ်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်စစ်ပွဲ၏ ဇွဲလုံ့လ၊ သတ္တိနှင့် အုပ်စိုးသူ လူတန်း စား ဘုံရန်သူအဆက်ဆက်ကို ယနေ့ထိတိုင် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန်၍ ခုခံတော်လှန် တိုက်ခိုက်နိုင်ခဲ့ခြင်း၏ အစဉ်အလာကြီးမားမှု၊ ရဲဝံ့ပေးဆပ်မှု၊ ဂုဏ်ရောင်ထွန်းပြောင်မှုအစုစုတို့သည် သမိုင်း မော်ကွန်းတင် ကျောက်စာကဗျည်းထိုး ထင်ကျန်ရစ်ပြီး ဖြစ်ပေသည်။ ယင်းသို့ နှစ်ပေါင်းရှည်ကြာစွာ ဆင်နွှဲ လာခဲ့သော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် သက်ဆိုင်ရာလူမျိုးစု လက်နက်ကိုင်အဖွဲ့အသီးသီး၏ မွေးရာပါ သဘာဝအခွင့်အရေးဖြစ်သော အသက်ရှင်သန်ရပ်တည်ပိုင်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှု စသည့် အခြေခံရပိုင်ခွင့် အခွင့်အရေးတို့အတွက် အုပ်စိုးသူလူတန်းစားကို စဉ်ဆက်မပြတ် တရား သဖြင့် ဆန့်ကျင်တွန်းလှန်နေခြင်းဖြစ်သည်။ တရားမျှတသော ခုခံတော်လှန်စစ်လည်း မည်ပေသည်။ ခေတ် အဆက်ဆက်မှ အုပ်စိုးသူလူတန်းစား၏ အဓမ္မနည်းသုံး၍ လက်နက်နှင့်အကြမ်းဖက် ဖြေရှင်းနှိပ်ကွပ်မှုကို အခြားရွေးချယ်စရာလမ်း မရှိတော့သည့်အတွက် ကျန်ရှိသည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် လက်နက် စွဲကိုင်၍ တန်ပြန်တော်လှန်စစ်ကို ဆင်နွှဲနေရသည့် အမျိုးသားလွတ်မြောက်ရေး ဘ၀တိုက်ပွဲလည်း မည်ပေ သည်။
သက်ဆိုင်ရာ မိမိတို့လူမျိုးများ၊ မျိုးနွယ်စုများ၏ ကိုယ်စီထူးခြားမှုများနှင့် အကျိုးစီးပွားများအတွက် သီးခြား ကွဲပြားစွာ တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ မိမိတို့၏ လူမှုအဖွဲ့အစည်းပုံသဏ္ဍန်အရ မတူကွဲပြား စွာ ကိုယ်စီတုန့်ပြန်နေကြခြင်း ဖြစ်ပါသည်။ ယင်းသို့ မိမိတို့အသီးသီး ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်စုများ လွတ်မြောက်ရေးအတွက် တသီးတခြား တကွဲတပြား ကျဲကွဲစွာ ဆောင်ရွက်နေခြင်းဖြင့် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။ မိမိတို့ အသီးသီး ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်စုများအပါအ၀င် ဖွဲ့တည်နေသည့် တခွင်တပြင်လုံးဆိုင်ရာ လက္ခဏာဆောင်သော အဖိနှိပ်ခံလူမျိုးစုံ မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် ဆက်စပ်ပေါင်းစည်းနိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။ ယင်းသို့ တသီးတခြား ကျဲကွဲနေမှုကို တစုတစည်းညီညွတ်မှုအဖြစ်သို့ ပြောင်းလဲဖန်တီးနိုင်မှသာ ကြီးမားသောတိုက်ပွဲဝင် အင်အား ကြီး ဖြစ်လာမည်ဖြစ်သည်။ ကျဲကွဲနေမှုမှ စုစည်းညီညွတ်မှုအဖြစ် ပြောင်းလဲရာ၌လည်း အထစ်အငေါ့မရှိ လွယ်ကူပြေပြစ် ချောမောစွာ လုပ်ဆောင်နိုင်မည်တော့ မဟုတ်ပါ။
သက်ဆိုင်ရာ ကိုယ်စီအကျိုးစီးပွား၊ ကိုယ်စီထူးခြားမှုများအရ ကိုယ်စီဆုပ်ကိုင်ထားသော လူမျိုးဆိုင်ရာ လူတန်းစားဆိုင်ရာ အမြင်သဘောထားများကြောင့် အငြင်းပွားမှုများ၊ စေ့စပ်ဆွေးနွေးရမှုများ၊ စိတ်ရှည် သည်းခံရမှုများကို မလွဲမသွေ ရင်ဆိုင် ဖြတ်သန်းကြရမည်သာ ဖြစ်ပါသည်။ ယင်း၌ အဖိနှိပ်ခံဟူသော ယေဘူယျတူညီမှုက စုစည်းညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်စီအကျိုးစီးပွား၊ ကိုယ်စီထူးခြားမှုများက ကျဲကွဲ မှုကို ဖြစ်ပေါ်စေသည့် ပကတိတည်ရှိမှုကို အတိုင်းအတာအလျောက် လက်ခံအသိအမှတ်ပြုကြရမည် ဖြစ်ပေ သည်။ ကျဲကွဲမှုနှင့် စုစည်းညီညွတ်မှုသည် ဘက်နှစ်ဘက်အဖြစ် အတူတည်ရှိနေသောကြောင့် ကျဲကွဲမှုမှ စုစည်းညီညွတ်မှုသို့ ပြောင်းလဲ၍ရသည်သာ ဖြစ်ပါသည်။ ယင်းကျဲကွဲမှုမှ စုစည်းညီညွတ်မှုသို့ ပြောင်းလဲ၍ အောင်ပွဲရယူခဲ့သည့် သာဓကများလည်း ဗမာပြည်သမိုင်း၌ အထင်အရှားရှိခဲ့သည်။ ဗမာပြည်၏ နယ်ချဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသမိုင်းတွင် ပေါ်ထွန်းခဲ့ဘူးသော ဗမာ့ထွက်ရပ် ဂိုဏ်းနှင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖဆပလ) အမျိုးသားညီညွတ်ရေး တပ်ပေါင်း စုကြီးမှာ ထင်ရှားသော သာဓက ဖြစ်ပါသည်။ (ယင်း၏အချိန်ကာလ အပိုင်းအခြားနှင့် လက်ရှိဖြစ်တည်နေ သော အချိန်ကာလအပိုင်းအခြားအရ နိုင်ငံရေး အခြေအနေ၊ အနေအထား မတူညီဘဲကွဲပြားစွာ ရှိနေမည်မှာ လည်း အမှန်ပင်ဖြစ်ပေလိမ့်မည်။) ယင်းစုစည်း ညီညွတ်မှုတည်းဟူသော ကြီးမားသော တိုက်ပွဲဝင်အင်အား ကြီးဖြင့် စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမည် ဖြစ်ပေသည်။ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှ အပြီးအပိုင် မောင်းထုတ်ပစ်နိုင်မည် ဖြစ်ပေသည်။
သို့အတွက်ကြောင့်
ယင်းသို့ကျဲကွဲနေမှုများကို စုစည်းညီညွတ်မှုအဖြစ်သို့ ရောက်ရှိလာအောင် လုပ်ဆောင်ကြရမည်မှာ မိမိတို့ လူမျိုးစုံ မြန်မာပြည်သူတရပ်လုံး၏ အမျိုးသားရေးတာဝန်တရပ် ဖြစ်ပေသည်။ ဒီကနေ့ စည်းလုံးညီညွတ်မှု ရရှိပြီဆိုသည်နှင့်တပြိုင်နက်တည်း အာဏာရှင်စနစ်လည်း အလိုလိုကျဆုံးပြီးဖြစ်ပေလိမ့်မည်။ ယင်းအပြင် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး တိုက်ပွဲစဉ်၏ အဓိက အခြေခံကျသည့် လုပ်ငန်းစဉ်အဆင့် တခုလည်း မည်ပေသည်။ အထူးအားဖြင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များအတွက် ဉာဏ်ပညာ အမြော်အမြင်ဆိုင်ရာ၊ နိုင်ငံရေးစီမံခန့်ခွဲခြင်း သဘောတရားရေးရာ ပဓာနကျသည့် အရေးကြီးတာဝန်လည်း ဖြစ်ပေသည်။ ယင်းနိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများသည်လည်း တသီးတခြား ပေါ်ထွက်လာခြင်း မျိုးမဟုတ်ဘဲ စုစည်းညီညွတ်မှု၊ ကျဲကွဲမှု ဘက်နှစ်ဘက်ဖြင့် ဖွဲ့တည်နေသည့် အဖိနှိပ်ခံလူမျိုးပေါင်းစုံ မြန်မာ ပြည်သူလူထုအတွင်းမှ မိမိတို့ ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်အုပ်စုများ၏ ကိုယ်စီထူးခြားမှုနှင့် အကျိုး စီးပွားများအတွက် ရပ်တည်တိုက်ပွဲဝင်ရန် ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မြန်မာ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ကိုယ်စီရပ်ခံ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
ဤသည်ကြောင့်ပင် ကျနော်တို့တော်လှန်ရေး၏ နိုင်ငံရေးဦးတည်ချက်များဖြစ်သော အမျိုးသားတိုင်း စစ်မှန် သည့် တန်းတူမှုရရှိရေးနှင့် သွေးစည်းညီညွတ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ တစည်းတလုံးတည်း သော တပူးတပေါင်းတည်းသော တိုင်းပြည်ဖြစ်ရေး စသည့် နိုင်ငံရေးရည်မှန်းချက်များ ရရှိဖြစ်တည်လာစေ ရေးအတွက် ခေတ်အဆက်ဆက်မှ အုပ်စိုးသူ လူတန်းစားကို နှစ်ပရိစ္ဒေဒရှည်ကြာစွာ ကြံ့ကြံ့ခံတော်လှန် တိုက်ပွဲဝင်နေခဲ့ကြသော သွေးရင်းသားရင်းညီအကိုတော် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ ရရှိနိုင်သည့်အဆင့်မှစတင်၍ (၂) ဦး(၂) ဘက် အကျိုးရှိနိုင်မည့် လုပ်ငန်းစဉ်ရပ် မှန်သမျှကို လက်တွေ့ပူးတွဲလုပ်ဆောင်သွားရမည် ဖြစ်ပေသည်။
ယင်းသို့ ပူးတွဲဆောင်ရွက်သွားမှသာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်စုနှင့်တစ်စုအကြားရှိ သဘာဝ ပထ၀ီ အနေအထားအရ မတူကွဲပြားလျှက် နှစ်ပရိစ္ဆေဒ သီးခြားစီဖြစ်တည်နေကြသော ဘ၀ရပ်တည်ရှင်သန်မှုပုံစံ၊ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်၊ ဆက်သွယ်ပြောဆိုသုံးစွဲသော စကား၊ ဘာသာရေး ကိုးကွယ် ယုံကြည်မှု အစရှိသည့် ယဉ်ကျေးမှုအစုစုများသည်လည်း ဒွေးရောယှက်တင် ကူးလူးဆက်စပ်မှု ဖြစ်ပေါ်လာ ပြီး အကျိုးတူလုပ်ငန်းများကို လုပ်ဆောင်ရင်းဖြင့် ပိုမို နားလည်သဘောပေါက် လက်ခံလာစေမည် ဖြစ်ပေ သည်။ ယင်းသို့အားဖြင့် အချိန်ကာလတခုကို ကုန်လွန်ကျော်ဖြတ်ခြင်းဖြင့် အပေးအယူ တည့်ညီစွာ အပြန် အလှန် အားကိုးယုံကြည်လာစေ၍ ပေါင်းစည်းမှုစွမ်းပကားကို အထင်အရှားပြဆိုရင်းဖြင့် အမျိုးသား သွေးစည်းညီညွတ်မှု လမ်းကြောင်းဆီသို့ ဦးတည်ရောက်ရှိသွားစေမည် ဖြစ်ပေသည်။ ယင်းအမျိုးသား ညီညွတ်မှုရှိရေးသည် တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခု၌ မရှိမဖြစ် အလိုအပ်ဆုံးသောအရာပင် ဖြစ်ပေသည်။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခု၏ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးသည် ယင်း တိုင်းပြည်၌ အမျိုးသားညီညွတ်မှုရှိခြင်း-မရှိခြင်းအပေါ်တွင် တည်မှီဖြစ်ပေါ်လျှက်ရှိပေသည်။
အလုံးစုံသော လူမျိုးစုံ မြန်မာပြည်သူတရပ်လုံး၏ အခြေခံလိုအပ်ချက်ကြီးဖြစ်သည့် စားဝတ်နေထိုင် အသက် ရှင်သန်ရေးတို့အတွက် အကြောင့်အကျကင်းစွာ ပရိယေသန ရှာမှီးနိုင်ခွင့်ရှိခြင်းသည်ပင် ယင်းအမျိုးသား ညီညွတ်မှု၊ စည်းလုံးမှုမှ အကြောင်းရင်းခံ ဖြစ်တည်လာသည့် မှန်ကန်မျှတသော အုပ်ချုပ်မှုစနစ်ကြောင့် ဖြစ် ပေသည်။ သို့အတွက် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးသည် လူသားအပေါင်းတို့၏ လူဖြစ်ခြင်းနှင့်အညီ အခြေခံရပိုင်ခွင့် အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ အသက်ရှင်သန်ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှာဖွေစားသောက်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှာမှီးသိုလှောင်စုဆောင်းပိုင်ခွင့် အစရှိသည့် လူသားဘ၀ မြင့်မား တိုးတက်လာရေး၊ ဘ၀လုံခြုံမှု အာမခံချက်ရှိရေးတို့ ရရှိဖြစ်ပေါ်လာရန် အဖိနှိပ်ခံလူမျိုးပေါင်းစုံ မြန်မာပြည်သူ တရပ်လုံး၏ ဘုံအမျိုးသားအကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။
ယနေ့တိုင်းပြည်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အရပ်ရပ်သော ပြဿနာအပေါင်းစု၏ အကြောင်းရင်းမှာ လည်း ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည်တို့ ဆိတ်သုဉ်းနေခဲ့ခြင်း ကြောင့်သာ ဖြစ်ပေသည်။ ယင်းသည်ပင် အမျိုးသားညီညွတ်ရေးပြိုကွဲမှုအစနှင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရခြင်း ၏ မူလအခြေခံ အကြောင်းတရားများ ဖြစ်သည်ဟုဆိုလျှင် မှားလိမ့်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ဆိုရာ၌ လည်း စင်စစ်အားဖြင့် နိုင်ငံရေးပဋိပက္ခများ၊ နိုင်ငံရေး ကွဲလွဲချက်များ၊ နိုင်ငံရေးပြဿနာများကို လက်နက်နှင့် အကြမ်းဖက်ဖြေရှင်းခြင်းသာဖြစ်ပါသည်။ ယင်း၌ ဗမာပြည်ရဲ့ ခေတ်အဆက်ဆက် အုပ်စိုးသူလူတန်းစားများ က ပြည်တွင်းစစ်မှာ အပြုတ်တိုက်ရေးပေါ်လစီကိုသာ ကိုင်စွဲထားခဲ့ကြပေသည်။ ယင်း၏အကျိုးဆက်အဖြစ် မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်အဆက်ဆက်သည်လည်း လက်နက်နှင့် အကြမ်းဖက်ဖြေရှင်းသည့် နည်းကိုသာ တခုတည်းသောနည်းလမ်းအဖြစ် ယနေ့တိုင် ဆက်လက်ဆုပ်ကိုင် ကျင့်သုံးနေခြင်းဖြစ်ပေသည်။ တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်အားကိုး ဖြေရှင်းနေ၍ သာ ပြည်တွင်းစစ် သက်တမ်းရှည်နေရခြင်း ဖြစ်ပေသည်။ ယင်း၏ရလာဒ်အဖြစ် ယနေ့ထိတိုင် ပြည်တွင်းစစ် မရပ်စဲနိုင်သေးပါ။
ပြည်တွင်းစစ်ကို မရပ်စဲနိုင်သေးသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကိုလည်း မတည်ဆောက်နိုင်ပါ။ အမျိုးသားစည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်သေးသရွေ့ ကျနော်တို့ လူမျိုးပေါင်းစုံပြည်သူလူထုကြီး၏ သမိုင်းစဉ်ဆက်တလျှောက် တောင်းဆိုတိုက်ပွဲဝင်လာသည့် စစ်မှန်သော အမျိုးသားတန်းတူရေးနှင့် သွေးစည်းညီညွတ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ တပေါင်းတစည်းတည်းသော၊ တပူးတပေါင်း တည်းသော တိုင်းပြည်ဖြစ်ရေး စသည်များသည် အလှမ်းကွာဝေးနေဦးမည်သာ ဖြစ်ပေသည်။ သို့အတွက်ကြောင့် ကျနော်တို့ လူမျိုးစုံပြည်သူအပေါင်းသည် ဒီကနေ့၏ ဘုံအမျိုးသားအကျိုးစီးပွားကို ဖော် ဆောင်ပေးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို သဏ္ဍန် အရမဟုတ်ဘဲ အနှစ်သာရရှိစွာ မဖြစ်မနေ ကြိုးပမ်းတည်ဆောက် အကောင်အထည်ဖော်သွားကြရမည် ဖြစ် ပေသည်။
ယင်းသည် တမျိုးသားလုံးနှင့်ဆိုင်သော ပြဿနာကြီးဖြစ်သကဲ့သို့ အဖိနှိပ်ခံလူမျိုးစုံ မြန်မာပြည်သူတရပ်လုံး ၏ အနာဂတ် ကံကြမ္မာရေးဆိုင်ရာ ပြဿနာကြီးလည်း ဖြစ်ပေသည်။ ယင်းသို့ အနှစ်သာရရှိသည့် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးဖြင့် စစ်အာဏာရှင်စနစ်ကို လုံးဝ ချုပ်ငြိမ်းပပျောက်သည်အထိ အကုန်အစင် ဖျက်သိမ်းပစ်ရမည် ဖြစ်ပေသည်။ သို့မှသာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော တိုင်းပြည်ဖြစ်ရေး၊ အမျိုးသားတန်းတူရေးနှင့် အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင် ရေး စသည့် နိုင်ငံရေးဦးတည်ချက်များကို ဆက်လက်ဖော်ဆောင် တည်ဆောက်သွားနိုင်မည် ဖြစ်ပေသည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးတရပ်လုံး၏ တစ်ခုတည်းသော စည်းလုံးညီညွတ်မှု စွမ်းပကား ဖြင့်သာလျှင် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရားတည်းဟူသော စစ်အာဏာရှင်စနစ်ကို အကုန် အစင် ဖျက်သိမ်းပစ်နိုင်၍ မြန်မာ့လူ့အဖွဲ့အစည်းမှ အပြီးတိုင်မောင်းထုတ် ချုပ်ငြိမ်းကွယ် ပျောက်ပစ်နိုင်မည် ဖြစ်ပေသည်။
သို့အတွက် ဗမာပြည်အတွင်း အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော လူမျိုးစုံပြည်သူအပေါင်း အမျိုးသားအသီး သီးတို့သည် ဘုံရန်သူ စစ်အာဏာရှင်စနစ် ဇီဝိန်ချုပ်ငြိမ်းသွားရေးအတွက် အမျိုးသားသွေးစည်းညီညွတ်ရေး ကို မဖြစ်မနေ ပြန်လည်အကောင်အထည်ဖော် တည်ဆောက်သွားကြရမည်သာ ဖြစ်ပေသည်။ ယင်း၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မျိုးချစ်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းမခံရမီ ကြိးပမ်းအားထုတ် တည်ဆောက်ခဲ့၍ အမြုတေအဖြစ် အခြေခံအုတ်မြစ်ချထားနိုင်ခဲ့သော အမျိုးသား သွေးစည်းညီညွတ်မှုပြယုဂ်ဖြစ်သည့် ၁၉၄၇ ခုနှစ် သမိုင်းဝင် ပင်လုံစာချုပ်-ပင်လုံစိတ်ဓာတ် သဘောတူညီ ချက်လည်း ရှိထားနှင့်ပြီး ဖြစ်ပေသည်။ ယင်းအမြုတေအုတ်မြစ်ကို ဆက်လက်ရှင်သန် ရုပ်လုံးဖော် မည့် မာနယ်ပလောစာချုပ် (၁၉၉၂)၊ မဲ့သရောထာ သဘောတူညီချက် (၁၉၉၇)၊ သူးမွဲကလိုး သဘောတူညီ ချက် (၁၉၉၈) များကိုလည်း ချုပ်ဆိုထားနိုင်ခဲ့ပြီးလည်း ဖြစ်ပေသည်။ ယင်းသို့အထိ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ ပြီးလည်း ဖြစ်ပေသည်။ ဆက်လက်၍ လက်ငင်းရုပ်လုံးဖော်ကြရန်မှာ၊ အသက်သွင်းကြရန်မှာ ယနေ့ဗမာပြည် ၏ လတ်တလော အရေးတကြီး လိုအပ်ချက်ဖြစ်သကဲ့သို့ လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးတရပ်လုံး၏ အနာဂတ်ကံကြမ္မာဆိုင်ရာ အမျိုးသား အကျိုးစီးပွားလည်း ဖြစ်ပေသည်။ မြန်မာပြည်အမျိုးသားထုတရပ်လုံး၏ ဘုံအကျိုးစီးပွား ပေါ်ပေါက်ဖြစ်တည်ရေးမှာလည်း အားလုံးသော အမျိုးသားထုတရပ်လုံး၏ တင်းမာမှုလျော့ ပါးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးတို့ကို အစစ်အမှန် ဖန်တီးဖြစ်ပေါ် လိုလားသည့် တက်ကြွသော အခြေခံစိတ်ဆန္ဒရှိမှုအပေါ်၌သာ မူတည်ပေသည်။
ယင်းသို့သော အခြေခံစိတ်ဓါတ်ဖြင့် စစ်မှန်စွာ ကြိုးပမ်းအားထုတ်ဖော်ဆောင်လိုသည့် အဖွဲ့အစည်းများ၊ ပါတီ များ၊ အစုအဖွဲ့များ၊ တသီးပုဂ္ဂလများ-အားလုံးတို့သည် အတိတ်မှသင်ခန်းစာကိုရယူ၍ ယနေ့ (၂၁) ရာစု ကာလ လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှု၊ ပကတိဘာဝနှင့် မကိုက်ညီ မအပ်စပ်တော့သည့် ကုန်လွန်ခဲ့ သော သမိုင်းဆယ်စုနှစ်များအတွင်းမှ ဟောင်းနွမ်းဆွေးမြေ့သော လူမှု့အဆောက်အအုံကြီး၌ စွဲတင်ကျန်ရစ် သော ‘ ၀ါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ' အစရှိသည့် အစွဲအလမ်းများကို ခ၀ါချကင်းစင် ပပျောက်စေ လျှက် တမျိုးသားလုံး၏ ဘုံအကျိုးစီးပွားကို ဖော်ဆောင်တည်ဆောက်ပေးနိုင်မည့် အမျိုးသားသွေးစည်း ညီညွတ်မှုအင်အားကို မဖြစ်မနေ အလျှင်အမြန် တည်ဆောက်ကြပြီး ထိရောက်ထက်မြက်သည့် ကြီးမား သော နိုင်ငံရေးကိရိယာ လက်နက်ကောင်းအဖြစ် ညီညွတ်စွဲမြဲစွာ အခိုင်အမာဆုပ်ကိုင် ချီတက်သွားမှသာ လျှင် စစ်အာဏာရှင်စနစ်ကြီးကို မုချဇီဝိန်ချုပ်ငြိမ်း ပပျောက်စေနိုင်မည်ဟု ယုံကြည်ယူဆပါကြောင်း ယနေ့ တော်လှန်ရေးသတိနိုးကြားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ယနေ့ဒီမိုကရေစီရေးတိုက်ပွဲတွင် ပါဝင်နေကြသည့် နိုင်ငံရေးပါတီများအနက် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တပြည်လုံးလက္ခဏာဆောင်သော ရှေ့ဆောင်ပါတီ ဖြစ်ပါ သည်။ (၈) လေးလုံးအရေးတော်ပုံကြီးအတွင်းမှ ပြည်သူလူထုကြီးကိုယ်တိုင် မိမိတို့၏ စိတ်ဆန္ဒအရ ရွေးချယ် လိုက်သောပါတီ ဖြစ်ပါသည်။ စစ်အုပ်စု ကိုယ်တိုင် ကျင်းပပေးသည့် (၉၀) ပြည့်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော တရားဝင်ပါတီလည်း ဖြစ်ပေသည်။ ယင်းရှေ့ဆောင်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်မှာ ပြည်သူလူထုကြီးတရပ်လုံး စုစည်းညီညွတ်လာအောင် စည်းရုံးရေး၊ ပြည်သူလူထုကြီး၏ ညီညွတ်မှု အင်အားဖြင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေး၊ ပါတီစုံဒီမိုကရေစီ စနစ်တည်ဆောက်ရေးတို့ကို ရှေ့ဆောင် ရှေ့ရွက်ပြုရန် ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီ အကြွင်းမဲ့ဆိတ်သုဉ်းနေသော ဖက်ဆစ်တပိုင်း စစ်အာဏာ ရှင်စနစ်အောက်တွင် ပါတီတရပ်၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ရန်မှာ မလွယ်ကူလှပါ။ အခက် အခဲ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။ စစ်အာဏာရှင်စနစ်အောက်တွင် ဒီချုပ်၏ ဥပဒေတွင်း နိုင်ငံရေးလှုပ်ရှားမှုမှာ အကန့်အသတ်ကြီးလွန်းစွာ ရပ်တည်နေရသော အခြေအနေ ဖြစ်ပါသည်။ ပြည်သူ လူထုကြီး တရပ်လုံး ညီညွတ်ပြီး တိုက်ပွဲဝင်လာအောင် စည်းရုံးရာတွင် ဒီချုပ်အပါအ၀င် ဥပဒေတွင်းပါတီများ အနေဖြင့် ဘက်စုံဒေါင့်စုံ ဆောင်ရွက်နိုင်သည့် အခြေအနေမရှိပါ။ အရေးကြီးသော လစ်ကွက်ဟာကွက်များ မလွဲမရှောင်သာရှိနေမည်ဖြစ်ပါသည်။
ဤသည်ကြောင့်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမြစ်ဖျားခံ၍ နိုင်ငံရေးအရ အားအင်စွမ်းပကား ကြီးမား ကြံ့ခိုင်လှသော ပြည်တွင်းနိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီသည် သမိုင်းရေးရာလိုအပ်ချက်အရ ဆက်လက်ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ယင်းကိုယ်စားပြုကော်မီတီ သည်လည်း စစ်အာဏာရှင်စနစ်အောက်တွင် အလွန်အကန့်အသတ်ကြီးစွာဖြင့် ရပ်တည်လှုပ်ရှားနေရသော် လည်း နအဖစစ်အုပ်စုအတွက် အင်မတန်ကြောက်ရွံ့ရသည့်၊ ထိတ်လန့်တုန်လှုပ်ရသည့် ဥပဒေတွင်း နိုင်ငံရေးတပ်ပေါင်းစုကြီးလည်း ဖြစ်ပါသည်။ ယနေ့ကာလ ဒီမိုကရေစီရေးတိုက်ပွဲကြီး၏ မီးရှုးတန်ဆောင် တပ်ဦးအလံကိုင်အဖွဲ့ကြီးလည်း ဖြစ်သည်ဟုဆိုလျှင် မှားနိုင်လိမ့်မည်မဟုတ်ချေ။
သို့အတွက်ကြောင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ချေမှုန်းနေကြသော တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ အားလုံးသော ဒီမိုကရေစီအင်အားစုများက ယင်းတပ်ဦးအလံကိုင်အဖွဲ့ကြီးကို မြေပေါ် မြေအောက်နည်းစုံဖြင့် ဖြည့်ဆည်းဝန်းရံကြဖို့ လိုအပ်ပါသည်။ ပြည်တွင်းပြည်သူလူထုကြီးနှင့် အနီးကပ် တည်ရှိနေပြီး လာမည့် လူထုတိုက်ပွဲကြီးအတွက် ၀ိုင်းဝန်းပြင်ဆင်ရင်း အခွင့်အခါကောင်းကို စောင့်စားကြရ မည်ဖြစ်ပါသည်။ လက်ဦးမှုရှိစွာ အသင့်ပြင်ဆင်ထားကြရမည် ဖြစ်ပါသည်။ ယင်းသည်ပင် ဥပဒေတွင်း နိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို ၀န်းရံပံ့ပိုး အားဖြည့်ဆည်းနိုင် မည့် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံးနည်းဖြစ်ပါသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ရာတွင် တပါတီကောင်း၊ တဦးကောင်းတဖွဲ့ကောင်းနှင့် မရနိုင်ပါ။ တယောက် တပေါက် ကျဲကျဲကွဲကွဲ ဆောင်ရွက်၍လည်း မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီရေးအင်အားစုများအားလုံး စုစု စည်းစည်း ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ကြရမည်သာ ဖြစ်ပါသည်။ အချိန်မီ စုပေါင်းပြင်ဆင် ကြဖို့ လိုပါသည်။ ပြင်ဆင်မှုနောက်ကျလျှင် အလွန်တရာမှကို ကြီးမားသော ဆုံးရှုံးမှုများကို ဆက်လက် ရင် ဆိုင် ခံစားကြရမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကာ လူမျိုးစုံမြန်မာပြည်သူတရပ်လုံး ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်၍ ဒုက္ခပင်လယ်ဝေကြရမည်ဖြစ်ပြီး တိုင်းပြည်လည်း စုံးစုံးနစ်မည်သာ ဖြစ် ပါကြောင်းနှင့် ပြည်တွင်းပြည်ပရှိ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးအင်အားစုများ အားလုံးအသီးသီးသို့ ယနေ့ တော်လှန်ရေးသတိ နိုးကြားကြစေရန် ထပ်မံတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
REF: သျှမ်းသံတော်ဆင့်
Thursday, January 29, 2009
ဘာကြောင့် အာဏာမလွှဲပေးရသလဲ - ခိုင်လင်း(မေဃ၀တီ)
ဗုဒ္ဓဟူးနေ့၊ 21 ဇန်န၀ါရီ 2009 တိုက်ဆိုင်စွာဖြင့် နာမည်ကျော်စာရေးဆရာတဦး၏ ဆောင်းပါးကို ဖတ်ဖြစ်မှ ယင်းအကြောင်းအရာကို ပြန် လည်သတိရ၍ ရေးဖြစ်ခြင်းဖြစ်သည်။ ဆရာ၏ ဆောင်းပါးအနှစ်ချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေ ဖြင့် တစ်ထစ်လျှော့ရမည်ဖြစ်ကြောင်း၊ ဆရာလေသံအရ ပြောရရင် ပညာရှိလေးများကဆိုသည့်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်ထစ်မက လျှော့လာလိုက်သည်မှာ နောက်ဆုံးလျှော့စရာမရှိ၍ ဦးလွင်ပုဆိုးသာ ကျန်တော့သည့်အကြောင်း စသည် အားဖြင့် ရေးထားပါသည် ။ ကျနော့်အနေနှင့် ဆရာအား တိုက်ခိုက်လို၍ ဤဆောင်းပါးကို ရေးသည်မဟုတ်ပါ။ ပညာရှိလေးများဆိုသည့် ဆရာ့စကားကိုလည်း ကျနော့်ကို ရည်ရွယ်သည်မဟုတ်ပါ။ မည်သူအား ရည်ရွယ်သည်ကို ကျနော်သိသည်။ သို့သော် ယင်းကိစ္စ အဓိကမဟုတ် ။ အဓိက ဖြစ်နေသည့်အကြောင်းအရာကိုသာ ဆုပ်ကိုင်၍ အထက်မှာ ကျနော် ပြောခဲ့သည့် အတိုင်း တိုက်ဆိုင်၍သာ ဥပမာအဖြစ်ပြရင်း ရေးသားရခြင်းဖြစ်ပါသည်။ ဆရာညွန်းသော ပညာရှိလေးများ ထဲမှ တယောက်ပြောသေ စကားသည် န၀တ (နအဖ) မှ အာဏာမလွှဲပြောင်းပေးရေး၏ အချက်တချက်ဖြစ် သည်။ ယင်းအချက်သည် ကျနော် အထက်မှာတင်ပြခဲ့သည့် ၂၀၀၂ ခုနှစ်က ရေးခဲ့ဖူးသည့် ဆောင်းပါး ကောက်နုတ်ချက်နှင့် အနှစ်သာရအားဖြင့် တူနေသည်။ ယင်းအကြောင်းအရာကို ဆွဲဆန့်၍ ယခုဆောင်းပါး ကို ကျနော်ရေးရခြင်းဖြစ်သည်။ (ဤနေရာ၌ ကျနော် ညွန်းဆိုသောပုဂ္ဂိုလ်များ၏ နာမည်အား မထည့်ရေး သည်ကို နားလည်ပေးစေချင်သည်။ ၄င်းပုဂ္ဂိုလ်များအား နာမည်မထည့်ရေးသော်လည်း စာဖတ်နှံ့စပ်သူများ အနေဖြင့် အဖြေရှိပါသည်။ စကားချပ်။)
၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲရလာဒ်ကို အနိုင်ရပါတီအား အဘယ်ကြောင့် အာဏာမလွှဲပေးဘဲ နေရသနည်း။ စစ်အုပ်စုအနေဖြင့် အာဏာကို ဆက်လက်ဆုပ်ကိုင်လိုခြင်း တစ်ခုတည်းတော့ မဖြစ်နိုင် ချေ။ အာဏာလွှဲပြောင်း မပေးနိုင်ခြင်း အကြောင်းအရာများစွာထဲက အဓိက ကျောရိုးတခု (သို့မဟုတ်) အချက်တခုရှိသည်။ ယင်းအချက်သည် နအဖ (န၀တ) စစ်အုပ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီး သည်။ (ဤနေရာ၌ တပ်မတော်သားများကို မဆိုလိုပါ။ တပ်မတော်သားများအနေနှင့်လည်း တပ်မတော်နှင့် နအဖ (န၀တ) သည် သီးခြားဆိုသည်ကို သဘောပေါက်ရန် အရေးကြီးသည်။ စစ်တပ်ကို ခုတုံးလုပ်၍ လူ တစုက သူတို့ဆန္ဒအတိုင်း လုပ်ချင်သလိုလုပ်၍ တဖက်မှာ နအဖ (န၀တ) နှင့် တဘောတည်းပုံစံမျိုး လုပ် ဆောင်နေသည်ကို သတိချပ်သင့်သည်။ စကားချပ်)
နအဖ (န၀တ) သည် အာဏာသိမ်းပြီးကတည်းက ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်အပ်၍ ၄င်းတို့ အနေဖြင့် စစ်တန်းလျားကို ပြန်မည်ဟု ကတိပေးခဲ့ပါသည်။ အမှန်ကလည်း သူတို့ပြန်မည်ဟု ပြောဆိုခြင်း သည် သူတို့မျှော်လင့်ထားသော (တစည) သေချာပေါက်နိုင်မည်ဟု တွက်ထားသောကြောင့်ဖြစ်သည်။ အကယ်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲသည် (တစည) သာ နိုင်ခဲ့ပါက (တစည) အာဏာလွှဲ၍ စစ်တပ်သည် စစ်တန်းလျားကို ပြန်မှာသေချာသည်။ ဤကဲ့သို့ ကောက်ချက်ချရခြင်းသည် နှစ်နှစ်ဆယ်ကာလ၏ အခင်း အကျင်းအရ ကောက်ချက်ချခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရလည်း နအဖ(န၀တ) အနေဖြင့် (တစည) ကို ကျားကန်ပေးနေသည်ကို သတင်းအချက်အလက်များအရ သိရသည်။ သို့သော် နအဖ(န၀တ) မျှော်လင့် ထားသလို ဖြစ်မလာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့သည့်အခါ နအဖ (န၀တ) အနေဖြင့် ဗြောင်ပေးထားသည့်ကတိကို ဗြောင်ဖျက်ခဲ့ရသည် ။ ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးချင်ရသနည်း။ အာဏာအပေါ်မှာသာယာ၍ သို့မဟုတ် အာဏာကို ဆက်လက်ဆုပ်ကိုင်လို ခြင်းကြောင့်ဖြစ်သည်ဆိုလျှင် ယင်းတခုတည်းကြောင့်တော့မဖြစ်နိုင်။ ယင်း၏ နောက်ကွယ်မှာ ဘာတွေရှိသ နည်း။ လက်ကုန်နှိုက်ကြည့်ရန်လိုလာသည်။ အချို့က ချပြသည် ။ မရဲတရဲ ။ ကျနော်လည်း မရဲတရဲ ၂၀၀၂ တုန်းက မဂ္ဂဇင်းတစ်စောင်မှာ ပါးပါးလေးချပြဖူးသည် ။ ကျနော်က ယင်းဆောင်းပါး တွင် “မြန်မာနိုင်ငံ၏ ပကတိတည်ရှိနေသော ပြဿနာသည် အမျိုးသားရေးပြဿနာဖြစ်သည် ။ ယင်းအမျိုးသားရေးပြဿနာအား နိုင်ငံရေးအရဖြေရှင်းမှသာလျှင် ပြေလည်သွားမည် ဖြစ်၏ ။ (၁၉၉၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့အာဏာအား ပြည်သူ့ထံအပ်နှင်းရုံသက်သက် မဟုတ်ဘဲ အမျိုးသားရေးပြဿနာအား နိုင်ငံရေးအရ မဖြေရှင်းလိုသောကြောင့် ပြည်သူ့အာဏာအား မအပ်နှင်းဘဲ ငြင်းဆန်နေခြင်းဖြစ်၏။ စစ်အုပ်စုသည် အမျိုး သားအသီးသီးတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို မလိုလားသည်မှာ သမိုင်းက သက်သေပြ လျက်ရှိသည်။ အကယ်၍ အမျိုးသားရေးပြဿနာအား မဖြေရှင်းဘဲ အာဏာပိုင်ဆိုင်ရေးတခုတည်းဆိုလျှင် အောင်နိုင်ရေးပါတီဖြစ်သော (NLD) လက်ထဲသို့ အာဏာလွှဲပြောင်းလိုက်မည်ဖြစ်၏။ ယခု (၁၉၉၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အဖြေသည် အာဏာရရှိရေးသက်သက်မဟုတ်သည်မှာ ထင်ရှားသည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရအဖြေရှာမည်မှာ သေချာသောကြောင့် စစ်အုပ်စုအနေဖြင့် ငြင်းဆန်နေရခြင်းဖြစ်၏” ဟူ၍ အခြားအကြောင်းအရာရေးရင်း ကျနော် ကောက်ချက်ချ ရေးပြခဲ့ဖူးသည်။ တချိန်ချိန် ယင်းအကြောင်းအရာလေးကို သီးသန့်ဆောင်းပါးတပုဒ်ရေးမည်ဟု စိတ်ကူးခဲ့ သော်လည်း ပြန်လည်အမှတ်မရသဖြင့် ကျနော်မရေးဖြစ်ခဲ့ပါ။
ယင်းအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လျှော့ပေးလျှင် အာဏာလွှဲပြောင်းပေးခြင်းကို ရရ မည်ဖြစ်သည်။ ယင်းအချက်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများ အပေါ်ထားရှိသည့် သဘောထားပင်ဖြစ်သည်။ အဖွဲ့ချုပ်အနေနှင့်လည်း တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ ယခုကဲ့သို့ ခိုင်မာ စွာ ရပ်တည်နေရခြင်းသည် လွတ်လပ်ရေးနှင့်ထပ်တူ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်စေ လို၍ ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် လွတ်လပ်ရေးနှင့်ထပ်တူ အစိုင်အခဲအဖြစ်တည်ရှိနေသော အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလို၍ဖြစ်သည်။ အဖွဲ့ချုပ်၏ ရပ်တည်ချက်သည် ပင်လုံအပေါ် သစ္စာဖောက်မှုများကို ပြန်လည်ကုစားခြင်းလည်းဖြစ်သည်။ ဦးဝင်းတင် လွတ်လာပြီးနောက် မီဒီယာ (RFA) နှင့် အင်တာဗျူးသည့်အခါ၌လည်း ဗမာအမျိုးသားများနှင့် ထပ်တူ ကျန်အမျိုးသားများသည်လည်း နိုင်ငံရေး အရ တန်းတူအခွင့်အရေး ရှိကိုရှိရမည်ဟု ပြောကြားခဲ့သေးသည်။ “နိုင်ငံရေးအရ တန်းတူရေး” ဆိုသည့် စကားသည် ၁၉၆၂ ခုနှစ်မှသည် ယနေ့ကာလအထိ အာဏာသိမ်း စစ်ခေါင်းဆောင်တစုအနေဖြင့် နာနာ ကျင်ကျင် ခါးခါးသီးသီး အပြင်းအထန်ငြင်းဆန်နေခဲ့ကြသည်။ ၁၉၆၂ ခုနှစ်၏ ဟိုမှာဘက် ပါလီမန်ခေတ်မှာ လည်း နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိခဲ့သည်မဟုတ်ပါ။ ၁၉၆၂ အလွန် ကာလများနှင့် နှိုင်းယှဉ်၍ ကောင်းနေခြင်းသာဖြစ်သည်။ ပါလီမန်ခေတ်သည် အနူထဲက လူချော။
ဒီမိုကရေစီအင်အားစုကြားမှာလည်း အချို့ပုဂ္ဂိုလ်များသည် တိုင်းရင်းသားများအနေဖြင့်လည်း တစ်ထစ်လျှော့ တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်း ဆွေးနွေးချပြသည်ကို နယ်စပ်မှနေစဉ် ကျနော်ကြုံခဲ့ရဖူးသည်။ တိုင်းရင်းသား များ၏ တစ်ထစ်လျှော့ တိုက်ပွဲဝင်ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တစ်ထစ်လျှော့ရန် အကြံ ပေးခြင်းသည် ဒီမိုကရေစီ နိုင်ငံတော်တခု တည်ဆောက်ရေးတခုကိုသာ ကြည့်ခြင်းဖြစ်သည်။ ပါလီမန်ခေတ် သည်လည်း ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရှိခဲ့ပါသလား။ ပြည်တွင်းစစ်ရော မရှိဘဲနေခဲ့ဖူးပါသလား။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများအနေဖြင့် ပင်လုံကို ကျောခိုင်းသစ္စာဖောက်ခဲ့ခြင်း၏ ရလဒ်သည် တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး ကုန်းကောက်စရာမရှိ သော နိုင်ငံအဖြစ် ကြွင်းကျန်ရစ်ခဲ့ခြင်းသာ အဖတ်တင်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစသဖြင့် အဖွဲ့ချုပ်၏ နိုင်ငံရေး ရပ်တည်ချက် သို့မဟုတ် တိုင်းရင်းသားများအပေါ် အဖွဲ့ချုပ်၏ သဘောထားသည် ယနေ့အချိန်ထိ မပြောင်းလဲသေးပါ။ ထို့အတူ စစ် အုပ်စုသည်လည်း ၁၉၉၀ ပြည့်အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ပါ။ အသိ အမှတ်ပြုသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများနှင့် ပတ်သက်သည့် နိုင်ငံရေးရပ်တည် ချက် တစ်ထစ်မလျှော့သမျှ အဖွဲ့ချုပ်အား အာဏာအပ်နှင်းမည်မဟုတ်ပါ။ ဆိုလျှင် အဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေးနှင့် အာဏာရရှိရေးအတွက် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိသည့် သဘောထား သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်ကို ပြောင်းလဲပစ်မည်လား။ အဖွဲ့ချုပ်သည် အာဏာရယူရေး တခုတည်းသက်သက်မဟုတ်ဘဲ အမျိုးသားရေးပြဿနာများအား နိုင်ငံရေးအရဖြေရှင်းရန် စိန်ခေါ်မှုများဖြင့် တိုးဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်နယ်များ တွင်လည်း အောင်ပန်းဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်ပင် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာ ချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီး တိုင်းရင်းသားပါတီများနှင့်လက်တွဲ၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
နအဖ (န၀တ) အနေဖြင့်လည်း အဖွဲ့ချုပ်၏ တိုင်းရင်းသားများအပေါ် သဘောထားအား ပြောင်းလဲသင့် ကြောင်းကို ဆွေးနွေးကောင်း ဆွေးနွေးပြီးဖြစ်လိမ့်မည်။ သို့သော် အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားများအပေါ် ရပ်တည်ချက်ကို မပြောင်းလဲခဲ့သဖြင့် စစ်အုပ်စုသည် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လုံးဝမပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံခံဥပေဒကို တရပ်ကြမ်း ရေးဆွဲခဲ့ပြီး ဖြစ်သည့် နည်းဖြင့် လူထုဆန္ဒခံယူပွဲကျင်းပကာ အားလုံးထောက်ခံပါသည်ဟု လုပ်ဆောင်ခဲ့သည်။ စစ်ခေါင်းဆောင်များ အုပ်ချုပ်ရေးဟုဆိုသော်လည်း အမှန်စင်စစ် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုံးဝပစ်ပယ်လို၍ လုပ်ဆောင်လာခြင်းဖြစ်သည်မှာ ထင်ရှားသည်။ တပ်မတော် ကောင်းစားရေးမဟုတ် ။ ခေါင်းဆောင် လူတစုကောင်းစားရေးနှင့် တိုင်းရင်းသားများအား နှိပ်ကွပ်ရေး။ ဆို လျှင် တပ်မတော်တွင်းရှိ တိုင်းရင်းသားများအနေဖြင့် ဘာလုပ်သင့်သနည်း။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာမလွှဲပေးခြင်းသည် ၄င်းအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုများအပေါ်ထားရှိသည့် နိုင်ငံရေးသဘော ထားကို မကြိုက်သောကြောင့်ဖြစ်သည်ကို မမေ့သင့်ပေ။
REF: သျှမ်းသံတော်ဆင့်


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88