Monday, February 11, 2013

ပြည်ထောင်စုနေ့ အခမ်းအနား စတင်ကျင်းပ

2013-02-10

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုလူငယ်အဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ မနက်က စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီကနေ့ပွဲကို ပြည်နယ်နဲ့တိုင်းဒေသကြီးက ကရင်အမျိုးသားယဉ်ကျေးမှု ဒုံးယိမ်းအဖွဲ့တွေက ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကရင်ဒုံးယိမ်း ပြိုင်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးဝင်းတင်က RFA ကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ သေနတ်တွေကိုယ်စီရှိကြတယ်၊ တိုင်းရင်းသားတွေဘက်ကရော အစိုးရဘက်ကရော ပြည်တွင်းစစ်တွေဖြစ် တွေ့ဆုံဆွေးနွေးပွဲတွေလုပ်၊ အဲ့ဒါနဲ့ တစ်ခါစကား များဖြစ်နေတာ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အနုပညာတွေကောင်းတယ်၊ တိုင်းရင်းသားတွေ ပြိုင်ရင်ကောင်းမယ်လို့ ယူဆပါတယ်၊ နောင်နှစ်တွေမှာလည်း ကရင်တိုင်းရင်း သားတွေရဲ့ ယဉ်ကျေးမှုတင်မကပဲ အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေပါ ထည့်သွင်းသွားနိုင်လိမ့်မယ်လို့ ယူဆပါတယ်"

ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုနေ့ ဒုံးယိမ်းပြိုင်ပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ချို့က ကရင်ဒုံးယိမ်း အကအဖွဲ့(၂၄)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့အထိ (၃) ရက်ကြာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့