Monday, February 11, 2013

မြန်မာအစိုးရကို ADB စောင့်ကြပ်ကူညီမည်

မေစစ်ပိုင်
February 9, 2013

အာရှဖွံ့ဖြိုးရေးဘဏ်( ADB) က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီသွားမည့်အပေါ် မြန်မာ အစိုးရ က အကျိုးပြု လုပ်ငန်းများ အကောင်အထည် ဖော်ခြင်း ရှိ မရှိ စောင့်ကြည့်မည်ဟု သောင်္ကြာနေ့ ညနေ ၄နာရီ ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ADB ဘဏ်ဥက္ကဌ ဟာရူဟီကို ကိုရူဒါက ပြောသည်။

“ မြန်မာအစိုးရ အနေနဲ့ ကူညီပေးလိုက်တဲ့ငွေကြေးအပေါ် သိသာတဲ့တာဝန်ယူမှုရှိရဲ့လား၊ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်ရဲ့လားဆိုတာကို စောင့်ကြည့်မှာပါ”ဟု မစ္စတာ ဟာရူဟီကို ကိုရူဒါက ပြောသည်။

လက်ရှိတွင် ငွေကြေး ကူညီပေးရန်အတွက် မြန်မာအစိုးရအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆဲဖြစ်ပြီး ပထမ အဆင့် အနေဖြင့် နည်းပညာဖွံ့ဖြိုးရေး၊ လုပ်သားအရင်းအမြစ်၊ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် အမေရိကန်ဒေါ်လာ ၂၃သန်း ကိုလာမည့် မတ်လကုန်တွင် စတင်ကူညီသွားမည်ဟုသိရသည်။

မြန်မာနိုင်ငံ၏ ပညာရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လိင်(ခွဲခြား ဆက်ဆံမှု)နှင့် အညာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး တို့ ပါဝင်သော စီးပွားရေးကဏ္ဏအသီးသီးတွင် ဆောင်ရွက်မည့် စီမံကိန်း များနှင့် နည်းပညာ အထောက်အပံ့များကိုမူ အမေရိကန် ဒေါ်လာသန်း ၅၀ ကူညီမည်ဖြစ်သည်။

“ ကျေးလက်ဒေသတွေမှာလည်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ကျယ်ပြန့်စွာရှိလာအောင်၊ ပညာရေးမှာကွာဟချက်တွေရှိနေ တဲ့အပေါ် ဖြေရှင်းပေးသွားမှာပါ”ဟု မစ္စတာ ဟာရူဟီကို ကိုရူဒါ ကပြောသည်။

ယင်း ငွေကြေးများကို အကျင့်ပျက်ခြစားမှုများ မဖြစ်နိုင်အောင်၊ မူမမှန်သည့် လုပ်ရပ်မျိုး မလုပ်နိုင် အောင် လည်း ADB နှင့် World Bank တို့ပူးပေါင်း စောင့်ကြည့်သွားမည်ဟု ၎င်းက ဆိုသည်။

ဟာရူဟီကို ကိုရူဒါသည် သမ္မတ ဦးသိန်းစိန်နှင့်လည်း နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ၏ အကူအညီများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။

မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေ အကူအညီဖြင့် ကြွေးဟောင်းများကို ပြန်လည်ပေးဆပ်ခဲ့ပြီး ယခုအခါ ADB မှ အမေရိကန် ဒေါ်လာ ၅၁၂ သန်းနှင့် World Bank မှ ဒေါ်လာ သန်း ၄၂၀ တို့ကို ပြန်လည်ချေးငှားနိုင်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် World bank, ADB နှင့် Paris club တို့မှ ချေးငွေနှင့် အထောက်အပံ့များကို ပြည်သူ တိုက်ရိုက် အကျိုးပြုလုပ်ငန်းများနှင့် ငွေကြေးပြန်လည်ရရှိနိုင်မည့် လုပ်ငန်းများတွင် သုံးစွဲသွား မည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှုများကို ကျော်လွှား နိုင်မည် ဆိုပါက မြန်မာ့စီးပွားရေးအခြေအနေသည် နှစ်စဉ် ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် တွင် လူတဦးချင်း နှစ်စဉ်ဝင်ငွေသည် သုံးဆအထိ တိုးတက်လာနိုင်ကြောင်း အေဒီဘီဘဏ် ဥက္ကဌ မစ္စတာ ဟာရူဟီကို ကိုရူဒါ က သုံးသပ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့