Wednesday, March 20, 2013

ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပြန်လည်သွားလာခွင့်ရ

ဖနိဒါ
မတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ်

နယ်မြေ လုံခြုံမှု မရှိသဖြင့် တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနား ကားလမ်းအား တနင်္လာနေ့မှ စတင်၍ ပြန်လည် သွားလာခွင့် ရပြီဖြစ်ကြောင်း မြစ်ကြီးနား ကားကြီးဝင်းမှ တာဝန်ရှိသူ တဦးက
ပြောသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လက အစိုးရတပ်နှင့်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးအရ ယာဉ်များ သွားလာမှု ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“မနေ့က သွားတဲ့ကားတွေ ဒီနေ့ ပြန်သွားလိုက်ပြီ။ ကားက ငါးစီး။ လမ်းက လဂျာယန်လမ်းကနေ သွားလို့ မရဘူး။ တောလမ်းကနေ သွားခိုင်းတော့ ကုန်တွေက ခဏစောင့်ရမယ်။ ကုန်မပါဘဲ သွားတာက အဆင်ပြေတယ်” ဟု မြစ်ကြီးနား ကားကြီးဝင်းမှ မထသ ကော်မတီဝင် အမှုဆောင် တဦးက ပြောသည်။

အစိုးရက တရားဝင် ခွင့်ပြုလိုက်သော်လည်း ထိုကားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ၊ လဂျားယန်ကျေးရွာ မိုးနဲချောင်းတံတားပေါ်မှ ဖြတ်သန်း၍ မရသေးသဖြင့် ထိုမှ အောက်ဘက် နားလုံကျေးရွာအနီး ချောင်းကူး၍ သွားရသည်ဟု ဆိုသည်။

တိုက်ပွဲများ ကာလအတွင်း မိုးနဲချောင်းတံတားအား အသွားအလာ ဖြတ်တောက်ရန် အစိုးရတပ်နှင့် KIA တပ်နှစ်ဘက်လုံးမှ ဗုံးခွဲ၊ ဗုံးကြဲမှုများ ရှိခဲ့၍ ထိခိုက်ပျက်စီးနေသည့် တံတားပေါ်မှ ကားများ သွားနိုင်ခြင်း မရှိသေးကြောင်း KIO မှ ဒုက္ခသည်များ ကူညီရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ဆွေးနွေးပွဲကနေ တချို့ အကောင်အထည်ဖော်လာပြီလို့ ပြောလို့ရမယ်။ ကျနော်မြင်တာက ဆွေးနွေးပွဲ အပေါ်မှာ ပြည်သူလူထု ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာနိုင်မလဲ။ လူထုရဲ့ လုံခြုံရေး ဘယ်လောက်ရှိမလဲ ဆိုတာက ဆွေးနွေးမှုအပေါ် မူတည်မှာပါ” ဟု မဇ္စျိမကို ပြောသည်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်းမှာ ကချင်ပြည်သူများအတွက် အရေးပါသော လမ်းကြောင်းတခု ဖြစ်နေပြီး တရုတ်နိုင်ငံဘက်မှ အဓိကအားဖြင့် သစ်သီးဝလံများ၊ စက်ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများ တင်သွင်းနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဗန်းမော်-မြစ်ကြီးနားကားလမ်း ပြန်လည် သွားလာခွင့်ပြုလိုက်ခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ရလဒ်တခုလည်း ဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒီကိစ္စကို အကြောင်းအရာ တခုအနေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပူးတွဲ သဘောတူညီချက် အနေနဲ့တော့ ထည့်မရေးဘူး။ ဒါပေမယ့် ဒီဟာကိုတော့ နှစ်ဖက် ယုံကြည်မှုနဲ့ ဆောင်ရွက်ဖို့ ဆိုတာကိုတော့ သဘောတူထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်ကလည်း “အရင်တခေါက် ဆွေးနွေးတုန်းက အစိုးရဘက်က ပူတာအိုလမ်း ဖွင့်ပေးဖို့ ပြောတယ်။ အဲဒါလည်း ဖွင့်ပေးလိုက်ပြီ။ ဖားကန့်လမ်းလည်း ဖွင့်လိုက်ပြီ။ ခု ဗန်းမော်လမ်း ပြန်ဖွင့်ပေးလိုက်တယ်။ ယုံကြည်မှု တည်ဆောက်တဲ့သဘောဘဲ” ဟု ပြောသည်။

“ကုန်တွေက မသွားနိုင်ဘူး ထင်တယ်။ အစိုးရက သူတို့ ရိက္ခာပို့နိုင်ဖို့၊ သူတို့ စစ်တပ်တွေ သွားလာနိုင်ဖို့ ဖွင့်တယ်လို့ပဲ မြင်တယ်။ သူတို့ တပ်မတွေ အများကြီး မြစ်ကြီးနား-ဗန်းမော် ကားလမ်း ကြားမှာ အများကြီးပဲ။ သူတို့ ပြန်ထွက်လာ နိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာပဲ” ဟု ဦးဆန့်အောင် က သုံးသပ်ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးနောက် နှစ်ဖက် ပစ်ခတ်မှုများ လျော့နည်းသွားသလို နောက်တဆင့် အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် ရှိသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက
ပြောဆိုသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ ခရီးရှည် လမ်းလျှောက်သည့် အဖွဲ့မှ လူ ၁၀၀ ကျော်သည် မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ယနေ့ အနားယူကာ ဗုဒ္ဓဟူးနေ့တွင် စစ်ပြေးဒုက္ခသည်များအား သွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်း ဦးဒွဲပီဆား က မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့