Tuesday, April 9, 2013

ရန်ကုန် အိမ်ခြံမြေ ဝယ်လက်များ နယ်ဘက်သို့လှည့်၊ အနားသတ်မြို့နယ်အချို့ အရောင်းအဝယ်ဖြစ်

ခင်မျိုးသွယ်
ဧပြီလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ ဝယ်လက်များ စီမံကိန်းဒေသရှိရာ အခြားနယ်များ သို့ အဓိက လှည့်လည် ဝယ်ယူနေပြီး ရန်ကုန်မြို့ အနားသတ် မြို့နယ်အချို့ရှိ မြေကွက်များသာ အရောင်း အဝယ်ရှိနေကြောင်း အကျိုးဆောင် များက ဆိုသည်။

“ပြီးခဲ့တဲ့ ရက်က တိုင်းနဲ့ ပြည်နယ်တချို့က အိမ်ခြံမြေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ ရန်ကုန် ဝယ်လက် တွေ နယ်တွေဘက် ဆင်းပြီး ဝယ်ယူနေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပဲခူး ဟံသာဝတီလေဆိပ်ကြောင့် စီမံကိန်းဝန်းကျင် နေရာတွေကို ဝယ်ယူနေတယ် ပြောကြတယ်။ ဧရာဝတီတိုင်းဘက် က ငွေဆောင်နဲ့ ချောင်းသာဘက်တွေမှာလည်း ဝယ်ယူမှု ရှိနေတယ် ကြားတယ်” ဟု အိမ်ခြံမြေ ဝန်ဆောင် မှု အ ကျိုးဆောင်များအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။

စီမံကိန်းနေရာတွေ အရောင်းအဝယ်

ဧပြီလဆန်းပိုင်းအတွင်း ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ စီမံကိန်းနေရာ ဝန်းကျင်ဒေသများတွင် အရောင်းအဝယ် ဖြစ်လျက်ရှိနေသည်။

“စီမံကိန်းဒေသတွေက ဧက ကွက်တွေအလိုက် အရောင်းအဝယ် ရှိနေပါတယ်။ ကျပ်သိန်း ၁၅၀ လောက်ကနေ ကျပ်သိန်း ထောင်ကဏန်းအထိ အရောင်း အဝယ်ဖြစ်ကြတယ်” ဟု ပဲခူးအခြေစိုက် အိမ်ခြံမြေပွဲစား ဦးအောင်မြင်က ဆိုသည်။

ငွေဆောင်၊ ချောင်းသာ မြေကွက် အရောင်းအဝယ်

မကြာမီ ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဧရာဝတီတိုင်းဒေသတွင်းရှိ ငွေဆောင်၊ ချောင်းသာ မြေကွက်များကို ရန်ကုန် ဝယ်လက်များက ဝယ်ယူနေသည်။

“ငွေဆောင်ဇုန်တစ် နဲ့ နှစ်ကို ဝယ်ဖို့ စိတ်ဝင်စားသူ များတယ်။ ငွေဆောင်ဇုန် ၁ က ပါမစ်ရှိတယ်။ ဂရမ် ချပေးဖို့ သက်ဆိုင်ရာကို တင်ထားပြီးတဲ့ အနေအထား ရှိနေတယ်။ မကြာမီမှာ ဂရမ် ကျလာပြီး ဂရမ် ကွက်တွေ ဖြစ်လာနိုင်ပါတယ်။ ငွေဆောင်ဇုန် ၂ က ပါမစ်မရှိသေးဘဲ အရောင်းအဝယ် ဖြစ်နေတယ်။ တဧကအကွက် တကွက်ကို ကျပ်သိန်း ၁,၈၀၀ နဲ့ ၂,၀၀၀ ကြားအရောင်းအဝယ် ဖြစ်ကြတယ်” ဟု ပုသိမ်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်မိုး က ဆိုသည်။

ငွေဆောင်၊ ချမ်းသာ မြေကွက်များကို ဝယ်ယူသူ အများစုမှာ ဟိုတယ်လိုအပ်ချက်အရ ရင်းနှီးမြှုပ်နှံလို သူများလည်း ပါဝင်သည်။

စလစ်မြေကွက်တွေ အရောင်းအဝယ် ဆက်ရှိ

ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ ဖေဖေါ်ဝါရီလမှ စ၍ ဧပြီလဆန်းထိ အေးခဲ့သည်ဟု အိမ်ခြံမြေ အကျိုးဆောင် များက ဆိုသည်။

“ဈေးကွက်လှုပ်ရှားမှု သိပ်မရှိဘူး။ ဈေးကွက်အေးတာ နှစ်လကျော်အထိ ရှိလာပြီ။ တန်ဖိုး ဆယ်ကဏန်း ကနေ ရာကဏန်းသာ ရှိတဲ့ စလစ်မြေကွက်တွေတော့ ဆက်ပြီး အရောင်းအဝယ် ရှိနေပါတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့အပြင် ရန်ကုန် အနားသတ်မြို့နယ်များ ဖြစ်သည့် သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း စသည်မြို့နယ်များရှိ မြေကွက်အချို့ အရောင်းအဝယ်ဖြစ်သည်။

“စလစ်မြေကွက်များ ရှိနေတဲ့ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေက မြေကွက်တွေ လည်း အရောင်းအဝယ် ရှိနေပါတယ်။ ဒါပေမယ့် ဈေးကွက်ကြီး တခုလုံးအနေနဲ့ ခြုံပြော ရင် အေးပါတယ်” ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဦိးသန်းဦး က ပြောသည်။

စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေကွက်ရှာနေ

ရန်ကုန်မြို့တွင်သာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သည့် လုပ်ငန်းများအတွက် မြေကွက် ရှာဖွေမှုများလည်း ရှိနေသည်။

“ရန်ကုန်မြို့တွင်သာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့အတွက် မရမ်းကုန်း ပတ်ဝန်းကျင်မှာ မြေကွက်ကျယ် ဝယ်ဖို့ မေးတဲ့သူ ရှိပါတယ်။ ပြည်လမ်း ပတ်ဝန်းကျင် နေရာတွေကိုလည်း ဝယ်ယူဖို့ မေးသူတွေ ရှိပါတယ်” ဟု ကြယ်စင်လင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ဦးစိုးဝဏ္ဏ က ပြောသည်။

ရန်ကုန် အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ “ဧပြီလထဲမှာ သင်္ကြန်ပိတ်ရက်တွေက များတယ်။ နှစ်ပတ်ပဲ အလုပ်လုပ်ရက် ရှိနေတယ်။ ဒီလိုအနေအထားမှာ ဈေးကွက်လားရာကို သင်္ကြန်အပြီးမှပဲ မှန်းလို့ ရနိုင်မယ်။ အငှားဈေးကွက်ကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့