Friday, August 8, 2008
Thursday, August 7, 2008
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - နိုင်ငံခြားရေးရာကော်မတီမှ သဘောထား ထုတ်ပြန်ချက်
FOREIGN AFFAIRS COMMITTEE
ALL BURMA FEDERATION OF STUDENT UNIONS
ALL BURMA FEDERATION OF STUDENT UNIONS
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - နိုင်ငံခြားရေးရာကော်မတီမှ သဘောထားထုတ်ပြန်ချက်
ဗမာပြည်လူမျိုးပေါင်းစုံ ကျောင်းသားပြည်သူတရပ်လုံးရဲ့ မဆလစစ်အာဏာရှင်စနစ် ဆန့်ကျင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးကို ရည်ရွယ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ အနှစ် (၂ဝ)ပြည့်ခဲ့ပါပြီ။
ကျောင်းသားလူငယ်တွေက စတင်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး လူမျိုးစုံပြည်သူတစ်ရပ်လုံးပါဝင်တဲ့ အထွေထွေ လူထုတိုက်ပွဲကြီးဖြစ်လာ တဲ့အခါမှာတော့ (၂၆) နှစ်ကြာ သက်ဆိုးရှည်နေတဲ့ မဆလ စစ်အစိုးရနဲ့အတူ သမ္မတသုံးဆက် ပြုတ်ကျစေခဲ့တဲ့ အရေးတော်ပုံကြီးအဖြစ် ပြောင်းလဲစေခဲ့တယ် ဆိုတာကို နိဂုံးချုပ်ကြည့်ရမှာဖြစ်ပါတယ်။
အရေးတော်ပုံကြီးရဲ့ အောင်သီး အောင်ပွင့် ရလဒ်တွေ အနေနဲ့ဖေါ်ပြရရင် -
- မဆလတစ်ပါတီ စစ်အာဏာရှင်အစိုးရ ပြုတ်ကျခဲ့တယ်။
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုမင်းကို နိုင်၊ ကိုမင်းဇေယျအပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပေါ်ထွန်းလာခဲ့တယ်။
- လူမျိုးပေါင်းစုံပြည်သူတွေရဲ့ အစစ်အမှန်ဆန္ဒဖြစ်တဲ့ ၁၉၉ဝခုနှစ် ပါတီစုံရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပေါ်ထွန်းလာခဲ့တယ်။
- ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်အဖြစ် ၁၉၉၆၊ ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ ပါဝင်ခဲ့ကြတဲ့ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဆိုတဲ့ လူထုလှုပ်ရှားမှုတွေဟာ အနှစ်(၂ဝ) ကာလအထိ ဆက်လက် ပေါ်ထွက်နေဆဲဖြစ်တယ်။
အားလုံးကို ခြုံပြောရရင် ဗမာပြည်နိုင်ငံရေး သမိုင်းမှာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး တိုက်ပွဲစီးကြောင်းဟာ လွန်ခဲ့တဲ့အနှစ်(၂ဝ)က ပေါ်ပေါက် ခဲ့တဲ့ ရှစ်လေးလုံး လူထုတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်ကြောင့် မတိမ်ကော မပပျောက်ဘဲ ဆက်လက်စီးဆင်းနေဆဲ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ဒါပေမယ့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အဲဒီအချိန်ကာလက အဆုံးသတ် အောင်ပွဲထိ မရောက်ရှိနိုင်ခဲ့ ပါဘူး။
ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး အဆုံးသတ်အောင်ပွဲအထိ မရောက်ခဲ့တဲ့ အားနည်းချက်တွေကို ပြန်လည်ဆန်းစစ်ရရင်
- လူမျိုးစုံ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးက အရေးတော်ပုံကြီးအတွင်း ရှည်ကြာတဲ့ တိုက်ပွဲစဉ် တလျောက် မှာ စစ်အာဏာရှင်တွေရဲ့ ပစ်ခတ်ဖိနှိပ်နေတဲ့ကြားက တစ်သံတည်းသော နိုင်ငံရေးတောင်းဆိုမှုနဲ့အတူ တောင့်ခံတိုက်ပွဲဝင်ပြီး တာဝန်ကျေပွန်ခဲ့ပေမယ့် ဦးဆောင်မှုအပိုင်း ညီညွတ်မှု အားနည်းခဲ့တယ်။
- ခေါင်းဆောင်မှုဟာ လူထုတိုက်ပွဲရဲ့ တစ်ခုတည်းသော ဗဟိုချက်အဖြစ် မစုစည်းနိုင်ခဲ့ဘူး။
- အဆုံးသတ်အောင်ပွဲခံနိုင်ဖို့အတွက် ဗျူဟာနဲ့လုပ်ငန်းစဉ်ဆိုင်ရာ အဆင်သင့် မပြင်ဆင်နိုင်ခဲ့ဘူး။
- တစ်ခုတည်းသော နည်းပရိယာယ်လမ်းစဉ် မချမှတ်နိုင်ခဲ့ဘူး။
- ဒီမိုကရေစီရေးအပေါ် ထောက်ခံတိမ်းညွတ်လာနေတဲ့ တပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားတွေကို စည်းရုံးလက်တွဲ ခေါ်ယူမှု အားနည်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ အဆုံးသတ် အောင်ပွဲအထိ မရောက်ခဲ့ ဘဲ စစ်အုပ်စုက လက်ဦးမှုယူ အာဏာပြန်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ယနေ့ကာလအထိ အနှစ် (၂ဝ)ကာလ အတွင်းမှာ အာဏာသိမ်း နဝတ၊ နအဖစစ်အုပ်စုအနေနဲ့ အရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ (၉ဝ)ရလဒ် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ပြန်လည်နလံထူရေးနဲ့ စစ်အာ ဏာရှင်စနစ် တည်မြဲရေး တို့အတွက် ဆိုးရွားပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ ဖိနှိပ်ခဲ့ပေမယ့်လည်း ကျောင်းသား ပြည်သူ လှုပ်ရှားမှုတွေ အဆက်ပြတ် မသွားခဲ့ဘူး။ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်သူ့ အခွင့်အရေးများအတွက် ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ပြည်သူအတွင်း အလွှာ အသီးသီး လှုပ်ရှားမှုတွေနဲ့ နောက်ဆုံး ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင် ခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုတွေ အထိပါပဲ။ ပြည်သူတရပ်လုံး ပါဝင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအဆင့်ထိ မရောက်ရှိခဲ့ပေမယ့် တိုက်ပွဲတိုင်းမှာ ကျောင်းသားလူငယ် မျိုးဆက်တွေ မပြတ်ခဲ့တာ၊ ကျောင်းသားသမဂ္ဂ စိတ်ဓါတ်ကို ကျောင်းသားလူငယ်တွေ အကြား လက်ဆင့်ကမ်းနိုင်ခဲ့တာ ဗမာပြည် သမိုင်းအတွက် ဂုဏ်ယူစရာ ကိစ္စ ဖြစ်ပါတယ်။ လက်ရှိ ဗမာပြည်တွင်း စစ်အာဏာရှင် အုပ်စုရဲ့ ဆိုးဝါးပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေ အောက်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး တာဝန်တွေကို သမဂ္ဂစိတ်ဓါတ်နဲ့အတူ အခက်အခဲ အမျိုးမျိုးအကြားက လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ ကျောင်းသားလူငယ် မျိုးဆက်တွေကိုလည်း ကျနော်တို့ အပြည့်အဝ ထောက်ခံ ကြိုဆိုအပ်ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အနှစ်(၂ဝ)ပြည့် ယနေ့ကာလဟာ ဗမာပြည် နိုင်ငံရေး အပြောင်းအလဲအတွင်း ရောက်ရှိနေတဲ့ ကာလ အခြေအနေဖြစ်ပါတယ်။
နအဖစစ်အုပ်စုဟာ ရှစ်လေးလုံး အရေးတော်ပုံ အသီးအပွင့်ဖြစ်တဲ့ (၉ဝ) ခုနှစ် ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ထိပ်သီးတစု အကျိုးစီးပွား ရေရှည် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်တဲ့ အမျိုးသားညီလာခံ ဆိုတာကို အဆုံးသတ် ခဲ့ပြီးပြီ။ တရားမဝင် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကို နာဂစ်မုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခသောကကိုမှ အလေးထား စာနာမှုမရှိဘဲ ခြိမ်းခြောက် အကြပ်ကိုင် အတင်း အဓမ္မ ဆန္ဒရယူထားတဲ့ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီးပါပြီ။
ထပ်ပြီး စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ခိုင်မြဲရေးကို ဦးတည်တဲ့ ဖွဲ့စည်းပုံ အသက်ဝင်ရေး တဖက်သတ် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ လုံးပန်းနေပါပြီ။ ရှစ်လေးလုံး အရေး တော်ပုံကြီး ကနေ ပေါ်ထွန်းလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေကို ဖိနှိပ် ဖမ်းဆီးဖို့ အကောက်ကြံ ပြင်ဆင်မှုတွေ၊ တိုင်းရင်းသား အပစ်ရပ် အင်အားစုများ အကြား သွေးခွဲဖြိုခွဲမှုတွေနဲ့ ဘက်ပေါင်းစုံ ဖိနှိပ်မှုတွေ အတွက်လည်း ပြင်ဆင်နေတာ တွေ့ရှိနေ ရပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ ရှစ်လေးလုံး အသီးအပွင့်ဖြစ်တဲ့ ၉ဝခုနှစ် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေးကို ရည်ရွယ်တဲ့ နအဖစစ်အုပ်စုရဲ့ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နအဖပြုလုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအပါအဝင် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဝင်တဲ့ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ အဆင့်တိုင်းကို မထောက်ခံပါ၊ လုံးဝပြတ်သားစွာ ဆန့်ကျင်ပါတယ်။ နအဖဖွဲ့စည်းပုံ ရေရှည်အသက်ဝင်သွားလို့ စစ်အာဏာရှင် ထိပ်သီးများအတွင်း အာဏာလုပွဲတွေကတဆင့် ပေါ်ပေါက် လာမယ့် တိုင်းပြည်ပြိုကွဲ ပျက်စီးရေး ကိုလည်း လုံးဝ အဖြစ်မခံနိုင်ပါ။ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံ လက်ရှိထက် ပိုမိုနိမ့်ကျ ဆင်းရဲပျက်စီးရမယ့် အရေးကိုလည်း လုံးဝလက်မခံနိုင်ပါ။
လက်ရှိအခြေအနေနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ အားသာ၊ အားနည်းချက် တွေကိုပေါင်းစပ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အနှစ်(၂ဝ)ပြည့်ကို အထိမ်းအမှတ်ပြု အခိုင်အမာ ပြောကြားလိုတာက ကျနော်တို့အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီး အပွင့်တွေကို ဆက်လက် ကာကွယ်သွားမယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံရဲ့ အောင်ပွဲ အဆုံးသတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးအထိ အနှစ်သာရရှိတဲ့ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစုကြီးတရပ် ပေါ်ထွန်းရေး၊ လက်တွေ့ကျတဲ့ အနိမ့်ဆုံးတူညီတဲ့ ဗျူဟာနဲ့ လုပ်ငန်းစဉ် ပေါ်ထွန်းရေးတို့အတွက် ဒီမိုကရေစီ အင်အားစု အသီသီးနဲ့အတူ၊ ကျောင်းသားပြည်သူ လူထုကြီးနဲ့အတူ၊ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ သူရဲကောင်း အပေါင်းနဲ့ ဗမာပြည် ဒီမိုကရေစီရေး တိုက်ပွဲစဉ် အဆက်ဆက်အတွင်း ကျဆုံးခဲ့သော သူရဲကောင်းအပေါင်းအား ဦးညွတ်ဂုဏ်ပြုရင်း - - - -
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံစိတ်ဓါတ် အဓွန့်ရှည်ပါစေ
ကျောင်းသားသမဂ္ဂစိတ်ဓါတ် အဓွန့်ရှည်ပါစေ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရက်စွဲ - ၂ဝဝ၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်။
Tuesday, August 5, 2008
နိုဘယ်ဆုရ ရုရှား စာရေးဆရာကြီး ဆိုဇင်နစ်ဇင် ကွယ်လွန်
နိုဘယ်ဆုရ ရုရှား စာရေးဆရာကြီး အလက်ဇန်းဒါး ဆိုဇင်နစ်ဇင် (Aleksandr Solzhenitsyn )ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဆိုဗီယက် အစိုးရ ကို ဝေဖန်ရေးသားခဲ့မှုကြောင့် စာရေးဆရာကြီးဟာ ဆိုဗီယက် ခေတ်အတွင်း ပြည်ပမှာ အဝေးရောက် နေထိုင်ခဲ့ရပါတယ်။
နှလုံးရောဂါနဲ့ သေဆုံးတယ်လို့ သူ့သားက ဆိုပါတယ်။ ရုရှား သတင်းစာတွေကတော့ လေဖြတ်တဲ့ ရောဂါကို စာရေးဆရာကြီး ခံစားနေခဲ့ရတယ်လို့ ရေးကြပါတယ်။
ဆိုဇင်နစ်ဇင်ဟာ ဆိုဗီယက် ယူနီယံမှာ ဆင်ဆာ ဖိနှိပ်ခံခဲ့ရတဲ့ စာရေးဆရာတွေရဲ့ ဘ၀ သင်္ကေတ ဖြစ်ခဲ့ပါတယ်။
၁၉၁၈ မှာ မွေးခဲ့ပြီး၊ ရုရှား တက္ကသိုလ်မှာ သင်္ချာပညာ လေ့လာခဲ့ပါတယ်။ စတာလင်ကို ဝေဖန်တဲ့ ပေးစာ ရေးခဲ့တဲ့ အတွက် ၁၉၄၅မှာ ထောင် ၈နှစ် ချခံရပြီး၊ ကာဇက်စတန်ကို နယ်နှင်ခံခဲ့ရပါတယ်။
သူ့ရဲ့ရဲဘက် စခန်းအတွေ့အကြုံကို ရုရှား ပြန်ရောက်တဲ့အခါ၊ ၀တ္ထုရေးသားခဲ့ပြီး ၁၉၆၂မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ၀တ္ထု ကတော့ One Day in the Life of Ivan Denisovich ၀တ္ထုဖြစ်ပါတယ်။ The Gulag Afchipelago ၀တ္ထုကိုတော့ အနောက်နိုင်ငံမှာ ထုတ်ဝေခဲ့ရပါတယ်။
၁၉၇၀မှာ နိုဘယ်ဆုရခဲ့ပါတယ်။
၁၉၉၄မှာ ရုရှားကို သူ ပြန်သွားခဲ့ပြီး၊ နေထိုင်ခဲ့ပါတယ်။
Tuesday, July 29, 2008
နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်။ ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်း စသဖြင့် ၀န်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်ယူသွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။
Thursday, July 24, 2008
Tuesday, July 15, 2008
မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိများ
အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။
သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုယ်းစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။
သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့ အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။
ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေ အထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ၀င်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။
ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။
အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။
၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။
ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။
မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသောအခါ ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။
နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကို အကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်သည်။
ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံခဲ့ရသည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
Tuesday, July 1, 2008
Monday, June 30, 2008
စည်းကမ်းမဲ့အကြမ်းဖက်မှုများ တားဆီးပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
၂၀၀၈ ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့လူရမ်းကားအုပ်စုများက မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။
Tuesday, June 24, 2008
Saturday, June 21, 2008
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမတ နစ်ကိုးလပ်စ်ဆာကိုဇီ မှ
ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ
ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခိုင် တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ ထောက်ခံ ရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ပြည်သူတွေ အတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ် ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။
အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အနာဂတ်မှာ အမ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်ခွင့် ရှိရေးဟာ အချက်အချာ ဖြစ်နေဆဲပါ။ မကြာခင်က လုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒ သဘောထားကို အမှန် တကယ် ထင်ဟပ်မှုအဖြစ် ယုံကြည် အားထားနိုင်စရာ မရှိသလို အခြေခံ ဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုအတွက် ခိုင်ခန့်တဲ့ အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲ စတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ တောင်းဆိုလိုက်ပါတယ်။
လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒီလို လူသားပီသပြီး ဆင်ခြင်တုံတရား လွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်း မကောင်း၊ အရှည်သဖြင့်လည်း တည်တံ့နေလို့ မရနိုင်ဘူး ဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူ အလျှော့ အတင်းတွေ လုပ်ဖို့လိုတယ် ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ ဖြစ်ပါတယ်။
ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ပြီးနောက်ပိုင်း လူသားချင်း စာနာရေးအခြေအနေအပေါ် အလွန် တရာမှ စိုးရိမ် ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံ လူ့လွတ်လပ်ခွင့်တွေ စီးပွားရေး အခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေ ရတဲ့ မြန်မာပြည်သူတွေဟာ အဲသလိုကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်း ဆိုပြီး အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာ ကတည်းက လုံလုံ လောက်လောက် လက်မခံတဲ့ အပေါ်မှာလည်း ရင်နင့်အောင် ဝမ်းနည်းမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့က လှုပ်ရှား တုံ့ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကိုယ်ကျ အားပေး ထောက်ခံခဲ့တာကြောင့် ကျနော်တို့ ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာ ကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါဘဲ၊ ဒါပေမဲ့ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီ အကူအညီတွေ သေချာပေါက် ရောက်စေဖို့နဲ့ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာ ခံစားရမှုတွေကို ကာကွယ်တားဆီး နိုင်ဖို့ လုပ်ဆောင်စရာ အများကြီး လိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုံးပမ်းမှုမှာ အားဖြည့် ကူညီပေးဖို့ ချက်ချင်း ဆုံးဖြတ်တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည် တည်ဆောက်ရေးအတွက် အာဆီယံ ယန္တရားကိုလည်း အားပေး ထောက်ခံ သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရ ချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။
မြန်မာနိုင်ငံက များပြားလှတဲ့ အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအား ကိုရော တိုင်းပြည်ရဲ့ အမျိုးသား စုစည်း တည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစားသဘောကျ မိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာမဟုတ်ပါဘူးခင်ဗျား။
နစ်ကိုးလတ်စ်ဆာကိုဇီ
NCGUB-Border Office မှ ဘာသာပြန်ဆိုသည်။














.jpg)
.jpg)




BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88