၆ နိုဝင်ဘာ ၂၀၀၈
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။
အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက် လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ချုပ် လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့များအပေါ် မကျေနပ်သည့် လူငယ်များက ၄င်းတို့၏ ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။

ဦးဝင်းတင်က လူငယ်များအား -
‘ကျန်တော့်အနေနဲ့ ဥက္ကဌ ဦးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ဥက္ကဌကိုပြောခဲ့တာက ဒီ လူငယ်တွေကို ထုတ်ပစ်တာကို လက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူ တွဲလုပ်စရာရှိတဲ့ ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲ ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။ ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ် လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဖွဲ့ ချုပ်ကိုလည်း ပြောခဲ့ပါတယ်။ အခုအပြင်ကို ရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲ ခေါ်ပါ။ လူငယ်အကြံပေး အဖွဲ့ကိုလည်း ပြောခဲ့တယ် ဒါကတော့ ဒီအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ့ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည် ပြောကြားခဲ့သည်။
သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့် လက္ခဏာ မရှိကြောင်း နှုတ်ထွက် လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့် ဖြစ်စေချင်သည့် ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံ ကိုခင်ထွန်းက “ကျနော်တို့အနေနဲ့ ကတော့ လူငယ်အဖွဲ့ကို ပြန်ဖွဲ့မယ်ဆိုရင် အသက်(၃၅)နှစ်အောက် လူငယ်များဖြင့်သာ ပြန်လည်ဖွဲ့ စည်းသင့်ကြောင်း၊ အခု ပြန်ဖွဲ့လိုက်တဲ့ လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်း လူငယ်ကို ပြန်လည် ဖွဲ့စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲစည်း သင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး လူငယ်များအနေနှင့် ပါတီသက်တမ်း အနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်း နေခဲ့ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ်ကြိမ် ပါယ်ချခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။
နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မ လုပ်အားပေးခိုင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။
မြင့်မိုးဇော်
Ref: ခေတ်ပြိုင်
Read More...
Collapse...
အောက်တိုဘာ ၅။ အေပီ
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းသည် ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမားကို အနိုင်ပေးလိုက်ပြီး အိုဘားမားသည် သူကိုယ်တိုင်နှင့် သူ့တိုင်းပြည်အတွက် ကြီးမြတ်သော အရာတစ်ခုကို ရရှိလိုက်ကြောင်း ထောပနာပြုလိုက်သည်။
ဇနီးသည် စဲန်ဒီနှင့် ဒုသမ္မတလောင်းအဖြစ် တွဲဖက်အရွေးခံသူ ဆာရာပေါ်လင်းတို့ ခြံရံလျက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ ဘဲလ်တီမိုး ဟိုတယ်အပြင်မှနေ၍ မက်ကိန်းသည် ထောက်ခံသူများအား ည ၉ နာရီကျော်တွင် စကားပြောကြားသည်။ “အမေရိကန် ပြည်သူတွေက ပြောလိုက်ကြပါပြီ။ သူတို့ဟာ သဲသဲကွဲကွဲ ပြောလိုက်ကြပါပြီ”ဟု ဆိုသည်။
အိုဘားမား အနိုင်ရကြောင်း ကြေညာနေသော မက်ကိန်းနှင့် ဘေးမှ ရပ်နေသော ဒုသမ္မတလောင်း ပြိုင်ပွဲဝင် ဆာရာပေါ်လင်း အနောက်ဘက် ကမ်းခြေဒေသများတွင် မဲဆန္ဒပေးခြင်း အပြီးသတ်ပြီးနောက် အီလီနွိုက်ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ် အိုဘားမား၏ မဲများ ရေတွက်ပြီးနောက် အောင်မြင်ကြောင်း ထင်ရှားပြီးနောက် ပြိုင်ပွဲကို မက်ကိန်းက အိုဘားမား အနိုင်ရကြောင်း ပြောကြားပြီး အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
မက်ကိန်းက သူ့အား ထောက်ခံသူများကို မကျေနပ်စရာတချို့ ခံစားရတာ သဘာဝပါ။ ကျွန်တော်တို့ ဒီလို ခံစားရပေမယ့် အရေးနိမ့်ခြင်းဟာ ကျွန်တော့် အရေးနိမ့်မှုသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အရေးနိမ့်တာ မဟုတ်ပါဘူး”ဟု နှစ်သိမ့်သည်။ ရွေးချယ်ခံ သမ္မတ အိုဘားမားကို ကူညီသွားမည် ဖြစ်ကြောင်းလည်း မက်ကိန်းက ကတိပြုသည်။
မဲဆွယ်ကာလအတွင်း မက်ကိန်းက အိုဘားမားအား သမ္မတဖြစ်ရန် အတွေ့အကြုံ နည်းပါးလွန်းသူအဖြစ် ဝေဖန်ခဲ့သော်လည်း ယခု အရီဇိုးနား အထက်လွှတ်တော်အမတ် မက်ကိန်းသည် ရှည်လျားခက်ခဲလှတဲ့ ရှည်လျားခက်ခဲတဲ့ ဒီပြိုင်ပွဲမှာ သူ့ရဲ့ အောင်မြင်မှုဟာ ကျွန်တော့်အတွက် သူ့အစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို လေးစားမိစေပါတယ်”ဟု ပြောကြားသည်။
ဒီမိုကရက် ပါတီတွင်း ဆန်ခါတင် သမ္မတလောင်း ပြိုင်ပွဲတွင် အိုဘားမားသည် သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ အမျိုးသမီး ပရိသတ်၏ ထောက်ခံမဲများ ရရှိထားသော အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ဟီလာရီ နောက်ဆုတ်သွားပြီး ဒီမိုကရက် သမ္မတလောင်း ဖြစ်လာခဲ့သည်။ မဲဆွယ်ကာလအတွင်းတွင်လည်း အတွေ့အကြုံ နည်းပါးမှု၊ ဘာသာရေး စွပ်စွဲမှု စသော ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။
ဘာရက်အိုဘားမား(Barack Obama) ဟာ လူမည်းဖခင်(ကင်ညာနိုင်ငံ - Kenya)နဲ့ လူဖြူမိခင် (အမေရိကန်၊ ကင်းဆတ်ပြည်နယ်- Kansas)တို့ နှစ်ဦးက မွေးဖွားလာတဲ့သူဖြစ်ပါတယ်။
နိုဝင်ဘာ ၄၊ ၂၀၀၈ နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတ ဖြစ်သွားပါပြီ။
Ref: ဟစ်တိုင်
Read More...
Collapse...
၅ နိုဝင်ဘာ ၂၀၀၈
နအဖစစ်အစိုးရက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် ယခုကာလတွင် မြန်မာနိုင်ငံအရှေ့ဖက် ဒေသများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာဥပဒေ ချိုးဖောက်မှု စသည့် ရာဇ၀တ်မှု ကျူးလွန်မှု များသည် ယခင်ကထက်ပို၍ လျို့ဝှက်စွာ စနစ်တကျ ဖြစ်ပေါ်နေသည်ဟု ထိုင်းမြန်မာနယ်စပ်၌ အကူ အညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသော the Thailand Burma Border Consortium (TBBC) အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။
ယခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ (၇၀) ပါ Internal Displacement and International Law in Eastern Burma အမည်ရှိ အစီရင်ခံ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
TBBC သည် မြန်မာနိုင်ငံအရှေ့ဖက်ရှိ ဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လွန်ခဲ့သည့် (၆) နှစ်မှစ၍ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက် စုဆောင်းပြီးတင်ပြနေသည့် အဖွဲ့ဖြစ်သည်။ ယခုနှစ်တွင်လည်း နအဖ၏ အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေအနေ ဘောင်အတွင်းမှချဉ်းကပ် စုဆောင်းခဲ့ပြီးမှုများကို ပြုလုပ်ပြီး ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသအတွင်း လူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇ၀တ်မှုမြောက်ကြောင်း တင်ပြခဲ့သည်။
ကရင်ပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ် စသည့်ဒေသများသည် ရာဇ၀တ်မှု အဓိကချိုးဖောက်ခံရသည့် နေရာများဖြစ်ပြီး စစ်ပွဲများကြောင့် ထွက်ပြေးရခြင်း၊ ကျေးရွာများ အဓမ္မရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ အဓမ္မ ငွေကောက်ခံခြင်း၊ မြေယာများသိမ်းခြင်း၊ အဓမ္မစိုက်ပျိုးခိုင်းခြင်း၊ လယ်ယာစိုက်ခင်းများသို့ သွားလာခြင်းနှင့် ဈေးကွက်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို တင်းကျပ်ထားခြင်း စသည်တို့ကြောင့် မိသားစု ဘ၀များ အတွက် ၀င်ငွေများထိခိုက်ပြီး လူဦးရေအားလုံး အပေါ်လည်း မတည်ငြိမ်ဖြစ်စေကြောင်း TBBC က အစီရင်ခံစာအတွင်း ထောက်ပြထားသည်။
မည်သည့်အရပ်သားကိုမဆို လျို့ဝှက်၍ စနစ်တကျ တိုက်ခိုက်မှုများရှိပါက နိုင်ငံတကာဥပဒေအရ ပြည်သူများအပေါ် ရက်ရက်စက် ကျူးလွန်နေသည့် အခြေအနေမျိုးနှင့် အကျိုးဝင်ကြောင်း၊ အရပ်သားကို တိုက်ခိုက်သည်ဆိုရာတွင် စစ်ရေးအရသာမကပဲ အစိုးရ၏ မူဝါဒအောက်၌ လူသတ်မှု ကျူးလွန်ခြင်း၊ ကျေးကျွန်သဖွယ် ခိုင်းစေခြင်း၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်တို့လည်း အကြုံးဝင်ကြောင်း TBBC ကအချက်အလက်နှင့်တကွ ထောက်ပြထားသည်။
ကိုဝိုင်း
Ref: ခေတ်ပြိုင်
Read More...
Collapse...
နိုဝင်ဘာ ၃၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။
မစ္စတာ ဂန်ဘာရီ
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံ ကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။
လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှ ပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ၎င်းအား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှု တစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။
မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။
Ref: ဧရာဝတီ
Read More...
Collapse...

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ၀န်ကြီးဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာညောင်းခဲ့ပါပြီ..၊ န-အ-ဖ စစ်အစိုးရ သမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည် အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်.၊ တပ်ချူပ်ကြီး သန်းရွေနဲ့ တမြို့ထဲ ကျောက်ဆည် သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်..။
ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC(Best Cadet)ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့ ၂၀၀၇-Sep: ရွေဝါရောင်တော်လှန်ရေး ဘုန်းကြီးအရေးအခင်းမှာ စစ်အစိုးရ၏ အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု(၁)၀န်ကြီး အောင်သောင်း၊ အောက်မှာ ဦးသောင်းဟု လည်းကောင်း စစ်အစိုးရ၏ အကြံပေးပရောဟိတ် တဦးအဖြစ် ထင်ရှားခဲ့ သူလည်းဖြစ်သည်။ စစ်အစိုးရ အဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်.. အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်.. ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီး တွေတောင် ကြောက်ရ ဆိုဘဲ.. တပ်ချုပ်ကြီး အိမ်နောက်ဖေး ပေါက်က ၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွားညှောင့် တယ်တဲ့ အတို့ အထောင် ကောင်းတဲ့ ၀န်ကြီးတယောက်ပါ..။
သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာနတွင် သုံးသိန်းတသောင်း ဟု ပြောစမှတ်တခု ရှိသည်။ ကွန်ပျုတာ ကျောင်းသားများက အစ သိကြသည်.. ဆိုလိုသည်မှာ.. သုံးသိန်းဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း..(ပါမောက္ခချုပ် ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure).၊ ဒေါက်တာဒေါ်သန္တသိန်း..( ကဓိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ) နောက်တယောက်က ဒေါက်တာ ဒေါ်ရတနာသိန်း (ကဓိက- ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့်... တသောင်း ကတော့ ၀န်ကြီး ဦးသောင်း…။
ဒေါက်တာ ဒေါ်နီလာသိန်း၏ လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် B.C.Sc (Hons:) ဘွဲ့ လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှား ဖြင့်ထုတ်ပေးသည်..၊ အလွန်ရုပ်ပျက် ဆင်းပျက် နိုင်သော အမှားအယွင်း ဖြစ်သည်..၊ ၄င်းကိစ္စဖြင့် တာဝန်ရှိသူ အချို့ကို ၀န်ကြီးက Action ယူသည်၊ ဒေါ်နီလာသိန်း မပါ…၊ စီမံထူးချွန်(တတိယ) အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်..၊ ညီ အမသုံးယောက်လုံး ဦးသောင်း၏ မြှောက်စား ချီးမြင့်ခြင်းကို အလွန်ခံရသည်..၊ နယ် ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့ တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ..၊ မိသားစုချင်းလည်း အလွန်နီးကပ်စွာ ဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစား ရှိသည်မသိ..။
ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်.၊ M.I.Sc/ M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်..၊ Ph: D ဆင်းလာပြီ ဆိုလျင် နယ်ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းအုပ် ပေးသည်။ Ph;D 1st Beach တွေ ဆင်းလာတော့ 1st Beach Ph:D များကိုမြှောက် စားသည် 2nd Beach ဆင်းလာတော့ 1st Beach တွေ မြောင်းထဲရောက်သည်.. မ တည်မြဲသော သခ္ခင်္ါရသဘောကို ဦးသောင်းအောက် တွင် ပို၍ တရားရစေသည်။ M.I.Sc / M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်..ယခုတော့ ၄င်းတို့ ဘေးဖယ်ခံ မြောင်းထဲမှာ..။ သူကြိုက်ရင် ကြိုက်သလို-သူသဘောကြတုံးကတော့ တမျိုး.. ဦးသောင်းက စိတ် အပြောင်းအလဲ မြန်သည်..။ အာဏာရှင်သန်းရွေ၏ လူယုံတပည့် ပီသစွာ.. သ-ပ-န တွင် အာဏာရှင်ဆန်သည်..။ မည်သည့် ကိစ္စမဆို သူ့စိတ် တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်..။ ဌာနဆိုင်ရာ DE Report က မတင်ရသေး ဦးသောင်းက Action ယူပြီးပြီ..။ စိတ်ထင်ရာ စိုင်းသည့် လုပ်ရပ်ဖြစ်သည်…။
မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုသော်စကားကို လူတိုင်းကြားဘူးကြ ပေလိမ့်မည်..အဘမည်မျှ အလုပ်လုပ်ရသည်.. ငါဘယ်လို Admin ကောင်းသည်.. အဘ ရှိလို့ မင်းတို့ မြောင်းထဲမရောက်တာ.. နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာ ရောက်အောင် တင်ထားရတာ.. ကျောင်းတိုင်းရောက်တိုင်း -သ-ပ-န ၀န်ထမ်းများ နှင့် တွေ့တိုင်း- ဦးသောင်း ပြောနေကြ…၊ သူတော်တာ လူတိုင်းသိစေချင်သည်.. သူမကြိုက် သူများကို နံမည်တတ်ပြီး.. လူပုံအလယ် မကောင်းပြောသည်..လူကြီးလူကောင်း အင်္ဂါရပ်နှင့် ကိုက်ညီမှု၊ ၀န်ကြီး တယောက်၏ ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိ..၊ တပ်ချုပ်ကြီး သန်းရွေ၏ နောက်ခံဖြင့် ကြီးကျယ်နေသူသာ ဖြစ်သည်.. အစိုးရအဖွဲ့ဝင် လူကြီးများ.. ထိပ်ပိုင်း လူကြီးများ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ် ဆိုတာ အားလုံးအသိ ခုတော့ မကြာတော့ပါဘူး.. သူ့သမိုင်းနှင့်သူ သွားတော့မှာပါ.. သူရဲ့ အချစ်တော် ညီမ ၃- ယောက်တော့ အတော်ခံစားရမှာပါ.. အခြား သ-ပ-န ၀န်ထမ်းတွေ အတွက်တော့ ၀မ်းမြောက်စရာပါ.. နောက်ဆုံးကြားသိရတဲ့ သတင်း ကတော့ နေပြည်တော်မှာ သန်းရွေက ၀န်ကြီးအဖွဲ့ အစီးအဝေးခေါ်ပြီး.. ၀န်ကြီးတွေကို ထွက်ခိုင်းပြီး အခုကထဲက ပါတီနိုင်ငံ ရေးလုပ်ခိုင်းတယ်.. ကြံဖွတ်ကို ပါတီတခု အဖြစ် မကြာခင် ပြောင်းမယ်.. ဦးသောင်း လည်းပါသွားပြီ..။ သ-ပ-န နဲ့ ငသောင်းကတော့ ရေစက်ကုန်တော့ မှာပါ..။ ပြီးတော့ စစ်အစိုးရလည်း အိုးစားကွဲ တော့မှာပါ..။
ကံ ကံ၏ အကျိုးတဲ့ သူတို့မိုက်ပြစ်နဲ့ သူတို့ လူမိုက်တို့ လားရာလမ်း မြန်းရတော့မှာပါ…။
Read More...
Collapse...
အောက်တိုဘာ ၂၄ရက်၊ ၂ဝဝ၈
ကုလ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကွမ်တားနားက မြန်မာပြည်မှာ ဒီမိုကရေစီ ရရှိဖို့ဆိုရင် မျိုးဆက်အလိုက် လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ မှာ ပြောကြားလိုက် ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေကို ကုလအထွေထွေ ညီလာခံမှာ ရှင်းလင်း ပြောကြားစဉ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ကွမ်တားနားဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မီတီ (လူမှုရေး၊ လူသားချင်းဆိုင်ရာနဲ့ ယဉ်ကျေးမှု) ရဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရေးနဲ့ ဆိုင်ရာများကို အောက်တိုဘာ ၂၃ ရက်နေ့က တင်ပြ ဆွေးနွေးခဲ့ ပါတယ်။ အဲဒီလို တင်ပြရာမှာ “အရပ်သားအစိုးရတရပ် ဖြစ်ပေါ် လာဖို့အတွက် အချိန်လိုပါတယ်။ သူတို့ (မြန်မာစစ်အစိုးရ) ဟာ အဲဒီအတွက် ပြင်ဆင်ခြင်း မရှိပါဘူး။ သူတို့ဟာ စစ်အတွက်ပဲ ပြင်ဆင်နေပါတယ်။“ လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မစ္စတာ ကွမ်တားနားဟာ ၂၀၀၈ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ် သြဂုတ်လ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ အစီရင်ခံစာကို အောက်တိုဘာ ၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်း၊ သက်ဝင် ယုံကြည်ခြင်းနဲ့ ငြိမ်းချမ်းစွာ စုရုံးခြင်းတွေအတွက် သက်ဆိုင်ရာ ဥပဒေ များကို ပြင်ဆင်ဖို့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေးဆိုင်ရာ အဓိက လိုအပ်ချက် တွေကို ဖြည့်ဆည်းဖို့ စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။
မစ္စတာ ကွမ်တားနားဟာ စက်တင်ဘာလအတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၇ ဦး ပြန်လွှတ်ပေးမှုကို အသိအမှတ် ပြုပေမယ့်လည်း မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးထားမှုအောက်မှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော် ပြောကြားတဲ့ အတွက် အဖမ်းခံနေရတာ ဖြစ်ကြောင်း၊ သူတို့ကို ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ပြုရမှာ ဖြစ်ကြောင်း မစ္စတာ ကွမ်တားနားက သူ့ရဲ့ စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကုလ အထွေထွေ ညီလာခံမှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေများနဲ့ ပတ်သက်ပြီး မစ္စတာ ကွမ်တားနားက အစီရင်ခံ တင်ပြခဲ့တဲ့ အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုဘိုကြည်က “မစ္စတာ ကွမ်တားနားက သူ့ လုပ်ပိုင်ခွင့် အနေအထားက နေပြီး အစွမ်းကုန် လုပ်ကိုင်နေတယ်လို့ ယုံကြည်ပါတယ်။ သူက ပညာရှင် တယောက် ဖြစ်တဲ့အတွက် အချို့ကိစ္စတွေမှာ ပညာရှင်ဆန်ဆန် အကြံပေးတာတွေ ရှိတယ်။ အဲဒီ အကြံပေးချက်တွေကို နအဖ အစိုးရအနေနဲ့ စဉ်းစားပြီး အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ရေးအတွက် ကောင်းဖို့ ဖြစ်လာမှာပဲ ဖြစ်တယ်။
လူ့အခွင့်အရေး တိုးတက်လာမှ ဒီမိုကရေစီ အုတ်မြစ်က အခြေခိုင်မှာ ဖြစ်တယ်။ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူးဆိုရင် ဘယ်နိုင်ငံမှာမှ ဒီမိုကရေစီ အခြေခိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူး၊ ဒါဟာ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပါတယ်လို့ လုံးဝ ပြောလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။“ လို့ ဘားမားတူဒေးကို ပြောကြားသွားခဲ့ပါတယ်။
Ref: Burma Today News
Read More...
Collapse...
ကိုစိုး | အောက်တိုဘာ ၂၁၊ ၂၀၀၈
မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။
ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့် က ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။
ပန်းချီဆရာကြီး ဦးသုခ၏ ၈၇ နှစ် မြောက်မွေးနေ့ပွဲတွင် အမှတ်တရ စကားပြောနေသော ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)
“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။
ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။
ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင် အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန် ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများအပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။
ယင်း ပန်းချီ ၀သုန်ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။
ပန်းချီ ဝသုန်၏ အဖိုးအမည် ပန်းချီကား (Image - RFA)
ပန်းချီဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရတဲ့ အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်း အနေနဲ့ပြောရရင် ဆရာဝသုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။
“ဘေးလူတွေတောင် နှမြောကြတာ ဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းကလည်း ပြောသည်။
ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ယနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။
ref:ဧရာဝတီ
Read More...
Collapse...
ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈
သတ္တိရှိရှိဖြင့် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့မှုများ အတွက် လူရွှင်တော် ဇာဂနာကို ကနေဒါ ကလောင်ရှင်များ အဖွဲ့က One Humanity Award (တမျိုးတည်းသော လူသားဆု) ချီးမြှင့်လိုက်သည်။
လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါ ကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟု လူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါ ကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
မောင်သူရ ခေါ် ဇာဂနာ
ဆုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကနေဒါ ကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့ အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဇာဂနာ ပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကို ကျော်ဖြတ်၍ မတူညီသည့် ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ် ပေါင်းကူးပေးရာ၌ ထူးကဲစွာ ဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆို ဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့ အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျ ခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာ ခုံကွက်လပ်တခု ထားပေးကာ ဂုဏ်ပြုသွားမည် ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည်ခေါ် စာရေးဆရာမကြီး ကြည်ဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။ ၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကို လုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ် တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့ လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘောတူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုး အနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကို လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူး တင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေး အကျဉ်းသား တဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပေးအပ်သည့် Lillian Hellman and Dashiell Hammett Grant ဆု ရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်း ခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပ မီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည်။
ref: ခေတ်ပြိုင်
Read More...
Collapse...
ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈
အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျ ဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန် တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့ နှုတ်ထွက်ကြကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီက လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ်တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှ ဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။
နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှ ဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့ တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ် တာဝန်ခံ တယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့ စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံ လုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ် မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေး အောက်မြန်မာပြည် တာဝန်ခံဖြစ်ပြီး အသစ် ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေး အဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လူငယ် အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်း ရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။
လူငယ် အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေး တာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင် ပါဝင်ကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူငယ်တရာကျော် နှုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းအား ပြောဆိုခွင့် မပေးထားကြောင်း ဧရာဝတီကို ပြောသည်။ လူငယ် တာဝန်ခံသစ်များကလည်း ၎င်းကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
လွန်ခဲ့သည့် လကတည်းက နှုတ်ထွက်ကြသည့် လူငယ်များသည် ၎င်းတို့၏ဆန္ဒသဘောထား မပါပဲ လူငယ်အဖွဲ့ကို အသစ်ဖွဲ့ စည်းပါက ပါတီဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု ပြောဆိုခဲ့ကြသည်။
“လူငယ်အဖွဲ့သစ် ဖွဲ့တာကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထု စိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကို ဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှု ပြန်လည်ရ ရှိအောင် လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျနော် အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။
ဥပဒေ ဘောင်အတွင်းမှနေ၍ တနိုင်တပိုင် လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။
“လက်ရှိ ဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင် တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။
ref: ဧရာဝတီ
Read More...
Collapse...
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူလိုက်ကြပါပြီ။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ရေးအတွက် အာမခံချက်အသစ်တွေ ပေးလာတဲ့အပေါ် အပြန်အလှန် အားဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတွေ စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပြီလို့ သမ္မတဘုရှ်အစိုးရက စနေနေ့ မှာပြောပါတယ်။
အခုသဘောတူညီချက်ဟာ သီတင်းပတ်အတော်ကြာ အဆင့်မြင့် သံတမန်ရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ဗွီအိုအေသတင်းထောက် David Gollust ပေးပို့တဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။ အကူအညီနဲ့ သံတမန်ရေးရာ အကျိုးအမြတ်တွေအတွက် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းဖို့ရာမှာ အတည်ပြုဖို့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု ပျက်လုနီးပါး အငြင်းပွားနေတာတွေ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးချုပ် ခရစ္စတိုဖာ ဟေးလ် လွန်ခဲ့တဲ့ သီတင်းတပတ်မှာ ပြုံယမ်း မြို့တော် သွားပြီး ဆွေးနွေးခဲ့တာအပါအ၀င် စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အကျိုးရလဒ်အဖြစ် သဘောတူညီချက်ရခဲ့တာ ဖြစ်တယ်လို့ ဘုရှ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လမှာ မြောက်ကိုရီးယားက ကြေညာခဲ့တဲ့ နျူကလီးယား အစီအစဉ်အပေါ် အတည်ပြုနိုင်ရေး အဓိကကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပါဝင်တဲ့ လုပ်ဆောင်မှု တသီတတန်းကို မြောက်ကိုရီးယားက သဘောတူလိုက်ပါတယ်။
သဘောတူညီချက်အရ အမေရိကန်က မြောက်ကိုရီးယားကို အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးမယ်၊ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားက ယုန်ဗြောင်း ဓာတ်ပေါင်းဖိုကို ပြန်လည်ပတ်မယ်ဆိုပြီး မကြာသေးခင်က ကြေညာထားတာကို မလုပ်တော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက် (Sean McCormack) က ပြောပါတယ်။
နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက်
“အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတခုအဖြစ် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအပေါ် သတ်မှတ်ထားတာကို နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ထိုး ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား စက်ရုံတွေ ဖျက်သိမ်းတာကို ပြန်စမယ်လို့ ပြောပါတယ်။ ဒါဟာ အလုပ်ကို အလုပ်နဲ့ သက်သေပြရမယ် ဆိုတဲ့ ခြောက်နိုင်ငံရဲ့ မူဝါဒ အလုပ်ဖြစ်တယ် ဆိုတာ ပြသတာပါပဲ။”
အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပေးခဲ့တဲ့ကတိကို အမေရိကန်က ဖောက်ဖျက်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုပါတယ်။ အမေရိကန်ဘက်က ကျတော့လည်း ဒီလို ဖယ်ရှားပေးဖို့ ကိစ္စဟာ နျူကလီးယား အစီအစဉ်ကို အတည်ပြု သက်သေထူနိုင်ရေး မြောက်ကိုရီးက ပေးမယ့် လုပ်ငန်းအစီအစဉ်ပေါ်မှာ အမြဲတမ်း မူတည်နေတယ်လို့ ပြောခဲ့ပါတယ်။
သဘောတူညီလိုက်တဲ့ အတည်ပြု သက်သေထူနိုင်ရေး လုပ်ငန်းစဉ်ထဲမှာ ဟိုးအစောပိုင်းမှာ ကတည်းက အမေရိကန်က တောင်းဆိုလာခဲ့တဲ့ မြောက်ကိုရီးယားက မကြေညာသေးတဲ့ နျူကလီးယား စက်ရုံနေရာတွေကို သွားရောက်ခွင့် အပါအ၀င် အချက်အလက် အားလုံး ပါဝင်တယ်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောကြားတဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျွန် ဘိုလ်တန် အပါအ၀င် သမ္မတဘုရှ် အစိုးရကို ဝေဖန်သူတွေကတော့ နိုင်ငံခြားရေးဌာနဟာ နျူကလီးယားအရေး ဆွေးနွေးပွဲ ဆက်သွားနေနိုင်အောင် လုပ်တဲ့အနေနဲ့ အတည်ပြု သက်သေ ထူနိုင်ရေး လုပ်ငန်းစဉ်ကို လျှော့ပေါ့ပေးပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတခုအဖြစ် ကြွေးကျော်နေတယ်လို့ ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်းက လည်း အလားတူမှတ်ချက်မျိုး သောကြာနေ့မှာ ပြောပါတယ်။
သဘောတူညီချက်မှာ အမေရိကန်အစိုးရက လိုချင်တဲ့ အချက်အလက် အားလုံးပါဝင်ပြီး ပြည်တွင်းနိုင်ငံရေးပေါ် အခြေခံ စဉ်းစားတာ မဟုတ်ဘဲ အမေရိကန် အမျိုးသားအကျိုးစီးပွားပေါ် အခြေခံစဉ်းစားခဲ့တာ ဖြစ်တယ်လို့ မက်ကောမက် က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး ရည်မှန်းချက်ကို အဆုံး တနေ့မှာရရှိဖို့ အခု ဆုံးဖြတ်ချက်တွေက အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးဆိုရင် သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ ချမှတ်မှာ မဟုတ်ပါဘူး။ ထပ်ပြောပါရစေ၊ ဒီသဘောတူညီချက်ဟာ မူဝါဒကို အပေးအယူမလုပ်ဘဲ ရယူခဲ့တာပါ။”
အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ ဂျပန်နိုင်ငံရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်သလို ဖြစ်တဲ့အကြောင်း သမ္မတလောင်း မက်ကိန်း အပါအ၀င် တချို့က ပြောကြပါတယ်။ ၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်တွေမှာ မြောက်ကိုရီးယားက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တဲ့ ဂျပန်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ ဂျပန်နိုင်ငံက ဖိအားပေး တောင်းဆိုနေတာပါ။
ပြန်ပေးဆွဲကိစ္စအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်ကို အမေရိကန်က အကြွင်းမဲ့ထောက်ခံပြီး ပြန်ပေးဆွဲခံရသူ ဂျပန် နိုင်ငံသားတွေနဲ့ မိသားစုတွေ ခံစားရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ မက်ကောမက် က ပြောပါတယ်။
အကြမ်းဖက်ဝါဒဆိုင်ရာ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပေမယ့် ၂၀၀၆ ခုနှစ် နျူကလီးယား လက်နက် စမ်းသပ်မှုနဲ့ပတ်သက်တဲ့၊ နျူကလီးယား ပြန့်ပွားစေတာတွေနဲ့ ပတ်သက်တဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ ဒဏ်ခတ် အရေးယူမှု အများအပြားကတော့ ဒီတိုင်း ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း မက်ကောမက် က ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် တရို့ အဆို့ ဆီ စနေနေ့မနက်က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုရာမှာလည်း သမ္မတ ဘုရှ်က အလားတူ အချက်တွေကို ပြောခဲ့တဲ့အကြောင်း သမ္မတ အိမ်ဖြူတော် က ဆိုပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ဘရက် အိုဘားမားရဲ့ ထုတ်ပြန်ချက်မှာ ဒီသဘောတူညီချက်ကို ရှေ့တဆင့်တက် ခြေလှမ်း တရပ် အဖြစ် ခေါ်ဆိုထားပါတယ်။ မြောက်ကိုရီးယားက သူလုပ်ဆောင်ရမှာတွေကို ပျက်ကွက်တယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ချက်ခြင်း ဖြစ်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်မှုရှိထားသရွေ့ အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ သင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဘရက် အိုဘားမားက ပြောကြောင်းပါ။
ref: VOA News
Read More...
Collapse...
ကမ္ဘာတလွှား လတ်တလော ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျယ်အတည်းကို ပူးပေါင်း ဖြေရှင်းရေး နည်းလမ်းရှာဖို့ ဥရောပက ခေါင်းဆောင်တွေ မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ အကြွေး ၀ယ်ယူတဲ့ စံနစ် ပြိုကျရာက ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကြီး တခုလုံးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်တော့မယ့်အရေး ဖြစ်လာတာကို ဟန့်တား ဖို့ နိုင်ငံပေါင်းစုံက ၀ိုင်းဝန်း ဖြေရှင်းကြဖို့ နောက်ဆုံး ကြိုးစားကြခြင်း ဖြစ်တဲ့အကြောင်း ၀ါရှင်တန်ကနေ ဗွီအိုအေ သတင်း ထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။
ဥရောပ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ အခုလို တွေ့ဆုံနေကြတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက G – 7 စက်မှုဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေး ၀န်ကြီးတွေ တွေ့ဆုံ ခဲ့ကြတဲ့ နောက်ဆက်တွဲ အဖြစ်နဲ့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ကလည်း ၀ါရှင်တန်မြို့မှာ ဆက်လက် ဆွေးနွေးနေကြပါတယ်။ အဲဒီ စက်မှု ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲက တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက် တစုံတရာ မရခဲ့ပေမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ်တွေကို ကူညီရေး၊ ဒေ၀ါလီခံမယ့် အရေးက ဟန့်တားရေးနဲ့ ငွေချည်းငှားနိုင်မှု ပြန်လည် လည်ပတ်နိုင်ရေး စတဲ့ကိစ္စ တွေမှာ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြ ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ကူညီတာတွေ၊ တင်းကျပ်ထားတဲ့ ငွေချည်းငှားတဲ့ စနစ်ကို လျှော့ချ ပေးတာတွေနဲ့ စိုးရိမ် ပူပန်နေတဲ့ ရင်းနှီးမြုပ်နှံ သူတွေ စိတ်ချ လက်ချ ရှိလာအောင် တိုင်းပြည် တော်တော်များ များက ဖိဖိစီးစီး လုပ်ဆောင်လာ နေကြပါတယ်။
အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ဘဏ်တွေမှာ ဗဟိုအစိုးရက တိုက်ရိုက် ရင်နှီးမြုပ်နှံဖို့ သမ္မတဘုရှ်အစိုးရ ကလည်း အခု အဆိုပြုလာပါတယ်။ ဒီလိုလုပ်တာဟာ ပြဿနာတက်နေတဲ့ ဘဏ်တွေကို တနည်းအားဖြင့် အစိုးရက တစိတ်တပိုင်း နိုင်ငံပိုင် လုပ်ပစ်တာလည်း ဖြစ်ပါတယ်။ အလားတူ လုပ်ဆောင်ချက်တွေ ဥရောပနိုင်ငံတော်တော် များများမှာလည်း လုပ်ဆောင်ပြီး နေပါပြီ။
ဘဏ်တွေရဲ့ လည်ပတ်မှုစနစ် တောင့်တင်း ခိုင်မာလာအောင် လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ဘဏ္ဍာရေး ၀န်ကြီးဟောင်း Lawrence Summers က ပြောပါတယ်။
Lawrence Summers’ Act: “ အခုပြဿနာမှာ စတော့ဈေးကွက်က အဓိကမဟုတ်ပါဘူး။ ဘဏ်တွေရဲ့ လည်ပတ်မှု စနစ် ပုံမှန်ပြန်ဖြစ်လာအောင်လုပ်မှရမယ်၊ ပုံမှန်ပြန်ဖြစ်လာအောင်လည်း မြန်မြန်လုပ်မှရလိမ့်မယ်။ ”
မစ္စတာ ဆမ်းမားက တနင်္ဂနွေနေ့ အေဘီစီ ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောသွားခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတော့ဈေးကွက်အများစု ၂၀ ရာခိုင်နှုန်းအထိကျပြီး စံချိန် တင်ခဲ့ပါတယ်။ ကမ္ဘာတလွားက အစိုးရတွေ စုပေါင်းပြီး ညီညွတ် ခိုင်မာစွာ လုပ်ဆောင်ကြမှသာ စတော့ဈေးတွေ ကျနေတာကို ဟန့်တားနိုင်မယ်လို့ ၀ါရှင် တန်အခြေစိုက် နိုင်ငံတကာ စီးပွားရေးအဖွဲ့က အကြီးအကဲ Fred Bergsten က CBS ရုပ်မြင်သံကြား အစီအစဉ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
Fred Bergsten’s Act: “ ကျနော်တို့က ယုံကြည်မှုနဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာဗျ။ ငွေးကြေးဈေးကွက်က ထိန်းမနိုင်၊ သိမ်းမရတဲ့ အခြေအနေလောက်ကို ရောက်နေတယ်။ အစိုးရနဲ့ ဗဟိုဘဏ်က သူတို့တွေ စိတ်အေးရအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ငွေချည်းငှားတဲ့ဈေးကွက် ပုံမှန် ပြန်လည်ပတ်နိုင်အောင်၊ ဘဏ်တွေ ငွေပြန်ချည်းနိုင်အောင်၊ စီးပွားစံနစ်ကြီးတခုလုံး ရှေ့ကို ဆက်တက်လှမ်းနိုင်အောင် အစိုးရနဲ့ ဗဟိုဘဏ်အနေနဲ့ တိကျ သေချာတဲ့ လုပ်ငန်းစဉ်တွေ အဆင့်လုပ်ဆောင်ပေးဖို့လိုတယ်ဗျ။ ယုံကြည်မှုတွေ ပြန်ရလာအောင် နောက် တရက်၊ နှစ်ရက် အတွင်း ဆုံးဖြတ်ချက် အမြန်ချမှတ် လုပ်ဆောင်ဖို့ လိုနေပြီ။ ”
သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ ကိုယ်မတတ်နိုင်တဲ့ အကြွေးငွေတွေနဲ့ အိမ်တွေ ၀ယ်ယူ နိုင်အောင် ငွေချည်းငှားတဲ့ ကုမ္ပဏီတွေက အကျင့်သိက္ခာပျက်စွာ စံညွန်းတွေ လျှော့ချပြီး ချည်းငှားခဲ့ကြရာက အမေရိကန် အိမ်ယာမြေဈေးကွက် ပျက်ပြားပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက်ကြီးတခုလုံးကို ထိပါးလာခဲ့တာပါ။
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းမှာတင် ဥရောပ၊ အာရှနဲ့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံ တော်တော် များများအထိ ဒီဘဏ္ဍာ ရေးဈေးကွက် ဂယက်က ရိုက်ခတ်လာခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေးအဖွဲ့ အစည်းတွေ သိမ်းပိုက်တာ၊ ထောက်ပံ့ကူညီတာ၊ ကြီးမားတဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေ ချမှတ်လုပ်ဆောင် တာနဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ရေတိုမှာ လိုအပ်တဲ့ ငွေချည်းငှားရေး စံနစ်ကို လွယ်ကူအောင် လုပ်ဆောင်ပေးတာတွေကို သမ္မတဘုရှ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတခုချင်းစီ အနေနဲ့ စီမံကိန်း ချမှတ်လုပ်ဆောင်ဖို့ လိုအပ် တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ အစိုးရ အရာရှိတွေအကြား ယုံကြည်နေကြပေမယ့် ဒီအခက် အခဲကြီး တခုလုံး ရပ်တန့်ဖို့ အတွက်ကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူးပေါင်း လုပ်ဆောင်မှ ရမယ်လို့ ဆိုပါတယ်။
ref: VOA News
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88