ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ် အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီတောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်းနဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ် ရှာဖွေနေပါတယ်။ ယူရေနီယမ်သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင်ကိတ်မုန့်)ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ် တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီလို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာ အားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်းသုံးစွဲနေပြီဖြစ်ပါတယ်။
၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့်ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါသုံးဖို့ နျူကလီးယား ဓာတ်လှုံ့ကရိယာတွေ ဝယ်ယူခဲ့ပါ တယ်။ ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့ တခြားသတင်း အချက်အလက်တွေ အရ အများကြီးဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီး ယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။
နောက်ထပ် အတည်ပြုနိုင်တဲ့သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ်နေ တဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီးယား တပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေသန ဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှား နျူကလီးယား ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော် သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။
စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီး အကျယ် ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။
၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်း စက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်းရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေလုံခြုံရေးအတွက် လည်း ဧရာဝတီတိုင်းထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံး ရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင် တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။
နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ် သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈) ခုနဲ့ တကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက် ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။
၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ်အမြောက်တွေနဲ့ လေကြောင်းရန် ကာကွယ် ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘဲရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာ တော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။
စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်း ဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ် ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနားကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တည်းဖြစ်တဲ့ ပျဉ်းမနား တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်း တရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်းလုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂) ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး-ဘုရားကြီး ဒေသမှာ ချထားပါတယ်။
အချက်ပြ ဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေးစနစ်တွေ ဖော်ထုတ်နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေး စက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင်ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော် ပင်မဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မ ဆက်သွယ်ရေး အလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေး စက်အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည် ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါ တယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။
နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင် ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင် ဖော်ထုတ်နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ် စနစ်တွေအတွက် ဆော့ဝဲသုတေသနကိုလည်း ဆောင်ရွက်နေပါတယ်။
ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုး လဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်းရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ် ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယား ပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင်မွမ်းမံခဲ့ပါ တယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ်ထုတ်လုပ် နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ် နေပါ တယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)
နိဂုံး
နအဖအနေနဲ့ နျူကလီးယား လက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ် ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန် လှန်ပစ်ဖို့ လိုပါတယ်။ နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီး ဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ် ဗီတို အာဏာတွေ ပါနေတဲ့ လုံခြုံရေးကောင်စီဟာ ကိုင်တွယ်နိုင်စွမ်း မရှိတဲ့အတွက် တခြားရွေးစရာ ဖြေရှင်းချက် ရှိရပါ မယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန် တခုဘဲရှိပြီး သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြား စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ် မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်း ဘဲ ဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။
ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
Read More...
Collapse...
နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာစစ် အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထမြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင်အာရှမှာ စစ်အင်အား အတောင့်ဆုံးနိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာ နိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေပြီဖြစ်ပါ တယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသနလုပ်ငန်း အတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှုသက်သက်သာဖြစ်ပါတယ်။
စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတ ဟာ နျူကလီးယားနည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုးစော နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြား ပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်မှာ နအဖဟာ ရုရှား နျူကလီးယား ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖိုတည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင် တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကျနော်တို့ သတင်းရင်းမြစ်က ရတာက စစ်အုပ်စုဟာ နျူကလီးယား နည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင် ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖို လည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယက တောင်းဆိုလာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက်ပါတယ်။
နအဖဟာ တရုတ်နိုင်ငံ အကူအညီနဲ့ ရုရှားနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည်မှန်း သတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေးခဲ့ပါ တယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက်(၃၀)စေလွှတ်ပြီး နျူကလီးယား နည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေး ပျက်ပြားသွားလို့ နျူကလီးယား စီမံကိန်းရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာ ဖြစ်ပါတယ်။
နအဖဟာ နိုင်ငံခြား ပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့အတွက် သဘာဝ သယံဇာတတွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့အထဲမှာ ကချင်ပြည် ဖားကန့် ဒေသ ကသိုင်းတောင်က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်း ကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာ တော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလိုကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာအစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေ ပါတယ်။)
နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ်ရခဲ့ ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာဖြစ်ပါ တယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖိုကိုင်တွယ်ရေးဆိုင်ရာ ပါရဂူအဆင့် ပညာသင်ဖို့ ပညာတော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်နဲ့ မေမြို့စစ်တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။
ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ် ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင် မယ့် ဘာသာရပ်ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့ တက္ကသိုလ်နဲ့ သိပ္ပံဌာနအမျိုးမျိုး မှာ တက်ရောက်ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --
မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် - MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် - MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် - MATI
မော်စကိုလေကြောင်းသိပ္ပံ - MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် - BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် - MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ - MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် - MSMU စသည်တို့ ပါဝင်ပါတယ်။
MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့ အပြင် ဥမင်လှိုင်ခေါင်းတူး ဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ်နဲ့ ယူရေနီယမ်သတ္တုရိုင်း သန့်စင်ရေး ဘာသာရပ်တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။
ဒီပညာတော်သင် အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြု သတင်းရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ် အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာ သံရုံးကိုသွားပြီး တိုင်တန်း တင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြား ချက်တွေပို့ပြီး သင်တန်းပြီးအောင် တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ ရည်မှန်းချက် (ဝါ) နျူကလီးယားလက်နက် ထုတ်လုပ် ရေးကို ဖြည့်ဆီးဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြားရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင် လာပြီး ပညာတော်သင် စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမ တယောက်ကို လက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆုချီးမြှင့်ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ် မောင်အေးရဲ့ အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။
၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး တို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည် ပြန်မောင်းလာဖို့ အတွက် နအဖ လေတပ် လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ လေယာဉ်တင်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်းပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတော့တယ်။
ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖိုတည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုးလို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာ လျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အကြောင်း နောက်ထပ် သတင်း တွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပညာရပ် သင်တန်းတက်ထားတဲ့ ပညာရှင်တွေတောင် စက်ရုံ တည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှု တခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့ အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့ နားမှာ မြောက်ကိုးရီးယားပညာရှင်တွေ တွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ ဖြစ်ပါတယ်။
အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။
ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ်နဲ့ ကျောက်ပုထိုးတို့ဘဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ရာဝတီ မဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာ ဖြစ်ဖို့တော့ အင်မတန် အလားအလာများနေပါတယ်။
ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
Read More...
Collapse...
၆ နိုဝင်ဘာ ၂၀၀၈
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။
အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက် လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ချုပ် လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့များအပေါ် မကျေနပ်သည့် လူငယ်များက ၄င်းတို့၏ ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။

ဦးဝင်းတင်က လူငယ်များအား -
‘ကျန်တော့်အနေနဲ့ ဥက္ကဌ ဦးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ဥက္ကဌကိုပြောခဲ့တာက ဒီ လူငယ်တွေကို ထုတ်ပစ်တာကို လက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူ တွဲလုပ်စရာရှိတဲ့ ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲ ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။ ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ် လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဖွဲ့ ချုပ်ကိုလည်း ပြောခဲ့ပါတယ်။ အခုအပြင်ကို ရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲ ခေါ်ပါ။ လူငယ်အကြံပေး အဖွဲ့ကိုလည်း ပြောခဲ့တယ် ဒါကတော့ ဒီအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ့ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည် ပြောကြားခဲ့သည်။
သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့် လက္ခဏာ မရှိကြောင်း နှုတ်ထွက် လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့် ဖြစ်စေချင်သည့် ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံ ကိုခင်ထွန်းက “ကျနော်တို့အနေနဲ့ ကတော့ လူငယ်အဖွဲ့ကို ပြန်ဖွဲ့မယ်ဆိုရင် အသက်(၃၅)နှစ်အောက် လူငယ်များဖြင့်သာ ပြန်လည်ဖွဲ့ စည်းသင့်ကြောင်း၊ အခု ပြန်ဖွဲ့လိုက်တဲ့ လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်း လူငယ်ကို ပြန်လည် ဖွဲ့စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲစည်း သင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး လူငယ်များအနေနှင့် ပါတီသက်တမ်း အနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်း နေခဲ့ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ်ကြိမ် ပါယ်ချခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။
နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မ လုပ်အားပေးခိုင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။
မြင့်မိုးဇော်
Ref: ခေတ်ပြိုင်
Read More...
Collapse...
အောက်တိုဘာ ၅။ အေပီ
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းသည် ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမားကို အနိုင်ပေးလိုက်ပြီး အိုဘားမားသည် သူကိုယ်တိုင်နှင့် သူ့တိုင်းပြည်အတွက် ကြီးမြတ်သော အရာတစ်ခုကို ရရှိလိုက်ကြောင်း ထောပနာပြုလိုက်သည်။
ဇနီးသည် စဲန်ဒီနှင့် ဒုသမ္မတလောင်းအဖြစ် တွဲဖက်အရွေးခံသူ ဆာရာပေါ်လင်းတို့ ခြံရံလျက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ ဘဲလ်တီမိုး ဟိုတယ်အပြင်မှနေ၍ မက်ကိန်းသည် ထောက်ခံသူများအား ည ၉ နာရီကျော်တွင် စကားပြောကြားသည်။ “အမေရိကန် ပြည်သူတွေက ပြောလိုက်ကြပါပြီ။ သူတို့ဟာ သဲသဲကွဲကွဲ ပြောလိုက်ကြပါပြီ”ဟု ဆိုသည်။
အိုဘားမား အနိုင်ရကြောင်း ကြေညာနေသော မက်ကိန်းနှင့် ဘေးမှ ရပ်နေသော ဒုသမ္မတလောင်း ပြိုင်ပွဲဝင် ဆာရာပေါ်လင်း အနောက်ဘက် ကမ်းခြေဒေသများတွင် မဲဆန္ဒပေးခြင်း အပြီးသတ်ပြီးနောက် အီလီနွိုက်ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ် အိုဘားမား၏ မဲများ ရေတွက်ပြီးနောက် အောင်မြင်ကြောင်း ထင်ရှားပြီးနောက် ပြိုင်ပွဲကို မက်ကိန်းက အိုဘားမား အနိုင်ရကြောင်း ပြောကြားပြီး အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
မက်ကိန်းက သူ့အား ထောက်ခံသူများကို မကျေနပ်စရာတချို့ ခံစားရတာ သဘာဝပါ။ ကျွန်တော်တို့ ဒီလို ခံစားရပေမယ့် အရေးနိမ့်ခြင်းဟာ ကျွန်တော့် အရေးနိမ့်မှုသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အရေးနိမ့်တာ မဟုတ်ပါဘူး”ဟု နှစ်သိမ့်သည်။ ရွေးချယ်ခံ သမ္မတ အိုဘားမားကို ကူညီသွားမည် ဖြစ်ကြောင်းလည်း မက်ကိန်းက ကတိပြုသည်။
မဲဆွယ်ကာလအတွင်း မက်ကိန်းက အိုဘားမားအား သမ္မတဖြစ်ရန် အတွေ့အကြုံ နည်းပါးလွန်းသူအဖြစ် ဝေဖန်ခဲ့သော်လည်း ယခု အရီဇိုးနား အထက်လွှတ်တော်အမတ် မက်ကိန်းသည် ရှည်လျားခက်ခဲလှတဲ့ ရှည်လျားခက်ခဲတဲ့ ဒီပြိုင်ပွဲမှာ သူ့ရဲ့ အောင်မြင်မှုဟာ ကျွန်တော့်အတွက် သူ့အစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို လေးစားမိစေပါတယ်”ဟု ပြောကြားသည်။
ဒီမိုကရက် ပါတီတွင်း ဆန်ခါတင် သမ္မတလောင်း ပြိုင်ပွဲတွင် အိုဘားမားသည် သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ အမျိုးသမီး ပရိသတ်၏ ထောက်ခံမဲများ ရရှိထားသော အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ဟီလာရီ နောက်ဆုတ်သွားပြီး ဒီမိုကရက် သမ္မတလောင်း ဖြစ်လာခဲ့သည်။ မဲဆွယ်ကာလအတွင်းတွင်လည်း အတွေ့အကြုံ နည်းပါးမှု၊ ဘာသာရေး စွပ်စွဲမှု စသော ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။
ဘာရက်အိုဘားမား(Barack Obama) ဟာ လူမည်းဖခင်(ကင်ညာနိုင်ငံ - Kenya)နဲ့ လူဖြူမိခင် (အမေရိကန်၊ ကင်းဆတ်ပြည်နယ်- Kansas)တို့ နှစ်ဦးက မွေးဖွားလာတဲ့သူဖြစ်ပါတယ်။
နိုဝင်ဘာ ၄၊ ၂၀၀၈ နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတ ဖြစ်သွားပါပြီ။
Ref: ဟစ်တိုင်
Read More...
Collapse...
၅ နိုဝင်ဘာ ၂၀၀၈
နအဖစစ်အစိုးရက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် ယခုကာလတွင် မြန်မာနိုင်ငံအရှေ့ဖက် ဒေသများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာဥပဒေ ချိုးဖောက်မှု စသည့် ရာဇ၀တ်မှု ကျူးလွန်မှု များသည် ယခင်ကထက်ပို၍ လျို့ဝှက်စွာ စနစ်တကျ ဖြစ်ပေါ်နေသည်ဟု ထိုင်းမြန်မာနယ်စပ်၌ အကူ အညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသော the Thailand Burma Border Consortium (TBBC) အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။
ယခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ (၇၀) ပါ Internal Displacement and International Law in Eastern Burma အမည်ရှိ အစီရင်ခံ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
TBBC သည် မြန်မာနိုင်ငံအရှေ့ဖက်ရှိ ဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လွန်ခဲ့သည့် (၆) နှစ်မှစ၍ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက် စုဆောင်းပြီးတင်ပြနေသည့် အဖွဲ့ဖြစ်သည်။ ယခုနှစ်တွင်လည်း နအဖ၏ အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေအနေ ဘောင်အတွင်းမှချဉ်းကပ် စုဆောင်းခဲ့ပြီးမှုများကို ပြုလုပ်ပြီး ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသအတွင်း လူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇ၀တ်မှုမြောက်ကြောင်း တင်ပြခဲ့သည်။
ကရင်ပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ် စသည့်ဒေသများသည် ရာဇ၀တ်မှု အဓိကချိုးဖောက်ခံရသည့် နေရာများဖြစ်ပြီး စစ်ပွဲများကြောင့် ထွက်ပြေးရခြင်း၊ ကျေးရွာများ အဓမ္မရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ အဓမ္မ ငွေကောက်ခံခြင်း၊ မြေယာများသိမ်းခြင်း၊ အဓမ္မစိုက်ပျိုးခိုင်းခြင်း၊ လယ်ယာစိုက်ခင်းများသို့ သွားလာခြင်းနှင့် ဈေးကွက်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို တင်းကျပ်ထားခြင်း စသည်တို့ကြောင့် မိသားစု ဘ၀များ အတွက် ၀င်ငွေများထိခိုက်ပြီး လူဦးရေအားလုံး အပေါ်လည်း မတည်ငြိမ်ဖြစ်စေကြောင်း TBBC က အစီရင်ခံစာအတွင်း ထောက်ပြထားသည်။
မည်သည့်အရပ်သားကိုမဆို လျို့ဝှက်၍ စနစ်တကျ တိုက်ခိုက်မှုများရှိပါက နိုင်ငံတကာဥပဒေအရ ပြည်သူများအပေါ် ရက်ရက်စက် ကျူးလွန်နေသည့် အခြေအနေမျိုးနှင့် အကျိုးဝင်ကြောင်း၊ အရပ်သားကို တိုက်ခိုက်သည်ဆိုရာတွင် စစ်ရေးအရသာမကပဲ အစိုးရ၏ မူဝါဒအောက်၌ လူသတ်မှု ကျူးလွန်ခြင်း၊ ကျေးကျွန်သဖွယ် ခိုင်းစေခြင်း၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်တို့လည်း အကြုံးဝင်ကြောင်း TBBC ကအချက်အလက်နှင့်တကွ ထောက်ပြထားသည်။
ကိုဝိုင်း
Ref: ခေတ်ပြိုင်
Read More...
Collapse...
နိုဝင်ဘာ ၃၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။
မစ္စတာ ဂန်ဘာရီ
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံ ကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။
လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှ ပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ၎င်းအား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှု တစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။
မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။
Ref: ဧရာဝတီ
Read More...
Collapse...

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ၀န်ကြီးဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာညောင်းခဲ့ပါပြီ..၊ န-အ-ဖ စစ်အစိုးရ သမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည် အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်.၊ တပ်ချူပ်ကြီး သန်းရွေနဲ့ တမြို့ထဲ ကျောက်ဆည် သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်..။
ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC(Best Cadet)ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့ ၂၀၀၇-Sep: ရွေဝါရောင်တော်လှန်ရေး ဘုန်းကြီးအရေးအခင်းမှာ စစ်အစိုးရ၏ အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု(၁)၀န်ကြီး အောင်သောင်း၊ အောက်မှာ ဦးသောင်းဟု လည်းကောင်း စစ်အစိုးရ၏ အကြံပေးပရောဟိတ် တဦးအဖြစ် ထင်ရှားခဲ့ သူလည်းဖြစ်သည်။ စစ်အစိုးရ အဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်.. အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်.. ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီး တွေတောင် ကြောက်ရ ဆိုဘဲ.. တပ်ချုပ်ကြီး အိမ်နောက်ဖေး ပေါက်က ၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွားညှောင့် တယ်တဲ့ အတို့ အထောင် ကောင်းတဲ့ ၀န်ကြီးတယောက်ပါ..။
သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာနတွင် သုံးသိန်းတသောင်း ဟု ပြောစမှတ်တခု ရှိသည်။ ကွန်ပျုတာ ကျောင်းသားများက အစ သိကြသည်.. ဆိုလိုသည်မှာ.. သုံးသိန်းဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း..(ပါမောက္ခချုပ် ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure).၊ ဒေါက်တာဒေါ်သန္တသိန်း..( ကဓိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ) နောက်တယောက်က ဒေါက်တာ ဒေါ်ရတနာသိန်း (ကဓိက- ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့်... တသောင်း ကတော့ ၀န်ကြီး ဦးသောင်း…။
ဒေါက်တာ ဒေါ်နီလာသိန်း၏ လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် B.C.Sc (Hons:) ဘွဲ့ လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှား ဖြင့်ထုတ်ပေးသည်..၊ အလွန်ရုပ်ပျက် ဆင်းပျက် နိုင်သော အမှားအယွင်း ဖြစ်သည်..၊ ၄င်းကိစ္စဖြင့် တာဝန်ရှိသူ အချို့ကို ၀န်ကြီးက Action ယူသည်၊ ဒေါ်နီလာသိန်း မပါ…၊ စီမံထူးချွန်(တတိယ) အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်..၊ ညီ အမသုံးယောက်လုံး ဦးသောင်း၏ မြှောက်စား ချီးမြင့်ခြင်းကို အလွန်ခံရသည်..၊ နယ် ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့ တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ..၊ မိသားစုချင်းလည်း အလွန်နီးကပ်စွာ ဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစား ရှိသည်မသိ..။
ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်.၊ M.I.Sc/ M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်..၊ Ph: D ဆင်းလာပြီ ဆိုလျင် နယ်ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းအုပ် ပေးသည်။ Ph;D 1st Beach တွေ ဆင်းလာတော့ 1st Beach Ph:D များကိုမြှောက် စားသည် 2nd Beach ဆင်းလာတော့ 1st Beach တွေ မြောင်းထဲရောက်သည်.. မ တည်မြဲသော သခ္ခင်္ါရသဘောကို ဦးသောင်းအောက် တွင် ပို၍ တရားရစေသည်။ M.I.Sc / M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်..ယခုတော့ ၄င်းတို့ ဘေးဖယ်ခံ မြောင်းထဲမှာ..။ သူကြိုက်ရင် ကြိုက်သလို-သူသဘောကြတုံးကတော့ တမျိုး.. ဦးသောင်းက စိတ် အပြောင်းအလဲ မြန်သည်..။ အာဏာရှင်သန်းရွေ၏ လူယုံတပည့် ပီသစွာ.. သ-ပ-န တွင် အာဏာရှင်ဆန်သည်..။ မည်သည့် ကိစ္စမဆို သူ့စိတ် တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်..။ ဌာနဆိုင်ရာ DE Report က မတင်ရသေး ဦးသောင်းက Action ယူပြီးပြီ..။ စိတ်ထင်ရာ စိုင်းသည့် လုပ်ရပ်ဖြစ်သည်…။
မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုသော်စကားကို လူတိုင်းကြားဘူးကြ ပေလိမ့်မည်..အဘမည်မျှ အလုပ်လုပ်ရသည်.. ငါဘယ်လို Admin ကောင်းသည်.. အဘ ရှိလို့ မင်းတို့ မြောင်းထဲမရောက်တာ.. နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာ ရောက်အောင် တင်ထားရတာ.. ကျောင်းတိုင်းရောက်တိုင်း -သ-ပ-န ၀န်ထမ်းများ နှင့် တွေ့တိုင်း- ဦးသောင်း ပြောနေကြ…၊ သူတော်တာ လူတိုင်းသိစေချင်သည်.. သူမကြိုက် သူများကို နံမည်တတ်ပြီး.. လူပုံအလယ် မကောင်းပြောသည်..လူကြီးလူကောင်း အင်္ဂါရပ်နှင့် ကိုက်ညီမှု၊ ၀န်ကြီး တယောက်၏ ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိ..၊ တပ်ချုပ်ကြီး သန်းရွေ၏ နောက်ခံဖြင့် ကြီးကျယ်နေသူသာ ဖြစ်သည်.. အစိုးရအဖွဲ့ဝင် လူကြီးများ.. ထိပ်ပိုင်း လူကြီးများ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ် ဆိုတာ အားလုံးအသိ ခုတော့ မကြာတော့ပါဘူး.. သူ့သမိုင်းနှင့်သူ သွားတော့မှာပါ.. သူရဲ့ အချစ်တော် ညီမ ၃- ယောက်တော့ အတော်ခံစားရမှာပါ.. အခြား သ-ပ-န ၀န်ထမ်းတွေ အတွက်တော့ ၀မ်းမြောက်စရာပါ.. နောက်ဆုံးကြားသိရတဲ့ သတင်း ကတော့ နေပြည်တော်မှာ သန်းရွေက ၀န်ကြီးအဖွဲ့ အစီးအဝေးခေါ်ပြီး.. ၀န်ကြီးတွေကို ထွက်ခိုင်းပြီး အခုကထဲက ပါတီနိုင်ငံ ရေးလုပ်ခိုင်းတယ်.. ကြံဖွတ်ကို ပါတီတခု အဖြစ် မကြာခင် ပြောင်းမယ်.. ဦးသောင်း လည်းပါသွားပြီ..။ သ-ပ-န နဲ့ ငသောင်းကတော့ ရေစက်ကုန်တော့ မှာပါ..။ ပြီးတော့ စစ်အစိုးရလည်း အိုးစားကွဲ တော့မှာပါ..။
ကံ ကံ၏ အကျိုးတဲ့ သူတို့မိုက်ပြစ်နဲ့ သူတို့ လူမိုက်တို့ လားရာလမ်း မြန်းရတော့မှာပါ…။
Read More...
Collapse...
အောက်တိုဘာ ၂၄ရက်၊ ၂ဝဝ၈
ကုလ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကွမ်တားနားက မြန်မာပြည်မှာ ဒီမိုကရေစီ ရရှိဖို့ဆိုရင် မျိုးဆက်အလိုက် လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ မှာ ပြောကြားလိုက် ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေကို ကုလအထွေထွေ ညီလာခံမှာ ရှင်းလင်း ပြောကြားစဉ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ကွမ်တားနားဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မီတီ (လူမှုရေး၊ လူသားချင်းဆိုင်ရာနဲ့ ယဉ်ကျေးမှု) ရဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရေးနဲ့ ဆိုင်ရာများကို အောက်တိုဘာ ၂၃ ရက်နေ့က တင်ပြ ဆွေးနွေးခဲ့ ပါတယ်။ အဲဒီလို တင်ပြရာမှာ “အရပ်သားအစိုးရတရပ် ဖြစ်ပေါ် လာဖို့အတွက် အချိန်လိုပါတယ်။ သူတို့ (မြန်မာစစ်အစိုးရ) ဟာ အဲဒီအတွက် ပြင်ဆင်ခြင်း မရှိပါဘူး။ သူတို့ဟာ စစ်အတွက်ပဲ ပြင်ဆင်နေပါတယ်။“ လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မစ္စတာ ကွမ်တားနားဟာ ၂၀၀၈ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ် သြဂုတ်လ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ အစီရင်ခံစာကို အောက်တိုဘာ ၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်း၊ သက်ဝင် ယုံကြည်ခြင်းနဲ့ ငြိမ်းချမ်းစွာ စုရုံးခြင်းတွေအတွက် သက်ဆိုင်ရာ ဥပဒေ များကို ပြင်ဆင်ဖို့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေးဆိုင်ရာ အဓိက လိုအပ်ချက် တွေကို ဖြည့်ဆည်းဖို့ စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။
မစ္စတာ ကွမ်တားနားဟာ စက်တင်ဘာလအတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၇ ဦး ပြန်လွှတ်ပေးမှုကို အသိအမှတ် ပြုပေမယ့်လည်း မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးထားမှုအောက်မှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော် ပြောကြားတဲ့ အတွက် အဖမ်းခံနေရတာ ဖြစ်ကြောင်း၊ သူတို့ကို ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ပြုရမှာ ဖြစ်ကြောင်း မစ္စတာ ကွမ်တားနားက သူ့ရဲ့ စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကုလ အထွေထွေ ညီလာခံမှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေများနဲ့ ပတ်သက်ပြီး မစ္စတာ ကွမ်တားနားက အစီရင်ခံ တင်ပြခဲ့တဲ့ အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုဘိုကြည်က “မစ္စတာ ကွမ်တားနားက သူ့ လုပ်ပိုင်ခွင့် အနေအထားက နေပြီး အစွမ်းကုန် လုပ်ကိုင်နေတယ်လို့ ယုံကြည်ပါတယ်။ သူက ပညာရှင် တယောက် ဖြစ်တဲ့အတွက် အချို့ကိစ္စတွေမှာ ပညာရှင်ဆန်ဆန် အကြံပေးတာတွေ ရှိတယ်။ အဲဒီ အကြံပေးချက်တွေကို နအဖ အစိုးရအနေနဲ့ စဉ်းစားပြီး အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ရေးအတွက် ကောင်းဖို့ ဖြစ်လာမှာပဲ ဖြစ်တယ်။
လူ့အခွင့်အရေး တိုးတက်လာမှ ဒီမိုကရေစီ အုတ်မြစ်က အခြေခိုင်မှာ ဖြစ်တယ်။ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူးဆိုရင် ဘယ်နိုင်ငံမှာမှ ဒီမိုကရေစီ အခြေခိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူး၊ ဒါဟာ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပါတယ်လို့ လုံးဝ ပြောလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။“ လို့ ဘားမားတူဒေးကို ပြောကြားသွားခဲ့ပါတယ်။
Ref: Burma Today News
Read More...
Collapse...
ကိုစိုး | အောက်တိုဘာ ၂၁၊ ၂၀၀၈
မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။
ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့် က ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။
ပန်းချီဆရာကြီး ဦးသုခ၏ ၈၇ နှစ် မြောက်မွေးနေ့ပွဲတွင် အမှတ်တရ စကားပြောနေသော ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)
“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။
ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။
ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင် အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန် ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများအပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။
ယင်း ပန်းချီ ၀သုန်ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။
ပန်းချီ ဝသုန်၏ အဖိုးအမည် ပန်းချီကား (Image - RFA)
ပန်းချီဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရတဲ့ အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်း အနေနဲ့ပြောရရင် ဆရာဝသုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။
“ဘေးလူတွေတောင် နှမြောကြတာ ဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းကလည်း ပြောသည်။
ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ယနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။
ref:ဧရာဝတီ
Read More...
Collapse...
ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈
သတ္တိရှိရှိဖြင့် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့မှုများ အတွက် လူရွှင်တော် ဇာဂနာကို ကနေဒါ ကလောင်ရှင်များ အဖွဲ့က One Humanity Award (တမျိုးတည်းသော လူသားဆု) ချီးမြှင့်လိုက်သည်။
လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါ ကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟု လူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါ ကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
မောင်သူရ ခေါ် ဇာဂနာ
ဆုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကနေဒါ ကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့ အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဇာဂနာ ပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကို ကျော်ဖြတ်၍ မတူညီသည့် ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ် ပေါင်းကူးပေးရာ၌ ထူးကဲစွာ ဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆို ဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့ အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျ ခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာ ခုံကွက်လပ်တခု ထားပေးကာ ဂုဏ်ပြုသွားမည် ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည်ခေါ် စာရေးဆရာမကြီး ကြည်ဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။ ၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကို လုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ် တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့ လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘောတူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုး အနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကို လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူး တင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေး အကျဉ်းသား တဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပေးအပ်သည့် Lillian Hellman and Dashiell Hammett Grant ဆု ရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်း ခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပ မီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည်။
ref: ခေတ်ပြိုင်
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88