Monday, April 20, 2009

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီတစ်ဦး လုပ်ကြံခံရ

Sun 19 Apr 2009,

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ ခရိုင် ကော်မတီဝင် တစ်ဦး ယမန်နေ့တွင် မော်လမြိုင်မြို့နယ် ဖားအောက်ရွာနှင့် ရိုးဂိုးရွာကြား အဝေးပြေးလမ်း ပေါ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံရပြီး ပွဲချင်းပြီးသေ ဆုံးခဲ့သည်။

လုပ်ကြံခံရသူ နိုင်မင်းနောင်သည် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေးရွာများမှ (စစ်ပြေးဒုက္ခသည်) ပြည်သူများ အတွက် ရိက္ခာဆန် စုဆောင်းဝယ်ယူရန် လုံးပမ်းရင်း မော်လမြိုင်မြို့မှ အပြန် ညနေ ၄ နာရီခန့်တွင် နောက်မှ ထပ်ကြပ်မ ကွာလိုက်လာသော သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရာမှ ဆေးစစ်အ တည်ပြုမှု ရယူရန်အတွက် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ခဲ့သည်ဟု ၄င်း၏ အသုဘ အခမ်းအနားအတွက် လုံးပမ်းနေသော ပါတီဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်း ခံထားရကြောင်း ထိုင်းနိုင်ငံမှလာသော လက်နက် တစ်မျိုးဖြင့် ပစ်ခတ်ထား ခြင်းဖြစ်ကြောင်း လုပ်ကြံ ခံရသော နေရာ အနီးတဝိုက်မှ ရှာဖွေ တွေ့ရှိခဲ့သော ကျည်ခွံကို အတည်ပြု၍ ၄င်းကပြောသည်။

“ဒီအမှုအတွက် လက်သည်ကို ကျနော်တို့ အတည် မပြုနိုင်သေးဘူး၊ အသုဘချဖို့ ကျနော်တို့ လုံးပမ်း နေတုံးပဲ၊ ဒါပေမယ့် မကြာခင် အဖြေတွေ့မှာပါ” ဟု ၄င်းက ဆက်ပြောသည်။

နိုင်မင်းနောင်သည် ၂၀၀၈ ခုနှစ် မွန်ပြည်သစ်ပါတီ သတ္တမ အကြိမ်မြောက် ညီလာခံမတိုင်မီ ဘုရားသုံးဆူ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း၌ အားကြိုး မာန်တက် ဆောင်ရွက် ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေရာမှာ ရိုးဂိုးရွာဝင်လမ်း ထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၆၀၀ ကျော်ခန့်သာ ကွာခြင်းကြောင့် ယခုလုပ်ကြံမှုတွင် ဒေသခံ အာဏာပိုင်များ မျက်ကွယ် ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၄င်းအပြင် ဆန်ရိက္ခာ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၈၀) ကို မော်တော် ဆိုင်ကယ်နှင့် သယ်ဆောင် လာစဉ် လုပ်ကြံခံရသော် လည်း လုပ်ကြံသူများ ၄င်းငွေကို မယူဆောင်သွားခြင်းမှာ နောက်ကြောင်း တစ်ခုခုကြောင့် လုပ်ကြံခြင်းသာ ဖြစ်ကြောင်း ပါတီဝင်များက သုံးသပ်ကြသည်။

“သူဟာ အလုပ်သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲ၊ လူငယ်တွေရဲ့ တိုးတက်မှုကို အားပေးတဲ့ သူတစ်ယောက်ပဲ၊ နောက်ပြီး တိုင်းရင်းသား အချင်းချင်း စုပေါင်း လုပ်ဆောင်မှု စုပေါင်း အားထုတ်မှုကို သိပ်မြတ်နိုးတဲ့ သူတစ်ယောက်ပဲ” ဟု မဲဆောက်မြို့ အခြေစိုက် မွန်အဖွဲ့အစည်း တစ်ခုမှ နိုင်ဥက္ကာက ၄င်းရင်းနှီးခဲ့သော နိုင်မင်းနောင်အပေါ် သုံးသပ်ခဲ့သည်။

ဆန်ရိက္ခာဝယ်ယူရန်အတွက် ၄င်းနှင့်အတူပါလာသည့် ငွေကျပ်သိန်း (၁၈၀) နှင့် ၄င်း စီးနင်းလာသည့် မော်တော် ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ ရဲစခန်းမှ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ညနေ ၃ နာရီ ကျော်ခန့်၌ မော်လမြိုင်မြို့ သုဿန်၌ မီးသင်ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

နိုင်မင်းနောင်သည် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသား ဘဝမှ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

မွန်ပြည်သစ်ပါတီတွင် စစ်သည်ဘဝ သတင်းထောက်လှမ်းရေး တပ်၌ ဒုအရာခံဗိုလ် အဆင့် ထားဝယ် ခရိုင်မြို့နယ် ကော်မတီဝင်၊ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူး စသည့် ရာထူး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး မွန်ပြည်သစ် ပါတီ၏ သတ္တမ အကြိမ်ညီလာခံမှစ၍ ခရိုင်ကော်မတီ အဆင့်ဖြင့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေးရွာရွေ့ပြောင်းခံရသော ပြည်သူများအတွက် ဆန်ရိက္ခာ စုဆောင်းရန် ကြိုးပမ်းရင်း လုပ်ကြံခံရခြင်း ဖြစ်သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ


Read More...

မုန်တိုင်း အန္တရာယ်မှ မြန်မာပြည် ကင်းလွတ်

Sunday, 19 April 2009
ကိုစိုး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်နိုင်ကြောင်း သတိပေး ကြေညာထားသော ဘစ်ဂျလီ ဆိုင် ကလုန်း မုန်တိုင်း အန္တရာယ်မှ ကင်းလွတ်သွားပြီဟု မြန်မာအစိုးရက ယနေ့ ထုတ်ပြန် ကြေညာသည်။

ဘစ်ဂျလီ ဆိုင်ကလုန်း မုန်တိုင်းသည် သောကြာနေ့ညက ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက် တိုက်ခတ် သွားပြီးနောက် အစိမ်းရောင် အဆင့်ဖြင့် အန္တရာယ် ကင်းရှင်းသွားပြီဟု သတ်မှတ်ကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ကြေညာ ထားခြင်းဖြစ်သည်။

“ကျနော်တို့ မုန်တိုင်း သတိပေးချက်ကို ရုပ်သိမ်းလိုက်ပါပြီ”ဟုလည်း မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က အေပီ သတင်းဌာသို့ ပြောဆိုသည်။

သို့သော် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို ဖြတ်ကျော်၍ အရှေ့ဘက် သို့ ဆက်လက် ရွေ့လျားလျှက် ရှိရာ စနေနေ့ နံနက်ပိုင်းမှ၂၄ နာရီအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်း နိုင်ကြောင်းလည်း သတင်းစာ ကြေညာချက်တွင် ပါရှိသည်။

ယင်း မိုးသည်းထန်မှုကြောင့် ကုန်းမြင့်ဒေသရှိ ချောင်းများ၊ မြစ်ငယ်များတွင် လျှပ်တပြက် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် ဒေသခံများ သတိပြုရန်လည်း မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာနက သတင်းစာတွင် နှိုးဆော် ထားသည်။

အဆိုပါ ဘစ်ဂျလီ မုန်တိုင်းသည် ပြီးခဲ့သည့်သောကြာနေ့ ညပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသ စစ်တကောင်း- ကောက်စ်ဘဇား တို့သို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိ ကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများရှိလူပေါင်း ၃ သိန်းကျော်ကို ဘေးလွတ်ရာသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မုန်တိုင်း ၀င်ရောက်တိုက်ခိုက်စဉ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်းတော ဒေသများ ကို မုန်တိုင်း အဖျားခတ်မှု ရှိသည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သေးသည်။

ယနေ့ထုတ် သတင်းစာတွင်မူ မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးမှု တစုံတရာ မရှိကြောင်း ဖော်ပြ ထားသည်။ ယခု ဘစ်ဂျလီ မုန်တိုင်းသည် ယမန်နှစ် မေလက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့ ၌ တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှု တနှစ်ပြည့်ရန် ၂ ပတ်ခန့် အလိုတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက် နှင့် ၃ ရက် က တိုက်ခတ်ခဲ့သော ယင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ပြီး ၂.၄ သန်း ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်း ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

ဆိုမာလီယာပင်လယ်ဓားပြ နောက်ထပ်သင်္ဘောနှစ်စီး ပြန်ပေးဆွဲ

19 April 2009

မနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ အာဖရိကတိုက် အရှေ့မြောက်စွန် ကမ်းလွန် တနေရာမှာ နောက်ထပ် သင်္ဘော နှစ်စီးကို ပြန်ပေးဆွဲလိုက် ပြန်ပါပြီ။ နေတိုးအဖွဲ့ကြီးရဲ့ တပ်မှူးတစ်ဦးရဲ့ အဆိုအရ ပင်လယ်ဓားပြတွေဟာ စစ္စလီကျွန်းဘက်ကို ဦးတည်နေတဲ့ ဘယ်လ်ဂျီယံ (Belgian) သင်္ဘောတစ်စီးကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ စီးနင်းလိုက်ပါလာတဲ့ အမှုထမ်း ၁၀ ဦးထဲက ၂ ဦးဟာ ဘယ်လ်ဂျီယံ နိုင်ငံသားတွေဖြစ်ပြီး ၄ ဦးက ခရိုအေးရှ (Croatia) နိုင်ငံသား၊ နောက် ၃ ဦးက ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်တခါ အေဒင်ပင်လယ်ကွေ့တစ်နေရာမှာလည်း မာရှယ်လ် (Marshall) ကျွန်းစု နိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစီး အတိုက်အခိုက် ခံခဲ့ရတယ် ဆိုတဲ့ အချက်ပေး Signal ကို ဖမ်းယူ သိရှိခဲ့ရတယ်လို့ နေတိုးအဖွဲ့ ရဲ့ တပ်မှူးတစ်ဦးက ပြောခဲ့ပါတယ်။ ဒီအချက်ပေး Signal ကိုရလို့ တုံ့ပြန်ခဲ့တဲ့ ဒတ်ခ်ျတပ်ဖွဲ့တွေက အဲဒီ ပင်လယ်ဓားပြတွေနဲ့ ထိပ်တိုက် တွေ့ပြီး နောက်ထပ် သင်္ဘောတစ်စီးမှာ ပြန်ပေးဆွဲ ခံထားရတဲ့ ယေမန် (Yemen) နိုင်ငံသား အယောက်၂၀ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီ သင်္ဘော မှာ အခြေပြုပြီး ပင်လယ်ဓားပြတွေက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ

ဖနိဒါ
ဧပြီလ 18 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ရင်းနှီးသူ အသက်၂၅ နှစ်အရွယ် ကိုသီဟထွန်းအား အာဏာပိုင်များက ပြီးခဲ့သည့် သင်္ကြန် အကြိုနေ့ ဧပြီ ၁၃ရက်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင် တဦးက အတည်ပြု ပြောကြားသည်။

ကိုသီဟထွန်းအား ဒေါပုံမြို့နယ် မ-ယ-က ဥက္ကဌ ကိုယ်တိုင် ဧပြီလ ၁၃ ရက်နေ့က နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီး ခံရသည်ဟု ကြားသိရကြောင်း သို့ရာတွင် အတည် မပြုနိုင်သေးကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကြာပြီ ၄၊ ၅ ရက်လောက် ရှိမယ်။ ဘယ်မှာ ထားမှန်းတောင် မသိသေးဘူး။ အိမ်မှာဘဲ ဥက္ကဌ ကိုယ်တိုင် လာခေါ်သွားတာ။ ခုစုံစမ်းလို့ ရတာက ၅ ညနဲ့လို့ နိုင်ငံရေး အမှုလို့ စုံစမ်းရတာဘဲ” ဟု သူ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခု အဖမ်းခံရသူ ကိုသီဟထွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နီးစပ်သူတဦး ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများတွင်မှု လိုက်ပါ ဆောင်ရွက်ဖူးခြင်း မရှိဟု ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဝတပ်ဖွဲ့က ကိုယ်ပိုင်ဒေသကြီး ထူထောင်မည်

Friday, 17 April 2009

စည်းလုံး ညီညွတ်သည့် ဝတိုင်းရင်းသားတို့၏ ဒေသကြီး ပေါ်ပေါက်ရေး အတွက် ကြိုးပမ်းသွားမည်ဟု ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ယနေ့ ပြုလုပ်သည့် “ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် (၂ဝ) ပြည့်” အခမ်းအနားတွင် ပြောကြား လိုက်ကြောင်း တရုတ် မြန်မာနယ်စပ် သတင်းများအရ သိရသည်။

ပရိသတ် နှစ်သောင်းဝန်းကျင် တက်ရောက်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားသည့် UWSA အကြီးအကဲ ဦးပေါက်ယူချန်း၏ မိန့်ခွန်းတွင် မြန်မာအစိုးရနှင့် အမြင်မတူသည့် အချက်များကို ညှိနှိုင်း ဖြေရှင်းသွားမည်ဟုလည်း ပါရှိသည်။

အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲကို UWSA ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ UWSA တပ်ဖွဲ့ဝင် ၂၄ဝဝ ခန့် ပါဝင်သည့် စစ်ရေးပြ အခမ်းအနား တခုလည်း ပါဝင်သည်ဟု ဆိုသည်။

ဝ တပ်ဖွဲ့များက ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် အင်အားစုအဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ ပြီးနောက် UWSA အဖြစ် ဖွဲ့စည်း ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ UWSA တွင် စစ်သည်အင်အား နှစ်သောင်း ဝန်းကျင်ရှိမည်ဟု အကဲခတ်များက ယူဆကြသည်။ UWSA ၁ဝ နှစ်ပြည့်ခဲ့စဉ်ကလည်း ကွန်မြူနစ် ပါတီမှ ခွဲထွက်သည့် အထိမ်းအမှတ် အဖြစ် အခမ်းအနား ပြုလုပ်ခဲ့သည်။ ယခု အနှစ် ၂ဝ ပြည့် အခမ်းအနားကိုမူ ဝ ဒေသ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု ဟူသော ဝေါဟာရကို အသုံးပြုထားသည်။

“၁ဝ နှစ်ပြည့် အခမ်းအနားလုပ်တော့ ကွန်မြူနစ်ပါတီ ဆိုတဲ့ အသုံးအနှုန်း နည်းနည်းပါတယ်။ အခုပွဲမှာတော့ ဒီ အသုံးအနှုန်း မပါပါဘူး” ဟု တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပြသည်။

ဝဒေသ တည်ဆောက်ရေးအတွက် အကူအညီပေးခဲ့သည့် ညီနောင် ငြိမ်းချမ်းရေး တပ်ဖွဲ့များ၊ တရုတ်နိုင်ငံ၊ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ကူညီခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း ဦးပေါက်ယူချန်းက ယနေ့ ပြောကြားသွားသည်ဟု သိရသည်။

သို့သော်လည်း မြန်မာပြည် နိုင်ငံရေး လောကတွင် အငြင်းပွားဖွယ် ဖြစ်နေသော ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခြင်း မရှိဟု ဆိုသည်။

UWSA သည် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် နီးစပ်သည့်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း နှစ် ၂ဝ ပြည့် အခမ်းအနားသို့ တက်ရောက်လာသော စစ်အစိုးရ၏ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးကြီးအဆင့် ရှိသူများသာ ဖြစ်သည်ဟု သိရသည်။

UWSA က ဝ ပြည်နယ်အစိုးရ ဟူသော ဝေါဟာရကို မကြာသေးမီလများအတွင်းက စတင် အသုံးပြုခဲ့သည်။ အဆိုပါ ဝေါဟာရကို မြန်မာစစ်အစိုးရ အာဏာပိုင်များက နှစ်သက်ခြင်း မရှိဟု အကဲခတ်များက ယူဆနေကြသည်။

“လူ နှစ်သောင်းလောက် တက်တဲ့ အစည်းအဝေးကြီးမှာ ဗိုလ်မှူးကြီး တယောက်၊ ဒုဗိုလ်မှူးကြီး ၃ ယောက်ပဲ လာတာ။ ဖိတ်စာပေါ်မှာလည်း သိပ် ကျေနပ်စရာ မရှိဘူး၊ ရှမ်းပြည်မြောက်ပိုင်းတွေ ဘာတွေ မထည့်ဘဲနဲ့ မြန်မာပြည် အထူးဒေသ ၂၊ ဝ ပြည်နယ်လို့ တပ်ထားတာ။ အဲဒါတွေက သိပ် အစာကြေစရာ မရှိဘူး” ဟု စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

အခမ်းအနားကို အပစ် အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ယခင် ဗကပ တပ်ဖွဲ့ဝင် အရာရှိများ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ခရိုင်အဆင့် အစိုးရ အရာရှိများလည်း တက်ရောက်ကြသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

Sunday, April 19, 2009

အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျ လာမှုအပေါ် တရုတ်၏ စိုးရိမ်မကင်း ဖြစ်မှု

Sunday, April 19, 2009

(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့ အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့ အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။

လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။

အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။

အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။

ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။

မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။

(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။

ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။

ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။

တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။

အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။


အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။

မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။

တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။

သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။

ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။

၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။

ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)

စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။


ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင်
ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံ

Read More...

Wednesday, April 8, 2009

သံသာဟစ်ကြွေး သီဆိုတောင်းသူတေး



အိုးလေးလှုပ်ပါဟေ့



R-ဇာနီ သီချင်း

Read More...

Tuesday, March 31, 2009

အန်ဂျီအိုများ ကူညီသည့်တိုင် ဧရာဝတီတိုင်းတွင် ရေခက်ခဲ

မတ်လ(၃၁) ရက်၊ ၂၀၀၉

လေဘေးဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက ကူညီနေကြ သော်လည်း ရေရရှိရေး အခက်အခက်များ ရှိနေသေးကြောင်း ဒေသခံများက ပြောပြကြသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ခါးပြတ်ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာမှ ရွာသားတဦးက “ကျနော်တို့ရွာက ပင်လယ်နဲ့ အရမ်းနီးတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ရွာက ရေကန်တွေ ဆားငန်ရေဝင်ပြီး ပျက်ကုန်တယ်။ ခုချိန်ထိ ပြန်မပြုပြင်နိုင်သေးတော့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်ရတယ်” ဟု ပြောသည်။

သောက်ရေအတွက် ၎င်းတို့ရွာကို အိုင်အန်ဂျီအိုတခု (Merlin) က လူတယောက် တနေ့ ရေ (၃) လီတာ တန်ဖိုးအားဖြင့် တရက် (၁၄ဝ) ကျပ်နှုန်း ထောက်ပံ့ကြောင်း၊ အဆိုပါငွေကို ရွာရှိ လူ (၁ဝ) ယောက်ကျော်ပါသည့် ကော်မတီက စီမံခန့်ခွဲပြီး အန်ဂျီအိုများ ခွင့်ပြုသည့်သူများထံမှ ရေပြန်ဝယ်ရသည့်အတွက် အဆင်မပြေကြကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ကျေးရွာအနေဖြင့် ထောက်ပံ့ငွေ ရပြီးနောက် အဆိုပါငွေကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပါဝင်သည့် ကော်မတီက ရေဝယ်ယူရေးကို စီမံခန့်ခွဲကြောင်း၊ သို့သော် ရေကို ကိုယ့်ဖာသာကိုယ် သင့်တော်ရာ ဈေးနှုန်းသက်သာရာတွင်ဝယ်၍ မရဘဲ အန်ဂျီအိုများ အသိအမှတ်ပြုသူထံမှသာ ဝယ်ရကြောင်း၊ ထို့အပြင် ရေကို မကြိုက်ပါက ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း ငြင်းပယ်မှုလုပ်သည့်အခါ အဆိုပါ ရေလာပို့သူများက မှန်မှန် လာမပို့ကြကြောင်း ပြောသည်။

ထို့ကြောင့် တခါတရံ ရေပြတ်လတ်ပြီး အခက်အခဲဖြစ်ရကြောင်း၊ သုံးရေနှင့် ပတ်သက်၍လည်း ရွာက အနည်းငယ် သုံး၍ရသေးသည့် လက်ကျန် ရေတွင်း ရေကန်များက မနက် (၇) နာရီမှ (၈) နာရီအထိ တကြိမ်၊ ညနေ (၄) နာရီမှ (၅) နာရီအထိ တကြိမ် ခွဲတမ်းဖြင့် ခပ်သုံးရသည့်အတွက် လုံလောက်မှုမရှိကြောင်း အဆိုပါ လေယာဉ်ကွင်းကျေးရွာမှ ရွာသားက ဆက်လက်ပြောကြားသည်။

အခြားရွာသူရွာသားများကလည်း မုန်တိုင်းကြောင့် ရေငန်ဝင်ပြီး ပျက်စီးသွားသည့် ၎င်းတို့ရွာက ရေတွင်းရေကန်များ ကို အဓိက ပြုပြင်ပေးမှသာ လာမည့်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီတိုင်းအတွင်းက လေဘေးသင့်ဒေသများ ယခုကဲ့သို့ သောက်ရေသုံးရေ ရှားပါးခြင်းကြောင့် သုံးရေရနိုင် သည့် အနီးဆုံးနေရာများကို လှေများဖြင့် သွားရောက် သယ်ယူနေကြရပြီး အချို့သုံးရေ ရရှိရာ နေရာများသည် ရွာနှင့် ရေလမ်းခရီး (၆) နာရီကြာခန့် ကွာဝေးကြောင်း သိရသည်။

သောက်ရေသုံးရေ ရှားပါးခက်ခဲနေသော်လည်း အိုင်အန်ဂျီအိုများအနေဖြင့် ရေသန့်ဆေးပြားများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားနိုင်သည့်အတွက် ဝမ်းရောဂါကဲ့သို့ ရေမသန့်ရာမှ ရသည့်ရောဂါများ ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခြင်း မရှိသေးဟု သိရသည်။

ထို့အပြင် အန်ဂျီအိုများ၏ မိုဘိုင်းဆေးခန်းလေးများက လေဘေးဒဏ်ခံ ကျေးရွာများအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးနေ၍ ဖြစ်ကြောင်း သိရသည်။ သို့သော် လာမည့် မေလ (၁၂) ရက်မှစ၍ လပွတ္တာမြို့နယ်အတွင်း က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုဘိုင်းဆေးခန်း (၁ဝ) ခုအနက် (၈) ခု ထွက်ခွာသွားရမည်၊ ကျန်သည့် (၂) ခုမှာမူ သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် အာဏာပိုင်များ၏ ညွှန်ကြားချက်ကြောင့် လေဘေးဒဏ်ခံ ဒေသက ရွာသူရွာသားများ စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။



REF: ခေတ်ပြိုင်

Read More...

ရန်ကုန် စာပေစိစစ်ရေး တရားရုံးအထက်က ဆုံးဖြတ်ပေးနေ

မတ်လ(၃၁) ရက်၊ ၂၀၀၉


လတ်တလောဖြစ်ပေါ်နေသည့် ဂျာနယ်ထုတ်ဝေရေးနှင့် ဗလာစာအုပ်ထုတ်လုပ်ငန်းလုပ်နေသည့် Eleven Media Group နှင့် ယမကာ ထုတ်လုပ်သည့် Lucky Eleven Whisky ကုမ္ပဏီ ကိစ္စတွင် သက်ဆိုင်ရာတရားရုံးက ဖြေရှင်းရမည့်အစား စာပေစိစစ်ရေးဌာနက ကြော်ငြာဖော်ပြခွင့် ပိတ်ပင်သည့်နည်းဖြင့် အဆုံးအဖြတ်ပေးနေကြောင်း Lucky Eleven Whisky ကုမ္ပဏီဘက်နှင့် ဂျာနယ်ထုတ်ဝေသူ အသိုင်းအဝိုင်းများက ပြောသည်။

Lucky Eleven Whisky ကုမ္ပဏီ ကြော်ငြာဆိုင်ရာ တာဝန်ရှိသူတဦးက “ကျနော်တို့ ဝီစကီ ကြော်ငြာတွေကို ဂျာနယ်တွေမှာ ထည့်တော့ Eleven Media Group က သတိပေးကြေညာချက်ထုတ်တယ်။ ကျနော်တို့ ထုတ်လုပ်တဲ့ ဝီစကီ နာမည်နဲ့ သူတို့နာမည် ဆင်တူသလို ဖြစ်နေပြီး သူတို့ သိက္ခာကျပါတယ်ဆိုပြီး စွပ်စွဲတယ်။ နောက် ကျနော်တို့ ကြော်ငြာ ဆက်ထည့်ရင် ကျနော်တို့ ကုမ္ပဏီကိုရော၊ ကြော်ငြာထည့်ပေးတဲ့ ဂျာနယ်တွေကိုပါ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကိစ္စမရှိပါဘူး။ ကျနော်တို့လည်း ကိုယ့်ကုန်ပစ္စည်းကိုယ် သက်ဆိုင်ရာမှာ မှတ်ပုံတင်ပြီး တရားဝင် ထုတ်လုပ်ရောင်းချတာ။ ဒီတော့ ကြော်ငြာဆက်ထည့်တယ်။ ဂျာနယ်တိုက်တွေကလည်း ထည့်ပေးတယ်။ ဒါပေမယ့် ဒီကြော်ငြာတွေကို မထည့်ရဘူးလို့ စာပေစိစစ်ရေးက ပိတ်ပင်လိုက်တယ်။ တချို့ဂျာနယ်တွေဆို ကြော်ငြာထည့်ဖို့ စာချုပ် ချုပ်ထားတာ တကြိမ်မှတောင် မထည့်ရသေးဘူး။ တကယ်ဆို ဒီကိစ္စ တရားရုံးမှာ ဖြေရှင်းရမယ့်ကိစ္စ။ ဒါကို စာပေစိစစ်ရေးက တရားရုံးအထက်ကနေ ဆုံးဖြတ်ပေးလိုက်တဲ့သဘော၊ ဥပဒေကို မလေးစားတဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ဂျာနယ်ထုတ်ဝေသူ တဦးကလည်း ၎င်းတို့ဂျာနယ်တွင် ကြော်ငြာထည့်ရန် စာချုပ် ချုပ်ထားပြီးသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခြင်းကြောင့် တကြိမ်မှ ထည့်ခွင့်မရတော့ဘဲ ငွေကြေးများစွာ နစ်နာဆုံးရှုံးကြောင်း၊ အမှန်တိုင်းဆိုပါက အဆိုပါကိစ္စသည် တရားရုံးတွင် ဖြေရှင်းရမည့်ကိစ္စသာဖြစ်ကြောင်း ပြောသည်။

ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းကမူ စစ်အစိုးရ စာပေစိစစ်ရေးအဖွဲ့၏ ယခုလုပ်ရပ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ အာဏာရအသိုင်းအဝိုင်းမှ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းများကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ စသည့် အကြောင်းအရာ အမြောက်အမြား၌ ပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်ခြင်းအားဖြင့် တရားရုံးအထက်က အဖွဲ့အစည်း သဖွယ် ပြုမူဆောင်ရွက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။
အမှန်အတိုင်းဆိုပါက အစိုးရကို မထိခိုက်သည့် စာပေစိစစ်ရေးမူများကို မထိခိုက်သည့်အကြောင်းအရာတို့ကို ဖော်ပြခွင့်ပေးပြီး သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ကာယကံရှင်များက မကျေနပ်ပါက တရားရုံးတွင် တရားစွဲဆို ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်သော်လည်း ယခု စာပေစိစစ်ရေး၏ ပြုမူပုံများသည် စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်နေ ရုံမျှမက တရားဥပဒေ၏ အထက်ကပါ ရပ်တည်လုပ်ကိုင်နေသည့်သဘော သက်ရောက်ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောသည်။



REF: ခေတ်ပြိုင်

Read More...

ဒီမိုကရေစီ ဥယျာဉ်မှူးကြီး

Monday, 30 March 2009
ဟန်လေး

REF: ဧရာဝတီ

Read More...

ဗိုလ်ချုပ်သန်းရွှေ ဘယ်လမ်းလိုက်မလဲ - လွင်အောင်စိုး


အခုတလော နအဖရဲ့ နိုင်ငံတကာဆက်ဆံရေး ခြေလှမ်းတွေ သွက်နေပါတယ်။ နအဖဟာ အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဆက်ဆံရေးတွေကို ကောက်ခါငင်ခါ လုပ်လာလို့ပါဘဲ။ နအဖ ခြေလှမ်းတွေမှာ သူကိုယ်တိုင်က အပြောင်းအလဲဖြစ်လိုတဲ့ သဘောတွေ ရှိနေပါတယ်။ ပုံမှန်သွားနေတဲ့ လမ်းပြမြေပုံကို ဦးတည် နေတာ ဖြစ်ပေမယ့်ခြေလှမ်း လှမ်းပုံတွေမှာ ထူးခြားနေတယ်လို့ သုံးသပ်ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC- International Criminal Court) က ဆူဒန် စစ်အာဏာရှင် ဘာရှီးယား (Bashir)ကို ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။ ဆူဒန်ကို ICC က စတင်အရေးယူပြီဆိုရင် နောက်အလှည့် သူတို့များ ဖြစ်လေမလားလို့ ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်တွေက တွေးလာကြတော့မှာပါ။ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလည်း ဒီကိစ္စကိုမတွေးပဲ နေနိုင်မှာတော့ မဟုတ်ပါဘူး။
ဆူဒန်သမတ ဘာရှီးယားဟာ ၂ဝဝ၃ ခုနှစ်ကတည်းကစပြီး တောင်ပိုင်း ဒါဖား (Darfur) ဒေသက အစိုးရဆန့်ကျင်သူတွေကို ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး မယူမီအထိ ရက်ရက်စက်စက် တိုက်ခိုက်နေခဲ့ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးမှာ အရပ်သားတွေအပေါ် စနစ်တကျ စီစဉ်ထားတဲ့ အတိုင်း မုဒိမ်းမှု၊ လူသတ်မှုနဲ့ အခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ နိုင်ငံအစိုးရ ကိုယ်တိုင်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်နေတာတောင် လုံခြုံရေးကောင်စီက ဘာမှ မတားဆီးနိုင်ပဲ ဖြစ်နေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆူဒန်ကို အရေးမယူ နိုင်အောင် ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်က ဟန့်တားပိတ်ဆို့နေလို့ ဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးလာတဲ့ ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အတော့်ကိုဆိုးဝါးတဲ့ အဖြစ်ပါဘဲ။ နောက်ဆုံးမှာတော့ ဘာရှီယားကို နိုင်ငံတကာ တရားရုံးကနေ အရေးယူရတဲ့ပုံစံ ဖြစ်သွားပါတယ်။

ဆူဒန်နိုင်ငံဟာ ICC မှာ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ သွားရောက် အစစ်ဆေးခံစရာ မလိုဘူးလို့ ဘာရှီးယားက ခုခံ ပြောဆိုပါတယ်။ ဒီအခါမှာ ICC က ဘာရှီးယားကို ဖမ်းဝရမ်း ထုတ်လိုက်ပါတော့တယ်။ ဆူဒန်သမ္မတ ဘာရှီးယားကို တွေ့ရင်ဖမ်းပေးကြဖို့ ICC က နိုင်ငံတကာ တိုင်းပြည်များကို တိုက်တွန်းထားပါတယ်။

မြန်မာ၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံတွေမှာလည်း အစိုးရကိုယ်တိုင်က စနစ်တကျ စီစဉ်ပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) တွေ အမြောက်အမြား ရှိနေခဲ့ပါတယ်။ သက်သေတွေလည်း ရှိလာနေခဲ့ပါပြီ။ ဆူဒန်ခေါင်းဆောင် ဘာရှီယားကို ICC က နိုင်ငံတကာ တရားရုံးတင်ရသလို ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေကိုလည်း ICC က ခုံရုံးတင်ရဖို့ ရှိနေပါပြီ။ ဒါမှသာ အစိုးရတွေက အာဏာအလွဲသုံးစားလုပ်ပြီး သူတို့နိုင်ငံသားတွေကို စနစ်တကျ နှိပ်စက်တဲ့ ရာဇဝတ်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းကို ၂၃-၃-၂ဝဝ၉ နေ့မှာ ဝါရှင်တန်ပို့စ် အပတ်စဉ်မဂ္ဂဇင်း (Washington Post weekend magazine Parade) က ထုတ်ပြန်လိုက်ပါတယ်။















































ခေါင်းဆောင်နိုင်ငံ၂ဝဝ၉ ခုနှစ် အဆင့်၂ဝဝ၈ ခုနှစ် အဆင့်
မူဂါဘေးဇင်ဘာဘွေ ၁ ၆
ဘာရှီးယား ဆူဒန်၂၂
ကင်ဂျုံအီးလ် မြောက်ကိုးရီးယား၃၁
သန်းရွှေမြန်မာ၄၃
အဗ္ဗဒူလာဆော်ဒီအာရေဗျ၅ ၎
ဟူဂျင်တောင်းတရုတ်၆၅






ICC က ဖမ်းဝရမ်းထုတ်ထားတာကို ဘာရှီးယားက အံတုပြီး တပါတ်ထဲမှာ အဲရီထရီးယား (Eritrea)နဲ့ အီဂျစ်ကို သွားပြလိုက်ပါတယ်။ ICC အဖွဲ့ဝင်အဖြစ် လက်မှတ်မထိုးတဲ့ နိုင်ငံ တွေကို တိုက်ရိုက်သွားလို့ ရပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတွေကို ဖြတ်သွားရင်တော့ အဖမ်းခံ ရမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ICC အဖွဲ့ဝင်နိုင်ငံပေါင်း (၁ဝ၈)နိုင်ငံ ရှိနေပြီး နောက်ထပ် နိုင်ငံပေါင်း (၄ဝ)ကလည်း လက်မှတ်ထိုးပြီးပေမယ့် အတည်ပြုဖို့ စောင့်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ တနည်းအားဖြင့်ဆိုရင် ဆူဒန်စစ်အာဏာရှင်အတွက် အနည်းဆုံး နယ်ကျဉ်း သွားရပါပြီ။

မြန်မာစစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေလည်း ဘာရှီးယားလို ICC ဖမ်းဝရမ်း ထုတ်ခံရရင် ဘယ်လိုဖြစ်သွားမလဲလို့ တွေးကြည့်နိုင်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (EU)နဲ့ အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာထက်ပိုဆိုးပါတယ်။ တွေးကြည့်လို့ ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက (၃)ချက်ကို အလွယ်တကူတွေးလို့ ရနိုင်ပါ တယ်။

ပထမအချက်က အဖမ်းခံ၊ ခုံရုံးတင် အပြစ်ပေးခံရမယ့်ကိစ္စပါ။ ဒါက အရှင်းဆုံးဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ထွက်ဖို့ မလွယ်တော့သလို နိုင်ငံတွင်းမှာလည်း အတိုက်အခံတွေအတွက် နိုင်ငံရေးချိန်ခွင်လျှာ အားသာစေမယ့်အချက် ဖြစ်ပါတယ်။

သေချာပေါက်ဖြစ်လာနိုင်မယ့် ဒုတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံထားရသူတဦးအနေနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ သမတ (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်လိုမျိုး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ဖို့ အတော်ခဲယဉ်းသွားမယ့် ကိစ္စပါ။ နိုင်ငံတကာကလည်း ဝိုင်းဝန်းရှုံ့ချမယ့်အပြင် ပြည်တွင်းမှာလည်း လူထုက သူ့ကို အပြစ်ဖို့ လှောင်ပြောင် ဟားတိုက်နေကြတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း ပြဿနာတွေ ရှုပ်ထွေး လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဖမ်းဝရမ်းထုတ်ခံရတာကို အကြောင်းပြုပြီး သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုသူတွေ ရှိလာနိုင်ပါတယ်။ သူ့လိုမျိုး ရာထူး၊ အာဏာ၊ အခွင့်အရေး၊ စည်းစိမ် ခံစားချင်သူတွေကလည်း ထိုင်ခုံလုလာကြဖို့ ရှိနိုင်ပါတယ်။ ဒီကိစ္စလောက်နဲ့တင် ဗိုလ်ချုပ်သန်းရွှေ တယောက် ဘယ်လောက်တုန်လှုပ် ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

တတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံရသူ၊ နိုင်ငံတကာ ဝရမ်းပြေး စတဲ့ အမည်းစက်ကြီးက မြန်မာနိုင်ငံ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခံရတော့မှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ဓလေ့စရိုက်နဲ့ ဗုဒ္ဓဘာသာပါ နာမည်ပျက်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။ ပုဂ္ဂိုလ်ရေးရာ၊ တပ်မတော်ရေးရာ၊ နိုင်ငံတကာဆက်ဆံမှု အနေအထား အစရှိတာတွေ အကုန်လုံးလိုက်ပြီး နာမည်ပျက်နိုင်တာကိုလည်း ယထာဘူတ ကျကျ ဆက်တွေးလို့ ရနိုင်ပါသေးတယ်။

ICC ဖမ်းဝရမ်း ထုတ်ခံရတာကို အာဆီယံနဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကလည်း အကာအကွယ် မပေးနိုင် ပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း မတတ်နိုင်ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဗီတို ပိုင်ရှင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဗိုလ်ချုပ်သန်းရွှေရဲ့ ပုဂ္ဂိုလ်ရေးရာအတွက် ICC နဲ့ ဆန့်ကျင်ပြီး နောက်ထပ် တကြိမ် ခုခံကာကွယ်ပေးဖို့ကလည်း အတော့်ကို စဉ်းစားရမယ့် ကိစ္စပါ။

“မြန်မာ့အရေးဟာ နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ရမယ့်ကိစ္စ (International issue) ဖြစ်နေပြီ”လို့ တရုတ်က အခုကတည်းကတောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာနေပါတယ်။ ဒီလိုပြောတာ ပထမဦးဆုံး အကြိမ်ပါ။ မြန်မာပြည်ထဲမှာ ဘယ်လောက်ဘဲ ဆိုးဆိုးဝါးဝါးဖြစ်နေနေ၊ “ဒါဟာ မြန်မာ့ပြည်တွင်းရေးကိစ္စပါ”လို့ အမြဲတမ်း ဘက်လိုက် ကာကွယ်ပေးနေခဲ့တဲ့ တရုတ်ပေါ်လစီက အခုဆိုရင် ပြောင်းလဲစပြုလာတဲ့သဘောလို့ သုံးသပ်စရာ ဖြစ်ရပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြေလည်အောင်ရေး ကိစ္စတွေကို ပိုပြီး ရဲရဲတင်းတင်းလုပ်ဖို့၊ အခွင့်ကောင်းကို လက်လွှတ်မခံဖို့ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်ကို တရားဝင်ဖိတ်ခေါ်ပြီး လူသိရှင်ကြား တိုက်တွန်းသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကို နအဖက ပြန်လည်ဆက်သွယ်ရာမှာ စင်ကာပူက အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ကြားဝင် လမ်းခင်းပေးနေခဲ့ပါတယ်။

ဒီကြားထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့အဖွဲ့ကလည်း အိမ်ဖြူတော်ကိုသွားရောက်ပြီး သမတသစ် အိုဘားမားကို သွားရောက်တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း ကလည်း ဧပြီလ(၁၈)ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

စင်ကာပူ မရောက်ခင် ဗိုလ်ချုပ်သိန်းစိန်ဟာ အင်ဒိုနီးရှားသမတ ဆူစီလို (Susilo Bambang Yudhoyono) နဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဟီလာရီ ကလင်တန်နဲ့ အင်ဒိုနီးရှားသမတတို့ မြန်မာ နိုင်ငံအကြောင်း ဆွေးနွေးတဲ့ကိစ္စ၊ ကလင်တန်က နအဖအပေါ် ချမှတ်ပိတ်ဆို့ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်တဲ့ (Sanctions)နဲ့ ချဉ်းကပ်နေတာဟာ မထိရောက်သလို အာဆီယံက မြန်မာအပေါ် ချဉ်းကပ်တာလည်း မထိရောက်ဘူးလို့ ဝေဖန် ပြောဆိုပြီး အမေရိကန်အနေနဲ့ နအဖအပေါ်ထားရှိတဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်မယ်ဆိုတဲ့ကိစ္စ၊ အမေရိကန်သမတသစ် အိုဘားမားက အင်ဒိုနီးရှား သမတကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောတဲ့ကိစ္စ၊ ဒါတွေ အားလုံးကို ပေါင်းစုလိုက်တဲ့အခါမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Stephen Blake က နအဖရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံတဲ့ကိစ္စတွေ ဖြစ်ပေါ်လာရပါတယ်။ အမေရိကန်နဲ့နအဖ အဆင့်မြင့်တွေ့ဆုံပွဲဟာ ၁၉ရရ ခုနှစ် ကစပြီး ပြတ်တောက်နေခဲ့ရာကနေ အခုမှ ပထမဦးဆုံး ပြန်ဆက်ဆံလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကလည်း မြန်မာနိုင်ငံကို ရောက်လာပြီး နအဖနဲ့ ဆွေးနွေး ပါတယ်။ ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နအဖ ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမယ်လို့ ပြောလာပါတယ်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်ကလည်း နအဖကို လာတွေ့နေပါတယ်။

နအဖနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ဘယ်လိုဘဲ ဖြစ်နေစေဦးတော့၊ နအဖဟာ သူကြီးကြပ်စီစဉ်နေတဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရိုးသားဖြောင့်မတ်တဲ့ အပြုအမူတွေကို အခုထိ မပြသရသေးပါဘူး။ ဒါတွေဟာ အမှန်တကယ် ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိစ္စအပေါ် သံသယ ဖြစ်စရာပါဘဲ။

ဘာကြောင့်လဲဆိုတော့ နအဖကိုယ်တိုင် တဘက်သပ် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုသွားတဲ့ အခြေခံဥပဒေမှာကိုက မရိုးမသား လှည့်စား တာတွေ၊ အနိုင်ကျင့်ထားတာတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီ ၂ဝဝဂ ခုနှစ် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်သန်းရွှေက ပြောသွားပါတယ်။

နောက်ထပ် မရိုးသားတဲ့အချက်တွေထဲမှာ အထင်ရှားဆုံးအချက်ကတော့ နအဖက ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းသာဖြစ်ပြီး နိုင်ငံအစိုးရနဲ့ မပတ်သက်ရပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရဘူးလို့ နအဖက ပြောနေရင် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှုမရှိဘဲ စစ်အာဏာရှင်တွေရဲ့သြဇာခံပြီး လိုက်လုပ်ပေးနေတဲ့အဖွဲ့လို့ သတ်မှတ်လိုက်သလို ဖြစ်သွား ပါမယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲဖို့ ရွေးကောက်ပွဲဖြစ်မလာပဲ စစ်အစိုးရကို သက်တမ်းရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ သက်သေပြသလို ဖြစ်နေပါမယ်။ အဲဒီအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ နိုင်ငံတကာတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုဘဲ ခေါ်ထားပစေ၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲလို့ ဘယ်လိုမှ မသတ်မှတ်နိုင် တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသမား ၂ဝဝဝ ကျော်ကို ပြန်မလွှတ် ပေးသေးတဲ့ကိစ္စကလည်း နအဖရဲ့ မရိုးသားမှုကို နိုင်ငံတကာသိ ဖော်ထုတ်သလို ဖြစ်နေပါသေးတယ်။ သူတို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာက အမြဲတမ်း ဝိုင်းဝန်းတောင်းဆိုနေကြတဲ့အပြင် အမြဲမပြတ် စောင့်ကြည့်နေ ကြတာကြောင့် မရိုးမသား လှည့်စားလုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။

တကယ်လို့သာ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဒီမိုကရေစီအပေါ်မှာ၊ ရွေးကောက်ပွဲအပေါ်မှာ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ အပေါ်မှာ၊ နိုင်ငံရေးသမားတွေအပေါ်မှာ ရိုးသားဖြောင့်မတ်မယ် ဆိုလို့ရှိရင် သူ့ကို အတော်အတန် လက်ခံလာကြဖို့ ရှိနိုင်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရိုးမသား ဆက်လုပ်နေဦးမယ်ဆိုရင်တော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC)က တရားစွဲလာရတော့မှာ ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ ဒီမိုကရေစီချစ်မြတ်နိုးတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေအတွက် တန်ဖိုးရှိတဲ့ နိုင်ငံရေး လက်နက်ကောင်းတခု ရရှိလာတော့မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၈-၃-၂ဝဝ၉



REF: လူထုအသံ

Read More...

ဒေါ်စု ပြန်လွတ်ရင် ဘာဖြစ်မလဲ

Friday, 27 March 2009

လွန်ခဲ့သောနှစ်မှစ၍ မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြန်လည် လွတ်မြောက် လာမည်ဟု ထင်ကြေးပေးကြသည့် ကောလာ ဟလများ တလျှောက်လုံး ထွက်ပေါ်နေခဲ့သည်။

မြန်မာစစ်အစိုးရက ဒေါ်စုကို ချုပ်နှောင်ထားခြင်းမှာ တရားမ၀င်ဟု အနောက်တိုင်း အစိုးရတချို့နှင့် နိုင်ငံတကာရောက် တက်ကြွ လှုပ်ရှားသူ မြန်မာများက စွပ်စွဲနေကြပြီး ဒေါ်စုလွတ်မြောက်ရေး ဖိအားပေး လှုပ်ရှားမှုများကိုလည်း တိုးတက် လုပ် ဆောင်နေကြသည်။

ရန်ကုန်နှင့် ဘန်ကောက်ရှိ သံတမန်အသိုင်းအ၀န်းက ယခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာလိမ့်မည်ဟုပင် ပြောဆိုနေခဲ့ကြသည်။ ယခုနှစ်မေလဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ချခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တချို့သော ဝေဖန်သုံးသပ်သူများက ယခုအချိန်တွင် ဒေါ်စုကို ပြန် လွှတ်ပေးခြင်းဖြင့် စစ်အစိုးရတွင် အကျိုးများဖွယ်မမြင်၊ သို့အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင်မှ ပြန် လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုကြပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထားခြင်း ဖြစ် သည်။ ဤဥပဒေပြဌာန်းချက်အရဆိုလျှင် နိုင်ငံတော်အချုပ်အခြာ အာဏာတည်မြဲရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သူများ၊ ပြည်သူအများ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်သူများကို ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်စုက ၂၀၀၈ ခုနှစ်၊ မေလ ကတည်းက ပြန်လည်လွတ်မြောက်သင့်နေပြီ ဖြစ်သည်။ သူ့ကို ဆက်လက်ထိန်းသိမ်းထား ခြင်းအားဖြင့် စစ်အစိုးရက သူတို့၏ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေသည်ဟု စွပ်စွဲမှုများလည်း ရှိလာခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တာနာက လွန်ခဲ့သည့်လက သူ မြန်မာနိုင်ငံသို့ သွားရောက်စဉ်တွင် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားခြင်း ကိစ္စအပေါ် အစိုးရအာဏာပိုင်များထံ မေးခွန်းထုတ်ခဲ့သေးသည်။ မြန်မာနိုင်ငံ တရားသူကြီးချုပ်က ယခုထိန်းသိမ်းချုပ်နှောင် ထားခြင်းသည် စီမံခန့်ခွဲမှုအာဏာနှင့် လုပ်ဆောင်ထားခြင်းကြောင့် ဥပဒေကြောင်းအရ အမှုကို ဗဟိုတရားရုံးချုပ်သို့ မတင်နိုင်ကြောင်းလည်း ကင်တာနာကို ပြန်လည် ဖြေကြားခဲ့သည်။

အစိုးရအရာရှိများကိုယ်နှိုက်ကပင် ဒေါ်စုကို “ဥပဒေကြောင်းအရ တ၀က်တပျက် လျော်ညီသည့်” အနေအထားတွင် ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု ပြောဆိုနေကြပြီး နိုင်ငံတကာဥပဒေကျွမ်းကျင်သူများကလည်း ဤသည်မှာ မည်သို့ဆိုလို အဓိပ္ပာယ်ရကြောင်း စောကြော မေးခွန်းထုတ်နေကြသည်။

မြန်မာနိုင်ငံတွင် ဥပဒေနည်းကျ အုပ်ချုပ်သည့် စနစ်မရှိသည့်အတွက်ကြောင့်လည်း စစ်အစိုးရကိုယ်နှိုက်က လေးစားစောင့် ထိန်းမှု မရှိသည့်ဥပဒေကို သူကိုယ်တိုင် လိုက်နာ၍ လွှတ်ပေးပါမည်ဟု ယုံကြည်နေလျှင် ထုံအနေ၍သာ ဖြစ်တော့မည်။ ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုချက်များကို စစ်အစိုးရက လိုက်လျောနားထောင်ကာ လွှတ်ပေးမည်ဟု တွေးလျှင် ပို၍ ဝေးပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ ဤကောလာဟလများကြောင့် ဖြစ်လာရသည့် အရေးကြီးသော မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွတ်မြောက်လာလေမည်လော ဟူ၍သာ ဖြစ်သည်။

မေး။ ။ တကယ်လို့ ဒီနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေ အလွန်ဝမ်းမြောက်ပါလိမ့်မယ်။ စစ်အစိုးရကိုလည်း လူတွေက ကျေးဇူးတင် သာဓုခေါ် ကြပါလိမ့်မယ်။ သူ့ကိုဝေဖန်နေတဲ့သူတွေကတောင် အသိအမှတ်ပြုတုံ့ပြန်တာမျိုး ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိ ကန်နိုင်ငံနဲ့ နိုင်ငံတကာမိသားစုဆီကပါပဲ။

မေလမှာ ဒေါ်စု ပြန်လွတ်လာဖို့ဆိုတာ စိတ်ကူးယဉ်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လွတ်လာရင်တော့ ဗိုလ်ချုပ်မှူး ကြီးက သူ့ကို "လမ်းပြမြေပုံ" လုပ်ငန်းစဉ်မှာ ပါဝင်စေချင်လို့ သာဖြစ်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်စေချင်လို့ ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍ သူက ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှ လွတ်လာမယ်ဆိုရင်တော့ လက်ရှိ စစ်အစိုးရက ဒီကိစ္စကို နောက် အစိုးရလက်ထဲ လွှဲပေးချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ စစ်အစိုးရ ဘာကြောင့် ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ ၀င်စေချင်ရမှာ လဲ။ စဉ်းစားဖို့ လိုပါတယ်။ အခုပွဲက ဗိုလ်ချုပ်သန်းရွှေရဲ့ ရွေးကောက်ပွဲပါ။ သူ့အလိုကျ မဲလိမ်ညစ်ပတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်တာက သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအ၀င် နိုင်ငံ ရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သူက ဆက်လက် တောင်းဆိုပါလိမ့်မယ်။

သူ့ကို ပြန်လွှတ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ကျနော်တို့ ထပ်တွေ့ကြရမယ့် လက်တွေ့ပြဿနာက ဒေါ်စု ပြန်ပြီးတော့လည်း အဖမ်းခံရနိုင်ပါသေးတယ်။ နောက်ထပ် ၆ နှစ်ကြာ အိမ်အကျယ်ချုပ် ပြန်ချထားတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။

ပိုဆိုးတဲ့ အနေအထား မျှော်လင့်ထားနိုင်တာက ဒေါ်စုကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံရနိုင် တာပါပဲ။ အခု သူအဖမ်းမခံရခင် ၂၀၀၃ ခုနှစ်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ စစ်အစိုးရ လိုလားတဲ့ လူအုပ်စုတွေက သူ့ကားတန်း ကို ဒီပဲယင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ တချို့ လေ့လာသူတွေနဲ့ သံအမတ်တွေ ထင်ကြတာက ပြန်လွတ်လာရင်တောင် ရန်ကုန်မြို့ထဲ လောက်ပဲ သွားလာခွင့် ကန့်သတ်ထားတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။

မေး။ ။ တချို့မြန်မာ့အရေး လေ့လာသူတွေ ပြောကြတာက သူ့ကို NLD ပါတီကနေ ခဏနားသင့်တယ်လို့ ဆိုကြပါ တယ်။ အဲသည်အစား သူက နိုင်ငံရဲ့ခေါင်းဆောင်တဦးအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စစ်အစိုးရနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အင်အား ပိုသုံးသင့်တယ်လို့ ဆိုနေပါတယ်။

ဖြေ။ ။ ကုလသမဂ္ဂအထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီကတဆင့် ဒေါ်စုထုတ်ပြန်ခဲ့တဲ့ ၂၀၀၇၊ နိုဝင်ဘာလ ကြေညာ ချက်ကို ကြည့်ရင်၊ ဒီမေးခွန်းအတွက် အကောင်းဆုံး အဖြေပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ သူပြောတာက ဒီမို ကရေစီ နိုင်ငံ (လူမှုအဖွဲ့အစည်း) တွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းသိထားတယ်။ သူ့ပါတီက လူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း လေးလေးနက်နက် ကျေးဇူးတင်တယ်။ သူက ဒီပါတီရဲ့ အထွေထွေအတွင်း ရေးမှူးတဦး လည်းဖြစ်တဲ့အတွက်ကြောင့် ဒီပါတီဝင်တွေရဲ့ ဆန္ဒလိုလားမှုတွေ၊ ချမှတ်ထားတဲ့ မူဝါဒတွေက သူ့ကို ဦးဆောင် လမ်းညွှန်နေတယ် လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုအချိန်က ဒီမိုကရေစီရေးအတွက် သွေးစည်းကြရတော့မယ့် အချိန်၊ သူ့တာဝန်ကလည်း မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အုပ်စုတွေ အသီးသီးရဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ချက်တွေကို တစိုက်မတ်မတ်နဲ့ လေးလေး နက်နက် ထည့်သွင်းစဉ်းစား ရတော့မယ့်ကာလဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမယ့်အချိန် လို့ သူကပြောခဲ့ပါတယ်။

ဒေါ်စုအနေနဲ့ သူ့ပါတီကနေ ခဏနားသင့်သလားဆိုတဲ့ အကြံပေးချက်တွေကတော့ တနိုင်ငံလုံးက လုံးဝဆန့်ကျင်ကြမှာပါ ပဲ။ ဒါပေမယ့် သူဖော်ပြခဲ့တာကတော့ အကယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်စေရေးအတွက် လေးနက်စဉ်းစားဖွယ်ရှိတဲ့၊ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေရှိ လာရင်တော့ လေး လေးနက်နက် ထည့်သွင်းစဉ်းစားမယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ဒေါ်စုမရှိရင် NLD ပါတီဆိုတာ အသက်မဲ့သွားမှာပါပဲ။ သူ့ ဘက်ကရော၊ ပါတီဘက်ကပါ အပြန်အလှန် လိုအပ်နေကြပါတယ်။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်စုရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ အကယ်၍ NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားချက်ကို ထင်ဟပ်နေမယ်လို့ ယူဆရင်တော့ (ဒါပေမယ့် သူဘယ်လို စဉ်းစားနေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး) သူက စစ်အစိုးရရေးထားတဲ့ ဖွဲ့စည်းပုံကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း NLD ပါတီက ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကပါတီရဲ့ ပျော့ပြောင်းညင်သာမှုကို ပြတာပါ။

မေး။ ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားနိုင်မလဲ။ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေးမူတွေကို သူ့အနေနဲ့ အနည်းအကျဉ်း သြဇာသက်ရောက်နိုင်မယ် ထင်ပါသလား။

ဖြေ။ ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့ အထူးထုတ်ပြန်ကြေညာချက်ကို ဖတ်ဖို့ လိုပါတယ်။ NLD က ပြောတာက ဒေါ်စုက ကြားခံဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်ကတဆင့် အချိန်မရွေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အာဏာပိုင်တွေကို ပြောထားတယ် ဆိုပါတယ်။ “ထိပ်တိုက်ရင်ဆိုင်ရေး။ အလုံးစုံပျက်သုဉ်း ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ပိတ်ပင်မှု” တွေ ရှောင်လွှဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောထားပြီးသားပါ။ စစ် အစိုးရက ဒီအချက်တွေကို ဒေါ်စုကလုပ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

“သို့ဖြစ်ပါ၍ ယင်းကိစ္စရပ်များကို အဆုံးအဖြတ်ပေး နိုင်ကြမည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် လက်တွေ့ကျကျ မလွှဲမသွေ တွေ့ဆုံဆွေးနွေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စိတ်စေတနာကောင်းမွန်စွာဖြင့် တိုက်တွန်းကြောင်း ထပ်မံ၍ အလေးအနက် ကြေညာလိုက်ပါသည်” လို့ ပါတီ ကြေညာချက်က ဆိုထားပါတယ်။

ဒေါ်စုနဲ့ အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကလည်း သူတို့ တွေ့ဆုံဆွေးနွေးပွဲမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်စုနဲ့ စစ်အစိုးရခေါင်းဆောင်များ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက်ထုတ်ဖို့ အကြံပေးတာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့သူတွေပြောတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူချင်မှ တူပါလိမ့်မယ်။

နှစ်ဘက်စလုံးမှာ သံသယနဲ့ မယုံကြည်တာတွေ အကြီးအကျယ် ရှိနေကြပါတယ်။ ဒါကြောင့် တချို့က ယုံကြည်မှု တည် ဆောက်ပေးတဲ့ အစီအစဉ်တွေ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာ မနှေးအမြန် ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ကတော့ အကြံမပြုလိုပါဘူး။ ကုလသမဂ္ဂနဲ့ သူ့တို့ရဲ့ ဘာမှ မသိ နားမလည်တဲ့ အထူးသံကြီးက ခဏနေ ဒီလှည့်ကွက်ထဲ ခုန်ဆင်းပြီးတော့ “ယုံကြည်မှုတည်ဆောက်ရေး” စီမံချက်လုပ်ပြီး လှည့်ရောင်းစားနေပါဦးမယ်။

မေး။ ။ ဒေါ်စု မြန်မာနိုင်ငံက ထွက်သွားသင့်သလား။

ဖြေ။ ။ ဒီလိုဆိုရင် စစ်အစိုးရက သိပ်ပျော်ပါလိမ့်မယ်။ ဒေါ်စုကို လေယာဉ်လက်မှတ်တောင် ၀ယ်ပေးလိုက်ပါဦးမယ်။ ဒါပေမယ့် တလမ်းသွား၊ ပြန်လမ်းမရှိတဲ့ လက်မှတ်မျိုးပေါ့။

သူက နိုင်ငံတကာမှာတော့ အတော်ရေပန်းစား နာမည်ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူက ဘုန်းတော်ကြီးဒလိုင်းလားမားလို မျိုးတော့ မဟုတ်ပါဘူး။

သူနာမည်ကြီးတာက ဘယ်လောက်ကြာကြာ ခံမှာလဲ။ စစ်အစိုးရကို အကောင်းပြောနေတဲ့သူတွေ၊ ထောက်ခံတဲ့သူတွေ၊ စစ်အစိုးရဘက်လိုက်ကြမယ့် အစိုးရတွေက ဒေါ်စုကို သေးသိမ်အောင် လုပ်ကြပါလိမ့်မယ်။ သူလုပ်ချင်တဲ့ကိစ္စတွေ မအောင် မြင်နိုင်အောင်လည်း ခြေထိုးဖျက်ဆီးကြပါလိမ့်မယ်။ အာရှတိုက်ကိုတောင် ပြန်လာဖို့ မဖြစ်နိုင်တဲ့ အခြေ အနေဖြစ်သွားနိုင်ပါ တယ်။ ဂျပန်ကိုတောင် လာဖို့ မဖြစ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သူသြဇာအရှိန်အ၀ါကြီး မှာ သေချာပါတယ်။

စစ်အစိုးရကို အကောင်းပြောနေသူတွေ၊ မူဝါဒချမှတ်သူတွေနဲ့ စစ်အစိုးရကို လိုလားတဲ့ တချို့ပညာရှင်တွေက ဒေါ်စုကိုယ်နှိုက်က ပြဿနာရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီလို့ ပြောနေကြပါတယ်။ ဒီလိုဝါဒဖြန့်ချိမှုတွေက အချိန်တခုမှာ ဖြစ်နေနိုင်ပါတယ်။ အဲသည်တော့ ချုပ်ပြောရရင် ဒေါ်စုက မြန်မာပြည်မှာပဲနေပြီး ပြည်တွင်းထဲကပဲ လုပ်သင့်ပါတယ်။

မေး။ ။ မြန်မာလူထုတွေအနေနဲ့ ဒေါ်စုကို ဒီအတိုင်း ဆက်လက်ထောက်ခံနေကြမှာလား။

ဖြေ။ ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင်က မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်နေ မှာပါ။ သူ့ကို ဆက်ပြီးလေးစားနေကြပါလိမ့်မယ်။ အတိုက်အခံတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားနေကြသူတွေက သူပြန်လွတ်လာ ရင် တဖန်ပြန်ပြီး အားတက်လာကြပါလိမ့်မယ်။ ဒါကြောင့်လည်း သူ့ကို စစ်အစိုးရက ကြောက် နေရတာပါ။ အကျယ် ချုပ်ဆက်ပြီး ချုပ်နှောင်ထားတာပါ။

မေး။ ။ ဒေါ်စုလွတ်လာရင် သူ ဘာတွေပြောမှာလဲ။

ဖြေ။ ။ တချို့လေ့လာသူတွေ ပြောနေတာက သူရော၊ စစ်အစိုးရခေါင်းဆောင်တွေမှာပါ မူဝါဒတွေမှာ လက်တွေ့ကျကျ ကြည့်သင့်တယ်လို့ ဆိုကြပါတယ်။ သူတို့ပြောတာက တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီ ဆိုတာတွေ တောင်းဆိုနေတာထက် စာရင်၊ စီးပွားရေးအကြောင်း ပြောသင့်တယ်၊ နိုင်ငံရဲ့ လူမှုကပ်ဘေး ဒုက္ခအကြပ်အတည်းတွေအကြောင်း ပြောသင့်တယ်၊ ဆင်းရဲ မွဲတေမှုအကြောင်း ပြောသင့်တယ် လို့ ဆိုကြပါတယ်။ နောက်ပြီး ဒေါ်စုအခု စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ဘယ်လို စဉ်းစား နေတယ်ဆိုတာတွေလည်း ပြောသင့်တယ်လို့ သူတို့က အကြံပြုကြပါတယ်။

သူက အခုတခါ စာမျက်နှာသစ်ကို တကယ်ပြောင်းဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြဖို့ လိုပါတယ်။ သူက အပေးအယူလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ အရင်လိုပဲ မပြောင်းလဲကြောင်း ဆက်လက်ပြဖို့ လိုပါတယ်။ သူက တကယ်လက်တွေ့ကျကျ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးသမားကောင်းတဦးဆိုတာ ပြသဖို့ လိုပါတယ်။

သူက NLD ပါတီနဲ့ တနိုင်ငံလုံးက ထောက်ခံသူတွေကို ပြန်လို့ သက်ဝင်တက်ကြွလာစေနိုင်ပါတယ်။ သူက ပထမဦးဆုံး ပါတီက “အန်ကယ်ကြီး” တွေနဲ့၊ ပါတီဝါရင့်ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ အရင်မျက်နှာစုံညီ ထိုင်ဖို့ လိုပါတယ်။ ပါတီကို ဘယ်လိုပြုပြင် ပြောင်းလဲကြမလဲ၊ ဘယ်လိုအားသစ်လောင်းကြမလဲ၊ NLD ပါတီကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ် ကြမလဲ ဆွေးနွေးကြရပါလိမ့်မယ်။

သူက စစ်တပ်က အရာရှိ၊ အရာခံ၊ ရဲဘော်တွေကို စကားပြောတဲ့အခါ သတိထားဖို့ လိုပါတယ်။ တချို့အရာရှိတွေက စစ် အစိုးရကို စိတ်ကုန်နေကြပါပြီ။ အပြောင်းအလဲကို မြင်ချင်နေကြပါတယ်။ သူတို့က ဒေါ်စုအပေါ်မှာ အပြောင်းအလဲအတွက် မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲမှာ သူ့ကို နာမည်ဖျက် အပုပ်ချနေတာတွေ ရှိနေနိုင်တာကိုလည်း သတိထားရပါလိမ့်မယ်။ စစ်တပ်အရာရှိ အများစုက သူ့ကို အဆိုးမြင်ကောင်း မြင်နေနိုင်ပါတယ်။ သူတို့ကို နည်းပရိယာယ်အရ ထောက်ခံမှုရလာအောင် ပြန်ကြိုးစား ဖို့ လိုနေပါတယ်။

မေး။ ။ NLD ပါတီက မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်လာလည်မယ့် ကိစ္စကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီအစီအစဉ်အပေါ် နှုတ်ဆိတ်နေပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂကို သိပ်နေရာမပေးချင်ပါဘူး။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ကို မကြာခင်ပြန်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ အကယ်၍ ကုလအကြီးအကဲကို မြန်မာနိုင်ငံထဲ လာခွင့်ပြု လိုက်ရင် မစ္စတာဘန်ကီမွန်းကိုယ်တိုင်က သူ့အိမ်စာ သူလုပ်ဖို့လိုပါတယ်။ ပြန်ထွက်သွားတဲ့အခါ သိသာထင်ရှားတဲ့ ရလဒ်တခုခု ကိုင်ပြီး ထွက်သွားတာမျိုး ဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူကိုယ်တိုင်နဲ့ သူ့ခရီးစဉ်လည်း သိက္ခာကျစရာ၊ လူရယ်စရာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဒေါ်စုအနေနဲ့ မြန်မာပြည် ပြင်ပက ဘယ်သူတွေကို အားကိုးနိုင်မလဲ။

ဖြေ။ ။ သူ့အနေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ မူဝါဒတွေကို ထုတ်ဖော်ပြောဖို့ ပြင် ဆင်ထားသင့်ပါတယ်။ သူတို့က စစ်အစိုးရကို အဓိကပံ့ပိုးရပ်တည်ပေးနေသူတွေပါ။ ၀ါရှင်တန် (အမေရိကန်အစိုးရ) က တော့ အမြဲတမ်း သူ့နောက်က ရှိပါလိမ့်မယ်။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကို သူ့နောက်မှာ အပါခေါ်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံက လက်တွေ့ကျကျ ကျင့်သုံးတယ်ဆိုတာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရကို စိတ်ပျက်နေတယ် ဆိုတာကို သူက လျစ်လျူရှုမထားသင့်ပါဘူး။

ဒါကြောင့်မို့ ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အင်အားကြီးတဲ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေကို ဖီလာဆန့်ကျင် မတိုက်သင့် ပါဘူး။ သူတို့က လက်တွေ့ကျကျချဉ်းကပ်သလို စီးပွားရေးအရ အကျိုးစီးပွားဖြစ်မှုအပေါ် မူတည်နေကြတာပါ။ အာဆီယံ အဖွဲ့ခေါင်းဆောင်တွေကတော့ ကြိုတင်ခန့်မှန်းရ ခက်ပါတယ်။ ဒါကြောင့်မို့ ဒေါ်စုက ပြောတဲ့စကားဟာ အနောက်နိုင်ငံတွေ ကို ပြောတဲ့စကားထက်စာရင်၊ သူတို့ကို ထိရောက်အောင် ပြောတာက ပိုအရေးကြီးပါတယ်။

သိထားသင့်တာက အာဆီယံခေါင်းဆောင်တချို့က စစ်အစိုးရကို မကြိုက်နှစ်သက်ကြသလို ဒေါ်စုကိုလည်း တခြား ရွေး ချယ်စရာ ခေါင်းဆောင်တဦးအနေနဲ့ မြင်လိုကြပါတယ်။ ဒါကြောင့် ဒေါ်စုက ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြဖို့ လိုပါတယ်။ သူက ဒီလို အသိအမှတ်ပြုထိုက်တဲ့ အင်အားတခုဆိုတာ ပေါ်လွင်လာအောင်လည်း ဆောင်ရွက်ဖို့ လိုနေပါတယ်။

အောင်ဇော်၏ Will Suu Kyi Be Soon Free? And What Then? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။



အောင်ဇော်
REF: ဧရာဝတီ

Read More...

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရကို ထောက်ခံဖို့ ကရင်ခွဲထွက် အဖွဲပေါင်းစုံတွင်း (၁)ကို ကတိပေး


မတ်လ(၃၀) ရက်၊ ၂၀၀၉


နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့များက လက်ရှိ တပ်မတော်အစိုးရကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲထွက်အဖွဲ့များဖြစ်သည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင်အဖွဲ့တို့၏ အခြေချရာ နေရာများသို့ လာရောက်စဉ် အဆိုပါအဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟုဆိုသော်လည်း အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များအတွက် တဖက်လှည့်ဖြင့် ချည်ပြီးတုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာဖြစ်သည်ဟု ကရင်ခွဲထွက်အဖွဲ့ဝင်အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ကူးပြောင်းသွား သည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံးသိကြပါတယ်။ ဒါပေမယ့် လွန်သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင်ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာနေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည်ပွဲစားလိုလိုဖြစ်သွားပြီး ကိုယ့်ရည်ရွယ်ချက်ကတမျိုး၊ ဖြစ်လာတာကတမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ သည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထုဆန္ဒနှင့်အညီမဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ယခုရက်ပိုင်းအတွင်း ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေအဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။



REF: ခေတ်ပြိုင်

Read More...

IC ပရိသတ် ၄၀၀ ကျော် ဖမ်းဆီးခံရ

Monday, 30 March 2009

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Cross (IC) ပွဲကို လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ် ၄၀၀ ကျော်အား ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာနက ဖမ်းဆီး လိုက်ကြောင်း ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းက ပြောသည်။

အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ “ကန်ထရိုက်တွေက လက်မှတ် စရောင်းတုန်းက လုံခြုံရေး တာဝန်ယူတယ်လို့ ပြောလို့ ကျနော်တို့လည်း လက်မှတ် ရောင်းရတာ။ ခု အလုပ်သမားတွေက လက်မှတ်ဖိုးလည်း ဆုံး၊ အဖမ်းလည်း ခံရပြီ”ဟု ကိုအောင်မြင့်သိန်းက ပြောဆိုသည်။

ထိုသတင်းကို ကြားရသောကြောင့် IC ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က အဖမ်းခံရသည့် အလုပ်သမား များအတွက် စိတ်မကောင်းကြောင်း ပြောသည်။

ဘန်ကောက် IC ရှိုးတွင် လေးဖြူသီဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ ပါဝင်ဖျော်ဖြေခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘ္ဘန်ဘော် ဒေသ၌ ကျင်းပခဲ့သည့် မတ်လ ၂၉ ရက်ညက IC ရှိုးကို လာရောက်ကြည့်ရှုသည့် ဘန်ကောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

IC ပွဲကျင်းပရာ ငါးသေတ္တာ စက်ရုံသို့ အဝင်လမ်းကြားတွင် လူဝင်မှုကြီးကြပ်ရေး ရဲများက စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ အဖမ်းခံခဲ့ရသူများ နယ်စပ်သို့ ပြန်ပို့နိုင်ခြေ ရှိသည်ဟု ကိုအောင်မြင့်သိန်းက ပြောပြသည်။

“ကျနော်တို့ သူငယ်ချင်း၂ ယောက် ဒီလာတာ လမ်းစရိတ်ရယ်၊ လက်မှတ်ခရယ် ဆိုရင် ဘတ် ၁၁၀၀ ကျတယ်။ အဝေးကြီးက လာရတာ။ အဖမ်းအဆီးကိုလည်း ရှောင်ရသေးတယ်။ ရောက် တော့ သီချင်း ၂ ပုဒ်ပဲ မီလိုက်တယ်”ဟု မောင်ဝင်းအမည်ရှိ အထည်ချုပ် အလုပ်သမား လူငယ်တဦးက ပြောပြသည်။

အလုပ်သမားများ၏ ပျမ်းမျှ နေ့တွက်ခမှာ တရက်လျှင် ၂၀၃ ဘတ်ဖြစ်သောကြောင့် IC ပွဲကြည့်ရန် ၎င်းတို့၏ လုပ်အားခ ၂ ရက်စာ အကုန်ခံကြရသည်။

ပွဲကျင်းပစဉ် ကြည့်ရှုသူများဘက်က မည်သည့် အနှောင့်အယှက် တစုံတရာမှ မပြုလုပ်သော်လည်း လေးဖြူ သီဆိုအပြီးတွင် ပွဲကိုလာရောက်ရပ်နားခိုင်းသဖြင့် IC ထုံးစံ အတီးသမားများ၏ လက်စွမ်း ပြကွက်များကို ပရိသတ်က မြင်ခွင့်မရလိုက်ပေ။

IC အဖွဲ့စီးလာသည့်ကားကိုလည်း လူဝင်မှုကြီးကြပ်ရေးက ပွဲကျင်းပမည့်နေရာ ရောက်ခါနီးမှ တားမြစ် ထားသောကြောင့် ပွဲကျင်းပမည်ဟု ကြေညာထားသည့် ၇ နာရီအချိန်တွင် မကျင်းပနိုင်ဘဲ ည ၈ နာရီကျော်မှ ကျင်းပနိုင်ခဲ့ကြောင်း IC ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။

“ကျနော်တို့ကို သူတို့က တီးဝိုင်းအဖွဲ့မှန်းလည်းသိတယ်။ ဒါပေမယ့် ပတ်စ်ပို့တွေ ခဏပေးပါဆိုပြီး အကြာကြီးပဲညှိနေတာနဲ့ ပွဲကိုစမယ်ဆိုတဲ့အချိန်မှာ မစရဘူး” ဟု သူက်ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ IC အဖွဲ့၏ ပတ်စ်ပို့စ်များတွင် ဖျော်ဖြေရေး ဗီဇာမပါသောကြောင့်ဟုလည်း သိရသည်။ နာရီဝက်ကျော် ညှိနှိုင်းခဲ့ရပြီးမှ ပွဲစခွင့်ပြုခဲ့သည်။

ဘန်ကောက် IC ရှိုးလာ ပရိသတ်များ (ဓာတ်ပုံ - ဧရာဝတီ)

IC ပွဲကို စီစဉ်သူများထဲတွင် ထိုင်းလူမျိုးနှင့် ဗမာများပါဝင်ပြီး ယခုပွဲကို ထိုင်းမြန်မာ ချစ်ကြည်ရေး အစီအစဉ်ဟု ကြေညာထားသည်။ ရသည့်ငွေကို ၎င်းဒေသရှိ ဝပ်ဘာနမ်ဖု ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းမည်ဟုလည်း သတင်းရရှိသည်။

ယခု IC ပွဲကို ကြည့်ရှုလိုပါက လက်မှတ်တစောင်ကို ဘတ် ၄၀၀ နှင့်ရောင်းချပြီး ကင်မရာယူ ဆောင်ပါက ဘတ် ၃၀၀ အခွန်ဆောင်ရသည်။ ဗီဒီယိုကင်မရာကို ယူဆောင်ခွင့်လုံးဝမပေးပေ။

ကန်ထရိုက်များနှင့် နီးစပ်သူတဦး က “ငါးသေတ္တာစက်ရုံပိုင်ရှင်က မြေနေရာငှားတယ်။ သူက ရပ်ကွက်လူကြီး အဆင့်လောက်ရှိတယ်။ ကန်ထရိုက်တွေက ထိုင်းမြန်မာ ချစ်ကြည်ရေး ဆိုပြီး နာမည်သာတပ်တာ။ တကယ်က ပိုက်ဆံရှိလို့ ထလုပ်တဲ့သူတွေ။ ဘာအဖွဲ့အစည်းမှ မဟုတ်ဘူး” ဟု ပြောသည်။

IC ပွဲကိုလာကြည့်သူ ပရိသတ်မှာ ၁၅၀၀ ဝန်းကျင်ခန့်ရှိပြီး အများသောအားဖြင့် စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြသည်။ ဘန်ကောက်မြို့ ထဲရှိ အေပက် တက္ကသိုလ်တွင်တက်ရောက်နေသော မြန်မာကျောင်းသူ ကျောင်းသား အယောက် ၃၀ ကျော်ခန့်လည်း လာရောက်အားပေးကြသည်။

IC အနေနှင့် ဘန်ကောက်တွင် ကျင်းပခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး ပထမဆုံးအကြိမ် တွင်ပင်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ပြောဆိုသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ထိုင်းနိုင်ငံ IC ဂီတဖျော်ဖြေပွဲ အဖမ်းအဆီးများ ရှိခဲ့

ကိုဝိုင်း

တနင်္လာနေ့၊ မတ်လ 30 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘန်ကောက်မြို့ပြင်၌ ကျင်းပသည့် Iron Cross – IC ၏ ယမန်နေ့ည ဂီတဖျော်ဖြေပွဲသို့ လာကြည့်သူ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဝဝ ကျော် ထိုင်းအာဏာပိုင်များ၏ အဖမ်းအဆီး ခံခဲ့ရသည်။

အချုပ်ကားကြီး ၂ စီး ယူဆောင်လာသည့် ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထောက်လှမ်းရေး ပူးပေါင်းအဖွဲ့က ပွဲကျင်းပသည့် မြို့ပြင် ဘန်ဘော်မြို့နယ် ဘန်ဘော်ရပ်ကွက်ရှိ ငါးသေတ္တာရုံလမ်းထိပ်တွင် ပွဲကြည့်လာသူများကို စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရှိသူများ အပါအဝင် အဖမ်းခံရသည့် အလုပ်သမားဦးရေ ၂ဝဝ နှင့် ၃ဝဝ အကြားရှိမည်ဟု ပွဲကြည့်သွားခဲ့သူ ဘန်ကောက်မြို့မှ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက ခန့်မှန်းသည်။

ထို့အပြင် ထိုင်းကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကိုသက်ကလည်း ပရိသတ်အများစုက ကခုန်အော်ဟစ်ကြသော်လည်း ကြမ်းတမ်းစွာ ကခုန်သူ ၅-၆ ဦး ခန့်ကို ပွဲခင်း လုံခြုံရေးရဲများက ဝိုင်းချုပ်၍ ပွဲဝင်းအတွင်းမှ ဆွဲထုတ်သွားသည်ကို မြင်ခဲ့ရကြောင်း ပြောသည်။

ဖမ်းဆီးမှုများကြောင့် ပရိသတ်ဦးရေမှာ လက်မှတ် ဝယ်ယူထားသည့် အရေအတွက်ထက် လျော့ကျသွားပြီး တထောင်ခန့်သာ ရှိနိုင်ကြောင်း ပွဲကြည့်သူများက ဆိုသည်။

အဆိုပါ စစ်ဆေးဖမ်းဆီးမှုများကြောင့် ည ၇ နာရီတွင် ပွဲစတင်မည်ဟု ကြေညာထားသော်လည်း အစီအစဉ်ကို ည ၉ နာရီခန့်မှ စတင်နိုင်ခဲ့သည်။

ထို့အပြင် IC ဂီတပညာရှင်များနှင့် အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့၏ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ စသည်တို့ကို စစ်ဆေးမေးမြန်းခံရသည်။

ဂီတပွဲ သွားခဲ့သူ ရမ်းခမ်းဟန် တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “သူတို့လည်း စင်ပေါ်မှာ အဲဒီအကြောင်း ပြောတယ်လေ။ ကျနော်က စင်နောက် သွားမေးတော့ သူတို့ အစစ်ခံရတာ ဟုတ်တယ်။ နောက် ပွဲပါမစ်ကိုလည်း စနစ်တကျ လုပ်ထားတာ မဟုတ်ဘူးလေ။ ရပ်ကွက်နဲ့ အပိုင်ညှိပြီး လုပ်လိုက်တာ။ ဒါပေမဲ့ အထက် (ဗဟို) က ဆင်းလာစစ်တော့ ငြိတာပေါ့။ ဒါပေမဲ့ ပွဲစီစဉ်သူတွေနဲ့ ညှိလိုက်တော့ လွတ်သွားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုတော်များက တဦးလျှင် ၃ ပုဒ်စီ အလှည့်ကျ ဆိုပြီးနောက် ည ၁ဝ နာရီခွဲခန့်တွင် ထိုင်းအာဏာပိုင်များက ပွဲရပ်နားရန် ပြောသဖြင့် ပွဲစီစဉ်သူများနှင့် အာဏာပိုင်များ ထပ်မံညှိနှိုင်းပြီးနောက် ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနှင့် လေးဖြူတို့ တယောက်တပုဒ်စီ ထပ်မံ ဆိုခွင့်ရခဲ့ကြောင်း ကိုသက်က ပြောသည်။

သူက “လေးဖြူဆိုနေတုန်း ပွဲသိမ်းဖို့ပြောတော့ လေးဖြူက ကျနော် နဲနဲလောက် ညှိကြည့်မယ်လို့ ပရိသတ်ကို ပြောတယ်။ အဲဒါနဲ့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနဲ့ လေးဖြူတို့ တယောက်တပုဒ် ဆက်ဆိုလို့ရပြီး ပွဲသိမ်းလိုက်ရတာပဲ။ ပရိသတ်တွေက ထုံးစံအတိုင်း တောင်းနေကျ ‘အလင်းရောင်’ ကို တောင်းတယ်။ ‘အလင်းရောင်’ တော့ မရလိုက်ဘူး။ ‘စုန်းမ’ နဲ့ သိမ်းလိုက်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပွဲဝင်ကြေးမှာ တဦးလျှင် ၄၅ဝ ဘတ်၊ ဓာတ်ပုံ ကင်မရာအတွက် ဘတ် ၃ဝဝ သတ်မှတ်ထားသော်လည်း ဗီဒီယို ကင်မရာကိုမူ အတွင်းသို့ ယူဆောင်ခွင့်မပြုခဲ့ပါ။

ယခုပွဲအား မည်သူ စီစဉ်သည်ကို အတိအကျ မသိရသော်လည်း ပွဲကြော်ငြာစာရွက်တွင်မူ “ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေ ပွဲတော်” ဟု အမည်တပ်ထားသည်။

မြန်မာနိုင်ငံက အဆိုတော်များသည် ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်၊ ဘန်ကောက် မြို့များသို့ မကြာခဏ လာရောက်ဖျော်ဖြေလေ့ ရှိသော်လည်း Iron Cross ဂီတဝိုင်းနှင့် အဆိုတော် အများစုမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။



REF: မဇ္ဈိမ

Read More...

အပေါ်သို့