Sunday, August 2, 2009

၂၀၁၀ ရွေးကောက်ပွဲ ပျော်ပျော်ရွှင်ရွှင် တို့ဆင်နွှဲ


ကာတွန်း ဟန်လေး


Read More...

နေ့စဉ်သတင်းများ (၁- ၈- ၀၉)

■ မြန်မာစစ်အစိုးရ အဏုမြူလက်နက် ထုတ်လုပ်ဖို့ရှိ သတင်း
■ နျူကလီယားလက်နက်အတွက် မြန်မာကို မြောက်ကိုရီးယား ကူ သတင်း
■ မြန်မာပြည် နျူကလီးယားဓာတ်ပေါင်းဖိုအတွက် မြောက်ကိုရီးယားနိုင်ငံက ကူညီနေ သတင်း
■ ကျေးလက်သျှမ်းရွာ (၁၀) ရွာကျော်အား စစ်အစိုးရတပ် မီးရှို့ဖျက်ဆီး အဓမ္မမောင်းထုတ် သတင်း
■ သင်္ဃန်းညီနောင် တံတားကျိုးဂိတ်တွင် ရတခ စစ်ဗျူဟာမှူး ကိုယ်ကျိုးရှာနေ သတင်း
■ မြန်မာပြည် အောက်ပိုင်းနဲ့ မြောက်ပိုင်း မိုးရေကြီး သတင်း
■ မကွေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များ ပြန်လည်လွတ်မြောက် သတင်း
■ သမ္မတဟောင်း အကွီနိုအတွက် ၀မ်းနည်းခြင်း (၁၀) ရက် သတ်မှတ် သတင်း
■ အာဆီယံ လူ့အခွင့်အရေးကော်မရှင် (မျက်မှောက်ရေးရာ)
■ အာဆီယံစည်းဝေးပွဲဟာ မြန်မာ့နိုင်ငံရေးကို ထိရောက်မှုရှိနိုင်သလား (တိုက်ရိုက်လေလှိုင်း)
■ တရုတ်ကို အတုယူခိုးချသော နအဖစစ်တပ် (ဆောင်းပါး)
■ အိုဘားမားရဲ့ ဘီယာဒစ်ပလိုမေစီ သတင်း
■ အနာဂတ်လမ်း ဖြောင့်တန်းစေလို … (ဆောင်းပါး)
■ ဘန်ကောက်မှာလည်း စိတ်တိုင်းကျ သတင်း

Read More...

နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်

01 August 2009

ဗိုလ်ထက်မင်း

မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင် ကြတာကိုတွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န်ကြီးချူပ် ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေပြီး တိုင်းပြည်ကောင်းရာကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီယံနိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက် တွေ့မယ့် အနေအထား ရှိနေပါတယ်။ ဗိုလ်သန်းရွှေဟာ နိုင်ငံရေး ကစားကွက် ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေး လိုက်ပါတယ်။ ဗိုလ်ခင်ညွှန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၄င်းရုံးအား တွဲဘက်ကိုင်တွယ်ခွင့် တောင်းဆို ခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိများကို ဖွဲ့စည်းပုံ အသစ်ဖြစ်တဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ခေါ်ယူ သွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ လေ့လာရေး ဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ပြောင်းလဲထားရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။

နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်းရေး တွဲကိုင်ထားတာမျိုး မရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။ဗိုလ်သန်းရွှေက သူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွှန့်ရဲ့ တောင်းဆိုချက် တွေကို လိုက်လျောပေးခဲ့ပြီး နောက်ထပ်တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တရက်ကြည့်ပါက ဟန်ကျသလိုရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ် ဖြစ်လာပြီ ဆိုတာ ဗိုလ်ခင်ညွှန့်ဟာ ရိပ်မိလာပါတယ်။

ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်းစိန်တို့ (၂) ဦးနှင့်အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွှန့်က အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေးမှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက သူ့ကိုနှစ်သိမ့် စကားပြောခဲ့ကြောင်း ငြီးတွား ပြောဆိုခဲ့ပါတယ်။ သဘောကတော့ တိုင်းပြည် အုပ်ချုပ်ရေး အပိုင်းမှာ ဗိုလ်ခင်ညွှန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေးတော့မယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြောတာကို ဗိုလ်ခင်ညွှန့်က မယုံကြည်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ထို့နောက် ဒုတိယ မြောက်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်စိုးဝင်းကျတော့ မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံကိုလည်ပတ်ဖို့ ဖိတ်ကြားခဲ့ ပါတယ်။ မြန်မာပြည်ပြန်ရောက်တော့ ဗိုလ်သန်းရွှေက ဒီလိုဖိတ်ကြားခဲ့တာကို ဆူပူကြိမ်းမောင်း တာမို့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးခမျာ မြန်မာနိုင်ငံ ၀င်မယ့်အရေး ဆန့်ငင် ဆန့်ငင်ဖြစ်နေလို့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အတုံးလိုက် အတစ်လိုက် ကျဆင်းသွားခဲ့ရပါတယ်။

ဒီလို ဗိုလ်သန်းရွှေရဲ့ မတရားကြိုးကိုင် ၀င်ရောက်စွက်ဖက်မှုတွေကြောင့် လက်ရှိ ၀န်ကြီးချုပ်ရာ ထူးရတဲ့သူတွေဟာ နိုင်ငံတကာမှာ မျက်နှာပျက် ရမယ့်ကိန်း ဆိုက်နေပါတယ်။ နောက်ပိုင်း ၀န်ကြီးချုပ် တွေဖြစ်လာတဲ့ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်သိန်းစိန်တို့အနေနဲ့ မူလက တွဲကိုင်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်နဲ့ စစ်ရေးချုပ် အကြီးအကဲရာထူးများကို ဆက်လက်ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွှန့်လို အခွင့်အရေး မရတော့ဘဲ နောက်တက် လာတဲ့ အရာရှိများကိုသာ လွှဲပြောင်းပေးလိုက်ရတာကြောင့် တပ်မဲ့ဗိုလ်ဘ၀နဲ့ ၀န်ကြီးချုပ် ရုံးအဖွဲ့ကိုသာ မှီခိုနေရပါတော့တယ်။

တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်သိန်းစိန်ကတော့ နအဖရဲ့ သြဇာအာဏာ စီနီယာ အဆင့်အလိုက်မှာ ယခင်ဗိုလ်ခင်ညွှန့် လက်ထက်က ၀န်ကြီးချုပ် အဆင့်ဆိုရင် နံပါတ် (၂) နေရာမှာ ရှိနေရာက သူ့အလှည့်ကျတော့ ဗိုလ်မောင်အေးနဲ့ ဗိုလ်ရွှေမန်းရှိနေကြတဲ့အတွက် အလိုအလျောက် အဆင့် နံပါတ်(၄) သို့ ကျဆင်းသွားခဲ့ပါတယ်။ သူလည်းပဲ ကလေးစစ်သား မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတဲ့ အကြောင်း အမှန်အတိုင်း ၀န်ခံခဲ့ပြီးမှ ဗိုလ်သန်းရွှေရဲ့ ဆူပူမှုကိုခံရလို့ ပြန်လည်ငြင်းဆန်ခဲ့ရ ပါတယ်။

နာဂစ်မုန်တိုင်း ၀င်နေချိန်မှာဖြစ်ဖြစ်၊ ၀င်ပြီးကာစဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဗိုလ်သိန်းစိန်အနေနဲ့ ချက်ချင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ကြောင်း သိပေမယ့် နအဖရဲ့အခြေခံဥပဒေ ဆန္ဒခံယူပွဲပျက်မှာ ကို စိတ်ပူနေတဲ့ ဗိုလ်သန်းရွှေကို မပြောရဲတဲ့ ဘ၀ ရောက်သွားခဲ့ရပါတယ်။ နိုင်ငံတကာက တရုတ် ၀န်ကြီးချုပ်နဲ့ နှိုင်းယှဉ်ဝေဖန်ခံရလို့ မုန်တိုင်း ကယ်ဆယ်ရေးမှာ ကိုယ်တိုင်ပစ္စည်းတွေကို ထမ်းပိုးပေးရတဲ့ ကူလီထမ်းဘ၀ အနေအထားထိ ရောက်သွားတဲ့ ရုပ်သေးဝန်ကြီးချုပ် ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ မသက်သာလှတာကို တွေ့ ရပါတယ်။အာဆီယံထိပ်သီး ညီလာခံတွေမှာ နိုင်ငံ အကြီးအကဲအဖြစ် တက်ရောက်သူများဟာ အနည်းဆုံး နိုင်ငံရဲ့ သြဇာအာဏာ အဆင့်(၂) ရှိသူတွေသာ တက်ရောက် ကြတာမို့ မြန်မာနိုင်ငံအနေနဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင် တက်ရောက်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မေတ္တာရပ်ခံခဲ့ ပေမယ့်လည်း ခေါင်းရှောင်ချင်တဲ့ ဗိုလ်သန်းရွှေရဲ့ သဘောသရုပ်ကြောင့် လက်လျှော့ခဲ့ရတဲ့သာဓကရှိပါတယ်။ဗိုလ်သန်းရွှေ တာဝန်ပေးခဲ့တဲ့ ၀န်ကြီးချုပ် ရာထူး အဆင့်အတန်းဟာ နိုင်ငံတကာ မည်သည့် အစိုးရဖွဲ့စည်းပုံနဲ့မှ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်။

သမ္မတအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတွေ ဖြစ်ဖြစ်၊ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ နိုင်ငံတွေကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံလို မတွေ့ရဘဲ အာဏာရှင်တွေအုပ်ချုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံ တွေနဲ့ အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ အာဏာရှင် တွေတောင် နိုင်ငံတကာ ခေါင်းဆောင် တွေကို တွေ့ဆုံ တာဝန်ယူပြီး အထိုက်အလျောက် ဖြေရှင်းပေးနိုင်ခဲ့တာ ရှိပါတယ်။ကွန်မြူနစ်နိုင်ငံကြီး တရုတ်နိုင်ငံ မှာတောင် တိန့်ရှောင်ဖိန်ဟာ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ယူခဲ့ပေမယ့် သမ္မတ ကျန်စီမင်းနဲ့ ၀န်ကြီးချုပ် လီပင်းတို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးခဲ့တာ တွေ့ရပါ တယ်။

မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကတော့ စီးပွားရေးကိုသာ ဦးတည်ပြီး လုပ်ခိုင်းတယ်ဆိုအုံးတော့၊ တကယ် တမ်း စီးပွားရေးကို ဦးမော့လာအောင် လုပ်ရမယ့် နိုင်ငံခြားငွေ FE အမေရိကန်ဒေါ်လာ သုံးစွဲခွင့်နဲ့ တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီး ပစ္စည်း၊ သံချောင်းနဲ့ သံမဏိခွဲတမ်းတွေကို ခွဲဝေရာမှာတောင် ၀န်ကြီးချုပ်က လုပ်ပိုင်ခွင့်မရှိဘဲ ဗိုလ်သန်းရွှေကသာ ဥစ္စာချောက်ပြီး ထိန်းချုပ် ထားပြန်ပါတယ်။

စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဆိုတာ ပြည်ပမှာသာမက ပြည်တွင်းမှာပါ ရုပ်သေးရုပ်ဘ၀အဖြစ်နဲ့ “က” နေရတာမျိုး ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်စိုးဝင်း သေဆုံးပြီးတဲ့နောက်မှာ ၀န်ကြီးတွေဟာ ရုပ်သေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို ခန့်အပ်ခံရဖို့ ငြင်းဆန် ခဲ့တယ်လို့ သိရှိရပါတယ်။

ဗိုလ်သန်းရွှေဟာ အမိန့်ထုတ်ပြီးတဲ့အခါ ဖြစ်စေ၊ ကတိပေးပြီးတဲ့အခါဖြစ်စေ အင်မတန် ဗလောင်းဗလဲ ဖြစ်နေသူမို့ နိုင်ငံ့ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နဲ့ဘဲဖြစ်ဖြစ်၊ စစ်တပ်အကြီးအကဲ အင်္ဂါရပ်နဲ့ ဘဲကြည့်ကြည့် မညီညွတ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့သူသာ ဖြစ်နေပါတယ်။

တရုတ်သမ္မတ ကျန်စီမင်း လာရောက်လည်ပတ်ခဲ့စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ်လူမျိုးများ တရုတ်သဘောင်္များနဲ့ မြစ်အတွင်း လှည့်လည် သွားလာခွင့်ပြုဖို့ ဗိုလ်သန်းရွှေက သဘောတူ ကတိပေးခဲ့ရာမှ နောက်နေ့မှာ သဘောမတူခဲ့ပြန်လို့ ဗိုလ်ခင်ညွှန့်က တရုတ်သမ္မတအား ငပလီကို ခေါ်ဆောင်ပြီး ချော့မော့ ဖြေသိမ့်ပေးခဲ့ရပါတယ်။

ပြည်တွင်းရော၊ ပြည်ပမှာပါ ရုပ်သေးရုပ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တွေရဲ့ အနေအထားကြောင့် နိုင်ငံတကာမှပံ့ပိုးပေးမယ့် အခွင့်အလမ်းများ နစ်နာဆုံးရှုံးခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း အဘက်ဘက်မှ အဖတ်ဆယ်လို့မရအောင် ကျဆင်းနေရပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိကသမိုင်း တရားခံကတော့ ဗိုလ်သန်းရွှေသာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။ ။


Read More...

Friday, July 31, 2009

ခမရ ၅၁၅ မှ ဗိုလ်ကြီးကောင်းဇံ၏ ချစ်ဇနီးထံပေးစာ

ဇူလိုင် ၂၁။

ခင်လေး

နေကောင်းကျန်းမာမယ်လို့ထင်ပါတယ်။ ကိုယ့်အခြေအနေ သိဖို့ စာရေးလိုက်တာပါ။ ကိုယ်အခု နောက်တန်း ဆေးရုံကို ရောက်နေတယ်။ စိတ်မပူပါနဲ့ လက်နက်ကြီးအစ ရှပ်ထိရုံပါ။ မကြာခင်ပဲ ဆေးရုံကဆင်းပြီး ခင်လေးဆီ တခေါက်လောက် ပြန်လာတွေ့ဖို့ ကြိုးစားပါမယ်။ ခွင့်ရဖို့တော့ သိပ်မလွယ်ဘူး။ ထုံးစံ အတိုင်းပေါ့ ၁ရက် ၂ရက်လောက် အဆင်ပြေသလို လစ်လာရမှာပဲ။

ကိုယ်တို့ စကခ ၂၊ ခမရ ၅၁၅က မိုးတွင်းမှာလည် မနားရဘူး၊ ကိုယ်က ခွဲမှူးဖြစ်နေတော့ ပိုဆိုး တာပေါ့။ အပေါ်ကိစ္စလည်း ကိုယ်ပဲ။ အောက်ကိစ္စလည်း ကိုယ်ပဲ ဖြစ်နေတယ်။ ဇူလိုင်လထဲမှာ မိုးကလည်း အရမ်းကောင်းတယ်။ ဒီအချိန် ရှေ့တန်း စစ်မျက်နှာမှာ ဘယ်လို ဖြစ်နေမလဲဆိုတာ ခင်လေး မှန်းဆမိမှာပါ။ ကိုယ်တို့ ရောက်နေတဲ့ ဂွင်ထဲမှာ ရွက်ဆစ်အဖွဲ့တွေ တော်တော် များတယ်။ ဒီဂွင်ထဲမှာ ကိုယ်တို့ တပ်ရင်းက လှုပ်ရှား တခွဲနဲ့ ခလရ ၆၄ က ဗိုလ်မှူး နေထွတ်ဦးစီးတဲ့ တကြောင်းနဲ့ ခွဲတခွဲ လှုပ်ရှားနေရတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ဗိုလ်မှူးနေထွတ်တို့ စစ်ကြောင်း ရွက်ဆစ်တို့ အဖွဲ့နဲ့ စပြီး ထိတွေ့မှု ဖြစ်ကြတယ်။ ဖြစ်တာက ညကြီးမိုးချုပ် သူတို့က ရွာအ၀င်မှာ ဖြစ်တာလို့ သိရတယ်။ ရဲဘော်တယောက် ဒူးမှာ လက်နက်ငယ်ထိပြီး ဒဏ်ရာရသွားတော့ သူတို့စစ်ကြောင်းက အဲဒီည အဲဒီရွာမှာပဲ အခြေပြု နေလိုက်ကြတယ်။ နောက်ရက်မှာ သူတို့စစ်ကြောင်းက ဟိုကောင်တွေ ဆုတ်သွားတဲ့ ဖက်ကို လိုက်ရှင်းကြတယ်။

ထုံးစံအတိုင်းပေါ့ကွာ အထက်ကလည်း ကိုယ်တို့ကို လိုက်ရှင်းခိုင်း ပိတ်ခိုင်းတော့ ကိုယ်တို့ တပ်ခွဲက နောက်နေ့ ညနေ ၃နာရီ ကျော်လောက်မှာ ဟိုကောင်တွေနဲ့ စထိတွေ့ ပစ်ခတ်ကြတယ်။ ဒီကောင် တွေ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ ကိုယ်တို့လည်း ပစ်အားနဲ့ ဖိပြီး တွယ်လိုက်တော့ ဒီကောင်တွေ ပြေးသွားတယ်။ ကိုယ်တို့ တပ်ခွဲက ဖြန့်ပြီး လိုက်ရှင်းတယ်။ အဲဒီမှာပဲ ညနေ ၆ နာရီ လောက်မှာ တခြားအဖွဲ့နဲ့ ထပ်ပြီး ထိတွေ့ ကြတယ်။ ဒီတခါတော့ ဒီကောင်တွေဘက်က အတော် များတယ်။ ခန့်မှန်းခြေ ၈၀ လောက်ရှိမယ် ထင်တယ်။ ဘူဇူကာလည်း အတော် သုံးနိုင်ကြတယ်။ ကိုယ်လည်း မထင်မှတ်ဘဲ ချုံခိုမိတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ဘက်က လက်နက် ကြီးတွေ ပုံအောပစ်တာ ခံလိုက်ရတယ်။ ဒီပွဲမှာ ကိုယ်လည်း လက်နက်ကြီး အစ ထိခဲ့တယ်။

ကိုယ်စိတ်မကောင်းတာက ကိုယ့်ခွဲက အားအကိုးရဆုံး တပ်ကြပ် ယဉ်ထွေး၊ တပ်ကြပ် မြင့်လွင်နဲ့ တပ်ကြပ် နန္ဒာထွေးတို့ ကျသွားကြတယ်။ တပ်သား စိုးမြင့်အောင်လည်း ကျသွားတယ်။ အားလုံး ၄ယောက် ကျသွားတာပေါ့။ ဟိုတလောကမှ ကိုယ်တို့ခွဲကို ပြောင်းလာတဲ့ ဗိုလ်မျိုးသူဟိန်းလည် ဒဏ်ရာရတယ်။ တပ်ကြပ်ကြီး သက်ဦး၊ တပ်ကြပ် အောင်ကျော်ဦး။ တပ်သား အေးမင်းတို့လည်း ဒဏ်ရာရတယ်။ အားလုံးက လနက ဒဏ်ရာတွေပဲ။ ဆိုးတာက သေနတ် ၄လက် ပါသွားတာပဲ။ MA1 ၁လက်၊ MA2 ၂လက် ၊ နဲ့MA4 ၁လက်။ ကိုယ်တော့ စစ်ခုံရုံး ၀င်ရမှာ သေချာ သလောက်ပဲ။

ခင်လေးဘာမှ စိတ်မပူပါနဲ့ ကိုယ်တို့စုဆောင်းရှာထားသမျှ လေးတွေနဲ့ ပေးကမ်းပြီး အမှုပေါ့အောင် ကြည့်လုပ်ရမှာပေါ့။ ခင်လေး ပစ္စည်းတွေ ခဏ ထုတ်သုံးရမှာကိုတော့ မောင်နှမျောမိ ပေမဲ့ မတတ်နိုင်ဘူး ခင်လေးရေ။ နောက်မှ မောင် ပြန်ရှာ ပေးပါမယ်ကွာ။ လောလော ဆည်ဆည်တော့ ထုခွဲပြီး ငွေရှာထားပါအုန်း။ ဒါမှ ဒီတပါတ်အတွင်း ကိုယ်ပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ ဘာပဲဖြစ်ဖြစ်၊ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ပါတယ်။ သားလည်း နေကောင်းတယ်မို့လား။

ခင်လေးနဲ့သားမောင်သီဟ ကျန်းမာဖို့ မောင် ဆုတောင်းပါတယ်။

သတိရစွာနဲ့
မောင်

Read More...

နအဖ အဓမ္မ ရွှေ့ပြောင်းမှုဒဏ်၊ ရခိုင်ပြည်နယ် ဒေသခံတွေ မိအေးနှစ်ခါနာ

၃၁ ဇူလိုင် ၂၀၀၉

နယ်နိမိတ်ချင်း ၁၇၂ မိုင် ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ရခိုင်ပြည်နယ်ဟာ ရှေးအခါတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂလီ လူမျိုးတွေ ၀င်ထွက်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဘင်္ဂလီ လူမျိုးတွေကို ရခိုင်ပြည်နယ်ထဲ စခေါ်သွင်း လာရာကနေ တစ်စထက် တစ်စ အင်အား များလာလို့ လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက် ခဲ့ရပါသေးတယ်။ ၁၉၄၂ ခုနှစ်၊ ကုလား ဗမာ အဓိကရုဏ်း ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလီတစ်ချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ပြန်သွားတာလည်း ရှိကြောင်း သိရပါတယ်။

ဒီနောက် ၁၉၇၇-၇၈ခုနှစ်မှာ မြန်မာအစိုးရကနေ မောင်းနှင် ထုတ်လိုက်တာ ကြောင့်လည်း ဘင်္ဂလီ လူမျိုး ၂ သိန်းလောက် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ခွာ သွားခဲ့ကြရ ပြန်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အတွင်းကို ဘင်္ဂလီတွေ နောက်ထပ် အတင်းဝင်ရောက် နေရာယူ အခြေချ လာခဲ့ကြတာကြောင့် ရခိုင် ကျေးရွာပေါင်း ၉၂ ရွာ ပျက်ခဲ့ပြီး ရခိုင် လူမျိုးတွေလည်း အခြားအရပ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်းတောမြို့တွေမှာ မူစလင် ဦးရေက ၈၃% ရှိပြီး ရခိုင်နဲ့ အခြားလူ မျိုးတွေက ၇ % သာ ရှိနေကြပါတယ်။ ပြန်လည် နေရာချထားရေးနဲ့ အရင် ပျက်စီးသွားခဲ့တဲ့ ကျေးရွာ ပြန်လည်တည် ဆောက်ရေး ကိစ္စတွေကို တပ်မတော် အစိုးက ရခိုင်ပြည်နယ် အတွင်း နယ်စပ်ဒေသတွေမှာ ၂၀၀၁ ခုနှစ်က စပြီး လုပ်ဆောင် ခဲ့တာကို တွေ့ရှိရပါတယ်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်စည်းရိုး လုံဖို့ ကြိုးပမ်းတာမှာ ပထမ ဘူးသီးတောင်၊ မောင်းတော နယ်ဖက် တွေမှာ စီမံကိန်း ကျေးရွာတွေ တည်ဆောက်ပြီး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားတွေကို သွားရောက် နေထိုင် စေခဲ့ပါတယ်။ မိသားစုနဲ့ အတူ အဲဒီ ကျေးရွာတွေမှာ သွားရောက် နေထိုင်ကြမယ် ဆိုရင် လိုအပ်တဲ့ နေစရာအိမ်၊ လယ်ယာ ၂ ဧက၊ စားစရာဆန် ၆ လစာ၊ အိုးခွက် အစုံအပြင် လုပ်ကိုင်စရာ ထွန်၊ ထယ်၊ နွား စတဲ့ ပစ္စည်းတွေပါ ပံ့ပိုးသွားမှာ ဖြစ်သလို နေထိုင်သူ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်ကျခံ ကာလကိုလည်း လျှော့ပေါ့ပေးမယ် ဆိုပြီး စည်းရုံး စေလွှတ် ခဲ့ကြတာပါ။

ဒီ စီမံကိန်းအတိုင်း အိမ်ခြေ ၁၀,၀၀၀ ဖြစ်မလာတာမို့ နောက်ထပ် မူးယစ်ဆေး စွဲသူတွေ၊ တပ်မတော်ထဲက ရဲဘော် ဟောင်းတွေကိုပါ သွားရောက် နေထိုင်ကြဖို့ ထပ်မံ စေလွှတ်ခဲ့ပြန်ပါတယ်။ ဝေးလံခေါင်ဖျား ဒေသတစ်ခု ဖြစ်သလို၊ ရာသီ ဥတုဆိုးဝါးပြီး၊ အလုပ်အကိုင် ရှားပါးတဲ့ ဒဏ်တွေကြောင့်လည်း အခြေချ နေထိုင်သူတွေဟာ မကြာခဏ ဆိုသလို ထုတ် ပေးထားတဲ့ ပစ္စည်းတွေ ရောင်းချပြီး နေရပ်ရင်း ပြန်ထွက်ပြေးလေ့ ရှိတာမို့ အခုထိလည်း အိမ်ခြေပေါင်း ၂၅၀၀လောက်ပဲ သွားရောက် အခြေချ နေထိုင်တာကို တွေ့ရပါတယ်။

နှစ်စဉ် အိမ်ထောင်စု ၁၅၀လောက်ကို စေလွှတ်ရာမှာ အိမ်ခြေ ၃၀ လောက်သာပဲ အခြေချ နေထိုင် နိုင်ကြတာပါ။ ဒါ ကြောင့် လုပ်ကိုင် စားသောက်ဖို့ အတွက် လက်တွန်းထွန်စက်၊ ထွေလာ၊ ဆိုက်ကား စတဲ့ ပစ္စည်းတွေ ထပ်မံ ထုတ်ပေး စည်းရုံးတာတောင် နေထိုင်ချင်သူ မရှိတာကြောင့်လည်း နောက်ဆုံး ရန်ကုန်တိုင်း ထဲက ၄၃ မြို့နယ်မှာ တမြို့နယ်ကို ဆင်းရဲသား အိမ်ထောင်စု ၂ စုနှုန်းစီ ခွဲတမ်းချပြီး စေလွှတ် ကြပြန်ပါတယ်။ စေလွှတ် ခံရသူတွေကိုလည်း တအိမ်ထောင် အတွက် ထောက်ပံ့ငွေ ၂ သိန်း ကို (မယက)တွေ ကိုယ်တိုင် စုဆောင်း ကောက်ခံ ပေးခဲ့သလို အတီးအမှုတ် တွေနဲ့လည်း လိုက်လံ ပို့ဆောင်ခဲ့ကြတာပါ။

ဘူးသီးတောင်၊ မောင်းတောပါတ်ဝန်းကျင်မှာပဲ စီမံကိန်း ကျေးရွာတွေကို ပြန်လည် နေရာချထား ပေးတာကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေ အတော်များများ အသိမ်းခံ ကြရပါတော့တယ်။ ဒေသခံ ရခိုင်လူမျိုးတွေ အတွက်တော့ သူတို့အရင် လက်လွတ် ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေကို ရင်းစား ပြန်မရတဲ့အပြင် လက်ရှိ နေထိုင်တဲ့ နေရာတွေကလည်း ဖယ်ပေးကြရတာမို့ မိအေးနှစ်ခါနာ ဆိုသလို ဖြစ်နေရပါတော့တယ်။

ဒါ့အပြင်လာရောက်နေထိုင်သူတွေ အချင်းချင်း သတ်ဖြတ်ကြတာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ခိုးဝှက်တာ စတဲ့ ပြဿနာကြောင့်လည်း ရခိုင်ပြည်နယ် အတွင်း နဂို ရှိပြီးသား ရခိုင်နဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂလီ တွေအကြားက အဆင်မပြေမှု အပြင် နောက်ထပ် အသစ် ရောက်လာပြီး အခြေချ နေထိုင်သူ တွေနဲ့ပါ ပြဿနာတွေ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ဒေသအာဏာပိုင်တွေနဲ့ (နစက)တပ်ဖွဲ့တွေ ကလည်း ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်တဲ့ အပြင် မူစလင် စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေကြတာ၊ စီမံကိန်း ရွာတွေက အခြေချလာသူတွေ ဖက်ကနေ ဘက်လိုက် ဖြေရှင်း ပေးတာတွေကြောင့်လည်း ဒေသခံ ရခိုင်လူမျိုးတွေရဲ့ မကျေနပ်မှု တွေဟာ တနေ့တခြား တိုးပွား လာနေကြောင်း သိရပါတယ်။ ရခိုင်လူမျိုး၊ ရိုဟင်ဂျာခေါ် ဘင်္ဂလီ လူမျိုးတွေနဲ့ နောက်ထပ် ၀င်ရောက် အခြေချ နေထိုင်သူတွေ အကြား လူမျိုးရေး ပြဿနာတွေလည်း အချိန်မရွေး ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံ တွေက ပြောဆိုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အစိုးရအတွင်းမှာကို မူစလင်အခြေခံ ၀ါဒီတွေက လွှမ်းမိုးနေပြီး မြန်မာပြည် နယ်စပ် စစ်တကောင်း ဒေသ မှာလည်း အကြမ်းဖက် အဖွဲ့တွေ လှုပ်ရှားမှု ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင်း မူစလင် အကြမ်းဖက် သမားတွေက ရိုဟင်ဂျာ အမည်နဲ့ အင်အားစုနေတဲ့ သတင်းတွေအပေါ် အခြေခံပြီး အကြမ်းဖက် လှုပ်ရှားမှု လေ့လာ သုံးသပ်သူ တစ်ချို့ကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ လိုမျိုး မူစလင် အစွန်းရောက် ဆူပူမှုတွေ နောက်ထပ် ဖြစ်ပေါ်လာစရာ ရှိတဲ့ နေရာတွေထဲမှာ မြန်မာပြည်က ရခိုင်ပြည်နယ်လည်း တခုအပါအ၀င် ဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆို နေကြတာကို တင်ပြ လိုက်ရပါတယ်။

လူအချင်းချင်းမုန်းတည်းခြင်း ကင်းဝေးကြပါစေ။

ဝိမုတ္တိဝိုင်းတော်သားတဦး


Read More...

နေ့စဉ်သတင်းများ (၃၀- ၇- ၀၉)

■ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် လှုံ့ဆော်စာများ ဖြန့်ကြဲ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှု ရုတ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို သတင်း
■ ဘယ်လိုစီရင်ချက်မျိုးမဆို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှု သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ မြန်မာနိုင်ငံမူဝါဒ မတည်ဆောက်သင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ပြီးပြီးချင်း ကုလသမဂ္ဂကို တိုင်းကြားဖို့ရှိ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ဘန်ကီမွန်း တောင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်စီရင်ချက်ချသည့်နေ့ ဆန္ဒမပြကြဖို့ စစ်အစိုးရသတင်းစာ ရေး သတင်း
■ ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက် သတင်း
■ စစ်အစိုးရဖွဲ့စည်းမယ့် ကြားဖြတ်အစိုးရ သတင်း
■ ကြားဖြတ်အစိုးရသတင်း Larry Jagan နဲ့ ဆက်သွယ်မေးမြန်းချက် သတင်း
■ KIO အဖွဲ့တောင်းဆိုချက် စစ်အစိုးရ ပယ်ချ သတင်း
■ လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ သတင်း
■ ကြက်ဥအတုများ မြန်မာနိုင်ငံအတွင်း ဝင်ရောက် သတင်း
■ အမျိုးသမီးငယ် (၂) ဦး ထိုင်းနိုင်ငံသို့ ခိုးဝင်စဉ် အဖမ်းခံရ သတင်း
■ မြန်မာ့ဒီမိုကရေစီရေးအပေါ် စစ်တပ်ရဲဘော်များရဲ့ အမြင် သတင်း
■ မြန်မာနိုင်ငံလွတ်မြောက်ရေး အက်ဥပဒေနဲ့ USCB ရဲ့ အမြင် သတင်း
■ အာဆီယံလူ့အခွင့်အရေးအဖွဲ့ မေးခွန်းထုတ်ခံနေရ သတင်း
■ အာဆီယံ စွမ်းအင်အစည်းအဝေးကာလ မန္တလေးမှာ လျှပ်စစ်မီး ပုံမှန်ရ သတင်း
■ နေပြည်တော်ဝန်ထမ်းတွေကို မီးခွန်ရေခွန် ကောက် သတင်း
■ လှုပ်ရှားမှုသတင်း သတင်း
■ အမေရိကန်ရဲ့ စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုး သတင်း
■ ကိုယ်ဝန်သည်တဦး ဘတ်စ်ကားစီးနေစဉ် ကလေးမွေး သတင်း
■ အီရန်ရွေးကောက်ပွဲအလွန် ဆန္ဒပြ၊ သေဆုံးသူတွေအတွက် တီဟီရန်မှာ စုဝေး သတင်း
■ မြောက်ကိုရီးယားက ဖမ်းထားတဲ့ ငါးဖမ်းသင်္ဘော ပြန်အပ်ဖို့ တောင်ကိုရီးယား တောင်းဆို သတင်း
■ လုံခြုံရေးကောင်စီအဖွဲ့ဝင်တနေရာ ထိုင်းနိုင်ငံ လျှောက် သတင်း

Read More...

Thursday, July 30, 2009

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း
၃၀ ဇူလိုင် ၂၀၀၉

ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူး ခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော် အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်း လာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသော ကြယ်ပွင့် လျှောကျ သွားမှာစိုးလို့ ဆွဲဆွဲ တင်နေလိုက်ရတာ အမောပဲ ဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည် အတွက် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးတော့ လက်သီး လက်မောင်း တန်းရင်း ကြိမ်းဝါး မိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆို နေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာ ရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက် နေရတာမျိုးနဲ့ ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင် မကြီးဘူးလို့လည်း ရိတိတိ ပြောတတ် ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရ ဆုံးပါပဲ။ ရန်သူနဲ့ တွေ့ရင် ပြန်ပစ် နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှု ရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ် သုတ်ထားလို့ ပြောင်နေတာကို တွေ့ရင် အရာရှိ ပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ် ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ် တန်ဆာ အပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင် ကြပါတယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့ အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက် ပေးရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်း လာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်း ခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့ အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင် ဖြစ်စေ၊ တပ်စု တပ်ကြပ်ကြီး တဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင် ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရတဲ့ အရာရှိပေါက်စ တဦး မကြာခင် ဖြစ်တော့ မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူ သတင်းတွေကို စိတ်ရှည် လက်ရှည် ရှင်းပြပုံ၊ ရွာတွေ ရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက် အသက်ကြီးတဲ့ တပ်စု တပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့် ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူ သွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက် စိတ်တွေ ကြီးမား လှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီး တယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့ အခါမျိုး စစ်နည်းဗျူဟာ တွေကို လက်တွေ့ နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြား ပေးခဲ့ပုံတွေက အစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံ မရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံး ခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေ ဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံ နည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေး တပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ် တပ်စု အဖြစ် စိုးရိမ် ကြောင့်ကြစွာ ပြောင်းလဲ ထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာ နောင်တော် တပ်ခွဲမှူး ဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက် ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ် အားလုံး အကုန်အကျ ခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့ တပ်စုမှူးတွေ ပိုက်ဆံရှိကြတာ မဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ် ဆိုတဲ့ ကြင်နာမှု စကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာ အရာရှိတွေက ကျနော်တို့ ဂျူနီယာ အရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာ ဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူ ကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမ ပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲ အသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ ပိတ်ဆို့ ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက် နေပါစေ ညီတော် နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိ စိတ်ဓာတ် တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူး အာဏာ မက်မောမှုနဲ့ အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက် ချုပ်ကိုင်လာတာနဲ့ အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုတာဟာ တပ်မတော်နဲ့ ဘာမှ မသက်ဆိုင်တော့တဲ့ အထိ ရာဇ၀င် ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက် ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်း ကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်း မသိဘဲ အချိန်ကုန် သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီ ဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှ မရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ ပီတိ၊ အဲဒီလစာတွေ ထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံ သွားပြီး သူ့ကို RIT ကင်တင်း ရိပ်သာမှာ ကိုယ်ရတဲ့ လစာနဲ့ ကျွေးမွေး ပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည် တမ်းတမိရင်း အတူတူ လက်တွဲခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်း ဆင်းရဲလွန်းအား ကြီးပြီ ဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုး မရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိ စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာ ဘာကို ဆိုလိုရမှန်း မသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ် သဖွယ် အသုံးချနေတဲ့ တပ်မတော် သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင် ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှား နေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီး ကတည်းက ခြေလျင်တပ်ကို ရောက်ရှိ သတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်း မလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက် တက်ရောက်ကြပုံတွေ၊ အဲဒီကမှ တဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက် တက်ရောက်ခွင့် ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီ ဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့် လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သား တပိုင်း ဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှ တဦးက အပြာ ဇာတ်လမ်းတွေနဲ့ မှတ်ကျောက် တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်း ဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက် တင်မှုဟာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေသာ ဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့ မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့ အတွက်လဲ - နအဖ စစ်အာဏာရှင်တွေ အတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယ စိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့ အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၂၉- ၇- ၀၉)

■ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား သတင်း
■ ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဂရုတစိုက် စောင့်ကြည့်နေ သတင်း
■ တရားစီရင်ရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်၊ ဒေါ်အောင်ဆန်းစုကြည် ခြံထဲက မြေကို အမျိုးက ရောင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကြောင့် ထိုင်းဝန်ကြီးချုပ်၏ ခရီး ရွှေ့ဆိုင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရုံးချိန်းနေ့နှင့် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းများ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ သတင်း
■ မြန်မာ့စီးပွားပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့် သတင်း
■ မြန်မာနိုင်ငံတွင် ရင်းနှီးမှုမပြုရန် အာဆီယံသို့ ပန်ကြား သတင်း
■ မြန်မာပြည်မှာ A(H1N1) ရောဂါပိုးရှိသူ (၉) ဦး ရှိပြီဟု စစ်အစိုးရ ပြောဆို သတင်း
■ တောင်ပြုန်းနတ်ပွဲသို့ သွားရောက်သူဦးရေ ကျဆင်း သတင်း
■ အီး မလိုတဲ့နိုင်ငံ (ထွေရာလေးပါး)
■ ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင် သတင်း
■ မီးလာသော်လည်း ရေမလာသဖြင့် ပြည်သူများ အခက်တွေ့ သတင်း
■ မိုးခေါင်၍ နှမ်းစိုက်တောင်သူများ ထိခိုက်နိုင် သတင်း
■ မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ (ဆောင်းပါး)
■ ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ် သတင်း
■ အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည် သတင်း
■ ကြက်သွန်နီဈေး မိုးပေါ်ထောင်တက်၊ ပြည်ပမှ ပြန်လည်တင်သွင်းမည် သတင်း
■ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်-တရုတ် သဘောတူ သတင်း
■ အထိန်းသိမ်းခံ ဆန္ဒပြသူ (၁၄၀) အီရန် ပြန်လွှတ် သတင်း
■ အောင်လံက တောင်သူတချို့ တရားရင်ဆိုင်နေရ သတင်း
■ လူတုပ်ကွေးရောဂါ ကူးစက်ခံရသူ (၇) ဦးရှိပြီး (၄) ဦး သက်သာ၍ ဆေးရုံဆင်း သတင်း
■ ကားလမ်း၊ ရထားလမ်းဖောက်သော်လည်း ရခိုင်လူထု ရေလမ်းကို ဆက်လက်အားကိုးနေရဆဲ သတင်း
■ စစ်တွေတွင် လုံခြုံရေးမတင်းကျပ်သော်လည်း ရဲစခန်းများတွင် အင်အားဖြည့်တင်းထား သတင်း
■ တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း သတင်း
■ မိုက်ခရိုဆော့ဖ်နဲ့ ရာဟူးတို့ ပေါင်းတော့မယ် သတင်း
■ နယူးယောက်က ရထားတွေမှာ ကင်မရာတပ်ဖို့ ပြင်နေ သတင်း
■ သီတင်းကျွတ်လပြည့်နေ့မှာ သံဃာများစုရုံးကြဖို့ သံဃာ့ဥသျှောင်အဖွဲ့က ပန်ကြား သတင်း
■ ဗုဒ္ဓ၀ါဒနှင့် နိုင်ငံရေး (၁) (ဆောင်းပါး)
■ လက်ဖက်ဖျက်ပိုး (ဆောင်းပါး)

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၂၁ / ၀၇/ ၀၉)


Read More...

Wednesday, July 29, 2009

နေ့စဉ်သတင်းများ (၂၈- ၇- ၀၉)

■ ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း (၃၁) ဇူလိုင်ကို နောက်ဆုံးအဖြစ်ထပ်ရွှေ့၊ ကြိုတင်မှန်းဆနိုင်သည့် အကျည်း တန်သော တရားရုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးဟု ဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ဇူလိုင် (၃၁) စီရင်ချက်ချမှတ်မည် သတင်း
■ ဥပေဒကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် တရားသေလွတ်နိုင် သတင်း
■ ဂျွန်ယက်တော အပြစ်ရှိကြောင်း လျှောက်လဲ၊ သက်ညှာခွင့် တောင်းခံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု သောကြာနေ့ စီရင်ချက်ချမည် (ဗွီဒီယိုသတင်း)
■ ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ဆိုင်းငံ့ပါရန် မြန်မာမေတ္တာရပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ဆိုင်းငံ့ သတင်း
■ အင်းစိန်ထောင်အနီးတ၀ိုက်နှင့် ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ် သတင်း
■ လုံခြုံရေးကောင်စီမှာ အမျိုးသမီးများအရေး အစီရင်ခံစာတင် သတင်း
■ အာဆီယံစွမ်းအင်ဝန်ကြီးများ မန္တလေးမှာ အစည်းအဝေးကျင်းပ သတင်း
■ အညာမှာ မိုးခေါင်ပြီး မြစ်ရေမအောင်၍ သီးနှံအထွက်လျော့နိုင် သတင်း
■ ချင်းပြည်နယ် အငတ်ဘေးကူညီရေး ဂီတဖျော်ဖြေပွဲကျင်းပ သတင်း
■ မြန်မာရွေ့ပြောင်းအလုပ်သမား ထောင်ဒဏ်တသက်တကျွန်း ချခံရ သတင်း
■ လွိုင်ကော်ထောင်မှ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များကို ရပ်ဝေးပို့ သတင်း
■ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အက်စ်ကက်ပ်အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးမည် သတင်း
■ ကြံ့ဖွံ့ ဦးဌေးဦး ဂျပန်သွားဖွယ်ရှိ သတင်း
■ အနီနှင့် အဖြူကြားမှာ မြန်မာကုန်သည်များ ဗျာများနေပြီလား (ဆောင်းပါး)
■ ဒေါ်အောင်ဆန်းစုကြည်အမှု လာမည့်သောကြာနေ့တွင် စီရင်ချက်ချမည် သတင်း
■ မြန်မာအစိုးရတောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည် တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေးဆန္ဒပြကြ (ဗွီဒီယို)
■ ဒေါ်အောင်ဆန်းစုကြည်အမှု ရေးသားရာ အစိုးရသတင်းစာ ကျင့်ဝတ်မညီ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှု အနှောက်အယှက်များရှိနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို သောကြာနေ့ အမိန့်ချမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု လာမည့် သောကြာ ဇူလိုင် (၃၁) သို့ ထပ်မံချိန်းဆိုပြန်၊ ဇူလိုင် (၂၈) ကို ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် အားလုံးက စောင့်ကြည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို အသိတရား သံတမန်ဆု ချီးမြှင့် သတင်း
■ အင်းစိန်ထောင်ရှေ့ လုံခြုံရေးလျှော့ချ သတင်း
■ မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား သတင်း
■ ငွေစက္ကူအဟောင်းများ အသစ်နှင့် လဲပေးတော့မည် သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက် သတင်း
■ မယ်လဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ များပြား သတင်း
■ အိန္ဒိယကြက်သွန်နီ မြန်မာပြည် တင်သွင်းမည် သတင်း
■ ကယန်းမျိုးဆက်သစ်လူငယ်များကို နယ်ဝေးထောင်များသို့ ပြောင်းရွှေ့ သတင်း
■ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘာကိုဦးစားပေးသင့်သလဲ (ဆွေးနွေးခန်း)
■ လွတ်ရက်စေ့ မြန်မာအကျဉ်းသား (၇၀၀) ကျော် မလေးရှားထောင်တွင် သောင်တင်နေ သတင်း
■ ဆွန်ဒီးလုပ်ကြံမှု အဆုံးသတ်ခါနီးပြီ သတင်း
■ ၀န်ကြီးချုပ်က အခြေခံဥပဒေအပြောင်းအလဲကို အောက်လွှတ်တော်တွင် ကြားနာတော့မယ် သတင်း
■ ရထားလမ်းဖောက်လုပ်ရာတွင် ဒေသခံအာဏာပိုင်များက ခေါင်းပုံဖြတ် သတင်း
■ စစ်အစိုးရဖိအားကြောင့် လားဟူပြည်သူ့စစ်အဖွဲ့ တောပြန်ခိုမည့် အလားအလာများ သတင်း
■ လာဒါစခန်းမှ ဒုက္ခသည်များ ပြင်ပအလုပ်ထွက်လုပ်ခွင့် ပိတ်ပင် သတင်း
■ ဥစ္စာဓန မက်မောသူများ (ဆောင်းပါး)
■ မျှတမှုနှင့် ဂုဏ်ကျက်သရေ (ဆောင်းပါး)
■ ဒုက္ခဆိုတာ ဘဝမလှသူတွေအတွက် (ဆောင်းပါး)

Read More...

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့် သောကြာနေ့တွင် စီရင်ချက် ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက် ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြား လိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်း ချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက် အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟု ဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ် မရှိကြောင်းနှင့် နေအိမ် ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေး များသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန် လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ် အတွင်း မည်သူ တဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟု ဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ် အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန် သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, July 28, 2009

နေ့စဉ်သတင်းများ (၂၇- ၇- ၀၉)

■ ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ထပ်မံရုံးချိန်း၊ အစိုးရရှေ့နေများ လျှောက်လဲချက်မပြီး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အင်္ဂါနေ့ ထပ်မံရုံးချိန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ သတင်း
■ ယုံကြည်ချက်သံတမန်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းခွင့်အဖွဲ့၏ အမြင့်ဆုံးဆု ချီးမြှင့် သတင်း
■ မြန်မာနိုင်ငံမှာ ဥပဒေလွှမ်းမိုးမှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်အမှုက ပြသမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲများ နေရာအနှံ့အပြားမှာ ကျင်းပ သတင်း
■ မွန်ပြည်သူလူထုက မွန်ပြည်သစ်ပါတီကို စစ်အစိုးရလက်အောက်လည်း မနေစေချင်၊ ငြိမ်းချမ်းရေးလည်း မ ပျက်စေချင် သတင်း
■ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ရွေးကောက်ပွဲဝင်မည့်သတင်း မမှန် သတင်း
■ ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စာရွက်များ ဖြန့်ကြဲ သတင်း
■ လူဘောင်သစ်ပါတီက အရေးပေါ်ထုတ်ပြန်ချက် ကြေညာ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မည်ဟုဆို သတင်း
■ အလုံပိတ်ကားပေါ်မှာ သေဆုံးသွားသည့် အလုပ်သမား (၅၄) ဦး တင်သွင်းလာသူ ပွဲစားကို ဖမ်းမိ သတင်း
■ မလေးတွင် မြန်မာပြည်သား ရာနှင့်ချီပြီး အဖမ်းခံထားရ (ဓာတ်ပုံသတင်း)
■ မြန်မာလုပ်သားများ နေအိမ် မီးရှို့ခံရ သတင်း
■ စားသုံးဆီ (၄) မျိုး စားသုံးရန်မသင့်ဟု ကြေညာ သတင်း
■ နျူကလီးယားဆွေးနွေးပွဲ ကမ်းလှမ်းချက် အီရန်ကို အမေရိကန်က မကြာမီ တုံ့ပြန်စေလို သတင်း
■ သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ သတင်း
■ တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ်သို့ လူသူလက်နက်စာရင်း သွားကောက် သတင်း
■ အမေရိကန်က အာဆီယံကို ခါးပိုက်ထဲထည့်ရန် ကြိုးပမ်းဟု နအဖသတင်းစာ ပြော သတင်း
■ မြောက်ကိုရီယားနဲ့ အီရန်အရေး လက်ရှိရပ်တည်ချက် မှန်ကန်ဟု နိုင်ငံခြားရေးဝန်ကြီး ခုခံပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု တနင်္လာနေ့ ဆက်လက်ကြားနာမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူအားလုံး ၀တ်ပြုဆုတောင်းကြရန် တိုက်တွန်း သတင်း
■ အာဏာရှင်စစ်ခေါင်းဆောင်များကို အမဲလိုက်ခြင်း (အင်တာဗျူး)
■ ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ သတင်း
■ ကြက်ခြေနီသင်တန်းကြောင့် ဆရာဆရာမများ အခက်တွေ့ သတင်း
■ မြန်မာအလုပ်သမားများကို ရောင်းစားသည့် မလေးရှားအရာရှိ တရားစွဲခံရ သတင်း
■ ရှမ်းယဉ်ကျေးမှုများနဲ့ မယ်ဟောင်ဆောင်က အပြန် (ဆောင်းပါး)
■ ပြိုင်ဘက်နဲ့ ရန်သူ (ဆောင်းပါး)
■ လူထုရန်သူ (ဆောင်းပါး)

Read More...

ဗမာစစ်အစိုးရနဲ့ ဖူးခက်အာဆီယံ အစည်းအဝေး

ဦးအောင်ခင်
၂၇ ဇူလိုင် ၂၀၀၉

လွန်ခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့က (၂၃) ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနဲ့ (၁၆) ကြိမ်မြောက် ARF အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပတယ်။ သက်ဆိုင်ရာ အမှုထမ်းတွေ ကတော့ ဇူလိုင် (၁၇) ရက်ကတည်းက လာရောက် ပြင်ဆင်ကြရတယ်။ အစည်းအဝေးပေါင်း (၁၉) ခု ရှိတယ်ဆိုပဲ။ အာဆီယံ အစည်းအဝေးတွေ ကျင်းပတိုင်း မြန်မာ့ကိစ္စ ဘယ်လို ကိုယ်တွယ်မလဲ ဆိုတာကို ‘သတင်းလောက’ က စိတ်ဝင်စားတယ်။ လာမယ့် အောက်တိုဘာ ဖူးခက်မှာ အာဆီယံ ထိပ်သီးညီလာခံ ကျင်းပတော့လည်း ဒီလိုဖြစ်ဦးမှာပဲ။

အစည်းအဝေးတွေလုပ်ပြီး ကြေညာချက်ထုတ်တာဟာ အာဆီယံထုံးစံပဲ။ အနှစ်သာရကတော့ ပြောင်းမသွားဘူး။ အစိုးရ အချင်းချင်း ပဋိပက္ခ မဖြစ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဖွဲ့သက်တမ်း အနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်း ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်း နည်းလမ်းကို သတ်မှတ် နိုင်ခဲ့တယ်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှု အဖြစ် သတ်မှတ်ကြတယ်။

ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ (၁၂) မျက်နှာ ပူးတွဲကြေညာချက်မှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေ ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ ဗမာစစ်အစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဖော်ပြတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပူးတွဲ လုပ်ကိုင်မယ်လို့ ဗမာအစိုးရက အာမခံတာကိုလည်း ကြိုဆိုကြောင်း ဖော်ပြတယ်။

ပြည်ပက ဖိအားပေးမှုနဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒီမိုကရေစီပြုပြင်ရေး လုပ်ရာမှာ အခက်အခဲ တွေ့နေတယ်လို့ ဗမာစစ်အစိုးရ အကြောင်းပြတာ ကိုလည်း အာဆီယံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်။ ပြောချင်တာပြောပြီး လုပ်ချင်တာ လုပ်လို့ရမှန်း ဗမာစစ်အစိုးရက သိနေပြီ။ အာဆီယံ အနေနဲ့ နာဂစ်လေဘေးမှာ ပါဝင်နိုင်တာပဲ ပြစရာရှိတယ်။ ဒါကြောင့် နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ အာဆီယံ ပါဝင်တဲ့အခန်းနဲ့ လေဘေး ဒုက္ခသည် ဘ၀ကို ဖော်ပြထားတဲ့ စာအုပ် (၂) အုပ် ဖူးခက်မှာ ထုတ်ပြန်တယ်။

အာဆီယံလူ့အခွင့်အရေးအဖွဲ့ကို ‘အာဆီယံအစိုးရများ လူ့အခွင့်အရေး ကော်မရှင်’ လို့ အမည်ပေးပြီး အခြေခံ စည်းကမ်းချက် (၇) မျက်နှာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အတည်ပြုတယ်။ လာမယ့် အောက်တိုဘာလ ဖူးခက်မှာပဲ ကျင်းပမယ့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံအားလုံး လူ့အခွင့်အရေးကော်မရှင်ကို ကိုယ်စားလှယ် စေလွှတ်ရပါလိမ့်မယ်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို ကာကွယ်ဖို့ဖြစ်ကြောင်း ဖော်ပြထားတယ်။

ဒါပေမယ့် အာဆီယံလူ့အခွင့်အရေးကော်မရှင် လိုက်နာရမယ့် မူဝါဒတွေထဲမှာ အဖွဲ့ဝင်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး၊ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေ ပါဝင်နေတာမို့ အဖွဲ့ဝင်အစိုးရတွေ ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို အရေးယူနိုင်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာ အစိုးရအသီးသီးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကို တဖြည်းဖြည်းမြှင့်တင်ဖို့ ရည်ရွယ်တယ်တဲ့။

ဖူးခက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထူးခြားချက်က ဇူလိုင်လ (၂၂) ရက်နေ့မှာ Treaty of Amity and Cooperation (TAC) အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန် လက်မှတ်ထိုးလိုက်တာပါပဲ။ အာဆီယံအဖွဲ့နဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ လိုပါတယ်။ အမေရိကန်ပါဆိုရင် ဒေသအပြင်က နိုင်ငံပေါင်း (၁၅) နိုင်ငံ လက်မှတ်ထိုးထားပါပြီ။ ဒီအထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား ပါဝင်တယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးထားတာဟာ ဗမာအစိုးရပါဝင်တဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုသလို ဖြစ်သွားတယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိတယ်။

TAC (ခေါ်) အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် အပိုဒ် (၂) မှာ လက်မှတ် ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ၊ အင်အား မသုံးရလို့ တားမြစ်ထားတယ်။ TAC စာချုပ်ဝင် နိုင်ငံရဲ့ နယ်နိမိတ် (သို့မဟုတ်) အချုပ်အခြာ အာဏာနဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမယ်လို့ အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်နဲ့ စီးပွားရေး ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်သလို ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်လို အပြုအမူမျိုးဟာ အန္တရာယ် ဖြစ်စေတယ် ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာ ရှင်းပြထားတာ မတွေ့ရဘူး။

ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လို့ အမည်ပေးထားတဲ့ အတိုင်း အခန်း (၃) ခန်းမှာ ပုဒ် (၄) က ပုဒ်မ (၁၂) အထိ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ဖော်ပြထားတယ်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စရပ်တွေမှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေဟာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ဆိုတယ်။ ဆက်ဆံရေး မြှင့်တင် ရာမှာ အဖွဲ့အနေနဲ့ ဆက်ဆံရာမှာရော (၂) နိုင်ငံတည်း ဆက်ဆံရာမှာရော ခွဲခြားမှုမရှိဘဲ တန်းတူ ဆက်ဆံရမယ်လို့ ဆိုတယ်။

၁၉၉၈ ဇူလိုင်လ (၂၅) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြင်ဆင်လိုက်တဲ့ အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ဒုတိယ ပြင်ဆင်ချက်အရ ဆိုရင် ဗမာစစ်အစိုးရ အပါအ၀င် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံစလုံးက ထောက်ခံ သဘောတူတဲ့ အတွက် အမေရိကန်ဟာ စာချုပ်ဝင်နိုင်ငံ ဖြစ်လာတာပါပဲ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အားလုံးက သဘောတူမှသာလျှင် ဒေသအပြင် ဘက်က နိုင်ငံတွေဟာ အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ မနီလာ ပြင်ဆင်ချက်က ဆိုတယ်။ ပြဿနာဖြေရှင်းတဲ့ စည်းကမ်းနည်းလမ်းကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။

အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန် လက်မှတ်ရေးထိုး လိုက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ မြန်မာ့ရေးရာ သဘောထား ပြောင်းလဲလာဖွယ် ရှိတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းပြီး ဗမာစစ်အစိုးရကို ဒဏ်ခတ် အရေးယူထားတာ ဖြစ်လို့ အိုဘားမား အစိုးရ တဦးတည်းက ဒဏ်ခတ်မှုကို ရုပ်သိမ်းလို့ မရပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက် ရဖို့လိုတယ်။ ဒဏ်ခတ်မှုကို မရုပ်သိမ်းဘဲ အာဆီယံ-အမေရိကန် ပူးတွဲမှု တိုးမြှင့်ရေး အစီအစဉ်မှာ ဗမာလည်း အကျိုးခံစားနိုင်ဖွယ် ရှိလာပါတယ်။

အာဆီယံ-အမေရိကန် ပူးတွဲလုပ်ကိုင်မှုမြှင့်တင်ရေး အစီအစဉ်တွေကို ၂၀၀၆ ခုက ၂၀၁၁ အထိ (၅) နှစ် စီမံကိန်းချပြီး အကောင်အထည် ဖော်နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်သုံးခုမှာ စီမံကိန်းပေါင်း နှစ်ရာနီးပါးကို အကောင်အထည် ဖော်နေတာပါပဲ။ မြန်မာပြည်မှာ လောလောဆယ် လုပ်နေတဲ့ အမေရိကန်ပညာရေး အကူအညီမျိုးမှာလည်း တိုးချဲ့လာနိုင်ပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့က နောက်ဆုံးကျင်းပတဲ့ ARF အာဆီယံဒေသ ဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံ (၂၇) နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ ဆွေးနွေးဘက် (၁၀) နိုင်ငံနဲ့ ဒေသဆိုင်ရာ (၇) နိုင်ငံ ဖြစ်တယ်။ ဒီအထဲမှာ မြောက်ကိုရီးယား ပါတယ်။ အာရှဒေသ လုံခြုံရေးကို အဓိကထား ဆွေးနွေးတဲ့ ပုံမှန် အစည်းအဝေးပါပဲ။ ၁၉၉၄ မှာ စတင်ကျင်းပတာမို့ သက်တမ်း (၁၅) နှစ်ရှိပါပြီ။ ဒါပေမယ့် အစည်းအဝေးတက်သူ အချင်းချင်း ယုံကြည်မှု ရှိအောင် ကြိုးပမ်းတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပဋိပက္ခ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။

မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ပြဿနာဟာ ဆက်ပြီးဒုက္ခပေးနေဦးမှာ ပါပဲ။ ဗမာအစိုးရအဖို့ လှိုင်ခေါင်းထဲက ထွက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာတယ်လို့ ပြောနိုင်တယ်။ မြောက်ကိုရီးယား နောက်လိုက်ရင်တော့ ကြပ်ပြေး လှိုဏ်ခေါင်းထဲက ထွက်နိုင်မှာ မဟုတ်ဘူး။

လောလောဆယ်တော့ ARF အစည်းအဝေးတွေအကြားမှာ ဖြစ်ပေါ်တဲ့ ဒေသဆိုင်ရာ လုံခြုံရေး ကိစ္စကို ထိန်းထားနိုင်အောင် ARF ဥက္ကဋ္ဌက ညှိနှိုင်းကွပ်ကဲရပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဟာ ARF အာဆီယံဒေသ ဆိုင်ရာ ဆွေးနွေးပွဲရဲ့ အလည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတယ်။ ARF ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ ARF ရဲ့ တရားဝင် သဘောထားဖြစ်တယ်။ ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။

ဒါကြောင့်မို့ ဗမာစစ်အစိုးရကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မပေးတာ။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဟာ (၂၇) နိုင်ငံ ARF ဆွေးနွေးပွဲရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အတွက် ဗမာကို ဥက္ကဋ္ဌခန့်တာနဲ့ ARF အစည်းအဝေးကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေ တက်ကြမှာ မဟုတ်ဘူး။ ဗမာအစိုးရကြောင့် ARF ပုံမှန်ဆွေးနွေးပွဲ အလိုအလျောက် ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ အလှည့်ကျ ဥက္ကဋ္ဌ လုပ်ခွင့်မရတဲ့ တဦးတည်းသော အာဆီယံအဖွဲ့ဝင် ဖြစ်နေပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Monday, July 27, 2009

နေ့စဉ်သတင်းများ (၂၆- ၇- ၀၉)

■ အမျိုးသားရင်ကြားစေ့ရေးမလုပ်လျှင် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်ဟု ကုလသမဂ္ဂ အနေနှင့် ပြောဆို သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော သတင်း
■ ၀န်ကြီးကလင်တန် မြန်မာ့အရေးစွက်ဖက် စစ်အစိုးရသတင်းစာ စွပ်စွဲ သတင်း
■ အာဆီယံမှာ အမေရိကန်ဝင်စွက်ဟု စစ်အစိုးရသတင်းစာ စွပ်စွဲ သတင်း
■ မြန်မာနိုင်ငံက ရောဂါ (၃) မျိုးအတွက် ဂလိုဘယ်လ်ဖန်း ပြန်လည်ကူညီဖို့ စဉ်းစားနေ သတင်း
■ မုန်တိုင်းသင့်မိသားစုတွေ အိုးအိမ်မဲ့ အကူအညီမဲ့နေဆဲ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးအခြေအနေ သုံးသပ်ချက် (တနင်္ဂနွေဆွေးနွေးပွဲ)
■ နအဖသံတမန်များ အဘယ့်ကြောင့် မီဒီယာကို ရှောင်ရသနည်း သတင်း
■ စစ်တွေမှ ဆန်ဆိုင်များ ဆန်ကုန်သည်အသင်း မ၀င်လျှင် ရောင်းချခွင့် ပိတ်ပင်မည် သတင်း
■ တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ်ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း သတင်း
■ ပလက်ဝမြို့နယ်က လူငယ်များကို စစ်တပ်ထဲဝင်ရန် အတင်းစည်းရုံးနေ သတင်း
■ အရှေ့အလယ်ပိုင်းပြဿနာ ဆွေးနွေးဖို့ အမေရိကန်ကိုယ်စားလှယ် ဆီးရီးယားနိုင်ငံ ရောက်ရှိ သတင်း
■ တရုတ်သံမဏိကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ သတင်း
■ အာဆီယံအစည်းအဝေးရဲ့ ထူးခြားချက် (မျက်မှောက်ရေးရာ)
■ Blog တွေပေါ်က အမှိုက်ပြဿနာ သတင်း
■ အီရန်လူထုလှုပ်ရှားမှုနဲ့အပြိုင် အနုပညာလှုပ်ရှားမှု သတင်း
■ ပြောမဆုံးနိုင်တဲ့ မောင်ကြေးမုံအကြောင်း (အသံလွှင့်ဆောင်းပါး)
■ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် ခရီးလှည့် သတင်း
■ သတင်းထဲက ဂဏန်းများ၊ မြန်မာပြည်မှ ဘာသာကြီး (၄) ခု သတင်း

Read More...

Sunday, July 26, 2009

နေ့စဉ်သတင်းများ (၂၅- ၇ - ၀၉)

■ သံဃာတော်များ ပ၀ါရဏာ ကံဆောင်ရန် သာသနာ့ဥသျှောင်အဖွဲ့ တိုက်တွန်း သတင်း
■ စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု သတင်း
■ မြန်မာစစ်အစိုးရကို အရေးယူသည့် သက်တမ်းတိုးမြှင့်ရေး အမေရိကန်လွှတ်တော် အတည်ပြု သတင်း
■ အမေရိကန်ရဲ့ ဒဏ်ခတ်မှု သက်တမ်းတိုး သတင်း
■ အပြီးသတ်လျှောက်လဲရက် ထပ်မံရွှေ့ဆိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်ဟုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Mairead Maguire ရဲ့အမြင် သတင်း
■ ၀ီလျံယက်တော၏ ရှေ့နေ လျှောက်လှဲချက်ပေးမည် သတင်း
■ ကုလသမဂ္ဂနဲ့ အနောက်အုပ်စုကို လုံးဝဂရုမစိုက်တဲ့ စစ်အစိုးရရဲ့ သဘောထား သတင်း
■ ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သားများ အဖမ်းခံရပြီးနောက် ၄င်းတို့ဂိတ်အချို့ ရုတ်သိမ်း သတင်း
■ ဘိုကလေးဆေးရုံ ကုသစရိတ် ကြီးမြင့် သတင်း
■ ထိုင်းရောက် မြန်မာတဦး ၀က်တုပ်ကွေးကြောင့် ဆေးရုံတက်ရ သတင်း
■ ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ နှောင့်ယှက် သတင်း
■ အွန်လိုင်းငွေပေးချေရေးစနစ် မြန်မာပြည်တွင် စတင်စမ်းသပ် သတင်း
■ ၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်း (အသံလွှင့်ဆောင်းပါး)
■ ရန်ကုန်မြို့က သခင်ကိုယ်တော်မှိုင်း အမှတ်တရပွဲ (ဓာတ်ပုံသတင်း)
■ သခင်မ ဒေါ်လှကြည် သို့မဟုတ် စာရေးဆရာမကြီး ကြည်ဦး သတင်း
■ နိုင်ငံရေးအမြင်များကို ဆီလျော်အောင် တည်ဆောက်ခြင်း (ဆောင်းပါး)
■ အမှောင်တွင်းက အလင်းတစ (ဆောင်းပါး)
■ အီရန်ဆန္ဒပြမှု ကမ္ဘာအနှံ့ဖြစ်ပွား သတင်း
■ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မြောက်ကိုရီးယား မတက်ရောက်တော့ သတင်း
■ ပါလက်စတိုင်းကို အမေရိကန် ငွေကြေးထောက်ပံ့ သတင်း
■ ဆာရီတော့သွားပြီ လုံချည်ရောဘယ်လိုလဲ (ဆောင်းပါး)
■ ထူးခြားသည့် ဗွီဒီယိုဇာတ်ကား အမည်များ (ဓာတ်ပုံသတင်း)

Read More...

အပေါ်သို့