Tuesday, January 26, 2010

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်

January 26, 2010

လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။
ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်း ခံနေရသည်။

အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ လာမယ့် ရှေ့လ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း(၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီ နအဖက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁၀)(ခ) နဲ့ မတရား အပြစ်ပေး အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို (၆)နှစ်သာ သတ်မှတ်နိုင်တာ ဖြစ်တဲ့အတွက် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရား ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်လေ့ မရှိ တာကြောင့် အမှန်တကယ် တရားဥပဒေ အတိုင်း ပြန်လည် လွတ်မြောက်မယ် မလွတ်မြောက်ဘူးဆိုတာ တပ်အပ် သေချာ ပြောလို့ မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမဲ့ ယက်တော အမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်တဲ့အတွက် အခု တခါ ကာကွယ်ရေး ဦးစီးချုပ် ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ လွှတ် မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်မှာ မူတည် နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့ မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူ တရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ သန်း(၅၈)သော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်း မရှိဘူးဆိုတဲ့ သဘောပါ။ အတော် ခံပြင်းစရာ ကောင်းလှပါတယ်။

၂၀၀၃ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာ အနီးမှာ အင်အား (၅၀၀၀)ခန့် ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက် သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီ အချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်း ထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက် သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်း လုပ်ကြံမှုကြီး အဖြစ် ကမ္ဘာသိ ထင်ရှား ကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်ကို ပို့ဆောင် ချုပ်နှောင် ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ (၉)လ နေခဲ့ရပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့မှာတော့ ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင် ထားခဲ့ပါ တယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဌ ဦးတင်ဦးဟာ အသက်(၈၃)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဗမာ့တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော်သား အများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူ ခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဘူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ်ကာလတွေ အတွင်း တာဝန်ကျရာ ဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ် ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေ အတွက် အဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့ အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည် တပြင်တည်း ထိုင်စားတယ်လို့ ကြား ဘူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုး မရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူ အားကျဖွယ် မှတ်သား ကြားနာဘူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တန်း အပင်ပမ်းခံ အဆင်းရဲခံ ခြင်ကိုက် ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေး အတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာ ဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အဟာရဖြစ်ဖို့ လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ် ဆိုတာ ကြားဘူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေက အစ တပ်မှူးတပ်သား အကြပ်စစ်သည် တိုင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘ၀ကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်း ပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီး တင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ် ချခံထားရတာ လာမယ့် ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို (၆)နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက် ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်း အရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာ အကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူး ဆိုရင် ဥပဒေချိုး ဖောက်ရာ ကျမှာပါ။ နိုင်ငံတော် ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖ ဥက္ကဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင် ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲ ဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည် ဖြစ်သွားမှာကို စိုးရိမ် ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ၀ါစဉ်အရ သမ္ဘာစဉ် အရမြင့်တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကို မျက်နှာချင်း မဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ် ရည်ကိုယ်သွေး အရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉၀ မေလရွေးကောက်ပွဲမှာ ကတည်းက ၈၂% မဲအပြတ် အသတ်နဲ့ အနိုင်ရထားခဲ့ ပေမဲ့လို့ စစ်ကောင်စီက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိတဲ့ အန်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိပ်ပိတ် ခံခဲ့ရတာဖြစ်ပြီး ပါတီဝင် အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ အယောက် (၂၀)တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ်(၉)ဦးကို ထပ်တိုးချဲ့လိုက် တာပါ။ လတ်တလော အန်အယ်လ်ဒီပါတီ ကလည်း အကျဉ်းအကျပ် ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်-သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲ ဆိုတဲ့ အသိ ပိုမို နိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ဆုပ်ကိုင်ထားတဲ့ မကြောက်တရား စိတ်ဓါတ် ပိုမို အသက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံ ဆွေးနွေးကြတာ၊ စီအီးစီတိုးချဲ့ ဖွဲ့စည်းပြီးနောက်မှ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ အဖွဲ့ကို ခရီးသွား ခွင့်ပြုတာ တနည်း ဒီချုပ် အဖွဲ့ဝင်တွေနဲ့ကော ပြည်သူလူထု တွေနဲ့ကော စကားပြောဆို မေးမြန်းတင်ပြ ပြန်လည် ဖြေကြား ရှင်းလင်းနိုင်ခဲ့ တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့် အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားတွေကို ချပြ ရှင်းလင်းတဲ့ စည်းရုံးရေး ခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂၀၀၉ခု ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်း ဥပဒေတို့၊ ကော်မရှင် ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ အပေါ်မှာလည်း ပါတီ အနေနဲ့ ကြည့်ရဦးမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့် ရရှိရေးကို နအဖက ခွင့်ပြု-မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင် ကြေညာချက် အပေါ်မှာပဲ ဆက်လက် ကိုင်စွဲ ရပ်တည် သွားရဦးမဲ့ အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်န၀ါရီလ(၁၅)ရက်နေ့က ဒီနှစ်၂၀၁၀မှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့အပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာနေ နေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် သုံးဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်န၀ါရီလ (၁၇)ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံ တခုမှာလည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရ၀န်ကြီး ဦးဉာဏ် ၀င်းက ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပါဝင် ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေး ဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက် ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့ နိုင်ငံရေး အခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။

ဒီကာလအတွင်းမှာပဲ ဇန်န၀ါရီလ(၁၉)ရက် အင်္ဂါနေ့က ၀ါရှင်တန်ဒီစီ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့် အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရ အရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့် အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကို လည်း တိုးတက်မှုတွေ အဖြစ် သုံးသပ် ပြောကြား ထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လော လောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အရေး ကြီးတဲ့ကာလပါလို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၁)ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင် ပြန်လွှတ်ပေးမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုတော့ လာမယ့် နိုဝင် ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် ဒဏ်(၃)နှစ် ချလိုက်တုန်းက (၁၈)လ (၁)နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြား ခဲ့သူလည်း ဖြစ်ပါတယ်။


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခဵုပ်မောင်ဦး ၂၀၀၈ ခုနှစ် ဇွန်လက
နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန်ႛခွန်းပြောနေပုံ။ (Photo: AFP)

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ် အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆ တွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဘူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလိုလုပ်တာပါပဲ။ စစ်အာဏာရှင် စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ် ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထုတရပ်လုံးအတွက်လည်း စိတ်ဓါတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည် အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက် လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါ အ၀င် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရ အောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ၀င်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော် သားအခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ဘ၀ကို ကောင်းကောင်းနားလည် သဘောပေါက်ထားတဲ့ တပ်မတော်သား အများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလား ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူး လည်းတင်စရာ မလိုပါဘူး။

လက်ရှိတပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာ ကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၅)နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း (၆) နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို အားမာန်အပြည့်နဲ့ ၀န်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက် တရားကိုကိုင်စွဲ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါ တယ်။

မောင်ခင်အေးတင့် (မဒေါက်)
၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၂၆)ရက်။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၁ - ၁၀)

■ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ပြောကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သုံးခွင့်မပေးတော့ သတင်း
■ ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ သတင်း
■ တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော သတင်း
■ နာရေးအသင်းက နိဗ္ဗာန်ယာဉ်ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည် သတင်း
■ ကရင်တိုင်းရင်းသား (၁၀၀၀) ကျော် တောတောင်ထဲတွင် ပုန်းအောင်းနေရ သတင်း
■ ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ သတင်း
■ တစညပါတီ အနိုင်မရလျှင် လူထုများ ဒုက္ခရောက်နိုင်ကြောင်း မဲဆွယ်စည်းရုံးသူက ပြော သတင်း
■ နအဖ စစ်အာဏာပိုင်များမှ ရခိုင်စီးပွားရေးသမားများအပေါ် အနိုင်ကျင့် စော်ကားမှုနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် တဦး၏ ဖွင့်ဟပြောကြားချက် သတင်း
■ မြန်မာဘိန်းဖြူနှင့် အရက် ဘင်္ဂလားတွင် ဖမ်းဆီး သတင်း
■ ဧရာဝတီမြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ရေး နအဖနှင့် တရုတ်ကုမ္ပဏီ ညှိနှိုင်း သတင်း
■ ဂယာဘုရားဖူးကား တိမ်းမှောက်၊ တဦး သေဆုံး သတင်း
■ အကြွေအစားသုံး တိုကင် ကျပ် (၁၀) သိန်းနီးပါး ရခိုင်တွင် ဖမ်းမိ သတင်း
■ စက်မှုလုပ်ငန်းရှင်များ နေရာသစ်သို့ မပြောင်းပါက စည်ပင်ဥပဒေအရ တရားစွဲခံရမည် သတင်း
■ တရားမ၀င် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် သင်္ဘောများ ကုန်စည်မရှိ သတင်း
■ စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိကလက်ထဲ လွှဲပေးမည် သတင်း
■ မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း သတင်း
■ မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို သတင်း
■ ကဗျာဆရာ တင်မိုး ကွယ်လွန်ခြင်း (၃) နှစ်ပြည့် လှုပ်ရှားမှုများ သတင်း
■ R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲ ကျင်းပ သတင်း
■ တာ့ခ်မှာရှိတဲ့ ဒုက္ခသည် (၃,၀၀၀) ရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ အစည်းအဝေး ကျင်းပ သတင်း
■ အခြေခံဥပဒေ ပြင်တာထက်စာရင် လူနည်းစုအစိုးရဖွဲ့ဖို့ PAD က ဒီမိုကရက်ကို တောင်းဆို သတင်း
■ နိုင်ငံတော်က ဦးဆောင်သော ဈေးကွက်စီးပွားရေး (ဆောင်းပါး)
■ အရက်လုံခြုံရေးနဲ့ မြန်မာပြည် (ဆောင်းပါး)

Read More...

Monday, January 25, 2010

အမျိုးသမီးနှင့်ဂျင်ဒါ

ဂျူး
January 25, 2010


စာရေးဆရာမ ဂျူး

အမျိုးသမီးနှင့်မီဒီယာဟူသော စကားလုံးတွဲကို စဉ်းစားတိုင်း ကျွန်မအာရုံတွင် ပေါ်လာသော ကြော်ငြာလေးတခု ရှိသည်။ အဲဒါက နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာတခု ဖြစ်သည်။ ပန်းကန်အိုးခွက်ဆေးသည့် ဆပ်ပြာရည်တခုကို ကြော်ငြာခြင်းဖြစ်သည်။ ခိုင်သင်းကြည်က ပန်းကန်ဆေးပြသည်။ ခိုင်သင်းကြည် လှပါသည်။ ချစ်စရာ လည်းကောင်းပါသည်။ ပန်းကန်ကို ထိုဆပ်ပြာရည်ဖြင့် ဆေးပြသည့်အခါ တောက်ပပြောင်လက်သွားသည်ကို ပြသည်။ ဘယ်လောက်တောင် စင်ကြယ်သွားသလဲ ဆိုလျှင် ပန်းကန်ကို မင်းသမီးက လက်ညှိုးလေးဖြင့် ထောက်ခြစ် ကြည့်သည့်အခါ ဂျရစ် ဂျရစ်ဟု မြည်သွားသည့် ခံစားချက်ကို ကြည့်သူတွေထံမှာ ရလိုက်သည်။ အားလုံးပဲ တောက်ပြောင် သွားတာပဲတဲ့။ ကြော်ငြာက ပြောစရာ မရှိ၊ အပိုအလို မရှိပါ။ ဂီတနှင့် ပုံရိပ်တွေက အဆင်ပြေချောမွေ့ပါသည်။ သို့သော် ကျွန်မက အဲဒီကြော်ငြာကို ကြည့်မိတိုင်း ဂျင်ဒါ (Gender) ခွဲခြားမှုကြောင့် အလေ့အထ ထုံးစံဖြစ်နေရသည့် ကျွန်မတို့နိုင်ငံ၏ ခံယူချက်ကို သတိထားမိသည်။

ခိုင်သင်းကြည်က ဘာဖြစ်လို့ ကြော်ငြာရတာလဲ။ လွင်မိုး သို့မဟုတ် ခန့်စည်သူ သို့မဟုတ် ကျော်ရဲအောင် မင်းသား တယောက်ယောက်ကို မသုံးဘဲ ဘာဖြစ်လို့ မင်းသမီးလေးကို ပန်းကန်ဆေးခိုင်းတာလဲ။ ဘာကြောင့်လဲ ဆိုတော့ မီးဖို ချောင်ကိစ္စက မိန်းမတွေ၏ ကိစ္စအဖြစ် အားလုံးက မေးခွန်းမရှိ၊ သံသယမရှိ လက်ခံ ထားကြလို့ပဲပေါ့။ ခိုင်သင်းကြည် နေရာတွင် ကျော်ရဲအောင်ကို ပန်းကန်ဆေးခိုင်း ကြည့်ပါလား။ ပရိသတ်၏ အမြင်ကိုက ရယ်စရာကြီး ဖြစ်သွားမှာပေါ့။ ယောက်ျားတယောက် ပန်းကန်ဆေးတာ ဟင်းချက်တာဟာ ရယ်စရာဟု အမျိုးသမီး ပရိသတ်တွေ ကိုယ်တိုင် ခံယူထားမှာ သေချာပါသည်။ ဒါက ဂျင်ဒါ (Gender) အရ အလုပ်အကိုင်နှင့် အနေအထားကို ခွဲခြား ပစ်မိလိုက်ကြခြင်း ဖြစ်သည်။

ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို မီဒီယာမှာ အထူးသဖြင့် အစုအဝေး မီဒီယာ (Mass media) မှာ ဘယ်လို အသုံး ပြုနေသလဲ။ ဘယ်လို သဘောထား အမြင်တွေဖြင့် ဖော်ပြ ခံရနေသလဲ။ အရင် ကျွန်မ အမြဲ သတိထား လေ့လာမိတတ်၏။ ယခုတော့ ကျွန်မ မြန်မာ့ ရုပ်မြင်သံကြားကို သိပ်မကြည့်ဖြစ်တော့ပါ။ သိပ်မကြည့်ဆို လုံးဝ မကြည့်ဖြစ်သလောက် ရှိတာ နှစ် နှစ်လောက် ရှိပြီ။ ပျက်အစဉ် ပြင်ခဏ ဆိုသော မြန်မာစကားပုံ တခုကို မလိုက်နာမိလို့ ဖြစ်သည်။ ပစ္စည်းတခု ပျက်နေ တာကို ဒီအတိုင်းပဲ ကြည့်နေလျှင် အစဉ်အမြဲ ပျက်နေမည်။ ပြင်လိုက်လျှင် ခဏကလေးတဲ့။ မေမေ ခဏခဏ ရေရွတ်သော စကားပုံမို့ ကျွန်မနှင့် ရင်းနှီးနေခဲ့တာ ငယ်ငယ်တုန်း ကတည်းကပါပဲ။ သို့သော် ကျွန်မ၏ ရုပ်မြင်သံကြား စက်ကို ယုန်နားရွက် အင်တင်နာ လေးဖြင့် လိုင်းဖမ်း မမိတာကိုတော့ အခုထိ ဘာမှ ထပ်မလှုပ်ရှားဘဲ ပျက်အစဉ် နေ နေခဲ့တာ နှစ် နှစ်လောက် ရှိပြီ ထင်သည်။ ထို့ကြောင့် ကျွန်မ ရုပ်မြင်သံကြား အစီအစဉ်တွေကိုလည်း မသိတော့ပါ။ အခုအခါ ကျွန်မ၏ စက်သည် ရုပ်ရှင်ကြည့်ပိတ်ကား မှန်သားပြင် တခုထက် မပိုတော့တာ ကြာပါပြီ။

တလောတုန်းက ပြည်တွင်း အန်ဂျီအို(N.G.O) အဖွဲ့အစည်း တခုက ကျွန်မကို မီဒီယာနှင့် ဂျင်ဒါ (Media and Gender) အကြောင်း ပြောပြပေးပါဟု တောင်းဆိုလာသဖြင့် ကျွန်မလည်း ဂျင်ဒါကို အမြဲ သတိထားလှုပ်ရှား ဆောင်ရွက်တတ် သူဖြစ်လို့ လက်ခံလိုက်ပါသည်။ မီဒီယာတွင် ကျွန်မ သတိထားမိခဲ့သော အမျိုးသမီး အမျိုးသား မတူညီသည့် ခံယူချက်၊ မတူညီသည့် ဝေစု မတူညီသည့် ဆက်ဆံခံရမှု ဒါတွေကို ကျွန်မထည့်ပြော ရှင်းပြခဲ့ရတာ ဖြစ်သည်။ ကျွန်၏ ရုပ်မြင် သံကြားဗဟုသုတသည် နှစ်နှစ်လောက် ဒိတ်အောက်နေပြီ ဆိုပါစို့။ ခေတ်နှင့် မလျော်ညီဘူး ဖြစ်နိုင်သည်။ နှစ်နှစ်ဆိုသော ကာလသည် မြန်မာ Mass media အတွင်း အပြောင်းအလဲတွေ ဖြစ်ဖို့ လုံလောက်သော ကြာမြင့်မှုကာလ ဖြစ်နေခဲ့ လျှင်ပေါ့။ သို့မဟုတ် နှစ်နှစ်ကာလသည် မြန်မာမီဒီယာကို ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေအောင် သက်ရောက်မှု မပေးနိုင်သေးဘူး ဆိုရလျှင် ပြောသူနှင့် နားထောင်သူ ဟန်ချက်ညီမှာပေါ့။ ယခုအခါ ထိုပြောပွဲမှ အကြောင်းအရာများ ကိုပင် ဆောင်းပါးအဖြစ် ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။ ခေတ်မီသော မီဒီယာသုံးစွဲသူတို့ အနေဖြင့်တော့ အချိန်ကာလကို နှစ်နှစ်လောက် နောက်ပြန်ဆုတ်ပြီး ဖတ်ရှုမှ အဆင်ပြေမည် ထင်ပါသည်။

ဂျင်ဒါနှင့် မီဒီယာအကြောင်း မပြောခင် ဂျင်ဒါ (Gender) ဆိုသော စကားလုံးကို အရင် ရှင်းပြဖို့ လိုပါလိမ့်မည်။

ဂျင်ဒါဆိုတာ ဘာလဲ။

မိန်းမ ယောက်ျား အမျိုးအစားခွဲခြားဖို့ လိင် (sex) ဆိုသော စကားလုံးကို သတ်မှတ်ထားသည်။ တနည်းအားဖြင့်တော့ ဂျင်ဒါ ဆိုသည်မှာလည်း လိင် ဆိုသည့် စကားလုံးနှင့် ဆင်တူပါပဲ။ သို့သော် အဓိပ္ပါယ် သက်ရောက်မှု နည်းနည်းကွဲသည်။ sex ဆိုသည့် လိင်တွင် မိန်းမ ယောက်ျားကို ဇီဝဗေဒနည်းဖြင့် ခွဲခြား သတ်မှတ်သည်။ သဘာဝအတိုင်း လိင်ကွဲပြားမှု ဖြစ်သည်။ အမျိုးသမီးမှာ ပါသည့် လိင်အင်္ဂါနှင့် အမျိုးသားမှာပါသည့် လိင်အင်္ဂါမတူ။ ထို့ကြောင့် ဆောင်ရွက်မှုတွေကလည်း မတူ။ အမျိုးသမီးက ကိုယ်ဝန်ဆောင်မည်။ ကလေးမွေးမည်။ နို့တိုက်မည်။ အမျိုးသားက ကိုယ်ဝန်မဆောင်နိုင်။ ကလေး မမွေးနိုင်။ နို့မတိုက်နိုင်။ ဒါက သဘာဝ မွေးကတည်းက ခွဲခြားပေးလိုက်သည့် လိင်ကွဲပြားမှု။

ဂျင်ဒါကျတော့ အဲသည်လိုမဟုတ်။ အနေအထိုင်၊ အမူအကျင့်၊ ယုံကြည်မှု၊ တာဝန်ခွဲဝေမှု၊ လူမှုဝန်းကျင်၏ အခန်းကဏ္ဍ စသည် စသည်ဖြင့် တဖြည်းဖြည်း သတ်မှတ် ခွဲခြားခံရသော ကွဲပြားမှုကို ဂျင်ဒါဟု ခေါ်ခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ ဘာသာ ရေး၊ လူမှုရေးတို့နှင့် ဆက်နွှယ် တွန်းအားပေး ခံရခြင်းကြောင့် ကွဲပြားသွားသော သတ်မှတ်မှုများ ဖြစ်သည်။

မိန်းမက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသည်။ ယောက်ျားက ကိုယ်ဝန်မဆောင်၊ ကလေးမမွေး။ ဒါက လိင် (Sex) ဖြစ် သည်။ မိန်းမက မီးဖိုချောင်ထဲတွင် ချက်ပြုတ်သည်။ ယောက်ျားက အပြင်ထွက် စီးပွါးရှာသည်။ ဒါကျတော့ လိင်မဟုတ် တော့ဘဲ ဂျင်ဒါကြောင့် ကွဲပြားမှု ဖြစ်သွားသည်။ မိန်းကလေးတွေ သေစာ ရှင်စာ တတ်လျှင်တော်ပြီ။ ယောက်ျားလေး ကတော့ ပညာတတ်မှ ဖြစ်မည်။ ဒါက လိင်ကွဲပြားမှု မဟုတ်တော့၊ ဂျင်ဒါ (Gender) ကွဲပြားမှု ဖြစ်သွားပြီ။ သဘာဝက ခွဲ ခြားပေးတာ မဟုတ်ဘဲ လူမှုရေးနယ်ပယ်၊ ဘာသာရေး နယ်ပယ်၊ ယဉ်ကျေးမှု နယ်ပယ်တို့က ခွဲခြားပေးမှုကြောင့် အခန်း ကဏ္ဍတွေ တာဝန်ယူမှုတွေ ကွဲပြား သွားရတာကို ဂျင်ဒါကြောင့် ခွဲခြား ဆက်ဆံ ခံရခြင်းဟု သတ်မှတ်ပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင် ဂျင်ဒါခွဲခြားခြင်းကြောင့် အမျိုးသမီးတွေ နစ်နာတာက အနည်း အကျဉ်းသာ ဖြစ်သည်ဟု ဆိုနိုင် သည်။ တချို့ နိုင်ငံတွေမှာတော့ ဂျင်ဒါ ခွဲခြားခံရမှုကြောင့် အသက် ဆုံးရှုံးသည်အထိ နစ်နာရတာတွေ ရှိပါသည်။ ဥပမာ တရုတ်နိုင်ငံတွင် ဟိုအရင်ကတည်းက မိန်းကလေးကို နှိမ်ချပြီး ယောက်ျားလေးကို မြှောက်စားသဖြင့် မိန်းကလေးမွေးသည့် မိဘတွေ မျက်နှာငယ်ရတာ မိန်းကလေးတွေ မျက်နှာ ငယ်ရတာ။ ခြေထောက်ကို သေးကွေးပြီး လမ်းလျှောက်ဖို့ မဖြစ်နိုင် လောက်အောင် ချိုးဖဲ့စည်းနှောင် ထားတာတွေ ရှိခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကတည်းက မိန်းကလေးမွေးလျှင် မလို ချင်သဖြင့် ကလေးတွေကို သတ်ပစ် ခဲ့ကြသည်။ အခုခေတ်လို မိသားစုတခုတွင် ကလေးတယောက်သာ ယူရမည်ဟူသည့် စည်းမျဉ်းဥပဒေ ထုတ်လိုက်သည့် အခါ တယောက်တည်းသော ကလေးကို ယောက်ျားလေးသာ ဖြစ်ချင်ကြသည်က တကြောင်း၊ နည်းပညာ တိုးတက်လာသဖြင့် ကိုယ်ဝန်ကို အာလ်ထရာဆောင်း ခေါ် တီဗွီဓာတ်မှန် ရိုက်ကြည့်လို့ ရသည်မို့ တကြောင်း၊ သန္ဓေသားက မိန်းကလေးမှန်းသိလျှင် ကိုယ်ဝန်ကို ဖျက်ချ ပစ်ကြသည်။

အိန္ဒိယနိုင်ငံတွင်လည်း မိန်းကလေး ရှင်တွေက ယောက်ျားလေးကို တင်တောင်းရသည့် ဒိုဝီ ထုံးစံ ရှိသည်မို့ မိန်းကလေးတွေ မျက်နှာငယ်ရသည်။ ကျွန်မသာ ဆိုလျှင် ပိုက်ဆံ မရှိလို့တကြောင်း ထိုအစဉ်အလာကို ချိုးဖောက်လို၍ တကြောင်း တင်မတောင်း အိမ်ထောင်မပြုဘဲ နေပစ် လိုက်မှာပေါ့ဟု ပေါ့ပေါ့တွေးလို့ မရနိုင်ပါ။ အိမ်ထောင်မကျဘဲ နေသည့် မိန်းကလေးတွေကို တခုခု ချို့ယွင်းနေသည့် အမျိုးအစားအဖြစ် မတူမတန် ခွဲခြား ဆက်ဆံခံရသည့် အခါ မိသားစုလည်း မျက်နှာ ငယ်ရမည်။ မိန်းကလေးလည်း မျက်နှာ ငယ်ရမည်။ တော်တော် အနေရ ကြပ်သော အခြေအနေ ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံမှာတော့ အဲသည်လောက် သိသာထင်ရှားသော ချိုးနှိမ်မှုတွေ မရှိပါ။ မီဒီယာ အကြောင်း အနည်းငယ် လေ့လာ ကြည့်ကြပါမည်။

မီဒီယာ
မီဒီယာတွင် ပုံနှိပ်မီဒီယာ၊ လေလှိုင်းမီဒီယာ၊ အီလက်ထရွန်းနစ် မီဒီယာဟု အကြမ်းဖျဉ်း ခွဲခြား သတ်မှတ် နိုင်သည်။ ပုံနှိပ်မီဒီယာတွင် ရှေးခေတ် ကျောက်ကိုထွင်းသော ကျောက်စာများမှ ပေရွက်ပေါ်မှာ စာတင်သော ပေစာခေတ် တို့ကိုပါ ထည့်သွင်းမည် ဆိုပါက လေ့လာရတာ ပိုပြီး ကျယ်ပြန့် လာနိုင်ပါသည်။ လေလှိုင်းမီဒီယာတွင် ရေဒီယိုဖြင့် အသံလွှင့်သော သတင်းများ၊ သုတ ရသ အကြောင်းအရာများ ပါဝင်ပါသည်။ အီလက်ထရောနစ် မီဒီယာတွင် မတ်စ် မီဒီယာခေါ်သော တီဗွီ ရုပ်မြင်သံကြားမှ အစပြုပြီး ဗွီဒီယို၊ ဖလင်၊ ဒီဗွီဒီပြသမှု အားလုံး ပါဝင်ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံတွင် လေလှိုင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်နေပြီဟု ခေါ်နိုင်ပါသည်။ ရုပ်မြင် သံကြား ပေါ်ခါစက ရေဒီယိုလေလှိုင်းကို စွန့်ပယ်ကာ အသံ ပါမက ရုပ်ကိုပါ ရောင်စုံဖြင့် မြင်ရသော ရုပ်မြင်သံကြားကို ဖက်တွယ်ကြသည်။ ယခုအခါတွင်တော့ မြန်မာ့ အသံဟုခေါ်သော အေအမ်လိုင်းပါ မက ရန်ကုန် အက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ် လိုင်းတို့ဖြင့်ပါ ပြည်သူလူထုကို ဆွဲဆောင်နိုင်နေပြီ။ လှိုင်းလတ် medium wave သာမက လှိုင်းတို short wave ဖြင့် တခြားနိုင်ငံက အသံလွှင့် ဌာနတို့ကို နားထောင်နိုင်သည်။ ထို့ကြောင့် လေလှိုင်း မီဒီယာသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်လာနေပြီဟု ဆိုနိုင်ပါသည်။ ထိုအခါ ထိုမီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးကို အလျင်အမြန် လက်ခံရသည်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်လျှင်လည်း ပြည်သူ အတွင်း ပျံ့နှံ့အောင် ထိထိရောက်ရောက် တွန်းအားပေးနိုင်မည်။ ထို့ပြင် လေလှိုင်းမီဒီယာ ရေဒီယို ထုတ်လွှင့်မှုသည် တခြား မီဒီယာနှင့်စာလျှင် ကုန်ကျစရိတ် သက်သာသည်။ ထိရောက်သည်။

ကောင်းပါပြီ။ ကျွန်မတို့ မီဒီယာမှ ဘာတွေကို ရရှိနေပါသလဲ။ သတင်း အချက်အလက်များ(information) ကို ရသည်။ တဦးနှင့်တဦး ဆက်သွယ်မှု (communication) ကို ရသည်။ ဖြေဖျော်မှု (entertainment) ကို ရသည်။ ကြော်ငြာ (advertisement) စိတ်ကူးစိတ်သန်း (idea) တွေ ရသည်။ ယဉ်ကျေးမှု (culture) ကို ရသည်။ ထို့အပြင် ကျွန်မတို့ မိရိုး ဖလာ လက်ခံမှုတွေမှ အပ ဖြစ်သော တခြားတန်ဖိုးများ (value) ကို ရသည်။ ရတာတွေကတော့ အများကြီးပါပဲ။ လိုချင် သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ မီဒီယာက ကျွန်မတို့ကို နေ့စဉ်နှင့်အမျှ ထိုအရာတွေကို ပေးဝေနေခဲ့သည်။

မီဒီယာက ကျွန်မတို့ကို ဘယ်လို အကျိုးဆောင်ပေးပါသလဲ။

Diversion မူလပင်ကိုယ်အနေအထားမှ ခွဲထွက်မှုကို ပေးသည်။ အလုပ်ကြောင့် စိတ်ညစ်ရတာတွေ မိမိ ရင်ဆိုင်နေရသော ပြဿနာတွေမှ ရှောင်ဖယ်ဖို့ မီဒီယာက ကျွန်မတို့ကို အသာလေး ဆွဲဆောင်သွားသည်။ စိတ်ထွက်ပေါက် ရသွားသည်။

Personal relationship ပုဂ္ဂိုလ်ရေး ဆက်နွှယ်မှုကို ပေးသည်။ တဦးတည်း မဟုတ်သော အဖော်ပြု ပေးမှုကို ရသည်။ သီချင်းတပုဒ်ကို နားထောင်လျှင် ရုပ်မြင်သံကြားမှ တခုခုကို မြင်တွေ့ရလျှင် သတင်းတပုဒ်ကို မြင်တွေ့ နားထောင်ရလျှင် မိမိတဦးတည်း မဟုတ်ဘဲ ဘေးမှာ အဖော်တယောက် ရှိနေသလို ပြည့်စုံစေသည်။ ထို့အပြင် မီဒီယာမှ ရရှိသော ရသ သုတ သတင်းအချက်အလက် တခုခုကို ကိုယ်တဦးတည်း ခံယူသည် မဟုတ်ဘဲ ကိုယ့်အပေါင်း အဖော်များအတွင်း ချပြ ဆွေးနွေးကြခြင်းဖြင့် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးပွါး စေသည်။

Personal identity ပုဂ္ဂိုလ်ရေး တည်ရှိမှုကို ပေးသည်။ မိမိဘေးက လူမှုရေးကမ္ဘာမှ ခွဲထွက်ပြီး မိမိကိုယ်တိုင်၏ တည်ရှိမှုကို သတိရစေသည်။ ဆင်ခြင်သုံးသပ်စေသည်။ Surveillence မျက်ခြေမပြတ် ခေတ်မီသည်ဟူသော ကိုယ့်ကိုယ်ကို ကျေနပ် စိတ်ကို ရသည်။ သတင်းများကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ နိုင်ငံနှင့် ကမ္ဘာ၏ အဖြစ်အပျက်များကို ကိုယ်တိုင်မြင် တွေ့ သိရှိနေသလို ခံစားရခြင်း စသည့် စိတ်ခံစားချက်များကို ပေးသည်။

ဒါဖြင့် အမျိုးသမီးနှင့် မီဒီယာ ဘယ်လိုဆက်နွှယ်ပါသလဲ။ ဂျင်ဒါနှင့်မီဒီယာ၏ ဆက်စပ်မှု အကျိုးဆက်ကို သိလိုလျှင် အမျိုးသမီးနှင့်မီဒီယာကို အရင်လေ့လာကြည့် ရမည် ဖြစ်ပါသည်။

၁။ မီဒီယာဖန်တီးသူ သို့မဟုတ် မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများ (media person women)
၂။ မီဒီယာ၏ ပရိသတ်အမျိုးသမီးများ (audience women)
၃။ မီဒီယာထဲတွင် အသုံးချခံရသော အမျိုးသမီးများ (women in media) ဟူ၍ သုံးပိုင်း ခွဲခြားကြည့် ပါမည်။

၁။ မီဒီယာဖန်တီးသူ

မီဒီယာဖန်တီးသူ မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများမှာ ကျောက်စာရေးထွင်းသည့် ပုဂံခေတ် ကတည်းက အထင်အရှား ရှိခဲ့သည်။ ပုဂံခေတ်တွင် အမျိုးသမီးများ ဘုရားတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်း ခြင်း၊ ကျောက်စာရေးထိုး ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ မိန်းမသူကြီးများ၊ မိန်းမသူကြွယ်များအနက် နာမည်ကျော် သော ကျောက်စာ နှစ်မျိုးရှိခဲ့ပါ သည်။ သိင်္ဃသူ့ သမီးကျောက်စာနှင့် ဖွားစောကျောက်စာ ဖြစ်သည်။ သိင်္ဃသူ့သမီး ကျောက်စာက ငြိမ်းချမ်းသည်။ အလိုရမက်ကင်းသည်။ တရားရှိသည်။ နှလုံးသိမ်မွေ့သည်။ ဖတ်ရသူကို ကြည်လင် အေးချမ်းစေသည်။ အချင်းချင်း အညှိုး အတေး အမျက်မရှိ ချစ်ခြင်းမျက်စိဖြင့်သာ ကြည့်သောသူများ ဖြစ်ကြပါ စေတဲ့။ ဖွားစော ကျောက်စာကျတော့ အတ္တတွေ ပြည့်နေသည်။ မာန်မာနတွေ ပြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ထိုကျောက်စာရေးထိုးသူ မီဒီယာအမျိုးသမီးနှစ်ဦးသည် မတူညီသော ဦးတည်ချက်တွေဖြင့် မီဒီယာကို ဖန်တီးခဲ့ကြသည်။ ကျွန်မတို့ နောင်လာ နောက်သားတွေ လေ့လာစရာ ဖြစ်သည်။

ပေစာခေတ်တွင် အနောက်နန်မးတော် မမြလေးနှင့် သူ့သမီး လှိုင်ထိပ်ခေါင်တင် တို့သည် ထင်ရှားသော မီဒီယာ အမျိုး သမီးများ ဖြစ်ခဲ့ကြသည်။ မိဖုယားနှင့် အိမ်ရှေ့စံ မိဖုယားတို့ ဖြစ်စေကာမူ ကဗျာလင်္ကာ ပြဇာတ်ရေးဖွဲ့ဖို့ ဆန္ဒပြင်းပြသဖြင့် ရေးဖွဲ့ခဲ့ကြသည်။ ယနေ့ခေတ်အထိ ကျွန်မတို့ ထိုစာတွေကို လေ့လာဖတ်ရှု ခံစားနေဆဲ ဖြစ်သည်။ မြန်မာ အမျိုးသမီး တွေကို စာရေးသူအဖြစ် ပုဂံခေတ်ကတည်းက လက်ခံခဲ့ကြတာမို့ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်မှာ လှိုင်ထိပ်ခေါင် တင်တို့ သားအမိကို မီဒီယာပါဆင် media person တွေအဖြစ် လက်ခံကြတာပေါ့။ မြန်မာနိုင်ငံတွင် အမျိုးသမီးအပေါ် ချိုးနှိမ်ခြင်း၊ တဆင့်နှိမ့်ထားခြင်း နည်းပါးသည့် ပြယုဂ်တခုပင် ဖြစ်သည်။

ထို့အတူ ကိုလိုနိခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ်တိုင်အောင် လူထုသတင်းစာမှ လူထု ဒေါ်အမာသည် မြန်မာနိုင်ငံတွင် လေးစားထိုက်ဖွယ် ထင်ရှားသော အမျိုးသမီး မီဒီယာ ပြယုဂ်ဖြစ်သည်။ ကမ္ဘာက အသိအမှတ် ပြုရလောက်အောင် မီဒီယာ ဖြင့် နိုင်ငံကို ပုံသွင်းသည့် နေရာတွင် ရှေ့ဆုံးက ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် အမျိုးသမီး စာရေးဆရာမ သုံးဦး ဖြစ်သည့် ခင်ဆွေဦး၊ ကလျာ(၀ိဇ္ဇာ-သိပ္ပံ)၊ မလေးလုံ တို့ တည်ထောင်သော စပယ်ဖြူမဂ္ဂဇင်း၊ ကလျာ မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းများ ပေါ်ပေါက်လာသည်။ အမျိုးသမီး မဂ္ဂဇင်း ဆိုသော်လည်း ထိုသုံးမျိုးက ထူးခြားသည်။ ဖက်ရှင်အလှအပ၊ ချက် နည်းပြုတ်နည်း၊ ဇာထိုးပန်းထိုးတို့ကို ဦးစားပေးသည် မဟုတ်ဘဲ အတွေးအမြင်၊ နိုင်ငံတကာစာပေ အနုပညာနှင့် သုတ ရသတို့ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းတို့သည် အမျိုးသမီး ပရိသတ်အတွက်ချည်း မဟုတ် ဂျင်ဒါ တိမ်းညွတ်မှု မရှိသော လွတ်လပ်သည့် စာပေအနုပညာကို ထည့်သွင်း ထုတ်ဝေခြင်း ဖြစ်ပါသည်။ ယနေ့မှာတော့ ခေတ်ပေါ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် မီဒီယာ အမျိုးသမီးများစွာ ပေါ်ထွက်လာနေသည်။ လေလှိုင်း မီဒီယာဖြစ်သော အက်ဖ်အမ် အစီအစဉ်တွေ များစွာ ပေါ်ပေါက်လာသည်။ ရန်ကုန်စီးတီး အက်ဖ်အမ်၊ မန္တလေးစီးတီး အက်ဖ်အမ်၊ တောင်ကြီး ချယ်ရီ အက်ဖ်အမ် စသည် စသည်....။ သည်တော့ အမျိုးသမီးတွေ အပေါ်ထားသည့် သဘောထားကို လေ့လာစရာ နေရာတွေ ပိုများလာပါသည်။

ကျွန်မ တူတွေ တူမတွေ ငှားပြီးကြည့်နေသည့် မြန်မာကားတွေကို တခါတခါ အမှတ်မထင် ၀င်ကြည့်မိသည်။ ဒါရိုက်တာ ဘယ်သူမှန်း၊ ဇာတ်ညွှန်းဘယ်သူမှန်း မသိသော်လည်း ပြကွက်နှင့် အပြန်အလှန် စကား ပြောခန်းများကို တွေ့ရုံဖြင့် ဒါက အမျိုးသားရေးသည့် ၀တ္ထုလား၊ အမျိုးသား ဇာတ်ညွှန်းဆရာ ရေးသည့် ဇာတ်ညွှန်းလား ခန့်မှန်းကြည့်လို့ ရသည်။ တခါတခါ ကျွန်မက ကလေးတွေကို ၀င်ပြောမိသည်။ ကြည့်စမ်း။ ဒီလိုစကားမျိုး ဇာတ်ကောင်တွေကို ပြောခိုင်းတဲ့ ဇာတ်ညွှန်းဆရာဟာ ယောက်ျားပဲ ဖြစ်ရမယ်။ ဇာတ်ညွှန်း ဘယ်သူ တဲ့လဲဟု မေးမိသည်။ တကယ်လည်း အဲဒါက မိန်းမရေးတာ မဟုတ် မိန်းမ ရိုက်တာမဟုတ်။ ယောက်ျားတွေဟု တွေ့ရသည်။ တခါတလေ သူတို့ ဇာတ်ကားတွေထဲတွင် အမျိုးသမီးကို ပေးထားသည့် နေရာက အူကြောင်ကြောင် ပြောတိုင်းယုံသည့် ဦးဏှောက်ဥာဏ် သိပ်မထက်မြက်သည့် ရယ်စရာဖြစ်နေသည့် ဇာတ်ကောင် နေရာမျိုး ဖြစ်နေသည့်အခါ ကျွန်မ စိတ်အနှောင့် အယှက် ဖြစ်မိတတ်ပါသည်။

လွတ်လပ်သော မည်သည့်အနှောင်အဖွဲ့မှ ချည်နှောင်မထားသော အမျိုးသမီး မီဒီယာ ပါဆင်တွေကို စူးစမ်း လေ့လာကြည့် မည် ဆိုပါက မိန်းမစာရေးဆရာ၊ မိန်းမကဗျာဆရာ၊ မိန်းမဂျာနယ်လစ်၊ မိန်းမပြဇာတ်ရေး ဆရာ၊ မိန်းမရုပ်ရှင်ဒါရိုက်တာ၊ မိန်းမ အဆိုတော်နှင့် သီချင်းရေး ပညာရှင် စသည်ဖြင့် အမျိုးအစား များစွာတွေ့ ရသည်။ သူတို့ဖန်တီးသော ရသ သုတ တို့သည် အမျိုးသား ဖန်တီးသည့် ရသ သုတ တို့နှင့် အနည်းငယ်တော့ ကွာခြားမည်။ သို့သော် ခွဲထွက်သော၊ အမျိုးစုံသော ဆောင်ရွက်မှုတို့ကို တွေ့ရသည်။ ဥပမာ ကဗျာဆရာမ မအိ၏ အသံအက်သွားသော ခေါင်းလောင်းလေး ကဗျာသည် မူလတန်းပြဆရာမတယောက်၏ ရင်မှ ဖြစ်ပေါ်သော ခံစားချက်ကို ရေးဖွဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် ကျောင်းဆရာတယောက်ဆိုလျှင်ရော သည်ခံစားချက်အတိုင်း ထပ်တူထပ်မျှ ထွက်လာ မလား။ သံစူးပြီး မေးခိုင်ရောဂါပိုးဖြင့် သေဆုံးသွားသော ကျောင်းသားကလေး၏ ဆရာသည် အသံ အက်သွားသော ခေါင်းလောင်းကလေး ကဗျာကို ဖန်တီးဖို့ စိတ်ကူး မိပါမလား။ ၀တ္ထုတပုဒ် ဖြစ်ချင်ဖြစ်သွားမည်။ စကားဝိုင်းမှာ ကြိတ်မနိုင်ခဲမရ ညည်းညူရေရွတ် မိကောင်း ရေရွတ်မိမည်။ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ မီဒီယာထဲသို့ အမျိုးသမီးများ ၀င်ရောက်လာသည့် အခါ အမျိုးသမီးတို့၏ မူလက တိတ်ဆိတ်နေသော အသံတို့ကို ကိုယ်စားပြု ဖော်ထုတ်ပေး နိုင်၏။ ထို့ကြောင့် အလွန် အရေးကြီးသော ပြောင်းလဲ မှုတို့ကို ဖြစ်ပေါ်စေပါသည်။

ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မ နှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ် သည်။

တောင်ငူခေတ် စာပေအရေးအသား လက်ရာမဟုတ်သဖြင့် ဓါတုကလျာ ရေးတာမဟုတ်နိုင်ဘူးဟု စာပေပညာရှင်များ သံသယ ရှိကြရသော ကဗျာတပုဒ်ကို ကျွန်မ ယခုတိုင် ခဏခဏ ရွတ်ဆိုနေမိဆဲ ဖြစ်၏။ မဟာစေတီ အစချီသည့် ပိုဒ်စုံရတု ဖြစ်သည်။ ငယ်ငယ်ကတည်းက အလွမ်းကို နှစ်သက်သော ကျွန်မသည် ထိုကဗျာ၏ အချပိုဒ်ကို နှလုံးသားဖြင့် ခံစား နိုင်ခဲ့သည်။ ကလျာရွှေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညင်းသွဲ့၊ နန်းဟန်ဖွဲ့လျက်၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်လျက်၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား... တဲ့။ မိန်းမသား၏ အပူသောကကို ဖွင့်ထုတ်ဖော်ပြသည့် နေရာတွင် စကားလုံးတွေ ပြောင်မြောက်လှပါသည်။

နောက်ပြီး အိုင်ချင်းတွေကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ကျေးဇူးဖြင့် မြည်းစမ်းခွင့် ရရာမှ နှစ်သက်စွဲလမ်းစွာ ရှာဖွေ ဖတ်ရှုမိသည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ရေလိုခန်းခြောက်ပါစေသား ဆိုသည့် စာသားပါဝင်သည့် အိုင်ချင်းကို ၀တ္ထုတွေထဲမှာ ကိုးကားကြတာကို ခဏခဏဖတ်ရပြီး ဖတ်ရသည့်တိုင်လည်း ရင်မှာ နင့်ရသည်။ နောက်ပြီး ဘယ်သူရေး သည်ဟု ကျွန်မမမှတ်မိတော့သော ဘီလူးမောင့်ကြောင့်စောင့် တော့တယ် အိုင်ချင်းတခု ရှိသေးသည်။ ထိုအိုင်ချင်း များသည် ထိုခေတ်က မိန်းကလေးတို့၏ လူမှုဘ၀အခြေအနေနှင့် စိတ်ခံစားမှုကို လေ့လာခွင့်ရသည်။ မီဒီယာ ဖန်တီးသူ အမျိုးသမီးများထဲတွင် ပြဇာတ်ရေးဆရာမတွေ၊ ဇာတ်ညွှန်းရေးဆရာမတွေ ရှိသော်လည်း အမျိုးသမီး မီဒီယာပညာရှင်တွေ နည်းပါးသည်။ ရှေးခေတ်က အီနောင်ဇာတ်တို့ ဒေ၀ကုမ္မာဇာတ်တို့ လိုမျိုး နာမည်ကျော်ကြားသော အမျိုးသမီးပြဇာတ်တွေ ယခုခေတ်မှာ ရှားပါးသည်။ ဇာတ်သဘင်တွင် အမျိုးသမီးများသည် စာပေမှာလောက် နေရာမရကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်မှာတော့ ဇာတ်သဘင်နှင့် စင်တင်ပြဇာတ် ဖန်တီးဖို့မှာ အကန့်အသတ်တွေ ရှိနေသည်မို့ အမျိုးသမီးတို့သည် ရုပ်ရှင်ဘက်သို့ တဟုန်တိုး ၀င်ရောက်လာသည်ကို သတိထားမိသည်။ အမျိုးသမီး ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမများ ထိုးဖောက်လာ နိုင်ကြသည်ကို တွေ့ရ၏။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ အမျိုးသမီးတွေ ရှိသည်။ သူတို့၏ ဇာတ်ကားများသည် ငွေကြေးအရ အောင်မြင်သည်ကို တွေ့ရသည်။

အမျိုးသမီးအဆိုတော်တွေကတော့ အရင်ခေတ်ကတည်းက အမျိုးသားတွေနှင့် တန်းတူအောင်မြင်ခဲ့ကြ သည်မှာ အထင်အရှား ဖြစ်သည်။ ကျွန်မမေမေ အလွန်နှစ်သက်သော မကြည်အောင်၊ မေရှင်၊ မအေးမိနှင့် လေဘာတီမမြရင်တို့ သည် ဓာတ်ပြားခေတ်မှာ ထင်ရှားသည်။ နောက်ပိုင်းခေတ်မှာလည်း မေလှမြိုင်၊ ထို့နောက် တင်တင်မြ၊ မာမာအေး၊ ချိုပြုံး မှ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြသော အဆိုတော်တွေပေါ့။ အမျိုးသမီးတို့၏ အနုပညာ ဖန်တီးနိုင်စွမ်းမှာ အမျိုးသားတွေနှင့် တန်းတူလိုက်နိုင်ပါသည်။ သူတို့ ရင်တွင်းက လာသည့်အသံသည် ကျွန်မတို့လို အမျိုးသမီးပရိသတ်အတွက် ကိုယ်စားပြုဖွင့်ဟ ဖော်ပေး လိုက်သလို ရှိသည်။ သူတို့၏ သီချင်းသံကို နားထောင်နေမိချိန်မှာ သူတို့သည် ကျွန်မပဲ ဖြစ်သည်။ လေဘာတီမမြရင်၏ တနာရီတည်းချစ် သီချင်း၊ ရွှေပြည်စိုး သီချင်း၊ မေလှမြိုင် ပြန်လည် သီဆိုသည့် မြခြေကျင်းမငွေမြိုင်၏ မြိုင် သီချင်းတို့ကို ကျွန်မ အလွန်စွဲမက်သည်။ ထိုသီချင်းတွေကို အမျိုးသမီးတွေ သီဆိုဖို့ အမျိုးသမီး၏ ခံစားချက်ကို ငှားယူခံစားပြီး ရေးဖွဲ့ပေးသော အမျိုးသားတေးရေး ပညာရှင်များကို လေးစား ချီးကျူးမိပါသည်။ ရွှေပြည်အေး၏ ရွှေဖူးစာသီချင်းကို ကြည်ကြည်ဌေး၏ မူဖြင့် ခဏခဏ သီဆို ညည်းမိတိုင်း ဆရာရွှေပြည်အေးကို လေးစားမိသည်။ ကျေးဇူးလည်း တင်မိသည်။ အမျိုးသမီး တယောက်၏ ချစ်ဝေဒနာကို သူမို့ ပီပြင်အောင် ရေးဖွဲ့တတ်လေခြင်း။ အမျိုး သမီး ဂီတစာဆိုတွေ ထဲမှာ မိုးဒေ၀ါ သီချင်းကို ရေးသည့် ဒေါ်စောမြ အေးကြည်မှာ တခေတ်မှာ တယောက် ဆိုရမှာပါ။

အသံမှာတော့ အမျိုးသမီးတွေက ညာသံမှာ pitch အမြင့်စားကို ရသည်ဟု ဆိုသည်။ ယနေ့ခေတ်မှာ အောင်မြင် ကျော်ကြားနေသည့် အယ်လ်ဆိုင်းဇီတို့၊ ဖြူဖြူကျော်သိန်းတို့သည် အသံကို လိုသလို ကစားနိုင်သည်ကို တွေ့ရသည်။

မီဒီယာထဲတွင် ပုံဖော်ခြင်းခံရသည့် အမျိုးသမီးတို့၏ နေရာကို လေ့လာကြည့်ရသည်မှာ အလွန်စိတ်ဝင် စားစရာ ကောင်းသည်။ ပုံနှိပ်မီဒီယာတွင် သခင်ဘသောင်း၏ ပန်းသာမစာဥသည် ထိုခေတ်က ရိုး, အ, ပြီး အကာအကွယ်မဲ့သည့် အမျိုးသမီးတွေကို ကိုယ်စားပြုသည်။ မှီငြမ်းသည့် ၀တ္ထုဖြစ်သော်လည်း ပန်းသာမစာဥသည် တကယ့် မြန်မာအမျိုးသမီး တွေ၏ ဘ၀ဖြစ်၏။ ဂျာနယ်ကျော် မမလေး၏ သူမ နှင့် ရင်နင့်အောင်မွှေး ကတော့ ကျွန်မတို့ကို နှလုံးသား နူးညံ့မြင့်မြတ်ပြီး ပြတ်သားသော မိန်းမတွေကို သိမြင်အောင် ပုံဖော် ပေးနိုင်ခဲ့သည်။ ကြည်အေး၏ အမျိုးသမီးဇာတ်ကောင် အများစုကတော့ စိတ်အင်အား ပြင်းထန်ပြီး တော်လှန်စိတ်ရှိသော မိန်းမတွေ ဖြစ်သည်။ တမ်းတတတ်သည်နှင့် နွမ်းလျအိမ်ပြန်ထဲက အမျိုးသမီး ဇာတ်ကောင် နှစ်ယောက်သည် ကွဲပြားသော်လည်း သူ့နေရာနှင့်သူ စွမ်းသည့် ဇာတ်ကောင်တွေ ဖြစ်သည်။

တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ကောင်အမျိုးသမီးတွေက မြင့်မြတ်သည့် နှလုံးသားပိုင်ရှင်တွေ ဖြစ်သည်။ ၀သန်လေချိန်မှန် ကူးထဲက စစ္စတာမမိုးသူ၊ ချစ်သောဤကမ္ဘာထဲက ဒေါက်နှင်းမောင်၏ အစ်မ မလေးသန့်၊ သူတို့သည် လေးစားထိုက်သူများ ဖြစ်သည်။

မီဒီယာထဲမှာ ဖော်ပြခံရတာခြင်းအတူတူ ထိုခေတ်က အမျိုးသမီးတွေထက် ယနေ့ခေတ် အမျိုးသမီးတွေ နေရာပိုကောင်း လာသည်ကို မတွေ့ရပါ။ တော်တော်များများသည် မီးဖိုချောင်အိမ်ထောင် ထိမ်းသိမ်းမှုနှင့် ဖက်ရှင် အမျိုးအစားအတွက်ပဲ ပုံဖော်ခံရသည်။ အမျိုးသမီးတို့သည် အခုအချိန်မှာ မီးဖိုချောင်ကနေ လွတ်ပြီးဟု မပြောနိုင်။ အမျိုးသမီးတို့သည် ပြင်ပလော ကတွင် ကျင်လည်နေကြရပြီ မှန်သော်လည်း မီးဖိုချောင်ကနေ လွတ်လာတာ မဟုတ်။ မီးဖိုချောင်နှင့် အပြင်ငွေရှာ သည့်အလုပ် နှစ်မျိုးကို တပြိုင်တည်း လုပ်လာရခြင်းဖြစ်သည်။

ရုပ်မြင်သံကြား ကြော်ငြာတွေသည် ဇာတ်လမ်းဖွဲ့ထားတာ မဟုတ်ပဲ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်ပြ နေခြင်း ဖြစ်သဖြင့် အမျိုးသမီးတို့၏နေရာကို မကွယ်မ၀ှက် အရှိကို အရှိအတိုင်း ပြနေသော မီဒီယာတွေ ဖြစ်၏။ ကြော်ငြာထဲတွင် အမျိုးသမီး တို့သည် အ၀တ်လျှော်ဆပ်ပြာ ကြော်ငြာခြင်း၊ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာခြင်း တို့အတွက် အသုံးပြုခံရပြီး၊ အမျိုးသား တို့ကတော့ လုပ်ငန်းခွင်တွင် အလုပ်များနေသည့် ပုဂ္ဂိုလ်အများအဖြစ် တွေ့မြင်ရသည်။ ခေါက်ဆွဲထုပ်ကြော်ငြာ၊ ဆီကြော် ငြာ၊ ငရုတ်သီးမှုန့် ကြော်ငြာတို့တွင် အမျိုးသားသရုပ်ဆောင် တွေကို မသုံးဘဲ ဘာဖြစ်လို့ အမျိုးသမီး သရုပ်ဆောင်တွေ သုံးသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မေးစရာမလို အောင် နားလည်ပြီးသား ကွဲပြားသည့် အခန်းကဏ္ဍတွေမို့ပါ။ မိန်းမ သည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်းမှာ တာဝန်ယူနေကျ။ ပန်ကန်ဆေးသည့်ကြော်ငြာကို ခိုင်သင်းကြည်နှင့် မကြော်ငြာဘဲ ကျော်ရဲအောင်နှင့် ကြော်ငြာ ကြည့်ပါလား။ ပရိသတ် အိမ်ရှင်မတွေ ကိုယ်တိုင်က ရယ်မောကြလိမ့်မည်။ ပရိသတ် အမျိုးသမီးတွေ ကိုယ်တိုင်က 'ဒါ အူကြောင်ကြောင် ကိစ္စ' ဟု ဝေဖန်လိမ့်မည်။ အထာကျပြီးသား တာဝန်ခွဲဝေမှု အခန်း ကဏ္ဍ မဟုတ်လား။ မီးဖိုချောင်မှာ တသမတ်တည်း နေရာယူနေရတာကို အမျိုးသမီးထုကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံထား သည်ပဲ။ ဒါကြောင့်လည်း မီဒီယာမှာ ဒီအတိုင်း တွေ့ရခြင်း ဖြစ်သည်။ ဗွီဒီယို၊ ရုပ်ရှင်ကားတွေထဲက အမျိုးသမီး တွေ၏ အခန်းကဏ္ဍကို ကြည့်ကြည့်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ တီဗွီ ကြော်ငြာထဲက အမျိုးသမီးများနှင့် အမျိုးသား အခန်းကဏ္ဍကွဲပြားမှု၊ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီး အမျိုးသားအခန်းကဏ္ဍ ကွဲပြားမှု၊ သီချင်းတွေ ကဗျာ တွေထဲမှ အမျိုးသမီး အမျိုးသားအခန်း ကဏ္ဍကွဲပြားမှုတို့သည် သတိထားကြည့်လျှင် ထင်ထင်ရှားရှား မြင်သာနေပါသည်။

မီဒီယာတွေတွင် အမျိုးသမီးသည် အလှအပလည်း ဖြစ်သည်။ အမျိုးသမီးသည် မြင်သူကို စိတ်ကြည်နူးမှု သို့မဟုတ် စိတ်နှိုးဆွမှု ပေးစွမ်းသည့်အရာလည်း ဖြစ်သည်။ အမျိုးသမီးသည် ဦးဏှောက်အရည်အချင်းကို ဦးစားပေးသည့် အမျိုး အစား မဟုတ်။ ဖက်ရှင်အတွက် မျက်နှာချယ်သမှုဆိုင်ရာ အလှအပ ပစ္စည်းနှင့် ကရိယာတို့ အတွက် ကြော်ငြာပေးရသည့် အမျိုးအစားဖြစ်သည်။ လက်ဗ်တော့ ကွန်ပြူတာကို ကြော်ငြာလျှင်တောင် ကွန်ပြူတာကို သုံးစွဲနေသည့် ပုံရိပ်ထက် အလှ ပြသည့် ပုံရိပ်ကို တွေ့ရမည်။ တကယ်သုံးစွဲနေကြောင်း ကြော်ငြာလျှင်တော့ အမျိုးသားတွေကို သုံးပါလိမ့်မည်။ ကားကို ကြော်ငြာလျှင် ကားမောင်းသူမှာ အမျိုးသမီးတွေ မဟုတ်။ အမျိုးသားတွေ ဖြစ်သည်။ သို့သော် ကားကို အလှပြ လိုလျှင်တော့ အမျိုးသမီး၏ အလှနှင့် ထပ်တူပြလိမ့်မည်။

တခါတခါတော့ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသည့် ကြော်ငြာတခုတလေတွင် အမျိုးသမီးကို မြင်းပေါ်မှာ ထိုင်ပြတာ တွေ့ဖူးသည်။ ကားပေါ်မှာထိုင်လျက် ကော်ဖီမှာယူတာကို တွေ့ဖူးသည်။ သို့သော် ဆေးကြော်ငြာ အတွက် ကလေးကို ဆေးတိုက်သည့် ပြကွက်မျိုး၊ ကလေးနေမကောင်းလို့ ပြုစုသည့် ပြကွက်မျိုးတွင် အဖေထက် အမေကိုပဲ တွေ့ရတာ များသည်။ ထိုကြော်ငြာမျိုးတွင် ကလေးကို ပွေ့ချီထားသူသည် အမေမဟုတ်ပဲ အဖေဖြစ်နေ ခဲ့လျှင် တနည်းအားဖြင့် ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ မင်းသားဖြစ်နေခဲ့လျှင် ကြည့်သူအတွက် နှာခေါင်းရှုံ့စရာ တောင် ဖြစ်သွားမလားမသိ။ ကလေးအမေက ဘယ်ရောက်နေလဲဟု ဝေဖန်စိတ်ဖြင့် ရေရွတ်မိကြမည်လား မသိ။ ကျွန်မတို့ မိန်းမတွေ၏ အခန်းကဏ္ဍက တကယ်ပဲ ပုံသေ ဖြစ်နေခဲ့ပါပြီ။ ဒါကို မီဒီယာတွင် ဖုံးဖိမရ တွေ့ရသည်။

မီဒီယာ၏ အစွမ်းသတ္တိမှာ အပြင်လောကကို ထင်ဟပ်ပြရုံပဲလား။ အခြေအနေကို မီးမောင်း ထိုးပြရုံ လောက်ပဲလား။ နိုင်ငံတခု၏ အဆင့်အတန်းကို ယဉ်ကျေးမှုကို အလုပ်ခွဲခြားမှုကို ပြရုံပဲလား။ မဟုတ်နိုင်သေးပါ။ မီဒီယာသည် လောက ပတ်ဝန်းကျင်ကို ပုံဖော်ဖို့လည်း အသုံးပြုနိုင်ပါသည်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ မီဒီယာက တတ်စွမ်းပါလိမ့်မည်။ မီဒီယာ၏ အသုံးဝင်မှုသည် အကန့်အသတ်မရှိ။ မီဒီယာကို ဖန်တီးအမျိုးသမီး များသည် အမျိုးသားများထက် မကျော် လွန်လျှင်တောင် အမျိုးသားများနှင့် တန်းတူ လောကကို ပုံဖော်ဖို့ ပြောင်းလဲဖို့ တတ်စွမ်းနိုင်ကြပါသည်။

ရေချယ်ကာဆန် ဟူသည့် အမျိုးသမီး စာရေးဆရာမကြီး၏ တိတ်ဆိတ်သောစပရင်းရာသီ Silent Spring စာအုပ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လူ့အသက်ကို အန္တရာယ်ပြုသော ဒီဒီတီ ပိုးသတ်ဆေး၏ မကောင်းကျိုးတို့ကို ပီပြင်စွာ စနစ်တကျ ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဖွံ့ဖြိုးသောနိုင်ငံတို့တွင် ထိုပိုးသတ်ဆေး အသုံးကို ဥပဒေဖြင့် တားမြစ်လိုက်သည်အထိ ဖြစ်ခဲ့သည်။

စာအုပ်တအုပ်သည် ရုပ်ရှင်ကားတကားသည် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးအတွက် ပုံပြောင်းအောင် တွန်းအားပေး သည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်၏။ နိုင်ငံတကာတွင် အမျိုးသမီးတို့၏ ဘ၀လူမှုရပ်တည်မှုတို့ကို ပြောင်းလဲဖို့ တွန်းအားပေးသည့်နေရာတွင် ဆီမွန်းဒီဘောဘွား၏ စာအုပ်နှင့်အတူ မာဂရက်မစ်ချယ်၏ စာအုပ်လည်း ပါ သည်။

ယခုအခါ သူတို့ဆီတွင် အမျိုးသမီး ရဲအရာရှိတွေသည် အမျိုးသားတွေနှင့်အတူ လူဆိုးဖမ်းသည့် အလုပ်တွင် တန်းတူပါဝင် နေသည်။ ဘတ်စ်ကားမောင်းသူတွေ အမျိုးသမီးတွေ ဖြစ်သည်။ လေယာဉ်မောင်းသူတွေ၊ လေထီးခုန်ဆင်းသူတွေ အမျိုးသမီးတွေ ပါလာသည်။ ဒါက အမျိုးသမီး အမျိုးသားဟူသည့် ဂျင်ဒါနှင့် မဆိုင်လှဘဲ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ကျန်းမာသန်စွမ်းမှုတို့ကသာ အဓိက ကျသင့်ပါသည်။ ဒါတွေကို ပြောင်းလဲဖို့ လိုအပ်သည်ဆိုလျှင် ထိုပြောင်းလဲမှုကို ဖြစ်ပေါ်အောင် မီဒီယာ၏တွန်းအားက အရေးပါသော နေရာမှာ ပါဝင်နေပါသည်။

ဂျူး။

[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဒီဇင်ဘာလ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]




Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁ - ၁၀)

■ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား သတင်း
■ နေအိမ်အမှု ရုပ်သိမ်းဖို့ ဦးအောင်ဆန်းဦးထံ သံဃာ့တပ်ပေါင်းစု အိတ်ဖွင့်စာပို့ သတင်း
■ ဦးအောင်ဆန်းဦးကို သံဃာ့တပ်ပေါင်းစုက အိတ်ဖွင့်ပေးစာဖြင့် သတိပေး သတင်း
■ ၂၀၁၀ တွင် မည်သည့်ပုံစံနှင့် NLD စည်းရုံးရေးခရီးဆက်မည်နည်း သတင်း
■ အာသံတပ်ဦးခေါင်းဆောင် ဖမ်းမိရေး သတင်း
■ ကလေးစစ်သားကိစ္စ မြန်မာနဲ့ အိုင်အယ်လ်အို ဆွေးနွေး သတင်း
■ မြန်မာစစ်အစိုးရ၏ သတ်ဖြတ်နှိပ်စက်မှုကြောင့် ကရင်ဒုက္ခသည် နေအိမ်စွန့်ခွာ သတင်း
■ မယ်တော်ဆေးခန်းတွင် မျက်စိအခမဲ့ ကုသပေးမည် သတင်း
■ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း (၃) နှစ်ပြည့် အမှတ်တရ အနုလက်ရာများ သတင်း
■ ပြင်သစ်ယဉ်ကျေးမှုဌာန (ရန်ကုန်) က ရုပ်သေးပြဇာတ် ကပြ သတင်း
■ ဘ၀နိဂုံးအဆုံးပုံရိပ် ဓာတ်ပုံပြိုင်ပွဲ - နာရေးကူညီမှုအသင်း (၉) နှစ်ပြည့်မှာ ဆုပေးပွဲကျင်းပ သတင်း
■ မဟာမုနိဘုရား သန့်ရှင်းရေးခေါ်ပြီး ရွေးကောက်ပွဲ ထောက်ခံဖို့ စစ်တပ်မှ စည်းရုံး သတင်း
■ စစ်တွေရှိ မြို့မရုပ်ရှင်ရုံ အပါအ၀င် ရခိုင်မှ စီးပွားရေးလုပ်ကွက်များကို ပုဂ္ဂလိကလက်သို့ ရောင်းမည် သတင်း
■ မေတ္တာ၊ မိုးဒီနဲ့ မော့စ် မင်္ဂလာဒုံလေဆိပ်မှာ အာဏာပိုင်တွေက တားမြစ် သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်ပြဿနာ သတင်း
■ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်မှုရှိပါသလား (တိုက်ရိုက်လေလှိုင်း)
■ လစာတိုးတာ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိပါသလဲ (တိုက်ရိုက်လေလှိုင်း)
■ ဟေတီငလျင် သေဆုံးသူ (၁၅၀,၀၀၀) ရှိပြီ သတင်း
■ အမေရိကန်လေယာဉ် ဗုံးခွဲဖို့ ကြံစည်မှု ဘင်လာဒင် အခါပေးခဲ့ သတင်း

Read More...

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ တိုင်ကြားစာ


Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၁ - ၁၀)

■ မြန်မာစစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ သတင်း
■ ချင်းတိုင်းရင်းသား ကလေးငယ်များ ကျန်းမာရေး အန္တရာယ်ရှိနေ သတင်း
■ ကိုးကန့်၊ ၀ ဒေသ မြန်မာစစ်အစိုးရတပ်ပြေး များလာ သတင်း
■ မေတ္တာ ဦးဆောင်သော မြန်မာအငြိမ့်အဖွဲ့၏ ဂျပန်ခရီးစဉ် ရန်ကုန်လေဆိပ်တွင် တားမြစ်ခြင်းခံရ သတင်း
■ တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရိုက်တင်ပြ သတင်း
■ ILO ခေါင်းဆောင် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဆွေးနွေး သတင်း
■ အိုင်အယ်လ်အို အဆင့်မြင့်အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်သူများ တွေ့ဆုံ သတင်း
■ NLD ရုံးများ ပြန်ဖွင့်ရေး စာတင်ထားတာ အကြောင်းမပြန်သေး သတင်း
■ ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့ သတင်း
■ နယ်စပ်ရှိ မြန်မာစာသင်ကျောင်းများ စကားရည်လုပွဲ လေ့ကျင့်သင်ကြား သတင်း
■ မောင်စွမ်းရည် ပြောပြတဲ့ တင်မိုးငယ်စဉ်ဘ၀ သတင်း
■ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် မေမြို့၊ မန္တလေးခရီးစဉ်က ပြန်ရောက် သတင်း
■ စာမေးပွဲဖြေခါနီး အထက်တန်းကျောင်းသားများကို စစ်သားအဖြစ် စုဆောင်း သတင်း
■ ကိုညီညီအောင်ကို စီရင်ချက် အမိန့်ချမှတ်တော့မည် သတင်း
■ ရန်ဖြစ်သူများနှင့် တညနေ (ဆောင်းပါး)

Read More...

Saturday, January 23, 2010

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့်ကားပါမစ် လဲရန် စီစဉ်ပေး

လင်းနိုင်ဦး/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟို ကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေး လိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့် ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။

၎င်းက “အန်ဒီအေ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကောင်စီက ကောင်စီဝင်တွေကို ပေးတာပါ။ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား တစီးစီးကို အရင် စာရင်းတင်ပြ ရတယ်။ အဲဒါကို အစိုးရက ယာဉ်လိုင်စင် ထုတ်ပေးတယ်။ ကားပါမစ် ပေးတဲ့သဘောပေါ့” ဟု ပြောသည်။

သက်ဆိုင်ရာက အန်ဒီအေ (ကချင်) တပ်ဖွဲ့ဝင် ခေါင်းဆောင်များအတွက် ကားလိုင်စင် လုပ်ပေးရန် ညွှန်ကြားချက် ရရှိထားကြောင်း၊ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း အတွက် ပရာဒို (၁) စီးနှင့် လင်ခရူဆာ (၁) စီး၊ ကျန်ခေါင်းဆောင်များ အတွက် ပရာဒို၊ လင်ခရူဆာ၊ ပါဂျဲရိုး၊ ဆာ့ဖ်၊ မာ့ခ်တူး၊ ကယ်တီးနာနှင့် ဖိုးဝှီး စသည့် ကားအမျိုးအစားများ ဖြစ်ပြီး တဦးလျှင် (၁) စီးစီ စုစုပေါင်း (၁၇) ဦးအတွက် ကား (၁၈) စီးဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကညနရုံးမှ တာဝန်ရှိ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

၎င်းက “အန်ဒီအေ ခေါင်းဆောင်တွေ သူတို့တင်ပြထားတဲ့ လိုင်စင်မဲ့ ကားတွေကို ကျနော်တို့ရုံးကို ယူလာဖို့ လိုတယ်။ ကျနော်တို့က ခဲခြစ်တာ အပါအဝင် ယာဉ်လိုင်စင် အတွက် အားလုံး ပြုလုပ်ပေးဖို့ ညွှန်ကြားချက် ရထားတယ်။ အချို့ ခေါင်းဆောင်တွေ ယာဉ်လိုင်စင် လာလုပ်သွားပြီ” ဟု ပြောသည်။

အန်ဒီအေ ခေါင်းဆောင်များအနေဖြင့် လိုင်စင်မဲ့ကားများ လိုင်စင်ရရှိ သွားခြင်းသည် ကျပ် သိန်း (၁၀၀) ကျော်တန် လိုင်စင်မဲ့ ကားများကို ကျပ် သိန်း (၁,၀၀၀) ကျော်မှ (၃,၀၀၀) ထောင်အထိ တန်ဖိုး ရှိသွားစေကြောင်း၊ စစ်အစိုးရက အဆိုပါ ငွေပမာဏကို လာဘ်ထိုးလိုက်သည့် သဘော ဖြစ်ကြောင်း အဆိုပါ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သူက ပြောသည်။

၎င်းက “ဒီလို ခေါင်းဆောင်တွေကို ကျပ် သိန်းထောင်နဲ့ချီ လာဘ်ထိုးလိုက်တဲ့ အတွက် ဒေသထဲမှာ နယ်ခြားစောင့် တပ်ထဲ ပြန်လည် ပါဝင်ခြင်း မရှိတော့တဲ့ ခေါင်းဆောင်တွေ၊ ဝါရင့် တော်လှန်ရေး သမားတွေထံက လက်နက် သိမ်းယူရေး ပိုမို အဆင်ပြေသွား လိမ့်မယ်လို့ စစ်အစိုးရက ယူဆနေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၃ မှ ၁၆) ရက်နေ့အထိ မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ကချင် အထူးဒေသ (၁) အထူး အစည်းအဝေးပွဲ၌ တပ်သားဟောင်းများ၊ တော်လှန်ရေး ရဲဘော်ဟောင်းများကို ထောက်ပံ့ ကြည့်ရှုရေး ကိစ္စ ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့သော်လည်း ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက မည်သို့မှ အဖြေမပေးခဲ့ပေ။

ယခု ကားပါမစ်ရရှိသူများမှာ ကချင်ခေါင်းဆောင် (၁၃) ဦး၊ မြန်မာ (၂) ဦး၊ တရုတ် (၂) ဦး စုစုပေါင်း ဗဟို ကော်မတီဝင် (၁၇) ဦးသာ ရရှိကြခြင်း ဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၎င်းတို့ မိသားစုစီးနေသည့် KSR (ကချင်အထူးဒေသ) နံပါတ်တပ် လိုင်စင်မဲ့ ကားများကိုလည်း လိုင်စင် ထုတ်ပေးရန် စစ်အစိုးရထံ တင်ပြ ထားကြောင်း စုံစမ်း သိရသည်။


Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၁ - ၁၀)

■ စစ်အစိုးရသည် ဆိုင်ကလုံးနာဂစ်ထက် ပိုဆိုးဝါးဟု ဖိလစ်ပိုင်အမတ် ပြောကြား သတင်း
■ စားဝတ်နေရေး မလုံလောက်လို့ ရဲကပါ အာခံကြပြီ သတင်း
■ ဦးဝင်းတင် ရန်ကုန်ပြန်ရောက် သတင်း
■ ကျောင်းသွားစဉ် ကလေးစစ်သားစုဆောင်းခံရ သတင်း
■ ဒီမိုကရေစီအရေး မြန်မာစစ်အစိုးရဘက်က ရှင်းလင်းတဲ့ ခြေလှမ်း အမေရိကန်အစိုးရ စောင့်နေဆဲ သတင်း
■ စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု မလုံလောက်သေး သတင်း
■ ဒုက္ခသည်များ နေရပ်ပြန်ကြဖို့ ထိုင်းစစ်တိုင်းမှူး ပြောကြား သတင်း
■ တိုက်လေယာဉ်တစင်း ရန်ကုန်မြို့မှာ ပျက်ကျ၊ လေယာဉ်မှူး သေဆုံး သတင်း
■ ပဲခူးမြို့လယ်ခေါင်မှာ ကလေးစစ်သားတွေ စုဆောင်း သတင်း
■ ဒီကေဘီအေမှ တပ်သားသစ် အဓမ္မကောက်ယူနေ သတင်း
■ ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ် သတင်း
■ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် မြန်မာအမျိုးသမီးများ အခြေအနေ သတင်း
■ အကျဉ်းကျ လယ်သမားများ၏ မိသားစုများကို ILO ညွှန်မှူး သွားရောက်တွေ့ဆုံ သတင်း
■ မြန်မာနိုင်ငံဝင်ခွင့် ဗီဇာကို နယ်စပ်မြို့များတွင် ထုတ်ပေးမည် သတင်း
■ စည်ပင်၏ မင်းမဲ့စရိုက်ကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ရန်ကုန်မြို့သစ်များက အသေးစားလုပ်ငန်းရှင်များ သတင်း
■ ကြားခံကုမ္ပဏီစနစ် အလုပ်သမားမှတ်ပုံတင်ရေး အဆင်မပြေ သတင်း
■ အမေရိကန်တက္ကသိုလ်က မြန်မာကျောင်းသူ သတင်း
■ လယ်သမားတွေ ပုံမှန်အခြေအနေ ရောက်ပြီလား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ့်ကိစ္စ အမေရိကန် မဝေဖန်နိုင်သေး သတင်း
■ အမေရိကန်ဆီးနိတ် ကြားနာပွဲ မြန်မာအကြောင်း ထည့်သွင်းပြော သတင်း
■ သီရိလင်္ကာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်၊ မြန်မာရွေးကောက်ပွဲကိုလည်း သွား ရောက်လေ့လာလို သတင်း
■ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများအား အာဏာပိုင်များ လိုက်လံကောက်ခံ သတင်း
■ အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး သတင်း
■ နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူ များပြား၊ အနားယူသူများလည်း ပင်စင်လစာ မရရှိသေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှုကို တားဆီးရာတွင် တားဝရမ်း မရှိခဲ့ သတင်း
■ နိုင်ငံတကာအကူအညီများပေးရေး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို သတင်း
■ ကြံ့ဖွံ့က အစ္စလာမ်ဘာသာဝင်များကို စည်းရုံး သတင်း
■ ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရမည်ကို စိုးရိမ်နေကြ သတင်း
■ အိုင်အယ်လ်အို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အောင်လံဒေသခံများကို တွေ့ဆုံဆွေးနွေး သတင်း
■ မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး သတ္တမအကြိမ် အစည်းအဝေး ကျင်းပ သတင်း
■ ကလေးငယ် စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်း သတင်း
■ ကဗျာဆရာစောဝေ လွတ်ရက်စေ့သော်လည်း ပြန်မလွတ်သေး သတင်း
■ မဲဆောက်သွားတဲ့လမ်း (ဆောင်းပါး)
■ အားသစ်လောင်းရန် လိုအပ်နေသော အန်အယ်လ်ဒီ (ဆောင်းပါး)
■ လူထုဦးလှ ရာပြည့်ပွဲ (ဆောင်းပါး)
■ ဆရာဂျမ်း လွမ်းမပြေ … (ဆောင်းပါး)
■ ဒါလား ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ တက္ကသိုလ်ကျောင်း (ဆောင်းပါး)

Read More...

Friday, January 22, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀

ကျောင်းဆင်းစ အရာရှိပေါက်စနဲ့ ဆရာ၊ ဆရာကြီးတွေရဲ့ ဆက်ဆံရေးများကို ဆက်လက် တင်ပြပါဦးမယ်။ တပ်ကြပ်ကြီးဖြစ်သူက ငှက်ဖျားရောဂါ ကာကွယ်လိုလို့ ဖြစ်စေ၊ ကြိုက်လို့ ဖြစ်စေ၊ တပ်မတော်အရက် (Army Rum) သောက်သုံး နေပါရင်လည်း အရာရှိပေါက်စက တားဆီးနေတာမျိုး၊ မိမိကိုယ်တိုင်လည်း အရက်သောက်ပြီး မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေတာ မျိုးတွေကြောင့် ပြဿနာ ရှိတတ်ပါတယ်။ အဲဒီအခါ ဆရာကြီးက အရက် သောက်နေချိန်မှာတောင် တိုက်ပွဲ ၁ဝဝ အချိန်မရွေး ထတိုက်လို့ ရပါတယ်လို့ ရိသဲ့သဲ့ ပြောတာကို အရာရှိပေါက်စ ခံရပါတယ်။ အရာရှိပေါက်စက စည်းကမ်းများကို မလိုလားအပ်ဘဲ တင်းကျပ် တာမျိုး၊ စည်းကမ်း တကယ်ဖောက်လို့ ဆရာ၊ ဆရာကြီးများက ရဲဘော်များကို အရေးယူ ဆုံးမတာကို ဝင်ရောက် စွက်ဖက်တာမျိုး စတဲ့ ပဋိပက္ခများ ဖြစ်ပွားတတ်ပါတယ်။

ဆရာကြီးဖြစ်သူရဲ့ စစ်ဘက်အတွေ့အကြုံ ရင့်ကျက်မှုအရ စစ်ကစားခိုင်းတာကို အရာရှိ ပေါက်စက လူတတ်ကြီး လုပ်ပြီး ဆန့်ကျင်နေတာမျိုး ရှိပါတယ်။ ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ဆရာကြီးများက မိမိတပ်စုကို ရန်သူရဲ့ သတ်ကွင်းအတွင်း မရောက်ရှိ စေရေးအတွက် တောင်ပံများ ဖြန့်ကားခြင်း၊ တပ်စိတ်များကို ရန်သူ့နောက်ကျော ပတ်ခိုင်းခြင်း၊ အကူပစ် လက်နက်ကြီးများကို ဆွဲထုတ်၍ ကာပစ် ပစ်ခြင်း၊ စတာမျိုးတွေ စစ်ကစားခိုင်းရာမှာ အရာရှိနဲ့ ပြဿနာ တွေ့ရ တတ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ခရီးတထောက်နားလို့ အထက်ဌာနကို “စက်” ဆက်သွယ်မှု ယူနေချိန်မှာ ဖြစ်စေ၊ စစ်သုံးအခေါ် “စားချက်” ခေါ်တဲ့ နေ့လည်စာ၊ ညနေစာလိုမျိုး အချိန်ကြာမြင့်စွာ ယူရသည့် အခြေအနေမျိုး စစ်ကြောင်း ခဏ နားနေချိန်မှာဖြစ်စေ၊ နှစ်ယောက်တွဲ ကင်းကို ဆရာကြီးများက ကင်းရှည် ခပ်ဝေးဝေး ထုတ်ခိုင်းချိန်မှာ အရာရှိများက ရဲဘော်တွေကို အမှတ်ယူလိုတဲ့ သဘောနဲ့ မလိုပါဘူး ဆရာကြီး၊ သူတို့ အုပ်ချုပ်မှု (စားသောက်ရေး၊ အနားယူရေး) အဆင်ပြေဖို့ ကင်းကို ကပ် ထုတ်ပါလို့ ဝင်ပြီး ကွန့်တတ်ပါတယ်။ အဲဒီအခါ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာကြီးတွေက စားချက်လိုမျိုးမှာ အသံဗလံများ ဆူညံနေတာကြောင့် ရန်သူ အဝေးမှပင် ကြားနိုင်သဖြင့် အရာရှိ ပြောစကားကို နားမထောင်ဘဲ ဇွတ်လုပ်တတ်လို့ အရာရှိနဲ့ ဆရာကြီး ထိပ်တိုက်တွေ့ကာ ဆက်ဆံရေး တင်းမာ နေတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် တချို့ရှေ့တန်းမှာ နောက်ကျည်ဆံဟာ ရှေ့ကျည်ဆံထက် ကြောက်စရာ ကောင်းတယ်လို့ ပြောစမှတ် ပြုကြရပြီး မကျေနပ်ချက် ကြီးမားလာပါက တိုက်ပွဲမှာ သေနတ်ဖြင့် အရာရှိ နောက်ကျောကို မသိမသာ ပစ်ထည့် လိုက်တာမျိုးနဲ့ အချင်းချင်း လုပ်ကြံခံရတဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ တပ်ခွဲရုံးမှာရှိတဲ့ တပ်ခွဲ တပ်ကြပ်ကြီး၊ ဒုအရာခံ ဗိုလ်တွေကို အရာရှိငယ်များက တန်ဖိုးထား လေးစားရကောင်းမှန်း မသိရင် ကွယ်ရာမှာ ရဲဘော်များရဲ့ ဝေဖန်မှု ခံရလေ့ ရှိပါတယ်။ တခါတရံ တပ်ခွဲမှူးက တပ်စုမှူးနဲ့ ဆရာများရဲ့ ကြီးမားလာတဲ့ ဆက်ဆံရေး တင်းမာမှု ပြဿနာကို ဝင်ရောက် ဖျန်ဖြေပေးမှသာ သက်သာမှု ရရှိကြရပါတယ်။

တပ်ခွဲမှူးက တချို့ ကျောင်းဆင်းအရာရှိ ပေါက်စများကို တပ်စုများသို့ မဆင်းစေဘဲ တပ်ခွဲရုံးသို့ တွဲဖက် ခေါ်ထားပြီးမှ အခြေအနေကြည့်ကာ တပ်စုသို့ ဆင်းခိုင်းစေပါတယ်။ နောက်ပိုင်းမှာ လိုအပ်ချက်အရ ကျောင်းဆင်းစ အရာရှိငယ်များကို တပ်ရင်း၊ တပ်ခွဲတွင် တွဲဖက် မခေါ်နိုင်တော့ဘဲ တပ်စုရုံးသို့ တိုက်ရိုက် တာဝန်ပေးရလို့ ဝင်ဝင်ချင်း ဆောက်နဲ့ ထွင်းရတဲ့ အဖြစ်မျိုးတွေ ကြုံရပါတယ်။

တပ်စုရုံးမှာ ရှိနေတဲ့ အကူရဲဘော်များရဲ့ ကြံရည်ဖန်ရည်အပေါ် မူတည်ပြီး တပ်စုရုံးတွင် ဟင်းကောင်း စားရပေမယ့် တချို့ရဲဘော်များမှာ ရှာဖွေမှုညံ့ဖျင်းကာ ဟင်းမချက် တတ်မှုကြောင့် အရာရှိ ပေါက်စများမှာ မတင်းတိမ်နိုင်ဘဲ နိုင်ထက်စီးနင်း လုပ်တတ် ကြပါတယ်။ အဲဒါကတော့ တပ်ခွဲရုံးရှိ လုပ်သက်ရင့် ဆရာ၊ ဆရာကြီးများရဲ့ လုပ်ရည် ကိုင်ရည်ကြောင့် ဟင်းကောင်းကောင်း စိုပြေနေမှုကို အားကျပြီးတော့ အသားပေါ်ရင် ခွဲတမ်းကို ပိုတောင်း တတ်တာမျိုးနဲ့ အမျိုးမျိုး ဂျီကျတတ်တာ မျိုးတွေကြောင့် ဆရာတွေ စိတ်ညစ်ရတာမျိုးလည်း တွေ့ရပါတယ်။

တပ်စုမှူးအချို့ဟာ ကျောပိုးအိတ် မလွယ်ချင်ကြလို့ ဝန်ထမ်းပေါ်တာ ရှားပါးချိန်တွင် တပ်ခွဲရုံးသို့ မကြာခဏ ကျောပိုးအိတ် ပို့ခိုင်းလေ့ရှိရာ တပ်ခွဲရုံးရှိ ဆရာများနှင့် တပ်စုရုံးရှိ အကူရဲဘော်ဟာ မကြာခဏ စကား များရပါတယ်။ အမှန်မှာ တပ်စုမှူးတဦးဟာ ကျောပိုးအိတ်ကို မိမိဘာသာ ရှေ့တန်းသို့ထမ်းပြီး သွားပြခြင်းဖြင့် ရဲဘော်များရဲ့ တိတ်တခိုး လေးစားမှုကို ခံယူနိုင်ရပါမယ်။ တကယ်တော့ ရဲဘော်တွေရဲ့ သည်းခြေကြိုက် ဆေးလိပ်နဲ့ အရက်၊ အသီးအရွက်တွေကို အရာရှိငယ်များက အလေးထား ဖြည့်ဆည်း ပေးလိုက်ရုံနဲ့ တဦးနဲ့တဦး ချစ်ခင်မှု ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်တပိုင်းအနေနဲ့ အရာရှိငယ်များဟာ လေ့ကျင့်ရေးကျောင်းများမှာ ဆရာ၊ ရဲဘော်များရဲ့ လေ့ကျင့်သား မပြည့်ဝတာကို သိရှိထားပြီး ဖြစ်ပါတယ်။ ဆရာ၊ ဆရာကြီးတွေက အရာရှိတွေကို အသက်ငယ်မှုကို ထောက်ကာ၊ လေးစားမှုသမှု ရှိသင့်တာထက် လျော့နည်းကာ ခြေရာတိုင်းပြီး စကားပြောတာကို လက်မခံနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ တိုက်ပွဲများ နည်းပါးသွားလို့ အတူတကွ လက်တွဲ တိုက်ပွဲဝင်မှု နည်းပါး လာသောကြောင့် ရဲဘော်ရဲဘက်စိတ် မရှိကြတော့ဘဲ စကားအချေအတင် များလာရင် နားလည်ပေးမှု၊ အလျော့ပေးမှုများ နည်းပါးလာခြင်း၊ အချို့ရဲဘော်များမှာ တပ်သစ်များ ဆက်တိုက် တိုးချဲ့မှုကြောင့် သတ်မှတ်လုပ်သက် မပြည့်မီ ဆရာများ ဖြစ်ကုန်ကြလို့ အရာရှိများက အထင် မကြီးတော့ခြင်း စတာတွေကြောင့် အချင်းချင်း ယုံကြည်လေးစားခြင်းများ မရှိကြတာတွေကို တွေ့ရှိရပါတယ်။

ရဲဘော်တွေကို အပြစ်ရှိပါက ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ မင်နီတားပြီး အရေးယူ အပြစ်ပေး ထောင်ချတာထက် ပိုမို ကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် နောက်ပိုင်းမှာ ရဲဘော်များဟာ ထိုသို့ မရတော့ဘဲ နာကျည်းမှု၊ ရန်လုပ်မှုတွေနဲ့ တန်ပြန်လာတာ တွေ့ရပါတယ်။ ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ ရှေ့တန်းမှာ ၎င်းရဲဘော်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်သဖွယ် ဖြစ်နေမှ၊ ပိုင်မှ အရာရှိပေါက်စ အနေနဲ့ ပြုလုပ်သင့်ပါတယ်။ ပြစ်မှုတစုံတရာ ကြီးမားတာကိုပင် အရာရှိ အနေနဲ့ မသိကျိုးကျွံ ပြုသင့်ပြီး ဆရာကြီးများရဲ့ ဆုံးမမှုဖြင့် လုံလောက်တာကို သိသင့်ပါတယ်။ ဒီနေ့ခေတ်ရဲ့ တပ်မတော် အောက်ခြေမှာ ဆင်းရဲ ကျပ်တည်းမှုနဲ့ ဖိနှိပ် အုပ်ချုပ်မှုတွေကြောင့် ပေါက်ကွဲတော့မယ့် မိုင်းဗုံးအလား မကျေနပ်မှုတွေက များပြား နေကြတာမို့ တပ်တွင်း ဆက်ဆံရေးနဲ့ စည်းလုံးညီညွတ်ရေး ဟာလည်း ယိုင်နဲ့နဲ့သာ ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ် ခင်ဗျား။

Ref: မဇ္ဖျိမ

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁ - ၁၀)

■ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှု ရပ်တန့်ဖို့ တားဝရမ်းလျှောက် သတင်း
■ ဦးဝင်းတင် ဦးဆောင်သည့် အဖွဲ့ချုပ်ဗဟိုက မန္တလေးတိုင်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံ သတင်း
■ ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ သတင်း
■ စစ်အစိုးရအလိုကျ ဖွဲ့စည်းသည့် ကချင်ပြည်သူ့စစ်အဖွဲ့ အခက်ကြုံ သတင်း
■ သတင်းပေါက်ကြားမှုနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်စီရင်ချက် (မျက်မှောက်ရေးရာ)
■ ကိုဇာဂနာအမှု အယူခံ ကြားနာမည် သတင်း
■ သံဃာ့လှုပ်ရှားမှု ဖမ်းထားသူ (၈) ဦး ပုဒ်မ (၃) ခုဖြင့် စွဲချက်တင် သတင်း
■ ရွေးကောက်ပွဲဆိုင်ရာသတင်းများ ရေးသားခွင့် သက်ဆိုင်ရာက ပိတ်ထား သတင်း
■ ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိ
သတင်း
■ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆက်လက်ဆိုးဝါးနေဆဲ သတင်း
■ ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ သတင်း
■ လက်ရှိ အစိုးရ၀န်ထမ်းများအား လစာတိုးပေးသော်လည်း ပင်စင်စားများ မပါ သတင်း
■ လစာတိုးပေးမည့် အမိန့်စာကို ဌာနဆိုင်ရာများ လက်ခံရရှိပြီ သတင်း
■ ကားမှောက်၍ မြန်မာလုပ်သား (၁၄) ဦး ဒဏ်ရာရ သတင်း
■ ရန်ကုန်မြစ်ဘေးမှ အဆောက်အအုံများ မျက်စောင်းထိုးခံနေရပြီ သတင်း
■ ဘောပွဲရန်ဖြစ် ရဲအင်အား (၁၀၀) ကျော် အသုံးပြု သတင်း
■ ၂၀၀၉ တိုက်ပွဲများတွင် SSA နှင့် နအဖသေနှုန်း ၁း ၅ ဟု SSA ထုတ်ဖော် သတင်း
■ ဖားကန့် ကျောက်စိမ်းတွင်းမှ တန်ချိန်(၁ဝဝ)ကျော်ရှိ ကျောက်စိမ်းတုံး သယ်ထုတ်ဖို့ ခက်ခဲနေ သတင်း
■ ကချင်အထူးဒေသ (၁) အဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ သတင်း
■ ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်များ ဂိုဒေါင်ချခွင့်မပေးဘဲ ဖမ်းဆီး သတင်း
■ အတိုက်အခံ (၈) ဦးကို တရားစွဲပြန် သတင်း
■ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ သတင်း
■ ဟေတီငလျင်တွင် မြန်မာ့အရေးကူညီသူ ပညာရှင်တဦး ပျောက်ဆုံးနေ သတင်း
■ စစ်အစိုးရ လူ့အခွင့်အရေးချိုးဖောက်မှု တိုးလာဟု HRW ဝေဖန် သတင်း
■ နာလန်ဒါတက္ကသိုလ် ဆန္ဒပြပွဲတွင် မြန်မာသံဃာများ ပါဝင် သတင်း
■ ကြံ့ဖွံ့အသင်း ကျေးရွာခေါင်းဆောင်များအား ခေါ်ယူပြီး ရွာသားများအား စည်းရုံးခိုင်း သတင်း
■ သမဝါယမပိုင်အခန်းများ ပြန်အပ်ရန် ညွှန်ကြား သတင်း
■ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်အောင် အယ်လ်ကိုင်းဒါး ဖန်တီးနိုင် သတင်း
■ ဟေတီမှာ ပြင်းအား ၆.၁ ရှိ ငလျင် ထပ်မံလှုပ်ခတ် သတင်း
■ တပ်မတော်ကို ဦးစီးတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တို့ရဲ့ မူလဆန္ဒမှန် (ဆောင်းပါး)

Read More...

Thursday, January 21, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း
၂၀ ဇန်န၀ါရီ ၂၀၁၀

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲ ပြောပြော နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက ပြဿနာဟာ အဓိက ဆုံချက် ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်း အဖြစ်အပျက်တွေက အထင်းသား ဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင် ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။

အထူးသဖြင့် ရွေးကောက်ပွဲ ဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားက ကိစ္စဟာ ရှေ့တန်း တက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့ နောက်ဆုံး အခြေအနေမှာ ဘောလုံးဟာ နအဖဘက် ရောက်နေတာပါ။ ရွှေဂုံတိုင် ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံ ပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေ ရှိနေပါတယ်။ ပြည်သူလူထု ကလည်း နအဖဘယ်လို တုံ့ပြန်မယ် ဆိုတာကို အာရုံ စိုက်စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေ မရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှ မရှိလေဟန်၊ ပေယျာလကံ ပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့ တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ် ခဲ့တာကို အားလုံး သတိထား လိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှ မသိရတဲ့ ရသေ့ရှစ်သောင်း ဇာတ်တခု ဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြား မီဒီယာတွေထဲမှာပါ ဘယ်သူမှ မှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင် ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစား မိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော် အစိုးရ လုပ်တာတွေ အပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ တင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလ လက်ထက်တုန်းက နားကြားပြင်း ကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဆိုပြီး နေရာတကာမှာ လွှင့်နေ၊ ဖွင့်နေတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့ လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ် ပုံချနေကြတာ တွေ့နေရ ပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်က သံသယ ရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရ ဘက်က ဒီသံသယတွေ ပျောက်သွားအောင် လုပ်ဖို့ တာဝန် မရှိဘူးလို့ မျက်စိ စုံမှိတ် ငြင်းနေတာ ဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယ ရှိနေမှတော့ ငါ့ဘက်က ဘာမှ မပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယ ရှိနေတဲ့လူတွေကို သံသယ ပျောက်သွားစေဖို့ ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ ကိစ္စတွေကတော့ သိပ်ကို ဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…
အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန် မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင် မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ် မိသူတွေကို ဖမ်းဆီး ထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည် နိုင်ငံရေးရဲ့ အကြီးမားဆုံး အမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက် သတ်ဖြတ် နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ် ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝ မလျော်ညီတဲ့ ဘာစတီး အကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာ ခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့ မကုန်၊ ရေတွက်လို့ မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေ စိစစ်ရေး ဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေ စိစစ်ရေးဆိုတာ စစ်အုပ်ချုပ်မှုနဲ့ အတူ ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်မီ တုန်းကတော့ စစ်အာဏာရှင် စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ ဌာနဖွင့်ပြီး စာပေ အနုပညာနဲ့ မီဒီယာ လောကကို အမှောင်ရိပ်ကနေ မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ် ကျတော့မှ ဗြောင်ရှေ့ကို ခုန်ထွက်လာပြီး စာပေ စိစစ်ရေး ဆိုတာကြီး ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေ အနုပညာရှင်တွေ အပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော် ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ် ပြောင်းတာ ဝါသနာ ပါပါဘိသနဲ့) ဆက်ရှိနေဦးမယ် ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့် အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီး အုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုး အသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်း ပစ်မှာလား၊ အကာအကွယ် ပေးမှာလား။ အခုကတည်းက အစိုးရပိုင် လုပ်ငန်းတွေထဲက ကောင်းတာတွေကို ရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင် စီးပွားရေး အဆောက် အအုံတွေအောက် ဆွဲထည့်၊ မကောင်းတဲ့ လုပ်ငန်းတွေကို ချန်ထား လုပ်နေတာဟာ နောက်တက်မယ့် အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့် အစိုးရကို ငွေစက္ကူစက်ရုံ တခုသာ အကောင်း ချန်ထားပေးပြီး မင်းတို့ ဒါနဲ့ပဲ လုပ်စား ကြပေရော့လို့ ပြောနေတဲ့ အလား ဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့် အချက်ကလေးတခုက အဲဒီ ရွေးကောက်ပွဲကြီး ပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင် မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ် ရမ်းကား နေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက် နေရဦးမယ်၊ အရွေးခံရတဲ့ အမတ်ကတောင် ကြောက်နေရဦးမယ် ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူ လယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင် လယ်တွေကို အခမဲ့ လုပ်ခိုင်းတာ၊ ပေါ်တာ ဆွဲတာတွေ ရပ်ဆိုင်း သွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့ အညီ ဖွဲ့ထားတဲ့ အစိုးရ တရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူး ဆိုတဲ့ အာမခံချက် ရှိပါသလား ဆိုတာပါပဲ။ မရှိဘူး မဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကို အပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၁ - ၁၀)

■ ၂၀၀၉ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆက်လက်ကျဆင်းခဲ့ သတင်း
■ အမေရိကန်အစိုးရ နအဖအပေါ် စိတ်မရှည်နိုင်တော့ကြောင်း အသိပေးပြောကြား သတင်း
■ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ သတင်း
■ မြန်မာ့နိုင်ငံရေးပြဿနာ သော့ချက် (၃) ရပ် ရှိတယ်လို့ သုံးသပ် သတင်း
■ ဦးဝင်းတင်၏ ပထမဆုံးခရီးစဉ်၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်း သတင်း
■ ဦးဝင်းတင်နှင့်အဖွဲ့ ပြင်ဦးလွင်မြို့၌ လူထုဒေါ်အမာအိမ်သို့ သွားရောက်ခဲ့ သတင်း
■ ကေအဲန်ယူခေါင်းဆောင် ဗိုလ်ချုပ်မြ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ သတင်း
■ ကချင်အဖွဲ့ အထူးအစည်းဝေးပွဲ ပြီးပေမယ့် ပြဿနာများ မရှင်း သတင်း
■ စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ သတင်း
■ နယ်စပ် စစ်ဆေးရေးဂိတ်သစ် ဘင်္ဂလား ဖွင့်လှစ် သတင်း
■ မလေးရှား ထိန်းသိမ်းရေးစခန်းအတွင်းက ကျန်းမာရေး အခြေအနေ သတင်း
■ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်သူများလာ သတင်း
■ ကားတင်သွင်းခွင့်နှင့် စက်သုံးဆီဆိုင်များ ပုဂ္ဂလိက လုပ်ခွင့်ပေးမည် သတင်း
■ ထိုင်းဆိုင်ကယ်များ မြန်မာဘက်မှ အ၀ယ်လိုက်၊ မြ၀တီမှတဆင့် နေ့စဉ်တင်သွင်း သတင်း
■ တပ်ရိက္ခာအကြောင်းပြပြီး အာဏာပိုင်နှင့် ကုန်သည်ပေါင်း၍ စပါးဝယ်ယူနေ သတင်း
■ ခိုးကူးခွေရောင်းလျှင် ငွေဒဏ်ဖြင့်မရ၊ ထောင်ပါချမည် သတင်း
■ အိုးဘိုထောင် နိုင်ငံရေးအကျဉ်းသားကို ရာဇ၀တ်သားနှင့် တခန်းတည်း အတူထား သတင်း
■ ပရင်နဲ့ ဆူလာယုဒ်ကို ရှပ်နီ (၂၀၀) လောက်က ဆန့်ကျင်ကန့်ကွက် သတင်း

Read More...

Wednesday, January 20, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၁

ဗိုလ်ထက်မင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀

မြန်မာ့တပ်မတော်အတွင်းမှာ စီမံခန့်ခွဲရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို ဆုံးဖြတ်နိုင်မှု အမြင့်ဆုံးဖြစ်ကာ သက်သာချောင်ချိရေး အပိုင်းမှာလည်း အခြား အဆင့်တွေထက် အခွင့်အရေး ပိုမို ရရှိကြသူများကတော့ တပ်မတော် ပြန်တမ်းဝင် အရာရှိများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ တပ်တွင်း ဆက်ဆံရေးနဲ့ သဘော သဘာဝတို့ကို စာဖတ် ပရိသတ်များကို တင်ပြသွားပါမယ်။

အရာရှိအဆင့် ဒုဗိုလ်မှ ဗိုလ်ဖြစ်ဖို့ တနှစ်၊ ဗိုလ်မှ ဗိုလ်ကြီးအထိ သုံးနှစ်လို့ ယေဘုယျ သတ်မှတ် ထားပြီးတော့ အဲဒီအရာရှိ ၃ မျိုးကို “အရာရှိငယ်များ” လို့ သတ်မှတ်ပါတယ်။ Officiating ယာယီတပ်ခွဲမှူး (ဗိုလ်မှူး/ဗိုလ်ကြီး) နဲ့ ဗိုလ်မှူးအဆင့် များကိုတော့ “အရာရှိ အလတ်” ဟု သတ်မှတ်ကာ ဒုဗိုလ်မှူးကြီးနှင့် အထက် အဆင့်ကို “အရာရှိကြီးများ” အဖြစ် သတ်မှတ် ထားပါတယ်။

ရှင်လောင်းကာလလို့ခေါ်တဲ့ (Officiating) ဆိုတာဟာ ပုခုံးပေါ်မှာ အပွင့်မတင်သေးဘဲ တဆင့်မြင့် ရာထူးရဲ့ လစာကို တနှစ်ကြိုတင် ရရှိထားပြီး အထက်အရာရှိက စိတ်ကျေနပ်မှု ရရှိလို့ ထောက်ခံချက် ပေးလိုက်ပါမှ အဲဒီရာထူးရဲ့ အပွင့်တင်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မှူး လစာစားသော (ယာယီတပ်ခွဲမှူး ဗိုလ်မှူး) ဗိုလ်ကြီးဆိုတဲ့ အဆင့်ရှိသလို ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) လစာစားကာ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး အဆင့် ဆိုတာကိုလည်း ထားရှိပါတယ်။ ထိုနည်းတူ ဗျူဟာမှူး ဗိုလ်မှူးကြီး လစာစားသော ယာယီဗျူဟာမှူး ဒုဗိုလ်မှူးကြီးအဆင့် ဆိုတာလည်း ရှိပါတယ်။ တပ်မမှူးနှင့် အထက် အရာရှိကြီးများကိုတော့ လစာ ကြိုတင်ပေးကာ အပွင့် မတင်ခိုင်းသေးပေမယ့် အခေါ်အဝေါ်ကိုတော့ ယာယီစကားလုံး ဖြုတ်လိုက်ပြီးတော့ တပ်မမှူး၊ တိုင်းမှူး စသဖြင့်သာ ခေါ်ဝေါ်ကြပါတယ်။

တပ်စုမှူး၊ တပ်ခွဲမှူး ရာထူးတွေကို ထမ်းဆောင်ရတဲ့ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိ အရာရှိများဟာ သူတို့ အချင်းချင်း ညီရင်းအကိုလို ညီလေး၊ အကိုကြီး စသဖြင့် တင်စား ခေါ်ဝေါ်ကာ ဆက်ဆံကြပါတယ်။ ဒုတပ်ရင်းမှူးကို “အဘလေး” လို့ ခေါ်စေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးနဲ့ တပ်မမှူးတွေကိုတော့ “အဘ” လို့ ခေါ်ကြရပါတယ်။ တိုင်းမှူးနဲ့ အထက်ကိုတော့ “အဘကြီး” လို့ ခေါ်ကြရပါတယ်။ ဘယ်ခေတ် ကာလကမှ ထုံးစံမဟုတ်တဲ့ “အဘ” ဆိုတဲ့ စကားလုံးကို စစ်အာဏာရှင်တွေက ရိုက်သွင်း ထားတာ ဖြစ်ပါတယ်။

ကျောင်းဆင်းစ ဒုဗိုလ်များကိုကြည့်ရင် ပုခုံးအစွန်မှာ တင်ထားတဲ့ ကြယ်ပွင့် တပွင့်ကို ပြုတ်ကျသွားမှာ စိုးလို့လား၊ မမြင်ရမှာ စိုးလို့လား မသိရဘဲ စိုးရိမ်ထိတ်လန့် သောက မကြာခဏ ဖြစ်နေကြတာ တွေ့ရ ပါတယ်။ ဒုဗိုလ်ဟာ တပ်စု တပ်ကြပ်ကြီးအပေါ် အလွန်အကျွံ အမိန့်ပေး ခိုင်းစေတာမျိုး လုပ်လာရင် ရဲဘော်များက ထိုအရာရှိကို “ဒီပုဂ္ဂိုလ် စစ်တိုက်တတ်တာ ဟုတ်မဟုတ် စစ်မြေပြင်မှာ ကြည့်ကြသေးတာပေါ့” ဟု ကွယ်ရာတွင် မကျေမနပ် တီးတိုး ဆိုတတ်ကြပါတယ်။

ရှေ့တန်းထွက်တဲ့အခါ ဆရာ၊ ဆရာကြီးများဟာ ကျောင်းဆင်းစ ဒုဗိုလ်များကို စမ်းသပ် ကြည့်တတ်ပါတယ်။ စစ်ကြောင်း စထွက်ရင် အသင့် အနေအထားဖြင့် ရန်သူကို လမ်းကြောင်းရှင်းတဲ့ စစ်သုံးဝေါဟာရ အခေါ် “ပွိုင့်” ကို ဒုဗိုလ်များက ကိုင်တွယ်ပုံကို ဦးစွာရှင်းပြပါ့မယ့်။ “ပွိုင့်” စထွက်တာနဲ့ တပ်စုရုံးမှာ ဆရာကြီးတွေဟာ နောက်နားမှာ မသိမသာ ချန်ရစ် နေခဲ့တတ်တာမို့ ဒုဗိုလ်တွေခမျာ ရှေ့ပြေး တပ်စိတ်ကို ကွပ်ကဲရာမှာ စာတွေ့ သင်ခန်းစာနဲ့ လက်တွေ့မြေပြင် ဆက်စပ်နိုင်ဖို့ ဇောချွေးပြန်ကာ လမ်းကြောင်းကို မရှင်းတတ်တော့ဘဲ “ပွိုင့်” မှာ ဒုက္ခ ရောက်ကြရပါတယ်။

ရှေ့တန်းမှာ ရန်သူနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် မိကြတဲ့အခါ ကျောင်းဆင်းစ ဒုဗိုလ် တချို့ဟာ နှာခေါင်း ထယ်ထိုးကာ ကြောက်လန့်တကြား ဂယောင်ချောက်ချား ဖြစ်နေပြီဆိုပါရင် အဆိုပါ ဒုဗိုလ်လေးကို လက်အောက် ငယ်သားများက ကွယ်ရာတွင် တမျိုး ရှေ့တွင်တဖုံ ပမာမခန့် လုပ်လာတတ်တာ မျိုးလည်း ရှိပါတယ်။ တကယ်လို့ ဒုဗိုလ်လေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရန်သူကို ရင်ဆိုင်ပြပြီး မိမိကိုင်တဲ့ တပ်စိတ်များကို ပစ်အားနဲ့ ရွေ့လျားမှု ဟန်ချက်ညီအောင် စနစ်တကျ ကွပ်ကဲကာ မိမိရဲ့ အမိန့်ပေးသံ မာမာထန်ထန် ပေးလိုက်ပါက ရဲဘော်များရဲ့ အသိအမှတ်ပြု လေးစားမှုကို ခံယူ သွားရပါတယ်။

အဓိကကတော့ ဒုဗိုလ်လေးအနေနဲ့ ဆက်ဆံရေးအပိုင်းမှာ ရဲဘော်များကို စကားပြောရာတွင် နာမည်အစား “ဟေ့ကောင်၊ မင်းနဲ့ ငါ ” လို့ သုံးနှုန်း ခေါ်ဝေါ်တတ်သလို ဆရာကြီးတွေကို အားကျကာ ရဲဘော်တွေကို ဆဲဆိုမှု ပြုလုပ်လာတဲ့ အခါမှာတော့ အောက်ခြေ စစ်သည်များနဲ့ ဒုဗိုလ်တို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှု ပြင်းထန် လာတတ်တာမျိုး တွေ့ရပါတယ်။

အဆိုးဆုံးကတော့ အရာရှိငယ်တွေဟာ တပ်စိတ်မှူး ဆရာများရဲ့ လုပ်ပိုင်ခွင့်ကို စွက်ဖက်ပြီး လမ်းကင်း၊ ရေကင်း၊ ရထားလမ်း လုံခြုံရေးကင်း စတဲ့ ကင်းချခြင်း၊ ကင်းဇယား ရေးဆွဲခြင်း၊ ရိက္ခာ ခွဲဝေရာမှာ တပ်စုရုံးအတွက် စကေးပိုဖြတ်ခြင်း၊ သက်သာပစ္စည်းများကို လိုအပ်တာထက် ပိုယူခြင်း၊ ရိက္ခာစိုငွေများကို တပ်စိတ်မှူးများက တဆင့် မပေးဘဲ ရဲဘော်များကို တိုက်ရိုက်ပေးခြင်း၊ နောက်တန်းတွင် လူပျို ဘားတိုက်ရှိ မိမိတပ်စုမှ ရဲဘော်များကို အလုပ်မရှိ အလုပ်ရှာ ဆရာများ မသိလိုက်ရဘဲ ကိုယ်ရေးကိုယ်တာ ခိုင်းခြင်း၊ တာဝန်ပေးအပ်မှု အပိုင်းတွင်လည်း ဆရာများမှတဆင့် မသွားဘဲ တိုက်ရိုက်ခိုင်းခြင်း၊ စစ်သည်တွေရဲ့ တပ်ပြင် ထွက်ခွင့်နှင့် ကိုယ်ရေးကိုယ်တာ များကို ဝင်ရောက် ထိန်းချုပ်ခြင်း၊ လုပ်အားပေး ခိုင်းစေရာတွင် အရာရှိဆိုတဲ့ မာန်ဖြင့် အချိန်ဆိုင်းအလိုက် အနားမပေးဘဲ ဆက်တိုက်ခိုင်းခြင်း စတဲ့ အပိုင်းများကို အသေးစိတ် ဝင်ရောက်စွက်ဖက်မှုမှ ပြဿနာများ မကြာခဏ ကြီးထွားလာတတ်တာ တွေ့ရခြင်း ဖြစ်ပါတယ်။

တပ်ရင်းများမှာ ဖွဲ့စည်းပုံအင်အားနည်းနေလို့ အရာရှိအများစုဟာ လုပ်သက်မရင့်ဘဲ ဗိုလ်အဆင့်ဖြင့် တပ်စုမှူးမှ တပ်ခွဲမှူးရာထူးသို့ တစ်ဆင့်မြင့် ရာထူးအား တာဝန်ယူရတဲ့ အခြေအနေမျိုးတွင် အခက်အခဲ များနဲ့ ပိုမို ရင်ဆိုင်ရပါတယ်။

Ref: မဇ္ဖျိမ

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၁ - ၁၀)

■ မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည်မဟုတ် သတင်း
■ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ခြင်းမဟုတ် (၁၀) ကြိမ်မြောက် ညီလာခံ၌ RCSS ဥက္ကဌ ပြော သတင်း
■ အင်္ဂါဆုတောင်းပွဲနှင့် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင်၏ သဘောထားအမြင်များ သတင်း
■ နိုင်ငံရေးအကျဉ်းသား (၃) ဦး တိုက်ပိတ်ထားခံရ သတင်း
■ အိုင်အယ်လ်အိုနှင့် ကူညီတိုင်ကြားသူ ရန်ကုန်မြို့တွင် တွေ့ဆုံမည် သတင်း
■ အိန္ဒိယပြည်ထဲရေးမှ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ သတင်း
■ ပဋိပက္ခဖြစ်နေသည့် (၁၄) နိုင်ငံအတွက် ဒေါ်လာသန်း (၁၀၀) ကုလ ထောက်ပံ့ သတင်း
■ နိုင်ငံရေးအင်အားစု နိုင်ငံရေးလှုပ်ရှားမှုတွေ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရ သတင်း
■ ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး သတင်း
■ မြန်မာပြည်၏ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကုလ ချီးကျူး သတင်း
■ ILO နှင့် မြန်မာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး သတင်း
■ တရားမ၀င် မြန်မာအဖွဲ့တွေ သတိပေးခံရ သတင်း
■ ထိုင်း-မြန်မာနယ်စပ် နို့ဖိုးစခန်းက ဒုက္ခသည်တွေ ဆန္ဒပြ သတင်း

Read More...

Tuesday, January 19, 2010

ထိုင်းနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို မြန်မာစစ်အစိုးရက ခြိမ်းခြောက်နေတယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြော

January 19, 2010

မစ္စတာ စူကွန်ဘန်းဒ် ပါရစ်ဘာထရာက အင်္ဂါနေ့ည ညစာစားပွဲတခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သူပြော တာက အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖိအားပေးမှုတွေ ပိုမို များပြားလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အေးဆေး တည်ငြိမ်မှုဟာ စိတ်မချရတဲ့ အနေအထား မျိုးကို ရောက်လာနေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဘန်ကောက်ရှာရတန် ဟော်တယ်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲတခုမှာ လက်ရှိအုပ်ချုပ်နေ တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဒုတိယ အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ စူကွန်ဘန်းဒ်က ထိုင်းနိုင်ငံရဲ့ ဒေသတွင်း မတည်ငြိမ်မှုရဲ့ အဓိက အကြောင်းရင်း က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ကြီးမားလာနေတဲ့ လက်ရှိ စစ်တပ်အင်အား အနေအထားကြောင့် ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ သူ နှိုင်းယှဉ်ပြတာက ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်တပ်အင်အားက ၄၃၀၀၀၀ လောက် ရှိပြီး မြန်မာနိုင်ငံရဲ့ စစ်တပ် အင်အား က ၅ သိန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်းနဲ့ အရှေ့တောင် အာရှမှာ အကြီးမားဆုံး စစ်တပ်ကြီး ဖြစ်လာ နေတယ်လို့ နှိုင်းယှဉ် ပြောကြား သွားခဲ့ပါတယ်။

မြန်မာစစ်အုပ်စုဟာ ခေတ်မီအဆင့်အတန်း မြင့်တဲ့ တပ်မတော် စစ်အင်အားကို တိုးချဲ့ ထားတာလို့ ပြောဆိုပြီး အတော်ကြာ ကတည်းက မြန်မာ စစ်တပ်ဟာ သူ့ရဲ့ တပ်မတော်ကို ခေတ်မီ အဆင့်အတန်း မြင့်အောင် ကြိုးပမ်းနေတာ ဖြစ်ကြောင်းနဲ့ ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုဆီကို မီးထိုးပေးသလို ဖြစ်နေ တယ်လို့ မစ္စတာစူကွန်ဘန်းဒ်က ဝေဖန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးတော့လည်း ထိုင်းနိုင်ငံဟာ နိုင်ငံကာကွယ်ရေး စစ်ရေး အသုံးစရိတ်အဖြစ် တိုင်းပြည်ရဲ့ အသားတင် ထုတ်ကုန် ပမာဏရဲ့ ၅% အောက်သာ သုံးစွဲပြီး နေပြည်တော်က စစ်အာဏာရှင် အုပ်စုကတော့ တိုင်းပြည် ရဲ့ ဂျီဒီပီပမာဏရဲ့ ၃ပုံ ၁ပုံလောက် သုံးစွဲဖို့ခွဲခြား သတ်မှတ် ထားတယ်လို့ ယူဆရကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

နအဖရဲ့ စစ်အသုံးစရိတ် အသေးစိတ် အတိအကျ ပမာဏကိုတော မပြောနိုင်ပေမယ့်လို့ ဆိုရို့စ် ဖောင်ဒေးရှင်း အပါအ၀င် အဖွဲ့အစည်း အတော်များများက နအဖရဲ့ စစ်အသုံးစရိတ် သုံးစွဲမှု ပမာဏကို ဂျီဒီပီရဲ့ ၄၀% လောက် ဖြစ် တယ်လို့ ယုံကြည် ယူဆထားကြပါတယ်။

မစ္စတာ ပါရီဘာထရာရဲ့အပြောအရ ထိုင်းနိုင်ငံဟာ ထိုင်းတပ်မတော်ကို ခေတ်မီ အဆင့်အတန်း မြင့်ရေးနဲ့ စပ်လျဉ်းလို့ (၅)နှစ် သက်တမ်း (၂)ကြိမ် ရရှိထားတဲ့ အပေါ် အခြေခံပြီး စတင် လုပ်ဆောင်သွားဖို့ လျာထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးတဲ့ နှစ်တွေက အရှေ့တောင် အာရှ နိုင်ငံများနဲ့ စပ်လျဉ်းလို့ ဂျီဒီပီပမာဏ အတိုင်းအတာအရ ထိုင်း နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချ ထားတယ်လို့ သိရပါတယ်။

ကွန်မြူနစ် မြောက်ကိုးရီးယားအုပ်စုနဲ့ မြန်မာစစ်အုပ်စုတို့ကြားက နီးကပ်တဲ့ ဆက်ဆံရေး တိုးမြှင့် လာမှုကလည်း ထိုင်းနိုင်ငံ အတွက် ပါဝင် ပတ်သက်စရာလို ဖြစ်လာနေပါတယ်။ ဒီ(၂)အုပ်စုစလုံးဟာ နှစ်နိုင်ငံ သဘောတူညီချက် အရ စစ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်နေသလို မြောက်ကိုးရီးယား ပြုံယမ်းရဲ့ နျူကလီယား စွမ်းအင် အရည် အသွေး တိုးတက် မြင့်မားလာနေတဲ့ အပေါ် နေပြည်တော်က နအဖ အုပ်စုကလည်း အကူအညီ အထောက်အပံ့ကို ရချင်နေတယ်လို့ ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြောက်ကိုးရီးယားက ဒီနှစ်၂၀၀၉ အစော ပိုင်းက နျူကလီးယား လက်နက် စမ်းသပ် ထုတ်လွှင့် ပစ်တင်ခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းနိုင်ငံရေးကို ကြည့်ရင်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မရှိ ဖြစ်နေတာက အကြမ်းဖက် တိုက်ခိုက်မှုတွေ မတည်ငြိမ်မှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ကို ဦးတည်နေပါတယ်။ အထူး သဖြင့်တော့ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်နေကြတဲ့ နယ်စပ်နယ်မြေ ဒေသတွေမှာ ဆက်လက် ဖြစ်ပေါ်နေ ဦးမယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားပါတယ်။

ဒီကနေ အိုင်ဒီပီကိစ္စတွေ ပိုဖြစ်ပေါ်လာပြီး ထိုင်းနိုင်ငံ အနေနဲ့လည်း ရှောင်လွှဲလို့ မရနိုင်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ဘက်ကို ၀င်ရောက်လာမယ့် ဒုက္ခသည် အရေအတွက် ပိုပြီး တိုးများလာမှာကို လက်ခံရလိမ့်ဦးမယ်လို့ ဆိုပါတယ်။ လောလောဆယ် မြန်မာပြည်သား ဒုက္ခသည် ၁သိန်း ၃သောင်းကျော် လောက်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ဆက်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းတလျှောက် ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြပါတယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းတုန်းကလည်း တရုပ်နယ်စပ်နဲ့ ကပ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်း အတွင်းမှာ လူမျိုးစု ကိုးကန့် တိုင်းရင်းသား စစ်တပ်ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့တဲ့ အတွက် တရုပ်ပြည်ဘက်ကို ဒုက္ခသည် ၃၇၀၀၀ ထွက် ပြေး ရောက်ရှိလာတယ်။ ဒီဟာက ဘာကို ဖော်ပြနေသလဲဆိုရင် လေငြိမ်နေတာ မုန်တိုင်းကျမယ့် အလားအလာမျိုးလို လူနည်းစု တိုင်းရင်းသားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုကျယ်ပြန့်လာမယ့် နမိတ်လက္ခဏာ ဖော်ပြချက်လည်း ဖြစ်ပါတယ်လို့ သူက ဆက်လက် ပြောကြား သွားပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့အုပ်စု (၁၇)ခုဟာလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းဖို့ အမိန့် ထုတ်ပြန် ထားခံရပြီး စစ်အုပ်စုရဲ့ နိုင်ငံတော် လုံခြုံရေးအဆင့် ယန္တရား အစိပ်အပိုင်း တခုအဖြစ် ရောက်ရှိသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အများစုကတော့ ငြင်းဆိုထား ဒါမှမဟုတ် တောင်းဆိုချက်ကို မသိကျိုး ကျွံပြုထားကြပါတယ်။

ထင်ကြေးအရ ပြောဆိုနေတာကတော့ နအဖစစ်အုပ်စုရဲ့ စစ်လက်နက်ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားတဲ့ များပြား လာနေတဲ့ နအဖ စစ်တပ်တွေက တန်ပြန် အာခံမယ့် လူမျိုးစု တိုင်းရင်းသား စစ်တပ်တွေကို ၂၀၁၀ရွေးကောက် ပွဲမတိုင်ခင်နဲ့ ပိုဖြစ်နိုင်တာက ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ တိုက်ခိုက်ချေမှုန်း လိမ့်မယ်လို့ အသံတွေ ထွက်ပေါ် နေပါတယ်လို့ ပြောကြားသွားပါတယ်။

ဆက်လက်၍ မစ္စတာ ပါရီဘာထရာက မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြည်တွင်း လှည့်လည် သွားလာနေကြရတဲ့ ရွာပုန်းရွာရှောင် တွေရဲ့အခြေအနေနဲ့ ၂၀၀၃ ခုနှစ် အစောပိုင်းကတည်းက လူမျိုးတုံး သတ်ဖြတ်မှုလို့ အမေရိကန်က ယုံကြည် ယူဆထားတဲ့ ဆူဒန်နိုင်ငံ အနောက်ဘက် ဒါဖူး ဒေသမှာ အစိုးရ တပ်တွေနဲ့ မဟာမိတ် တပ်တွေက လူမျိုးစုတွေကို တိုက်ခိုက်နေတဲ့ အချက် တူညီမှုကို နှိုင်းယှဉ်ဖော်ပြ ပြောကြား သွားပါတယ်။

ဆက်ပြီး ထိုင်းနိုင်ငံနဲ့ ပတ်သက်ဆက်စပ်နေတဲ့ နောက်တခုက မြန်မာပြည်ဘက်က မူးယစ်ဆေးဝါး ကုန်သွယ်မှုကိစ္စ ဖြစ်တယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်း စာရင်းတွေအရ မြန်မာပြည် ဟာ ၂၀၀၈ခုနှစ် အတွင်း ဘိန်းစိမ်းတန်ပေါင်း (၄၁၀)တန် (ဘိန်းဖြူ တန် ၄၀နဲ့ညီမျှ)ကို ထုတ်လုပ်တယ်လို့ ခန့်မှန်း ထားပြီး အာဖဂန် နစ္စတန်ပြီးရင် ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘိန်း ၉၀% ကို ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း ယာမလို့ခေါ်တဲ့ စိတ်ကြွဆေးပြား အဓိက ထုတ်လုပ်တဲ့ နေရာဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်း ဘက်ကနေ ထိုင်းနိုင်ငံထဲကို ကူးသန်းရောင်းဝယ် တင်ပို့ နေတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ပတ်သက်ဆက်နွယ် နေပေမဲ့လည်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက် သဘောနှစ်ခုကို ယှဉ်တွဲ ထားတဲ့ ဆက်ဆံရေးမျိုး အနေအထားမှာ ရှိပါတယ်။ စီးပွားရေး ပညာရှင်များက ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ဈေးနှုန်း ချိုသာတဲ့ မြန်မာ အလုပ်သမားတွေ ရဲ့ လုပ်အားအပေါ် မူတည် မှီခိုနေရတာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

အကြမ်းဖျဉ်း ခန့်မှန်းချေ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းလောက် ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေ လျှပ်စစ်မီး မရဘဲ နေထိုင် နေရပေမဲ့လို့ ထိုင်းနိုင်ငံကတော့ ရွှေဂက်စ် ပိုက်လိုင်းကနေ တဆင့် ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ရရှိနေတာဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရတနာဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်တုန်းက ပိုက်လိုင်း အနီးအနား ပတ်ဝန်းကျင် တ၀ိုက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက် ယုတ်မာမှုတွေ ကျူးလွန် လုပ်ဆောင် ခဲ့တယ်လို့ ကြာရှည်တောက်လျှောက် စွပ်စွဲခံနေရတာ သိရှိထားပေမဲ့လို့ ဒီပိုက်လိုင်းကနေ ဓါတ်ငွေ့တွေကို တောင်ပိုင်းကတဆင့် ထိုင်းနိုင်ငံတွင်း သယ်ယူ ပို့ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါတင် မကသေးပဲ ထိုင်းနိုင်ငံဟာ မကြာခင်လေးတင်ကမှ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ပမာဏဟာ လိုအပ်ချက်ထက် လျော့နည်းလာလို့ ဒါကို ကာမိဖို့အတွက် ထိုင်း-မြန်မာနယ်စပ်က ကီလို ၅၀ သာသာ လောက်မှာ တည်ရှိတဲ့ သံလွင် မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်ရေး အငြင်းပွားဖွယ် အကြီးစား စီမံကိန်း တွေမှာလည်း ပါဝင် ပတ်သက်နေတာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ အရည်အသွေးထက် လိုအပ်ချက် ပမာဏက ပိုများ နေတာကြောင့် ပြီးခဲ့တဲ့ နှစ်တလျှောက်လုံး လိုအပ်တဲ့ ဓါတ်အားပမာဏ မီဂါဝပ်၂၀၀၀ ရှိပေမဲ့လို့ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။

စောင့်ကြည့်လေ့လာ အကဲခတ်သူများရဲ့အဆိုအရ နအဖ စစ်ကောင်စီဟာ သူတို့ တတွေရဲ့ တသီပုဂ္ဂလ သုံးစွဲမှုတွေမှာရော၊ အင်မတန် ထုထည် ပမာဏ အတိုင်းအတာ ကြီးမားလှတဲ့ စစ်အသုံးစရိတ်တွေ အတွက်ကော နိုင်ငံတော်ရဲ့ သဘာဝ တွင်းထွက် သံယံဇာတ အရင်းအမြစ်တွေကို နိုင်ငံခြားကို တင်ပို့ ထုတ်ယူ ရောင်းစားခြင်းကနေ အခွန်ငွေတွေကို ဂုတ်သွေးစုပ် အမြတ်ထုတ် နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အခြေအနေမျိုးတွေအရ ထိုင်းနိုင်ငံအတွက် မဖြစ်မနေ ပါဝင် ပတ်သက်နေရတာ ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီဟာ နအဖရဲ့ ရှင်းလင်း ပြတ်သားမှု မရှိတဲ့၊ ရှေ့နောက်ညီညွတ် မှုမရှိတဲ့ တခုလုံးဆိုင်ရာ မဟာ ဗျူဟာနဲ့ ဆန့်ကျင်ဘက် ၀ိရောဓိတွေ ဖြစ်ပေါ်လာရတာ ဖြစ်တယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြား သွားပါတယ်။

အလားတူပါပဲ ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြောက်မြားလှစွာသော မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ရွှေ့ပြောင်း အလုပ်သမားတွေဟာ နအဖစစ်တပ်ရဲ့ ဆက်တိုက် လုပ်ဆောင်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ အတင်းအကျပ် ရှင်းလင်းမောင်း ထုတ်မှုတွေကြောင့် ရွှေ့ပြောင်း နေထိုင်ကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့ကနေ သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ရိုက်ခတ်မှု အလားအလာ အကြမ်းဖျင်း တင်ပြ ထားချက်အပေါ် လက်မှတ်ဝိုင်းရေးထိုးထားတဲ့ အသနားခံလွှာကို ၀န်ကြီးချုပ် အဘီဆစ် ဆီကို တင်ပြခဲ့ပါတယ်။

အဲဒီစာလွှာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားလှတဲ့ လျှပ်စစ်ဓါတ်အား ကနေ အကျိုးအမြတ် ရကောင်းရနိုင် ပေမယ့် တပြိုက်နက်တည်း တဘက်မှာလည်း ကရင်ပြည် နယ်တွင်းမှာ တည်ဆောက်ထားတဲ့ ဟက်ကြီး ရေကာတာ တည်ဆောက်ထားတဲ့ နေရာတ၀ိုက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေး လာကြမယ့် မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေး ၀င်ရောက်လာမှာကိုလည်း ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အဲဒီစာလွှာထဲမှာ သတိပေးရေး သားထားပါတယ်။

မျိုးထွဋ်ဦး

Ref: ဘန်ကောက်ပို့စ်

Read More...

အပေါ်သို့