Tuesday, March 30, 2010

တောင့်ထား အန်အယ်လ်ဒီ

ရဲဘော်ဖိုးသံချောင်း
၂၉/ မတ် ၂၀၁၀

နအဖရဲ့ နောက်ဆုံးခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စမ်းသပ်လိုက်တာပဲလို့ အလွယ်တကူပြောရင် ရပါတယ်။ ဒါပေမယ့် နအဖရဲ့ ဒီထိုးစစ်ဟာ မမျှော်လင့်ဘဲ ပေါ်လာတာ မဟုတ်ပါဘူး။ ဒင်းတို့တတွေ ဒီအတွက် ကြိတ်ကြံနေတယ်။

တချိန်ကျရင်၊ အထူးသဖြင့် ရွေးကောက်ပွဲကာလ တ၀ိုက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို “ကိုင်” တော့မယ်ဆိုတာ အစောကြီး ကတည်းက အများက တွက်ထားကြတာပါ။ ဘယ်ပုံ ဘယ်နည်း ဆိုတာကိုသာ စောင့်ကြည့်နေကြတာ ဖြစ်ပါ
တယ်။

အခုတော့ အဖြေက ထွက်လာပါပြီ။ တွက်ထားတဲ့အတိုင်းပဲ ကောင်းဘွိုင်ကားထဲက လူဆိုးလို သေနတ် တ၀င့်ဝင့်နဲ့ အဲဒီ သေနတ်ကိုင် လူဆိုးက အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဖြိုခွဲခံမလား၊ သူတို့ခွင့်ပြုတဲ့ ဥပဒေဘောင် ထဲကနေ အပြင်ကို ထွက်သွားမလား၊ သူတို့ဖွင့်ပေးထားတဲ့ ပုံစံ တံခါးပေါက်ကနေ ခေါင်းငုံ့ ၀င်မလားလို့ ရွေးစရာတွေ ပေးနေပါတယ်။ ဒါဟာ နအဖဘက်က သွေးတိုးစမ်းတာ မကတော့ပါဘူး။ စိန်ခေါ်တာ၊ စစ်ကြေညာတာ ဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင် ဖြေရှင်းရပါတော့မယ်။ လွန်ခဲ့တဲ့အနှစ် (၂၀) တုန်းက ကြံ့ခိုင်မှုမျိုး ရှိသေးသလားဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သက်သေ ပြရပါတော့မယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို နအဖက အခုလို တမင် အညွန့်ချိုးဖို့ လုပ်တာဟာ ဒီနေ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ စိတ်ဓာတ် အရှိန်ကို ချိုးနှိမ်ဖို့လုပ်တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဦးတည်တယ်လို့ ဆိုပေမယ့် ဦးတည်ထားတာ ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။

ဒီတပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကျိုးသွားရင် ပြည်သူလူထုရဲ့ လှုပ်ရှားမှုကြီး ကိုလည်း အများကြီး ထိခိုက်မယ်ဆိုတာ သေချာပါတယ်။ ဒါကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တဦးတည်း ရင်ဆိုင် နေရတဲ့ ပြဿနာလို့ အသာ လက်ပိုက်ကြည့်နေရင် ဒီတကွေ့ရဲ့ အချောင်သမား ဖြစ်သွားပါမယ်။

ဖိနှိပ်တဲ့ အုပ်စိုးသူတွေနဲ့ အဖိနှိပ်ခံ ပြည်သူတို့အကြားက ပဋိပက္ခမှာ အဖိနှိပ်ခံ ပြည်သူတို့ဘက်က တိုက်ပွဲကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီး ဆင်နွှဲနိုင်တာ အင်မတန်မှ နည်းပါတယ်။ တိုက်ပွဲအချိန်၊ တိုက်ပွဲနေရာဌာန၊ တိုက်ပွဲသဏ္ဌာန် စတာတွေကိုလည်း ကိုယ်သဘောကျတာ ရွေးချယ်ခွင့် မရတတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဘက်က ခုခံစစ် ဆင်နွှဲရတာ ဖြစ်တယ်လို့ ပြောလေ့ ရှိကြတာပါ။ အခုလည်းပဲ နအဖရွေးချယ်တဲ့အချိန်၊ နအဖရွေးချယ်တဲ့နေရာမှာ သူတွန်းပို့လာတဲ့ နည်းနာနဲ့ ပြန်လည် တုံ့ပြန်ရတော့မှာ ဖြစ်ပါတယ်။ အလှည့်မို့ နွဲ့လို့ မရတော့ပါဘူး။ မြင့်တဲ့အပင်ဟာ လေတိုက်တဲ့ဒဏ်ကို ဒီနေ့ အတိုက်အခံ အင်အားစုတွေထဲမှာ ထိပ်ဆုံးကရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ နအဖရဲ့အပြင်းထန်ဆုံး တိုက်ခိုက်တာကို ခံရတာပဲ ဖြစ်ပါတယ်။

တပါတည်းမှာ ထောက်ပြဖို့လိုတာက ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းတာဟာ ၁၉၅၈-၆၀ အတွင်း (၂) နှစ်လောက် နန်းထိုင် လိုက်ရလို့ အာဏာရဲ့အရသာကို မောင်ကျန်တတို့ ဖြစ်သွားပြီး တသက်လုံး နန်းစံဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ စစ် အုပ်စုတွေဆိုတာ အဲဒီလိုအာဏာကလေး (၂) နှစ်လောက် ရလိုက်တာနဲ့ပဲ သံသရာဆုံးတိုင် အာဏာကိုင်ထားဖို့ စိတ်ကူးကြတယ် ဆိုရင် အနှစ် (၂၀) ကျော် အာဏာအရသာကို မြိန်မြိန်ကြီးစားသုံးခဲ့တဲ့ ဗိုလ်သန်းရွှေတို့ တတွေ ဘယ်လိုစိတ်ကူး ကြမယ်ဆိုတာ အလွယ်နဲ့ မှန်းကြည့်နိုင်ပါတယ်။ ဒီတော့ လာမယ့် သူတို့ရဲ့လွှတ်တော်ထဲမှာ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေဆိုတာနဲ့ လုယူထားတဲ့ (၂၅) ရာခိုင်နှုန်းသော ကိုယ်စားလှယ် အရေအတွက်လောက်နဲ့ တင်းတိမ် ရောင့်ရဲမယ်လို့ ထင်ရင် ညံ့လွန်းရာ ကျပါလိမ့်မယ်။ ဆန္ဒခံယူပွဲတုန်းက (၉၂.၂) ရာခိုင်နှုန်းထက်မနည်း ရအောင်ယူမယ် ဆိုတာကို မယုံမရှိပါနဲ့။ အဲဒီလို လွှတ်တော် မျိုးထဲကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ (၇၅) ရာခိုင်နှုန်းအထက် ကိုယ်စားလှယ်ဦးရေ ရအောင် စည်းရုံးမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စောင့်သာ ကြည့်ချင်ပါသေးတော့တယ်လို့ ဆိုရမှာပါပဲ။

နအဖရဲ့ ဒီရွေးကောက်ပွဲဟာ ဗြုန်းစားပေါ်လာတာမဟုတ်ပါဘူး။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆွဲကတည်းက ပေါ်လာတာ ဖြစ်ပါတယ်။ လမ်းပြမြေပုံ (၇) ချက်အရဆိုရင် ဒါဟာနောက်ဆုံးအဆင့်၊ ဒါကိုဖြတ်သန်းပြီးရင် ဗိုလ်ချုပ်တွေ ရေသင်ဖြူးမှာ လှေယာဉ်နဲ့မြူးဖို့သာ ရှိတော့တယ်လို့ တွက်ထားတာဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ဒါဆိုရင် မြန်မာပြည်ကြီးကို စစ်အုပ်စု အဆက်ဆက် ရာစုနှစ်နဲ့ချီပြီး အုပ်စိုးလို့ရသွားပြီလို့ စိတ်ချရတော့မှာပါ။ အနှစ် (၂၀) နီးပါး ပြင်ဆင်လာပြီးနောက် အခုအခါမှာ ပိုင်ပြီထင်လို့ ဖော်ထုတ်လာတာ ဖြစ်ပါတယ်။ နှယ်နှယ့်အကြံအစည် မဟုတ်ပါဘူး။ ဒီတော့ သဘောဝကျစွာပဲ တိုက်ပွဲဟာ အခက်အခဲတွေ ရှိမှာပါ။ ကတုတ်ကျင်းတွေ စနစ်တကျ တူးပြီးသား အသင့်ဖြစ်နေတဲ့ ရန်သူနဲ့ လမ်းပေါ်မှာ ချီတက်နေတဲ့လူတို့ တိုက်ရတယ်ဆိုရင် ကတုတ်ကျင်းထဲကလူက တပန်းသာတာကတော့ အမှန်ပါပဲ။

ရွေးကောက်ပွဲမတိုင်မီ ဒီကာလပိုင်းဟာ နအဖအနေနဲ့ ရေနှောက်ငါးဖမ်းသလို အတိုက်အခံတွေကို ဆန်ခါတင် စစ်နေတယ်လို့ ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ပေါ်ပေါက်လာမယ့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကာလကြီးမှာ ဘယ်သူတွေကို ဘယ်လို နှိပ်ထားရမယ်ဆိုတာ ဒီတချီမှာ တပါတည်း စာရင်းပြုနေတာ ဖြစ်ပါတယ်။ သူတို့ဘက်ကနေ ဘီလူးစည်း လူ့စည်းခွဲနေတာလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖစစ်အစိုးရကို ပိုတွက်ဖို့မလိုပါဘူး။ သူတို့တတွေ အာဏာရလေလေ၊ ဥစ္စာဓနတွေ တိုးပွားလေလေ သူတို့ချင်းပြဿနာတွေ ပိုတက်လေလေ ဖြစ်ပါလိမ့်မယ်။ ဒါတရားပါ။ အရင်ကလည်း ဒီလိုပဲဖြစ်ခဲ့တယ်။ နောင်လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း ဒီလိုဆိုတဲ့အတွက် ဒင်းတို့တတွေ သူတို့ချင်းချကုန်ပြီး အလိုလို ပျက်စီးသွားမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ကိုယ်က (ပြည်သူလူထုက) တွန်းမချရင် ပြိုမကျပါဘူး။

အဲဒီအတွက် အင်အားစုစည်းပါ။ ကျစ်လစ်အောင်၊ ကျယ်ပြန့်အောင်လုပ်ပါ။ နည်းနာရှာပါ။ ကိုယ့်ဘက်မှာ ပြည်သူလူထု ရှိနေရင် မရှိရာကနေ ရှိလာ၊ အားနည်းရာကနေ အားကြီးလာရမှာပါ။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ

ဒေါ်အောင်ဆန်းစုကြည် မှာကြားသော စကား(၆) ခွန်းမှာ ......

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။

၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။

၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင် ပစ္စည်းလည်း မဟုတ်။

၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက် လက်မခံ။

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်း မှုကို ဆက်လက်ဆောင်ရွက်သွားမည်။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉ မတ်လ ၂၀၁၀)
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)

Read More...

အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ရွှေ၏ သဝဏ်လွှာ

“ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီ မှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား အတိုင်းပဲ သူလည်း ရပ်တည်တယ်” (၂၉ မတ်လ ၂၀၁၀)

Read More...

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူ ဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင် တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရ ဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ ထုတ်ပေးလျက် ရှိသည်ဟု အဆိုပါ ထိပ်တန်း ခေါင်းဆောင်က ဆိုသည်။

“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီ ဖြစ်သွားမယ်။ လက်ရှိမှာ တိုင်း၊ ခရိုင် အလိုက် ဖွဲ့စည်းပြီးသွားပြီ ပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲ ပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင် ထားသည်ဟု သိရသည်။

စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်း မထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေး အပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်း တို့ကို ပုံမှန် လုပ်ကိုင် နေသဖြင့် ထူးခြားစွာ လှုံ့ဆော် စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီ သတင်းရပ်ကွက်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။

လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရ ဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ နုတ်ပယ် လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။

စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပ အတိုက်အခံ တပ်ပေါင်းစု တခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“နအဖ တပ်ထဲကလူတွေ ရွေးကောက်ပွဲဝင်မယ်လေ။ သူတို့က ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီး တော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည် သီးသန့်ပြောင်းကာ ရွေးကောက်ပွဲ ဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများ အကြား တွက်ဆ ထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ် ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။

လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များက စည်းရုံး နေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို လုပ်ကြံ သတ်ဖြတ်ရာတွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက် ထွက်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ် အတွင်း ရွေးကောက်ပွဲ ဝင်မည့် လက်ရှိ ဝန်ကြီးများနှင့် စစ်ဘက် အရာရှိများကို ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟု ဆိုသည်။

ဒီပဲယင်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များကလည်း NLD ၏ အစည်းအဝေးကို လေ့လာ စောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၃ - ၁၀ )

■ အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ သတင်း
■ မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ဥက္ကဋ္ဌ မတက် သတင်း
■ အန်အယ်လ်ဒီ ရုံးရှေ့တ၀ိုက် ဒီဒေး (Dicision Day) မြင်ကွင်း သတင်း
■ မွန်နှင့် ကရင်ပြည်နယ်အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ် သတင်း
■ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် သတင်း
■ စစ်အစိုးရကို ဂျပန်က အကူအညီသစ်များ ပေးမည်မဟုတ် သတင်း
■ NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော သတင်း
■ ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက် သတင်း
■ မှတ်ပုံတင်ခွင့် မရသေးမီ ပါတီ (၂) ခု ဟောပြောစည်းရုံး သတင်း
■ ရွေးကောက်ပွဲ သတင်းဆောင်းပါးများ ဆင်ဆာဖြတ်တောက် ခွင့်ပြု သတင်း
■ နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ် ယခင်အတိုင်း ဆက်လက်ရပ်တည်မည် သတင်း
■ ဝ ဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား သတင်း
■ ၈၈ ကျောင်းသူ မာမာဦး ထောင်တွင်း၌ ယားယံသည့် ဝေဒနာ ခံစားနေရ သတင်း
■ ၀က်တုပ်ကွေး သံသယ တပ်မတော်နေ့ကို ဂယက်ရိုက် သတင်း
■ မူဆယ်မြို့နယ်အတွင်း အိမ်ယာမြေများ သိမ်းယူ သတင်း
■ ခမီးအမျိုးသားတဦးကို ပြန်ပေးဆွဲပီး ကျပ်သိန်း (၂၀၀) တောင်း သတင်း
■ မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ သတင်း
■ မလေးရှားတွင် တရားဝင် နေထိုင်သူများလည်း အဖမ်းခံရ သတင်း
■ “သူသေကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်သီချင်းခွေ ထွက်ပြီ သတင်း
■ ရန်ကုန်သင်္ကြန် စည်ကားရန် အာဏာပိုင်တို့ စီစဉ်နေ သတင်း
■ တောင့်ထား အန်အယ်လ်ဒီ (ဆောင်းပါး)
■ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ ရဲရဲလိုက် တိုက်ပွဲဝင်ကြရမယ့် အချိန်ဖြစ် (ဆောင်းပါး)
■ ကျယ်ပြန့်လာနိုင်တဲ့ ပြည်တွင်းစစ်အန္တရာယ် (ဆောင်းပါး)

Read More...

Monday, March 29, 2010

ဦးဝင်းတင်၏ ဒီနေ့စကား

၂၉ မတ်လ ၂၀၁၀

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဒီနေ့ကာလမှာ
ခြေပြတ်နိင်တယ်၊
လက်ပြတ်နိင်တယ်။
မှတ်ပုံတင်လိုက်ရင်တော့ ခေါင်းပါပြတ်သွားမယ်
ခြေပြတ်ရင်၊ လက်ပြတ်ရင်၊ ခြေတုလက်တုလုပ်နိင်တယ်။
ခေါင်းပြတ်ရင်တော့ ခေါင်းတုကိုလုပ်နိင်မှာ မဟုတ်ဘူး”

Read More...

ဒေါ်စု နိုင်သွားပြီ “တရွှေတော့ကျသွားပြီး နောက်တရွှေပဲ ကျန်တော့တယ်”

၂၉ မတ်လ ၂၀၁၀ ခုနှစ်



ဒီကနေ့ မတ်လ ၂၉ ရက်နေ့၊ ရန်ကုန်မြို့အဖွဲ့ချုပ် ဗဟိုရုံးမှာ ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုကော် မတီစုံညီ အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်ပေါင်း ၁၆၀ နီးပါး တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်ရာမှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ မတရားတဲ့ ဥပဒေအောက်မှာ ပါတီ မှတ်ပုံမတင်ရေး အဆို တခဲနက် အနိုင်ရသွားကြောင်း သိရပါတယ်။ မဲခွဲ ဆုံးဖြတ်ဖို့တောင် မလိုဘဲ ပွဲပြတ်နိုင်သွားကြောင်း သိရပါတယ်ခင်ဗျား။

ဦးအောင်ရွှေကတော့ နေမကောင်းဘူးဆိုပြီး အစည်းအဝေးကို မတက်ရောက်ကြောင်း သိရပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို စောင့်နားထောင်နေတဲ့ ပရိသတ်ထဲက လူငယ်တဦးက “တရွှေတော့ ကျသွားပြီ တရွှေပဲ ကျန်တော့တယ်” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ အော်ဟစ် ပြောဆိုသွားကြောင်း သိရပါတယ်။

Read More...

Weekly Political Events Regarding the Election of SPDC

March 29, 2010

Weekly Political Events Regarding the Election of SPDC

Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၃ - ၁၀ )

■ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည် သတင်း
■ ထွက်ပြေးလာတဲ့ ကလေးစစ်သား ပြန်အဖမ်းခံရပြီး သေဆုံး သတင်း
■ နိုင်ငံရေးပါတီတွေ စပြီး ကန့်သတ်ခံရပြီလား သတင်း
■ (၂၉) ရက်နေ့ အစည်းအဝေးအကြို နောက်ဆုံးတပတ် ဖြစ်ပေါ်တိုးတက်မှုများ သတင်း
■ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အမြင်သဘောထားများ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင် သတင်း
■ မန္တလေးမြို့မှာ အစိုးရဆန့်ကျင်ရေး စာတန်းတွေရေး သတင်း
■ ပြည်ခိုင်ဖြိုးက ပါတီမှတ်ပုံမတင်သေးသော်လည်း စည်းရုံးရေးလုပ်ခွင့်ရ သတင်း
■ စစ်အစိုးရကို အရေးယူဖို့ အာဆီယံ လူ့အခွင့်အရေးကော်မရှင်ကို တိုက်တွန်း သတင်း
■ မြန်မာနိုင်ငံအတွက် အင်တာနက် ထောက်လှမ်းရေးနည်းပညာ ပံ့ပိုးမှုမရှိဟု ပြင်သစ်ကုမ္ပဏီ ငြင်းဆို သတင်း
■ မလေးရှား လူဝင်မှု စစ်ဆင်ရေးအတွင်း မြန်မာအများစု အဖမ်းခံရ သတင်း
■ တပ်မတော်နေ့ အခမ်းအနားအတွက် ကျောက်စိမ်းကုမ္ပဏီများကို အလှူငွေကောက် သတင်း
■ နစကတပ်သားများ နေရာကောင်းမှ မပြောင်ကြေး ကျပ်ငွေ (၅) သိန်းထိရှိ သတင်း
■ လူသားဆိုင်ရာ အခွင့်ရေးများ ကျူးလွန်သူ နစကတပ်သားကို နစကမှူး အရေးယူ သတင်း
■ NLD မွန်ပြည်နယ် NO ပဲ သတင်း
■ ၀ါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ်ပြန် သတင်း
■ အဖွဲ့ချုပ်ရုံးတွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တော်လှန်ရေးနေ့ အခမ်းအနား အပါအ၀င် သတင်းမှတ်စု သတင်း
■ ဘက ပညာရေးစနစ်နှင့် ဘက အခြေခံလူမှုကယ်ဆယ်ရေးလုပ်ငန်း တစိတ်တပိုင်း သတင်း
■ ၀န်ကြီးချုပ် အဖိဆစ်နဲ့ ဆန္ဒပြခေါင်းဆောင်တို့ ဆွေးနွေး သတင်း
■ ၂ဝ၁ဝ ရွေးကောက်ပွဲ (သို့) စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးမိုက်တွင်းဖြစ်စေ (ဆောင်းပါး)
■ NLD ပါတီ ရွေးကောက်ပွဲ ၀င်ခြင်း မ၀င်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ (တိုက်ရိုက်လေလှိုင်း)
■ ဗမာအစိုးရ၊ ဝ၊ မိုင်းလားနဲ့ တရုတ် (မျက်မှောက်ရေးရာ)

Read More...

Sunday, March 28, 2010

ဦးဝင်းတင်နဲ့ စကားလက်ဆုံ - ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသောလူထုပါတီ - အင်န်အယ်ဒီ

မတ် ၂၇၊ ၂၀၁၀

ယမန်နေ့က ဟံသာဝတီဦးဝင်းတင်နဲ့ ထပ်မံတွေ့ဆုံ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီ ရပ်တည်ချက် အလားအလာမှာ မြန်မာ ပြည်တွင်းမှာကော မြန်မာ ပြည်ပမှာပါ အင်န်အယ်ဒီ ပါတီဝင်တွေက ပါတီကို မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မ၀င်နိုင်ဘူးဆိုတဲ့ တခဲနက်သော သဘောထားတွေကို ရဲရဲရင့်ရင့် ထုတ်ပြန်လာတဲ့ အချိန်၊ အင်န်အယ်ဒီရဲ့ အဆုံးအဖြတ်ကိုပေးမယ့် ခေါင်းဆောင် ၁၀၀ ကျော်ရဲ့ အစည်းအဝေး ကလည်း နီးကပ်လာချိန်မှာ ပါတီရဲ့ ရှေ့ရေးကို အဓိကထားပြီး မေးမိပါတယ်။

အခုသည်စကားလက်ဆုံ (အင်တာဗျူး)ကို မေးသူရဲ့ တင်ပြပုံနဲ့ပဲ ရေးဖို့ ရွေးချယ်ထားပါတယ်။ ဆရာဦးဝင်းတင် ပြန်လည် ဖြေဆိုချက်တွေထဲက ကောက်နုတ် ဖော်ပြချက်တွေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောဖြစ်တဲ့ အချက်ကတော့ - အင်န်အယ်ဒီဟာ အများက ဟောကိန်း ထုတ်နေကြသလို ကွဲကြမှာလား၊ ခွဲကြမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာက ပြန်လည် ဖြေကြားရာမှာ -

စစ်အစိုးရက ချပေးထားတဲ့ အကွက်ထဲမှာ အင်န်အယ်ဒီပါတီဟာ ကွဲလို့လည်း မဖြစ်ဘူး၊ ခွဲလို့လည်း မဖြစ်ဘူး။ အဓိက စဉ်းစားကြရမှာက ပါတီနဲ့ ပါတီဝင်တွေ အားလုံး တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်တယ်။ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်လည်း စစ်အစိုးရရဲ့ လမ်းကြောင်းနောက်ကို လိုက်တာ ဖြစ်သွားတော့မယ်။ ပါတီကို မှတ်ပုံမတင်ဘူး ဆိုရင်လည်း အခု စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ မေလ ၇ ရက်မှာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်တယ်။ အဲဒီ အကြပ်အတည်းတွေကြောင့် ပါတီမှာ ရှိနေတဲ့ လူနည်းစု သဘောထားကပဲ ဖြစ်ဖြစ်၊ လူများစု သဘောထားကပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို ဇွတ်တိုး လုပ်ကြလို့ ရှိရင်လည်း ပါတီဟာ ကွဲကြ ပြဲကြပြီးတော့ အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ သည်တော့ ခုချိန်မှာ အဲသလို နှစ်ဖက်စလုံးက အရှုံးတွေကို မရွေးမိကြဖို့ လိုတယ်။ လို့ ပြန်လည် ဖြေကြားပါတယ်။

အဲသည်မှာ ဆက်မေးမိတဲ့ မေးခွန်းကတော့ ပါတီကနေ “ထွက်”ကြတယ်။ “ထုတ်” ကြတယ် ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရတဲ့ အချိန်ကစပြီး နိုင်ငံရေးနယ်ပယ်မှာ လူတွေ ကွဲကြ၊ ပြဲကြတယ်။ ပြီးတော့ သဘောချင်း မတူကြလို့ မညှိနှိုင်းနိုင်ကြလို့ ပါတီထဲက အဖွဲ့တွေထဲက ထွက်ကြတယ်၊ ထုတ်ကြတယ်။ မဆလပါတီလမ်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေကိုယ်တိုင် နောက်ကျတော့ ထွက်ကုန်ကြတယ်။ အထုတ်ခံကြရတယ်။ ဘေးထွက် ထိုင်ကြတယ်။ ဘေးကနေ ပြောကြ ဆိုကြတာတွေ ဖြစ်လာတာလဲရှိ၊ မှိန်ပြီး ပျောက်ရှ သွားတာတွေလည်း ရှိတယ်။ အဲသည်လိုမျိုး အခြေအနေကို အင်န်အယ်ဒီ ပါတီအနေနဲ့ ဘယ်လို ရင်ဆိုင်မှာလဲ၊ ဦးဝင်းတင်က ဘယ်လို သဘောထား ရှိသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာ့ ပြောကြားချက်တွေထဲက အဓိက အချက်တွေကို ပြန်လည် တင်ပြရမယ် ဆိုရင် -

ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက် အနေနဲ့ကတော့ ပါတီကို မှတ်ပုံ မတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့ လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေး ဆုံးဖြတ်ကြတဲ့ နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစု အနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ … ဟု ဆိုပြီး ဖြေကြားပါတယ်။

ယခုလက်ရှိအခြေအနေမှာ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့ အများစုဆန္ဒက ဘယ်လိုလဲ။ ဘယ်ကို ဦးတည်နေသလဲ ဆိုတဲ့အချက်။ ပြီးတော့ အနည်းစုရဲ့ ဆန္ဒရဲ့ ဦးတည်ချက်တွေကို ထပ်မံပြီး မေးမြန်းပါတယ်။ ဆရာက …

ခုချိန်မှာ ပြည်နယ်တွေ တိုင်းတွေက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေရဲ့ သဘောထား ၇၀ ရာခိုင်နှုန်းက မှတ်ပုံ မတင်ရေး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မထုတ်ပြန်ခင် ကတည်းက သူတို့တတွေက မှတ်ပုံ မတင်နိုင်ဘူးလို့ အများစုက ဆိုထားတယ်။ ဒါ့အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း အဲဒီသဘောကို ထုတ်ဖော် ပြောဆိုပါတယ်။ ဥပမာ အက်စ်အင်န်အယ်ဒီ ပါတီ အစရှိသည်ဖြင့်။ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲ ၀င်ဖို့ဘက်က စည်းရုံး ပြောဆိုတာတွေ ရှိပေမယ့် အများစုက နိုးလို့ ဖြေထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတကာကကော၊ ယူအင်မှာပါ မြန်မာ့အရေးကိစ္စကို ဆွေးနွေးနေရတဲ့ အချိန်လည်း ဖြစ်လာပါတယ်။ နယ်စပ်က တိုင်းရင်းသားတွေရဲ့ သဘောထားကလည်း တညီ တညွတ်တည်း ရှိနေတယ်။ အဲသည် အချိန်မှာ တစုတစည်းတည်း တညီတညွတ်တည်း တသံတည်း ရပ်တည်ကြရမှာ ဖြစ်ပါတယ်။
ပြောချင်တာကတော့ အခု နအဖ ချပေးထားတဲ့ လမ်းကြောင်းက ၂ ဖက်စလုံး ဘယ်ဟာပဲ ရွေးရွေး အရှုံးချည်းနဲ့ လမ်းတွေ ဖြစ်နေတယ်။ ကျနော်တို့က ကျနော်တို့တွေ အချင်းချင်းမှာ သဘောထားကြီးကြီး ထားကြရမယ်။ အဆိုးဆုံး အနေနဲ့ အရှုံးချင်း တူနေရင်တောင် ကျနော်တို့က ညီညီညွတ်ညွတ် အရှုံးခံနိုင်ကြရမယ်။ နအဖ လမ်းကြောင်းကို မလိုက်နာနိုင်ဘူး ဆိုရင် ကျနော်တို့ပါတီ အလံကို မလွှင့်ထူဘဲ ခေါက်ထားနိုင်ရမယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသံတည်းနဲ့ ညီညီညွတ်ညွတ် ပါတီအလံကို လွှင့်ထူနိုင်တဲ့ အချိန်လည်း နောင်မှာ ရောက်လာမှာ ဖြစ်တယ်။

ယခုလိုမျိုး အချိန်ကာလတိုတိုအတွင်းမှာ နအဖစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့ ခြေလှမ်းတွေ ပြင်ဆင်လာတယ်။ အဲသည်အတွက် အခြားသော နိုင်ငံရေး အစုအဖွဲ့တွေ၊ လူတွေ၊ ပုဂ္ဂိုလ်တွေကလည်း လှုပ်ရှား လာကြတယ်။ သို့သော် အဲဒါတွေထက် ပိုပြီး အံသြစရာ ကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခြေအနေ တခုကတော့ အခုလို အချိန်တိုတို အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီ ပါတီက ပါတီခေါင်းဆောင် အသီးသီး၊ လူငယ်၊ အမျိုးသမီးနဲ့ ဒေသ အသီးသီးက ပါတီဝင်တွေ အားလုံးရဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှုတွေ၊ ရဲရင့်မှုတွေ၊ ပွင့်လင်းတဲ့ ပြောဆိုဆွေးနွေး လှုပ်ရှားမှုတွေ၊ ညီညွတ် စည်းလုံးမှုတွေ ဖြစ်ပေါ် လာနေတာကို တွေ့ရတာ ဖြစ်ပါတယ်။ အဲသည်လို အလွန် အားကောင်းတဲ့ ရဲရင့်မှု၊ စည်းလုံးမှုတွေနဲ့ ပါတီ တရပ်ဟာ ဘယ်လိုမျိုး လုပ်ကိုင်စရာတွေ ခြေလှမ်းတွေကို အခုလိုမျိုး အချိန်တိုတို အတွင်း ဆက်လက် လှုပ်ရှားနိုင်မှာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာရဲ့ သဘောထားက -

ကျနော်တို့မှာ နိုင်ငံရေးပါတီတရပ် အနေနဲ့ အခုလိုမျိုး ရပ်တည်ပြီးတော့ ဦးဆောင်မှုတွေ လှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ ဒီထက်ပိုပြီး ထိတွေ့ကြရမယ်။ တွေ့ဆုံရှင်းလင်း နားလည်မှုတွေ ယူကြရမယ်။ ဒါ့အပြင် ကိုယ်နဲ့ ဝေးကွာနေတဲ့ ပြည်သူတွေ၊ ပါတီဝင်တွေ၊ မိသားစုဝင်တွေနဲ့လည်း အခုလို အချိန်တိုတိုပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပြောဆိုဆွေးနွေး လက်တွဲကြရမယ်။ ချိတ်ဆက်ကြရမယ့် အလုပ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ရဲရင့်တဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။ ဦးတင်ဦးကလည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး ရပ်တည်ပြီး ဦးဆောင်မှု ပေးနေတယ်။

အခုချိန်မှာ ကျနော်တို့က အင်န်အယ်ဒီပါတီအနေနဲ့ အားလုံးအတူတူ လက်တွဲပြီးတော့ ရဲရဲရင့်ရင့်နဲ့ စည်းစည်း လုံးလုံး ရပ်တည် ကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီအချိန်မှာ ပါတီဝင်တွေက လူထုရှေ့မှာ စစ်အစိုးရ ရှေ့မှာ ကွဲတာတွေ၊ ခွဲတာတွေ ပြောပြီး အချိန်ဖြုန်းရမယ့် အချိန် မဟုတ်ပါဘူး။ ပြီးတော့ အခုချိန်မှာ ပါတီနဲ့ လက်တွဲကြပါ။ ပါတီကို လက်တွဲဖြုတ်ပြီးတော့ စစ်အစိုးဆီမှာ လက်နက် သွားချရမယ့် အချိန် မဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ (၂၇ - ၃ - ၁၀ )

■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းက ပါတီမှတ်ပုံမတင်သင့်ဟု ဆုံးဖြတ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို သတင်း
■ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အန်အယ်လ်ဒီရုံးချုပ်တွင် ကျင်းပ သတင်း
■ ၀ါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့ ကြေညာချက်ထုတ် သတင်း
■ နေပြည်တော်၌ (၆၅) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ သတင်း
■ လိုအပ်ရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ပါမယ် သတင်း
■ ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင် သတင်း
■ မလျော်ကန်သည့် မဲဆွယ်မှုကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြော သတင်း
■ မတ် (၂၇) နေပြည်တော်မြင်ကွင်း သတင်း
■ တပ်မတော်နေ့ သတင်းယူရန်သွားသည့် စီအန်အန်သတင်းထောက်ကို နှင်ထုတ် သတင်း
■ စစ်အစိုးရ၏ လုပ်ဆောင်ချက် စိတ်ပျက်ဒေါသထွက်ဖွယ် - ဘန်ကီမွန်း သတင်း
■ ပါတီ မှတ်ပုံမတင်ရန် ကျောင်းသားခေါင်းဆောင်များနှင့် သံဃာ့တပ်ပေါင်းစု ပန်ကြား သတင်း
■ အဖွဲ့ချုပ် လူငယ်ထုက ပါတီ မှတ်ပုံမတင်ရေး သဘောတူ ဆုံးဖြတ် သတင်း
■ မွန် MNDF ရွေးကောက်ပွဲ မဝင် သတင်း
■ နိုင်ငံရေးပါတီများ ထုတ်ဝေခွင့် ညွှန်ကြားချက် ထုတ်ပြန် သတင်း
■ အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို သတင်း
■ ဗကသခေါင်းဆောင်ဟောင်း ကိုညိုထွန်း နိုင်ငံရေးပါတီဖွဲ့ရန် ပြင်ဆင် သတင်း
■ ရန်ကုန်သင်္ကြန်မဏ္ဍပ်နှင့် ပတ်သက်၍ စည်းကမ်းတင်းကျပ် သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် ဘာလဲ ဘယ်လဲ (ဆောင်းပါး)
■ မကြာခဏ မှားတတ်ကြတဲ့ ဦးဉာဏ်ဝင်း နှစ်ယောက် (ဆောင်းပါး)

Read More...

Saturday, March 27, 2010

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည် ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။

လက်ရှိ စစ်အစိုးရ လက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။

မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်း တယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေး နေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှား သေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေး ဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ် တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော် အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံ ဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေး ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောပြီးတဲ့နောက်၊ အဲဒီက နေပြီးတော့ စပြီး ချီတက်တာကို အမှတ်အသား အနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေ လုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ် ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ် တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ် တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့ အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေ အနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါ ဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေး ဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံး လုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့ တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ် တော်လှန်ရေးနေ့ပါ။ ဖက်ဆစ် တော်လှန်နေ့က အမည် နာမ အနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆို လုပ်ကိုင် လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြား တာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ် တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့ အခါမှာ ဂန္ဓီ စာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက် ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေး ဆိုတာက ပြည်သူလူထု အားလုံးနဲ့ တပ်မတော် သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက် တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည် ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင် ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေ အတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ် အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ် ဆိုတဲ့ အနေနဲ့ လုပ်ကိုင် သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင် သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာ ဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထု အပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေ အပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်း ကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့ အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့ နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့ အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင် ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေ ကတော့ မကောင်းတဲ့ အတွေး အခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘော သဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန် ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့ သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်း အလျောက်ပေါ့။ တပ်မတော်သားတွေ အနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ် စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ် စောင့်ရှောက်တဲ့ အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေ ထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေး အတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံ ကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာ အလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့် ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့ အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစား ပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင် နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန် ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန် ထမ်းဆောင်နေစဉ် အတွင်း၊ စစ်ဘက်မှာ တာဝန် ထမ်းဆောင်နေစဉ် အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော် အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ် ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည် တခုမှာ စည်းလုံး ညီညွတ်မှုနဲ့ တပ်မတော်သား တခုလုံး ညီညီညာညာ ဖြစ်ရမယ် ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူး ဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင် တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်း ကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင် ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလို မဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေး သောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်း ပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေ အရရော ပိုမို ကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့ အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်း ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမို ဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့ အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက် ကောင်းမွန်အောင် လုပ်ကိုင် ဆောင်ရွက်ပေးသွားမယ် ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည် သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြ ချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ် ပေးရမယ် ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စ အဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေ ကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြား ဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင် သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''

Ref: မဇ္ဈိမ

Read More...

တရားခံက တပ်မတော်

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက်

၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများ ထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများ ဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်း တင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန် ပြောဆိုချင်လဲ ခင်ဗျ။

''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့ အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ် ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံး စွန့်လွှတ်လိုက်ပြီ လို့လည်း ပြောလို့ ရပါတယ်''

''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေ အပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့ အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူ လူထုတွေနဲ့ ဖက်ဆစ် တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ် ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''

မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လို ကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲ ခင်ဗျ။

''အရင်တုန်းက တပ်မတော်က ပြည်သူလူထုကို ကယ်တင်ဖို့အတွက်၊ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဖက်ဆစ် နယ်ချဲ့ကို မောင်းထုတ်ဖို့ အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့ အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူ လူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်း ညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံး ညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခု ကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်း ညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''

မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက် လာတာလဲခင်ဗျ။ နိုင်ငံရေး နောက်ခံလေး ပြောပြ စေချင်ပါတယ်။

“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာ ရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့က နေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုး ရောက်အောင်၊ ဒီလမ်း ရောက်အောင် တမင် တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ် ဆိုတော့ ပြည်သူတွေ ကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရ လက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက် ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူး ဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာ သိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာ ပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ် အတွင်း ဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာ ပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာ အရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေ သုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''

မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ အတွက်ပဲ တပ်မတော်ကို ထားချင်ကြ ပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။

“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခ ရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခ ရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည် မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့ ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်း နိုင်ငံတွေ နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထား ရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေး အညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'

မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။

“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထု အပေါ်မှာ သံယောဇဉ် ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေ ကနေ ပြန်လည် ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့် အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်''


Ref: မဇ္ဈိမ


Read More...

နေ့စဉ်သတင်းများ ( ၂၆ - ၃ - ၁၀ )

■ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လူငယ်များ စာဖတ်ဝိုင်းကျင်းပ သတင်း
■ အဖွဲ့ချုပ်လူငယ်များ၏ (၇) ကြိမ်မြောက် ပြည်နယ်တိုင်း အစည်းအဝေး ဦးတင်ဦး တက်ရောက် သတင်း
■ နိုင်ငံရေးကင်းတဲ့ ပြည်သူချစ်တပ်မတော်တရပ်ဖြစ်ဖို့ ခေါင်းဆောင်ဟောင်းတွေ တိုက်တွန်း သတင်း
■ ဖက်ဆစ်တော်လှန်ရေးနေ့ သတင်း
■ အန်အယ်လ်ဒီ မှတ်ပုံမတင်ဖို့ တိုက်တွန်းချက်တွေ ထွက်ပေါ်လာ သတင်း
■ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကို ဂျပန်အစိုးရ မြင်တွေ့လို သတင်း
■ စာပေစိစစ်ရေးက ခွင့်ပြုမှ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေခွင့်ရမည် သတင်း
■ မြန်မာနိုင်ငံအရေး စက်မှုထိပ်သီး (၈) နိုင်ငံ ညီလာခံမှာ ဆွေးနွေးသင့် သတင်း
■ မြန်မာနိုင်ငံအခြေအနေကို ကုလ လူ့အခွင့်အရေးကောင်စီ ရှုတ်ချ သတင်း
■ မြန်မာရွေးကောက်ပွဲဥပဒေကို ကုလအတွင်းရေးမှူးချုပ် စိတ်ပျက် သတင်း
■ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းရေး စစ်အစိုးရ ILO နဲ့ ဆွေးနွေး သတင်း
■ လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင် ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ သတင်း
■ အဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့်များကို ရှေ့နေများကောင်စီ ရှင်းလင်းပြောကြား သတင်း
■ ပါတီရေးရာကိစ္စများ အများဆန္ဒအတိုင်း လက်ခံမည် သတင်း
■ ပါတီစာပေရေးရာများ စစ်အစိုးရကို မဝေဖန်ရ သတင်း
■ ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင် ဟောပြော သတင်း
■ နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ် သတင်း
■ မွန်တပ်ဦးက ရွေးကောက်ပွဲမ၀င်၊ မွန်ပါတီသစ်တခု ပေါ်ပေါက်ဖွယ်ရှိ သတင်း
■ ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက် သတင်း
■ တပ်မတော်နေ့ကြောင့် ဧည့်စာရင်းတိုင်မရ၍ ပြည်သူများ အခက်ကြုံ သတင်း
■ ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူ သတင်း
■ တောင်ပေါ်သား ကျန်းမာရေးအတွက် ဘတ် သန်း (၅ဝဝ) နီးပါး ထိုင်းက ထောက်ပံ့ သတင်း
■ တရားဝင် ရွှေ့ပြောင်းနေထိုင်သူများအား ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသခွင့်ပေးမည် သတင်း
■ တရုတ်အင်ဂျင်နီယာ (၆၀) ဖြင့် ဂတ်စ်ပိုက်လိုင်းစီမံကိန်းကို မဒေကျွန်း၌ စတင်လုပ်ကိုင်ပြီ သတင်း
■ တက္ကသိုလ်ကျောင်းသူ မဖြူဖြူကို သတ်သူ တရားခံကို ဖမ်းဆီးပြီး တရားစွဲပြီ သတင်း
■ ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသော လူထုပါတီ - အန်အယ်လ်ဒီ ( ဦးဝင်းတင်နဲ့ စကားလက်ဆုံ)
■ တပ်မတော်သားများအတွက် ပြည်သူသာ အမိအဖ ဖြစ်စေလို (ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး နှင့် အင်တာဗျူး)
■ တရားခံက တပ်မတော် (ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် အင်တာဗျူး)
■ အကျပ်အတည်းကာလ NLD ခေါင်းဆောင် (၂) ဦး၏ အမြင်များ (အင်တာဗျူး)

Read More...

တော်လှန်ရေးနေ့အကြို ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးပန်ကြားချက်

March 27, 2010

Read More...

အပေါ်သို့