ဖေဖေါ်ဝါရီ ၉ ရက် ၂၀၁၁

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....
နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေ ဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....
(အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ ...
ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို ...
သူတို့ ရင်ခုန်နေကြတယ် ...
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။)
Read More...
Collapse...
အင်္ဂါနေ့၊
ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ။
ပြည်ထောင်စု ရှေ့နေချုပ်
ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများကို ခန့်အပ် နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း ရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဥပဒေချုပ် တို့ဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂ဝ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တရားလွှတ်တော် တရားသူကြီးများနှင့် ဥပဒေ (ဘာလဲ) ချုပ်များ၊ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်နိုင်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများကို ခန့်အပ် နိုင်ကြောင်းလည်း တွေ့ရသည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်မည့် ဝန်ကြီးများကိုမူ ကာကွယ်ရေး ဦးစီးချုပ်က ပေးသည့် တပ်မတော်သားများ ကိုသာ ခန့်ရမည် ဖြစ်သည်။
သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၂။ ။ အရ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့် ရှိသည်။ အမိန့်ကို ပြန်ရုပ်သိမ်းခြင်း မရှိလျှင် ရက်ပေါင်း ၆ဝ အတွင်း အနီးဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အတည်ပြုချက် ယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မရှိလျှင် ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေး ခေါ်၍ အတည်ပြုချက် ယူရမည်။
သမ္မတက အရေးပေါ်အခြေအနေ ကြေညာခြင်း
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၅။ ။ အခြေအနေ ၃ ရပ်ကို အခြေခံ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ဖြင့် အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော် အာဏာကို အကြမ်းဖက်မှုဖြင့် ရယူရန် ဆောင်ရွက်၊ ကြိုးစားခြင်းကြောင့် ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် အခြေအနေ ရှိသည်ဟု ယူဆပါကလည်း ကြေညာမည် ဖြစ်သည်။
ပုဒ်မ ၈၇ အရ တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး စစ်အုပ်ချုပ်ရေး အမိန့် တရပ်လည်း ထုတ်ပြန်နိုင်သည်။ ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်များကို သတ်မှတ် ပေးနိုင်သည်။
ပုဒ်မ ၈၅ ပုဒ်ခွဲ ခ အရ ပြည်သူများ၏ အသက်စည်းစိမ်ကို ထိပါး နိုင်မည့် အခြေအနေ ရှိသည်ဟု ယူဆပါက ပုဒ်မ ၉ဝ အရ နိုင်ငံ တဝန်းလုံးသို့ အမိန့် ထုတ်ပြန်သည့် နေ့ရက်မှ တနှစ်အထိ အရေးပေါ် အခြေ အနေ အဖြစ် ကြေညာမည်ဖြစ်သည်။ ယင်းဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်လက်သို့ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ လွှဲအပ်သည့်နေ့မှ စ၍ သမ္မတနှင့် ဒုသမ္မတများမှ အပ သက်ဆိုင်ရာ လွှတ်တော် များ၏ သဘော တူညီချက်ဖြင့် တာဝန် ပေးထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ဒေသ ဦးစီး အဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်။
လွှတ်တော်၏ အတည်ပြုချက်ယူရန် မလိုပဲ သမ္မတက တိုက်ရိုက် ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့အရ အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများ ကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ်ဆိပ်ကမ်း တည်ဆောက် ရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှု ပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး ဆိုင်ရာကိစ္စ၊ သဘာဝ စွမ်းအင် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး စသည်တို့ ဖြစ်သည်။
Ref: မဇ္ဈိမ
Read More...
Collapse...
ဦးသားညွန့်ဦး ။
အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
မြန်မာနိုင်ငံတွင်း စီးပွားရေး အကျပ် အတည်း တွေဟာ အနောက် နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ မှုကြောင့် မဟုတ်ဘဲ အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေ ကြောင့်သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန် လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ မှုတွေကို ဆက်လက် ထားရှိ သွားမယ်လို့ ပြောလိုက် ပါတယ်။ အခုလို အရေးယူမှု တွေဟာ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ မယ်မယ်ရရ မတွေ့ရ သေးတာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ နဂို ချမှတ်ထားတဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ မရှိသေးဘူးလို့ တုံ့ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ကြည့်ရင် အမေရိကန် ပြည်ထောင်စုက လက်ရှိ ချမှတ်ထားတာဟာ အပြင်းထန်ဆုံးလို့ ပြောရမှာပါ။
အထူးသဖြင့် စစ်အစိုးရ စစ်တပ် အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး သမားတွေကို ပစ်မှတ်ထားပြီး ငွေကြေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ အရေးယူ ထားတာတွေ ပိုပြီး ထိရောက်တယ်လို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အတော်များများက ယူဆပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်တဲ့ အရေးယူမှုဟာ မြန်မာလူထုကို ထိခိုက်စေသလို ပစ်မှတ်ထား အရေးယူမှုဟာလည်း ထင်သလောက် ထိရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေလည်း အတော် ကျယ်လောင် ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာ့စီးပွားရေး အကျပ်အတည်း တွေဟာ ဒီ အရေးယူ ဒဏ်ခတ် မှုတွေကြောင့် မဟုတ်ဘဲ စစ်အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒ လမ်းညွှန်မှုတွေ ကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့တော့ လက်ရှိ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖိအားပေးဖို့ အရေးယူမှုတွေကို ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိ တဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေ အနေနဲ့ ထင်သာမြင်သာတဲ့ အရေးယူ ကိုင်တွယ် ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်ထား ရှိပါမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားပါတယ်။”
ဒါပေမဲ့လည်း အရေးယူမှုကြောင့် လူထုကို ဘယ်လောက် ထိခိုက်စေသလဲ ဆိုတာတွေကိုလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မပြတ် အမြဲတမ်း လေ့လာနေတယ်လို့လည်း ပြောပါတယ်။
“ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုဟာ ဘယ်လောက်အထိ ထိရောက်သလဲ ဆိုတာနဲ့ ဘယ်လောက်အထိ ထိခိုက် စေသလဲ ဆိုတာတွေကို ဒီမိုကရေစီ အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း တွေနဲ့ ပုံမှန်မပြတ် ဆွေးနွေး တိုင်ပင်မှု ရှိပါတယ်။”
တကယ်တော့ လွှတ်တော်တွင်း ၀င်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများ၊ ကိုယ်စားလှယ် အတော် များများက စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်စဉ်းစားဖို့ ပန်ကြား ထားတာပါ။
USCB အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင် ကတော့ တိုင်းပြည် စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှု တခုတည်းကို ဇောင်းပေး ပြောဆိုနေတာ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“တကယ့် တိုင်းပြည်ရဲ့ ပြဿနာတွေကို သေချာစဉ်းစား သုံးသပ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုပါတယ်။ တကယ်ကိုပဲ လူထု အကျိုးစီးပွား ဦးစားပေးကြမယ်ဆိုရင်၊ လက်ရှိကာလမှာ နအဖ စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာကို သိမ်းပိုက် ထားမှုတွေ၊ မမျှမတ စီမံခန့်ခွဲမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ လာဘ်စားမှုတွေ စသဖြင့်ပေါ့၊ အလွဲသုံးစား လုပ်မှုတွေ၊ မှန်ကန်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ မရှိတာ၊ ဒါတွေအားလုံးက တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုကို ဦးဆောင်နေတာပါ။
“တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် Sanction ကို အဓိကထား ကြည့်ရမယ့် အစား ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ ပြဿနာတွေကို အရင်ဆုံး အဖြေရှာရမှာပါ။ အဲဒီလို အဖြေရှာဖို့ အတွက် သူတို့ကိုယ်နှိုက်က နအဖ စစ်အုပ်စုကိုရော၊ အခု တက်လာမယ့် ပုံသဏ္ဌာန် ပြောင်းသွားမယ့် အစိုးရ သစ်ကိုရော ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြဖို့ လိုပါတယ်။ အဲဒီလို ပြည်တွင်း မှာတော့ တကယ်တမ်း တာဝန်ရှိတဲ့ စစ်အုပ်စုကို တိုက်ရိုက် မပြောရဲဘဲနဲ့ နိုင်ငံတကာ Sanction တွေကို လာပြီး ဦးစား ပေးနေမယ်ဆိုရင် သူတို့ရဲ့ လူထုအပေါ် သစ္စာရှိတယ်၊ ယုံကြည်တယ်ဆိုတဲ့ အချက် အလက်တွေကတော့ အင်မတန် သံသယရှိစရာ ဖြစ်ပါလိမ့်မယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အရေးယူ ဒဏ်ခတ်မှုရဲ့ ရိုက်ခတ်မှုတွေကို လေ့လာ သုံးသပ်ရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဝေဖန်တာတွေဟာ တိုင်းပြည်အတွင်း လတ်တလော ဖြစ်နေတဲ့ အဓိက ပြဿနာရပ်တွေ ကနေ အာရုံလွှဲမှု ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေဟာ တောင်းဆိုချက် တွေကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စဉ်းစား ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း ထောက်ပြသလို အဲဒီနိုင်ငံတွေက စိုးရိမ်နေတဲ့ မြန်မာနိုင်ငံတွင်း ပြဿနာရပ် တွေကို ကိုင်တွယ် ဖြေရှင်းခြင်းကသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေ အတွက်လည်း စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်တွေကို တောင်းဆို ထားပါတယ်။
Ref: VOA News
..
Read More...
Collapse...
Tuesday, 08 February 2011 ။
။ တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထု ကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူ အခွင့်အရေးနှင့် ဒီမိုကရေစီ အရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များ တွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထား ကြီးရမယ်၊ နားလည်မှု ရှိရမယ်၊ ကွန်ရက် ဆိုတဲ့ အခြေခံ သဘောထားကို နားလည် နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့ သဘောထား၊ တူညီတဲ့ လုပ်ငန်းစဉ်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆောင်ရွက် သွားရမယ်။ ကွန်ရက် လုပ်နေတယ်၊ လာမရှုပ်နဲ့ ဆိုတာမျိုး မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူး ဆိုတာမျိုး မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့ လူကြီးတွေထက် ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင် ကွန်ရက်ရဲ့ ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။
လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီ ဖြစ်တဲ့ အတွက် နိုင်ငံရေးလုပ် အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့ လုပ်ဆောင် သွားမယ်” ဟု ဆိုသည်။
ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက “ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစု ဆိုတော့ ပတ်ဝန်းကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေး ဆိုတာ အန်တီစု အဓိပ္ပာယ် ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့ အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။
တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့် အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီး ဖြေကြားပေးကြောင်း သိရသည်။
ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့နှင့် ဧရာဝတီတိုင်းမှ လူငယ် ရှေ့နေများ ကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံ ဆွေးနွေးပွဲသို့ နေရာ အခက်အခဲကြောင့် မတက်ရောက် နိုင်သော တခြား ပြည်နယ် နှင့် တိုင်း ဒေသ အသီးသီးမှ လူငယ်များနှင့် ထပ်မံ တွေ့ဆုံသွားမည်ဟု သိရှိရသည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါ လှုပ်ရှားမှုများတွင် တိုးတက်မှုများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Ref: ဧရာဝတီ်
Read More...
Collapse...
Monday, 07 February 2011
သိန်းနိုင်
ပြီးခဲ့သည့် ရက်သတ္တပတ် များတွင် တော်လှန် လှုပ်ရှားမှုများမှာ ဗိုင်းရက်စ်ပိုး ကဲ့သို့ပင် ကျယ်ကျယ် ပြန့်ပြန့် လျင်လျင် မြန်မြန် ကူးစက် သွားခဲ့ပြီ ဖြစ်သည်။ တူနီရှားမှသည် အီဂျစ်ဆီသို့။
အနီးအနား တိုင်းပြည်များဖြစ်သည့် ဂျော်ဒန်နှင့် ယီမင်တို့ တွင်လည်း ဆန္ဒပြမှုများ၊ ဆူပူမှုများ ဖြစ်ပွား လာတော့သည်။ ထပ်မံ ပြန့်ပွားနိုင်သည့် နောက်တစ်နိုင်ငံမှာ ဆီးရီးယား ဟူ၍ အသံများလည်း ပေါ်ထွက်နေဆဲ။
ဆန္ဒပြမှု ပျံ့နှံ့နှုန်းထားမှာ ကြောက်ခမန်းလိလိ။ ဤဆက်တိုက် ဖြစ်စဉ်များမှာ လွန်ခဲ့သော နှစ် ၂၀၀ အတွင်း ဖြစ်ပွားခဲ့သည့် မကျေနပ်မှု ကာလများနှင့် လှုပ်ရှားမှုများ၏ ပဲ့တင်သံများ ပင်တည်း။

၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသည့် ရိုက်ခတ်မှုမှသည် ၁၈၄၈ ခုနှစ်တွင် ဥရောပ တ၀ှမ်းလုံး ရုန်းကန် တော်လှန်ခြင်း ဖြစ်စဉ်များတွင် မတည်ငြိမ် မှုများသည် ပို၍ပို၍ မတည်ငြိမ်မှုများကို ဆက်တိုက် ဖြစ်ပွား စေခဲ့ပါသည်။ ထပ်မံ၍ ဖြစ်ပွားရလေပြီ။ လူထု ဆက်သွယ်ရေး နည်းပညာများကြောင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့မှု အလျင်အမြန် ဖြစ်ထွန်းလို့ လာနေသည်။
“တော်လှန်လှုပ်ရှားမှုတွေဟာ ကူးစက် တတ်ပါရဲ့” ရိုလာမြို့၊ မစ်ဆော်ရီ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ စစ်သမိုင်း ပညာရှင် ဂျွန်မက်မန်းနပ်စ်က မှတ်ချက်ပြုသည်။ “သမိုင်းကနေ သင်ခန်းစာ ယူကြဖို့ရာ ဆိုရင် အဲဒါ ဘယ်လိုပုံမျိုးနဲ့ ဖြစ်လာမယ် ဆိုတာကိုတော့ စဉ်းစား ခန့်မှန်းလို့ မရနိုင်တာပါ။ ကြောက်စရာပေါ့နော။ တာ စလွှတ်လိုက်ပြီ ဆိုတာနဲ့ အင်အားတွေဟာ ဘယ်နေရာတွေ အထိ ပျံ့နှံ့ သွားနိုင်တယ် ဆိုတာကို စဉ်းစားလို့ မရနိုင်ပါဘူး။”
အဦးအစ သမိုင်း ဥပမာအနေဖြင့် ဗြိတိန်အင်ပါယာကို ဆန့်ကျင်ခဲ့ဖူးသော အမေရိကန် တော်လှန်ရေးကို ပြရမည်ဟု ထင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် အောင်ပွဲ ၀င်နိုင်မှုကြောင့် ပြင်သစ်များ အတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့ပြီး သူတို့ ကိုယ်ပိုင် လွတ်လပ်ရေးကိုလည်း ၁၇၈၉ ခုနှစ်တွင် ဆွတ်ခူး ရယူနိုင်ခဲ့ပြန်သည်။ ဤသည်မှာ သမိုင်း သုတေသီများ၏ အမြင်တူသော သုံးသပ်ချက် တစ်ခုလည်းဖြစ်သည်။
ပိုမိုကျယ်ပြန့်သော ပြင်သစ်တော်လှန်ရေးမှာ ၁၈၄၈ ခုနှစ်တွင် စတင် ဖြစ်ပွား ခဲ့ပြန်သည်။ ဖိနှိပ်ခံ၊ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိရှာကြသော အလယ်လတ်တန်း အောက်လွှာ လူထုကြီးက ဘုရင် လူးဝစ်ဖီလစ်၏ အဂတိ လိုက်စားမှုများနှင့် အခွင့်ထူးခံ အုပ်ချုပ်မှုကို ဆန့်ကျင် ပုန်ကန် တော်လှန်ခဲ့ကြ၏။ ဘုရင်လူးဝစ်ဖီလစ် တိုင်းပြည်မှ ထွက်ပြေးရသည်နှင့် တော်လှန်မှု အစဉ်အတန်းကြီးမှာ ဂျာမဏီသို့ ကူးစက်ခဲ့လေပြီ။ လူထု၏ တအုံနွေးနွေး၊ ကြိမ်မီးအုံ ပူဆွေးသောကများကလည်း ထုနှင့်ထည်နှင့် အဆင့်သင့် ရှိနေခဲ့သည်ပေပဲ။ တော်လှန် ပုန်ကန်မှုများမှာ ရပ်မနားနိုင်သေး။ ထိုမှဆက်လက်၍ သြစထြီးယား၊ ပိုလိန်၊ ရုရှား၊ အီတလီတို့ကို ကျော်လွန်ပြန့်ပွား တော်လှန်ခဲ့ချေပြီ။
“တစ်ခုကနေ တစ်ခုဆီကို ဆက်တိုက်ကူးစက်ပြန့်ပွားခဲ့တာ အမှန်ပါပဲ။” မက်မန်နပ်စ်ကဆို၏။ “လူထုက ပြင်သစ်မှာ ဖြစ်နေတာကို မြင်လိုက်ရပြီ။ အေး... ဟုတ်တယ်ဟေ့၊ လုပ်လို့ရသားပဲ။ အချိန်ကျပြီလို့လည်း ထင်တယ်။ အဲဒီနှစ်မှာပဲ တောမီးလောင်သလို တော်လှန်ရေးဟာ ပျံ့နှံ့သွားခဲ့ဖူးပါရဲ့။”
အခြားသော သာဓကများဆောင်ပါအံ့။ ရက်စက်သော အာဏာရှင် အမေရိကန် အစိုးရကို မကျေနပ် သဖြင့် ၁၈၆၀ ခုနှစ်တွင် တောင်ကာရိုလိုင်းနားနယ် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ အယ်ဘားမာ၊ မစ္စစ္စပီနှင့် အခြားတောင်ပိုင်း ပြည်နယ်များက လိုက်ပါ ခွဲထွက်ခဲ့ကြသည့် ဒိုမီနို သက်ရောက်မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရ လေတော့၏။ ၁၉၈၉ ခုနှစ်တွင် ဘာလင် တံတိုင်းကြီး ပြိုလဲ ခဲ့ရသည်မှာ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်ကြသော ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ချက်ကို စလိုဗေးကီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများ၏ တော်လှန်ရေးလှိုင်း ရိုက်ခတ်ချက်များကြောင့် ပင်တည်း။
ယခုဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း အခြေအနေမှာ မတူသော နောက်ခံ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခင်း အကျင်းများ ရှိနေပါသည်။ သို့သော်ငြားလည်း အတိတ် ကာလများ၏ ဖြစ်စဉ်များနှင့် ဆင်တူလွန်း ပေသည်ဟု ကော်နဲတက္ကသိုလ်မှ မျက်မှောက်ခေတ် အီဂျစ် သမိုင်းပညာရှင် ဇအဒ်ဖာမီက ဆို၏။
အခြားသော ကူးစက်တတ်သည့် တော်လှန်လှုပ်ရှားမှုများကဲ့သို့ပင် ယခုပုန်ကန်မှုမှာလည်း ဖိနှိပ် အုပ်ချုပ် နေသော အာဏာရှင်တို့ အပေါ် မကျေနပ်ချက်များ တအုံနွေးနွေး စုဆောင်း ခဲ့ရသည့် လွန်ခဲ့သော နှစ်များစွာကပင် စတင်ခဲ့ကြောင်း သူက ရှင်းပြသည်။ မြို့ရွာအနှံ့ ကျယ်ပြန့် လာတော့၏။ အခြားသော ယဉ်ကျေးမှုပုံစံများ ပြောင်းလဲရခြင်း၌လည်း မြစ်ဖျားခံခဲ့သည်။ ဤသို့ဖြင့် ပျော်စရာ မကောင်းသော ကာလများမှာ မီးပွားကို စောင့်နေသည်နှင့် တူတော့သည်။ ဆက်တိုက် ပြိုလဲလာနေသည့် ဒိုမီနိုဖြစ်စဉ်များက ရိုက်ခတ်မည်မှာ မြေကြီးလက်ခတ် မလွဲ။
ယခုဖြစ်စဉ်၏ မီးပွားမှာ ဒီဇင်ဘာလလယ်လောက်က မိမိကိုယ်ကို မီးရှို့ခဲ့ရှာသော တူနီးရှား ဆန္ဒပြသမား တစ်ဦးရယ်ပါ။ နောက်ဆက်တွဲ ဆန္ဒပြမှုများက အလျင်အမြန်ပင် တူနီးရှား သမ္မတကို ထွက်ပြေး စေရသည် အထိပင်။ အိမ်နီးချင်း နိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြပွဲများ ကူးစက် ခဲ့တော့သည်။
တစ်ခုတည်းသော ဆန့်ကျင်တော်လှန်မှုမှသည် ကူးစက်လာစေရန်အတွက် အဓိက သော့ချက်ကား “ဆက်သွယ်ရေး” ပင် ဖြစ်သည်ဟု ဖာမီက ထပ်လောင်း ရှင်းပြသည်။ ၁၈၄၈ ခုနှစ်တွင်မူ များမကြာသေးမီက တီထွင်ခဲ့သော တယ်လီဂရဖ် ကြေးနန်း စနစ်ပင်ဖြစ်သည်။ ပုံနှိပ် သတင်းစာများနှင့်အတူ နိုင်ငံတ၀ှမ်း ဖြစ်ပျက်နေမှုများကို ပြည်သူလူထု အတွက် သတင်း သဲလွန်စများ ပေးနိုင်ခဲ့လေခြင်း။
ယနေ့တွင်မူ ဖေ့စ်ဘွတ်၊ ယူကျု့နှင့် တွစ်တာ။ အီလက်ထရောနစ် ဆက်သွယ်ရေးများ ဖျက်ဆီး ခံရသော အခါတွင်မူ အီဂျစ် ဆန္ဒပြ သူများသည် မူလ လက်ဟောင်းနည်းများဖြင့် သတင်း ဆက်ခဲ့ပြန်သည်။ ဘာလုပ် ကြမည်ကို ပုံနှိပ် ဖြန့်ဝေကြခြင်းပင်။
တော်လှန်လှုပ်ရှားမှု ကူးစက်သည်ဟု ဆိုရာဝယ် လူထု၏သည်းခြေတွင် မျှော်လင့်ချက်နှင့် စိတ်အင်အားတို့ ရလိုက်ခြင်းက အဓိကဟု ဆိုရချေမည်။ မိမိတို့နှင့် အခြေအနေချင်း တူညီသော အခြားတိုင်းပြည် လူထုက တော်လှန်ပုန်ကန် တိုက်ပွဲ ၀င်ကြလေခြင်း။ .... ထို့ပြင်တ၀.... အောင်ပွဲခံ နေကြလေခြင်း။
“သူတို့လည်း လုပ်ဆောင်နိုင်တဲ့ ပုံစံပါလားလို့ လူထုက သိမြင်လာတယ်။ တကယ်ကို ဖြစ်နိုင်တာပဲလို့ မြင်လာကြတယ်။” ဖာမီက ဆို၏။ “ကြောက်ရွံ့စိတ် အတားအဆီးကို ခွါချ ပေးလိုက် သလိုပါပဲ။”
သမိုင်းက မတတ်နိုင်သည့် အချက်တစ်ချက်ရှိလေသည်။ ကျွမ်းကျင်သူ၊ ပညာရှင် ဆိုသူများက တော်လှန်ရေး မည်သည့် အချိန်တွင် စတင် ဖြစ်ပေါ်မည်ဟု ဟောကိန်းထုတ်ရန် သမိုင်းက မလုပ်ပေးနိုင်ပါ။ မည်မျှအထိ ပြန့်နှံ့မည်၊ မည်သို့မည်ပုံ အဆုံး သတ်မည် တို့ကိုလည်း ခန့်မှန်းရန် မကူညီနိုင်။ ရလဒ်များမှာ အံ့ဘနန်း ဖြစ်ရလေ့ရှိသည်။ သို့သော် အပေါင်းလက္ခဏာ ဆောင်ချင်မှ ဆောင်မည်။ အတိတ်ကို မျှော်ကြည့်ပြီး တော်လှန်ပုန်ကန်မှု အသစ်များသည် အနာဂတ်တွင် ဖြစ်ပွား လာနိုင်ခြင်းနှင့် အအေးမိရောဂါ ဗိုင်းရပ်စ်ကဲ့သို့ ကူးစက် ပြန့်နှံ့နိုင်ခြင်းတို့ကို တားမြစ်ရန်လည်း မစွမ်းဆောင်နိုင်ကြပါ။ ဖာမီက ရှင်းပြခဲ့သည်။ တော်လှန်ရေး မည်သည် ဖော်မြူလာမရှိ။
“သမိုင်းက သင်ခန်းစာကို ဘယ်သူမှ မယူကြပါဘူး။” သူက ဆက်ပြောပြသည်။ “တရားသော တော်လှန် ပုန်ကန်မှု အသစ် အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ် ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”
သိန်းနိုင်
Ref: မောက္ခ
Read More...
Collapse...
2011-02-07
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေး ပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ် လိုက်တာဟာ သူတို့ တိုင်းရင်းသား ပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။

“ကြံ့ဖွတ် တိုင်းရင်းသားတော့ မကြိုက်ဖူး ။ တိုင်းရင်းသားပါတီက တိုင်းရင်းသားရဲ့ ခံယူချက်နဲ့ ပေါ့ဗျာ ။ ကြံ့ဖွတ်က ဆိုလို့ ရှိရင်ကတော့ သိကြားမင်းတောင် တိုင်းရင်းသားတွေ မကြိုက်ဖူးဗျ ။ ဒါတွေဟာ ။ တိုင်းရင်းသား အတွက် အလုပ်လုပ်တဲ့ လူမှ မဟုတ်ပဲ ။ တိုင်းရင်းသားတွေ လိုချင်တာဟာ သူတို့ လုပ်မှာမှ မဟုတ်ပဲ ။ တိုင်းရင်းသား အခွင့်အရေးတောင် သူတို့ သိပ်လည်း မသိဘူးလေ ။ သိဖို့လည်း တခါမှ မကြိုးစားဘူးလို့ ထင်တာပဲ။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီကနေ လွှတ်တော် အစည်းအဝေး မတိုင်ခင်က တိုင်းရင်းသား ညီအစ်ကိုများအဖွဲ့ (NBF) ကို ဖွဲ့စည်းပြီး နိုင်ငံတော် ဒုသမတ ၊ ပြည်နယ် လွှတ်တော်တွေ အပါအဝင် လွှတ်တော် ၃ရပ် စလုံးရဲ့ ဒု လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကို ရရှိဖို့ တောင်းဆိုခဲ့ပါတယ် ။
ပြည်နယ် လွှတ်တော်တချို့မှာ ကြံ့ခိုင်ရေးပါတီက သူတို့ ပါတီဝင် တိုင်းရင်းသား လွှတ်တော် အမတ်တွေကို လွှတ်တော် ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌတွေ အဖြစ် ရွေးချယ်ခဲ့ပါတယ်။
၂၀၁၀ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ ပြည်နယ်တွေကနေ အမတ်နေရာ အများစု အနိုင် ရရှိခဲ့ကြတဲ့ တိုင်းရင်းသား ၅ ပါတီ စုပေါင်းအဖွဲ့ (NBF) အထဲမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၊ ချင်းအမျိုးသား ပါတီ (CNP) ၊ ရှမ်းကျားဖြူပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ SNDP နဲ့ ဖလုံစဝေါ ကရင် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ကြပါတယ် ။
Ref: RFA News
Read More...
Collapse...
စစ်တိုင်းရုံးသစ် တိုးချဲ့နေသည့်ကာလိမြို့နယ်ခွဲအတွင်း ယာစပါးခင်းများအားကြွက် ဖျက်ဆီး ပြီး ဆန်ဈေးလည်း တက်နေ သဖြင့် ကျေးလက် ဒေသခံများအခက်တွေ့ နေရကြောင်း စုံစမ်းသိရှိရပါသည်။

ထိုင်းနိုင်ငံရောက် သျှမ်းဒုက္ခသည်များ
“တခါမှ မကြုံဖူးဘူး။ ကြွက်တွေ ဘယ်ကလာလဲမသိဘူး။ မှဲ့ဝင်းနေတဲ့ တောင်ယာ စပါးတွေကို ကြွက်က ဝင်တွယ်တာ။ ရိတ်ဖို့ ဘာမှတောင် မကျန်ဘူး။ မျက်ရည်နဲ့ မျက်ခွက်ပဲ။ စားစရာမရှိအောင်ဖြစ်သွားတာ” - ဟု လယ်သမားတဦးက ပြောပါသည်။
တောင်ယာ စပါးအား ကြွက်များဖျက်ဆီးသောကြောင့်၊ လူငယ်တချို့ မြို့ထဲဆင်းပြီး ကြုံရာ အလုပ်ဝင်လုပ်ရကြောင်း၊ တချို့မိသားစုများလည်း ထိုင်းသို့ ထွက်ပြေးအလုပ်လုပ်ရန် စီစဉ်နေကြောင်း၊ အများစုမှာ တိုးချဲ့စစ်တိုင်းရုံးသစ် ဆောက်လုပ်ရေးလုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်နေရကြောင်း ကျေးလက်ဒေသခံတဦးက ဤကဲ့သို့ပြောပြပါသည်။
“ အလုပ်ချိန်က မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ။ အလုပ်သမားက တနေ့ ၂၀၀ လောက်ရှိတယ်။ အသက် ၉ နှစ် ၁၀ ကနေ ၁၄-၁၅ နှစ်ကလေးတွေဆိုရင် ၂၀၀၀ ကျပ်ဘဲပေးတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့အရွယ် မိန်းခလေးဆို ၂၅၀၀ ကျပ်။ ယောက်ကျား လေးက ၃၀၀၀ ကျပ် ပေးတယ်”
လက်ရှိ သျှမ်းပြည် ဆန်ပေါက်ဈေးမှာ - ဗမာဆန် တအိတ် ၃၃၀၀၀ ကျပ်၊ သျှမ်းဆန် တအိတ် ၃၀၀၀၀ နှင့် ၄၀၀၀၀ အကြားရှိ၏။ ယခုနှစ် စပါး ထွက်နှုန်း မကောင်း သောကြောင့် လည်းကောင်း၊၀န်ဆောင်ခစရိတ်ကြီးမြှင့်ခြင်း ကြောင့် လည်းကောင်းဆန်ဈေး မြှင့်တက်ရခြင်းဖြစ် သည်ဟု ဆိုသည်။
“ကားခအရမ်းဈေးကြီးတယ်။ အရင်က တင်ခ တအိတ် ၁၀၀၀ ကျပ်။ အခု နောက်ပိုင်း တအိတ် ၃၀၀၀ ကျော်အထိတက် တယ်။ အဲဒါကြောင့်ဆန်ဈေးတက်တယ်။” ဟု ကုန်သည်တဦးက ပြောပါသည်။
ယခင်လက အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ကားများ တင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ထွက်ပြီး နောက်ပိုင်း ယခုကဲ့သို့ ကုန်တင်ခများ ဈေးကြီးလာခြင်း ဖြစ်ကြောင်း ကားသမားတဦးကလည်း ပြောပြသည်။ ဗမာဆန် တအိတ် လျှင် ဆန် ၂၄ ပြည်၊ သျှမ်းဆန် တတင်းအိတ် ၁၆ ပြည် ရှိသည်ဟု လည်း သိရပါ သည်။
တိုးချဲ့နေသည့် အရှေ့အလယ်ပိုင်းတိုင်းသစ်သို့ ဂျန္န၀ါရီလကုန်ပိုင်း စစ်အင်အား ၁၀၀၀ ပို့ဆောင်တပ်ချနိုင်ရန် နအဖက ပြင်ဆင်နေပြီး တပ် တည်ဆောက်ရေးအတွက်လည်း နောင်ငင်းရွာ ကျေးလက်ဒေသခံများထံမှ မြေယာ ဧက ၃၀၀ ခန့် ဈေးနှိမ်ဝယ်သိမ်းယူခဲ့၏။ တည်ဆောက် ရေး စီမံကိန်း၌ နေ့စားအလုပ်သမားများအား ပေးချေရန် ပိုက်ဆံအားလည်း ကာလိမြို့်ခွဲအတွင်းဆိုင်ခန်းပေါင်း ၁၀၀ ကျော်ထံမှ တခန်းလျှင် ကျပ် ၁ သိန်း ရံပုံငွေကောက်ယူခဲ့၏။ ထိုအနက် ရွှေဆိုင် ၁၀ ဆိုင်လည်းပါရာ တဆိုင်လျှင် ကျပ် ၄ သိန်း ကောက်ယူခဲ့သည်ဟုလည်း ရွှေဆိုင်ပိုင်ရှင် တဦးကပြောပြပါသည်။
Ref;သျှမ်းသံတော်ဆင့်
Read More...
Collapse...
ဖနိဒါ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၁ ခုနှစ်
အီဂျစ်သမ္မ္မတ မူဘာရက် နှုတ်ထွက်ရေး လူထုဆန္ဒပြပွဲများနှင့်ပတ်သက်၍ မြန်မာပြည်တွင်း ဂျာနယ်များတွင် ပြန်ကြားရေးဌာန၏ ဆင်ဆာဖြတ်တောက်မှု ခံနေကြရသည်။
“ဓာတ်ပုံမပေးဘူး။ အတွင်းသတင်းလောက်ကတော့ ရတယ်။ အာဏာရှင်ကို ဖြုတ်ချ ရေးဆိုတာတွေက မပါဘူး။ အာဏာကို ချုပ်ကိုင်ထားတဲ့ အစိုးရကို လူထုက ဆန္ဒပြပွဲလုပ်တယ်ဆိုတာတွေ မရဘူး၊ အဓိကရုဏ်း ဖြစ်နေတာမျိုး မပါဘူး။ မူဘာရက်နဲ့ ဆွေးနွေးတာတွေလောက်တော့ရတယ်။ မျက်နှာဖုံးတင်ခွင့် မပြုဘူး ”ဟု အယ်ဒီတာ တဦးက ပြောသည်။
အခြား အယ်ဒီတာတဦးကလည်း
“လုံးဝဖော်ပြခွင့်
မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူထု လှုပ်ရှားမှု ပုံတွေကို ခွင့်မပေး ဘူးလေ”ဟု သူက မဇ္စျိမကို ပြောသည်။
နိုင်ငံပိုင် မီဒီယာများတွင် ၁၄ ရက်ကြာ အီဂျစ်ဆန္ဒပြသတင်း များကို ဖော်ပြခြင်းမပြုပေ။
“ကိုယ့်သတင်းက စာဖတ် ပရိသတ်ကို ပေးချင်ရင် ပြည့်ပြည့် စုံစုံ ပေးချင်တာ ဘဲပေါ့။ သတင်း၊ ဓာတ်ပုံ၊ အချက် အလက်တွေ မပြည့်မစုံဘဲ လစ်ဟာနေတာမျိုးကျတော့ စာဖတ်ပရိသတ်ကို ပေးရတာ စိတ်မသန့်ဘူးပေါ့”ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
မနေ့က အီဂျစ် ဒုသမ္မ္မတ အိုမာ ဆူလီမန်(Omar Suleiman)နှင့် မတရားအသင်း ကြေညာခံထားရသော မွတ်ဆလင် ညီအကိုတော်များ(Muslim Brotherhood) အပါ အဝင် အတိုက်အခံများနှင့် ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။
မူဘာရက် ဆန့်ကျင်ရေး လှုပ်ရှားသူများက ကိုင်ရိုမြို့ရှိ တဟီရာ(Tahrir) ရင်ပြင်ကို သိမ်းပိုက်ထားခဲ့ပြီး သမ္မ္မတ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြန်အလှန် တိုက်ခိုက် ခဲ့မှုက လူ ၃၀၀ ခန့် သေဆုံးခဲ့သည်။
မူဘာရက်က ရာထူးမှနှုတ်ထွက်ရန် ငြင်းဆန်ထားပြီး စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ပြိုင်တော့မည် မဟုတ်ဟု ကမ်းလှမ်းထားသည်။ ဆန္ဒပြသူများက မူဘာရက် မဆင်း မချင်း ဆက်လက် ဆန္ဒပြသွားမည်ဟု တုံ့ပြန်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုဆန္ဒပြမှုသည် အပြောင်း အလဲ ဖြစ်စေသည့် နည်းလမ်းတခုဖြစ်သော်လည်း အကောင်းဆုံး နည်းလမ်းဟု မဆိုနိုင်ကြောင်းနှင့် ဆန္ဒပြပြည်သူများကို ဇွဲမလျှော့ဘဲ ဆက်လက် အကောင်အထည် ဖော်သွားရန် ပြီးခဲ့သည့် အင်္ဂါနေ့က ဘီဘီစီ မေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။
Ref;
Mizzima
Read More...
Collapse...
သဲသဲ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၁
နယးဒေလီ(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ဆက်သွယ်ရေး မိုက်ခရိုဝေ့ဗ် တာဝါတိုင် ပျက်စီး သွားသဖြင့် ပြည်တွင်းသုံး တယ်လီဖုန်းလိုင်းများ တပတ်ကြာ ပြတ်တောက် နေကြောင်း မြို့ခံများက ပြောသည်။
မြဝတီမြို့နှင့် ကော့ကရိတ်မြို့အကြား တောင်သုံးလုံးစခန်းအနီးရှိ တာဝါတိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် ကရင်လက်နက်ကိုင် တပ်အချို့က ပစ်ခတ်သွား ခဲ့သဖြင့် တာဝါတိုင်ကြီးသာမက စက်ကိရိယာ အချို့ပါ ပျက်စီးသွား သောကြောင့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးအောက်ရှိ ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း ဖြစ်သည်။
“ဖုန်းဆက်လို့ မရတာ တပတ်ရှိပြီ။ ဒီကနေပြီးတော့လည်း မြန်မာတနိုင်ငံလုံးကို ဆက်သွယ်လို့မရဘူး။ သာမန် တောသူတောင်သားကတော့ ဆက်လို့မရလို့ ဒုက္ခရောက် တာပေါ့” ဟု မြဝတီမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ယခုအခါ မြဝတီတမြို့လုံးတွင် ၄ လုံးသာရှိသော IPSTAR ဆက်သွယ်ရေး ဂြိုဟ်တုဖုန်း ကိုသာ အားထား နေ ကြရသည်။
“စီးပွားရေးသမားတွေကတော့ IPSTAR ဖုန်းတွေ သုံးပြီး ဆက်တယ်။ ရိုးရိုး မြန်မာ့ဆက်သွယ်ရေးဖုန်းက တမိနစ် ၅၀၊ ၁၀၀ ကျတယ်ဆိုရင် ဂြိုဟ်တုဖုန်းက ၃ဝဝ၊ ၄ဝဝ လောက် ပေးရတယ်” ဟု မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်မတော် KNLA က တောင်သုံးလုံးစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် သွားပစ်ခဲ့ကြောင်း DKBA တပ်မဟာ ၅ မှ ကလို့ထူးဘောဗျူဟာ အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူး စောဆန်းအောင်က အတည်ပြု ပြောဆိုခဲ့ကြောင်း ကရင်သတင်းစဉ် KIC တွင် ယခုလ ၁ ရက်နေ့ သတင်း၌ ဖော်ပြခဲ့သည်။
အဆိုပါ နယ်မြေမှာ KNLA တပ်ရင်း ၁၈ နယ်မြေဖြစ်ကြောင်း KNLA တပ်မှူးကြီးတဦးက ပြောဆိုသည်ဟု KIC က ဆိုထားသည်။
တိုက်ခိုက်မှုအပြီးတွင် ဆက်သွယ်ရေးစခန်းရှိ တာဝန်ကျရဲတဦးကို ကရင်တပ်ဖွဲ့များက ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီး၊ ယခုထိ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အမည် မဖော်လိုသည့် DKBA တပ်ဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် ၎င်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်အစိုးရတပ်များနှင့် DKBA တပ်များအကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ကြပြီး၊ ပြီးခဲ့သည့် လကုန်ပိုင်းတွင်လည်း ဝေါ်လေ၊ ဘုရားသုံးဆူ၊ သင်္ဃန်းညီနောင်၊ ဖလူး၊ ကျောက်ခက် စသည့် ဒေသများတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သူက ပြောကြားသည်။
Ref:
Mizzima
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88