Wednesday, February 9, 2011

ကွန်ရက်ဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖော်ဆောင်မည်

Tuesday, 08 February 2011 ။

။ တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထု ကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူ အခွင့်အရေးနှင့် ဒီမိုကရေစီ အရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များ တွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထား ကြီးရမယ်၊ နားလည်မှု ရှိရမယ်၊ ကွန်ရက် ဆိုတဲ့ အခြေခံ သဘောထားကို နားလည် နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့ သဘောထား၊ တူညီတဲ့ လုပ်ငန်းစဉ်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆောင်ရွက် သွားရမယ်။ ကွန်ရက် လုပ်နေတယ်၊ လာမရှုပ်နဲ့ ဆိုတာမျိုး မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူး ဆိုတာမျိုး မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့ လူကြီးတွေထက် ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင် ကွန်ရက်ရဲ့ ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။

လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီ ဖြစ်တဲ့ အတွက် နိုင်ငံရေးလုပ် အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့ လုပ်ဆောင် သွားမယ်” ဟု ဆိုသည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက “ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစု ဆိုတော့ ပတ်ဝန်းကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေး ဆိုတာ အန်တီစု အဓိပ္ပာယ် ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့ အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့် အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီး ဖြေကြားပေးကြောင်း သိရသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့နှင့် ဧရာဝတီတိုင်းမှ လူငယ် ရှေ့နေများ ကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံ ဆွေးနွေးပွဲသို့ နေရာ အခက်အခဲကြောင့် မတက်ရောက် နိုင်သော တခြား ပြည်နယ် နှင့် တိုင်း ဒေသ အသီးသီးမှ လူငယ်များနှင့် ထပ်မံ တွေ့ဆုံသွားမည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါ လှုပ်ရှားမှုများတွင် တိုးတက်မှုများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့