Thursday, February 10, 2011

ကြောက်စိတ် ကြိုးစားဖယ်ရှားဖို့ ဒေါ်စု လူငယ်တွေကို တိုက်တွန်း

ဦးကျော်ကျော်သိန်း ။
ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011 ။

လူငယ်တွေ အနေနဲ့ အမှန် တရား အတွက် ရင်ဆိုင် လုပ်ဆောင်တဲ့ နေရာမှာ ကြောက်စိတ်ကို ဖယ်ရှားပြီး ရဲရဲ ရပ်တည် လုပ်ဆောင်ကြဖို့နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျ ခံနေရသူတွေရဲ့ စိတ်ဓာတ်ကို စံနမူနာ ယူကြဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲ ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်းခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ လူငယ်တွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက် လာတယ် ဆိုတဲ့ အချိန် ကတည်းက လူငယ်ထုရဲ့ အသံကို နားထောင်ချင်တယ်၊ လူငယ်တွေနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ အတိုင်း မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးက NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေကို ဆက်တိုက်လို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ချင်တဲ့ လူငယ်တွေ ရှိပေမဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပိတ်ဆို့ တားဆီး တာတွေကို ကြောက်ရွံ့ပြီး မလာရဲခဲ့ကြဘူး ဆိုပြီးတော့ တက်ရောက် လာကြတဲ့ လူငယ်တွေ ထဲကနေ ဆွေးနွေး တင်ပြတာတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကြောက်စိတ်ကို ကြိုးစားပြီး ဖယ်ရှားဖို့ လူငယ်တွေကို တိုက်တွန်း ခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ဗွီအိုအေကို ပြန်ပြောပါတယ်။

“အန်တီ့အနေနဲ့ လူငယ်တွေရဲ့ အကြောက်တရားနဲ့ ပတ်သက်ပြီးတော့ ပြောကြား ပါတယ်။ ဘာပြောကြားလဲ ဆိုတော့ လူငယ်တွေ အကြောက်တရား ဆိုတဲ့ဟာက စိတ်ထဲက တုန်တာပေါ့။ စိတ်ထဲက တုန်တယ်ဆိုတဲ့ အတိုင်း အတာအရ မကြောက်ရဘူးလို့ မပြောဘူး၊ ကြောက်ရမယ်။ ဒါပေမဲ့ အမှန်တရား အတွက် လုပ်မယ်ဆိုရင် ဒီကြောက်စိတ်ကို ဖယ်ရမယ်ပေါ့။

“ဆိုလိုတာက ဥပမာ ထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် ထောင်ထဲမှာ ကျခံ နေရတယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မလဲဘဲနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကို ရှေ့တန်းထားပြီး လုပ်တဲ့ အတွက် ဒါ အကျဉ်းကျ ခံနေရတာပေါ့။ ဒီဟာကို ကျန်ခဲ့တဲ့ လူငယ်တွေ အနေနဲ့ စံနမူနာ ထားပြီးတော့ အမှန်တရား အတွက် လုပ်ရဲကိုင်ရဲ ရှိအောင်၊ ကြောက်စိတ်တွေ ဖယ်ရှားဖို့အတွက် အန်တီ့အနေနဲ့ လူငယ်တွေကို မက်ဆေ့ခ်ျပေးပါတယ်။”

ဆွေးနွေးပွဲကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ NLD လူငယ်အဖွဲ့ တာဝန်ခံ ၁ ဖြစ်သူ ကိုမျိုးညွန့် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို အများအားဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေက လူငယ် ၂၀၀ ကျော် တက်ရောက် ခဲ့တယ်လို့ ကိုမျိုးညွန့်ကပဲ ပြောပါတယ်။

လူငယ်တွေ အချင်းချင်းအကြား ကွန်ယက်သဖွယ် ချိတ်ဆက်ပြီး လူထုကောင်းကျိုး၊ တိုင်းပြည် ကောင်းကျိုး အတွက် ဆက်စပ် လုပ်ဆောင်ကြဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာ ဒေသအသီးသီးမှာ တွေ့ကြုံ နေကြရတဲ့ အခြေအနေ တွေကိုလည်း တင်ပြခွင့် ရခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ရှမ်းပြည်နယ်က အသက် ၂၇ နှစ်အရွယ် လူငယ်တဦးက ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ်က အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ တွေ့ချင်တယ် ဆိုတော့ ကျနော်တို့ ဒေသမှာ ဖြစ်ပျက်နေတဲ့ ဟာလေးတွေကို တင်ပြချင်တဲ့ သဘောနဲ့ လာတာပေါ့။ အဓိက အကြောင်းကတော့ လူငယ်ကွန်ရက် ကိစ္စတွေ များပါတယ်။ အန်တီ ပြောတာကတော့ လူငယ်အချင်းချင်း ဆက်သွယ်မှု ရရှိအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်တယ်၊ ဘယ်လို အနေအထားတွေမှာ ဘယ်သူတွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ပါ ဆိုတဲ့ သူ့အခန်းကဏ္ဍ အလိုက်၊ အဲဒါလေးတွေကို ဆွေးနွေး ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်မှာ ခံစားရတဲ့ ဒုက္ခအ၀၀တွေ တင်ပြရတော့ ရင်ထဲမှာ ပေါ့ပါးသွားတာပေါ့။”

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အရင်က လူကိုယ်တိုင်တောင် တခါမှ မတွေ့ခဲ့ဘူးသူ ဖြစ်ပြီး အတွေ့အကြုံ လိုချင်၊ ပြန်မျှဝေချင်တဲ့ အတွက် လာတက်တာ ပါလို့ ဗွီအိုအေကို ရှင်းပြပါတယ်။

“သမီးအတွက် လေ့လာမှုတွေ ရချင်ပါတယ်။ အဲဒါကြောင့် လာတက်ရခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမီးတို့ လူငယ်တွေကို အခုလို တက်ရောက် လာတဲ့ အတွက် ဂုဏ်ယူတယ်လို့ ပြောသွားပါတယ်။ သမီးတို့ ပြန်သွားရင် သမီးတို့ သိတာလေးတွေ ပြန်ပြောပေးဖို့၊ သိသလောက်လေးတွေ သွားပြောပေးမှာပါ။”

ဒီဆွေးနွေးပွဲကို လာတက်ကြတဲ့ လူငယ်အများစုဟာ နိုင်ငံရေး လှုပ်ရှားမှုတွေ ထဲမှာ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင် နေသူတွေထက် ကျောင်းသား ကျောင်းသူ၊ ခြံလုပ်သူ၊ ရှေ့နေ စသည်အားဖြင့် သာမန် ဘ၀တွေမှာ နေထိုင်နေကြသူတွေ များပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကနေ လာတက်တဲ့ အသက် ၂၆ နှစ်အရွယ် လူငယ် တဦးကတော့ အမုန်း မပွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ကို စိတ်ထဲ စွဲကျန်ခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးက တယောက်လုပ်တဲ့ ကိစ္စကို တယောက်က မကြိုက်တာတွေ ဘာတွေ ရှိမယ်။ ဒါပေမဲ့ မမုန်းကြဖို့ပေါ့။ တယောက်နဲ့ တယောက် မုန်းရင် ရှေ့ဆက်ပြီး သွားလို့ မရတော့ဘူး။ အဲဒါကြောင့် အမုန်း တရားတွေ မထားဖို့။ မကြိုက်ဘူး ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ ညှိနှိုင်း ဆောင်ရွက်ကြဖို့၊ အဲဒီစကားကိုတော့ အမှတ်သားဆုံး ပါပဲ။”

ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ကတည်းက ဆိုရင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က လုပ်ခဲ့တဲ့ ပထမ အကြိမ် ဆွေးနွေးပွဲမှာ လူငယ် ၅၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး အခုတကြိမ် နှစ်ရက်ဆက်တိုက် တွေ့ဆုံပွဲတွေ မှာလည်း အဲဒီ အရေအတွက်ထက် မနည်းတဲ့ လူငယ်တွေ တက်ရောက် ခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ အပြန်အလှန် ဆွေးနွေးကြတာတွေ ထဲမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ILO ကိစ္စ၊ အိုင်တီ နည်းပညာ၊ ဥပဒေရေးရာ၊ လူငယ်ကွန်ယက် ကိစ္စ စသည်အားဖြင့် အကြောင်းအရာ မျိုးစုံ ပါဝင်ပါတယ်။

ဒီလိုဆွေးနွေးပွဲမျိုးတွေ ထပ်လုပ်သွားမှာ ဖြစ်တယ်လို့ NLD လူငယ်အဖွဲ့ တာဝန်ခံ ၁ ကိုမျိုးညွန့်က ပြောခဲ့သလို အာဏာပိုင်တွေ ဘက်ကနေ စောင့်ကြည့်တာမျိုးက လွဲပြီး ထူးထူးခြားခြား နှောင့်ယှက် ဟန့်တားတာမျိုး မရှိခဲ့ပါဘူး။

Ref: VOA News

0 comments:

အပေါ်သို့