Thursday, February 10, 2011

အရေးပါသည့် ဝန်ကြီးဌာနများကို စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်မည်

မင်းနိုင်သူ ။
Wednesday, 09 February 2011 ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို အရပ်သား အသွင်ပြောင်း အစိုးရ အဖွဲ့တွင် အမြင့်ဆုံး အာဏာများ အပ်နှင်းခဲ့ ပြီးနောက် အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို ကိုင်တွယ်ရန် စစ်ဗိုလ်ချုပ်များကို ယနေ့ လွှတ်တော်တွင် အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်သည်။

“ဒီနေ့ကတော့ ၀န်ကြီး အယောက် ၃၀ ရဲ့ အမည် စာရင်းကို သမ္မတကြီးက အဆို တင်သွင်းတဲ့ အဆင့်ပါပဲ။ ဒီ အမည် စာရင်းကို လာမယ့် ၁၁ ရက်နေ့မှာ အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော် အမတ် ဦးခင်ရွှေက ပြောသည်။

အဆိုပါဝန်ကြီးနေရာ ၃၀ အနက် အရေးပါသည့် ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများ အဖြစ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဗိုလ်ချုပ် သိန်းဌေးတို့ကို လျာထားကြောင်း သိရသည်။

ထိုဝန်ကြီး ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာရှိ အဖွဲ့အစည်း ဖြစ်လာမည့် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကာင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးတို့နှင့် အတူ ကောင်စီ အဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။

“အခုချိန်ထိ ဘယ်ဌာနကို ဘယ်သူကိုင်မယ် ဆိုတာ မသိရသေးဘူး။ သမ္မတက အမည်စာရင်း တင်သွင်း သွားတာပဲ ရှိတယ်။ ဘယ်ဌာနနဲ့ ဘယ်သူ ဆိုတာကို တွဲပြီး ပြောမသွားဘူး။ ကျနော်တို့ ဘာမှ သေချာ မသိရသေးပါဘူး” ဟု ဒီမိုကရက်တစ် ပါတီတခုမှ အမတ်တဦးက ပြောသည်။

ယမန်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၀န်ကြီးဌာန ၃၄ ခု ထားရှိမည် ဖြစ်ကြောင်း သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ရာ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ၀န်ကြီးဌာန ၂၅ ခုသာ ထားရှိသင့်ကြောင်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့၏ ၀န်ကြီး ဌာနများနှင့် နှိုင်းယှဉ်ပြကာ သမ္မတ၏ အဆိုပြုချက် သည်သာ သင့်မြတ် ပါကြောင်း ထောက်ခံ အဆိုပြု ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၀န်ကြီးဌာန ၃၄ ခုထားရှိရေးက မဲ အပြတ်အသတ်ဖြင့် အနိုင် ရရှိသွားကြောင်း သိရသည်။

“၀န်ကြီးဌာန ၃၄ ခုထားမယ်လို့ သမ္မတက အဆိုပြုပေမယ့် ၀န်ကြီးကိုတော့ အယောက် ၃၀ ပဲ ထားမယ်လို့ သမ္မတက ဆိုတယ်။ တချို့ ၀န်ကြီးတွေက ဌာန ၂ ခု တွဲကိုင် ရတာမျိုး ရှိလာလိမ့်မယ်” ဟု လွှတ်တာ် အမတ်တဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန် ယနေ့ တင်သွင်းခဲ့သော ၀န်ကြီး ၃၀ ၏ အမည်စာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်း များစွာ ပါဝင်နေပြီး ၀န်ကြီး အားလုံးသည် ကြံ့ဖွံ့ပါတီမှ ဖြစ်သည်။

အတည်မပြုနိုင်သေးသည့် တပ်တွင်း သတင်းများအရ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ် စိုးဝင်းတို့ကို ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သမ္မတ ရွေးကောက် တင်မြှောက် အပြီး နေ့က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို သတင်းစာမှာ တခမ်းတနား ဖော်ပြတယ်။ သမ္မတ ဦးသိန်းစိန် ဓါတ်ပုံတောင် မတွေ့ရဘူး။ ဒီကနေ့ အထိလည်း ဗိုလ်ချုပ်မှူးကြီး ပုံကိုပဲ ဖော်ပြ နေတယ်ဆိုတော့ သူသာ နိုင်ငံရဲ့ အမြင့်ဆုံး နေရာမှာ ရှိနေဆဲပဲ ဆိုတာကို အသိပေးတဲ့ သဘောပဲ” ဟု သတင်းထောက် တဦးက ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့