Friday, February 11, 2011

ကုန်ဈေးနှုန်းကျရေး ဆန္ဒပြလူငယ် ၅ ဦး ပြန်လွတ်

ကျော်ခ |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၂ နှစ်ခွဲစီ ကျခံ ခဲ့ရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြလူငယ် ၅ ဦး လွတ်ရက် စေ့သဖြင့် ယခုလ ၇ ရက်နေ့တွင် ဘူးသီးတောင် ထောင်မှ ပြန်လွတ်လာကြောင်း စုံစမ်း သိရှိရသည်။

လူထုလှုပ်ရှားမှု နှစ် ၂ဝ ပြည့်နေ့ဖြစ်သော ၂ဝဝ၈ သြဂုတ် ၈ ရက်နေ့တွင် တောင်ကုတ်-ရန်ကုန်၊ တောင်ကုတ်-သံတွဲ ကားလမ်းများနှင့် မြို့ပေါ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့သူ ဒေသခံ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ ပြစ်ဒဏ်စေ့ သဖြင့် လွတ်လာကြောင်း ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP အဆိုအရ သိရခြင်း ဖြစ်သည်။

“သူတို့ ၅ ယောက်လုံး တရက်တည်း လွတ်လာကြတာပါ။

လျှော့ရက်နဲ့ လွတ်လာကြတာ မဟုတ်ပါဘူး။ လွတ်ရက်စေ့လို့ လွတ်လာ ကြတာပါ။ အခု အပြင်ကို ရောက်နေ ကြပါပြီ” ဟု ရခိုင်ပြည်နယ် NLD လူငယ် အတွင်းရေးမှူး ကိုသိန်းလှိုင်က မဇ္ဈိမကို ပြောသည်။

ဗူးသီးတောင်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ရှိခဲ့ရာ၊ ယခု ၅ ဦး လွတ်လာသဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သူ ကိုဋ္ဌေးကြွယ် အပါအဝင် ၁၃ ဦး ကျန်ရှိ နေသေးသည်ဟု AAPP က ပြောသည်။

သူတို့ ၅ ဦးကို လူစုလူဝေးဖြင့် ဆန္ဒပြမှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့သည်။ မူလက သံတွဲထောင်တွင် ထားရှိရာမှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အကျဉ်းထောင်ထဲတွင် ပြုလုပ်ခဲ့ သဖြင့် ဗူးသီးတောင် ထောင်သို့ ပြောင်းရွှေ့ ခံခဲ့ရသည်။

နိုင်ငံတဝှန်းတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၈၉ ဦး ရှိသည်ဟု AAPP က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် ဦးစားပေးလုပ်ငန်း အဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ် အပြီး ထုတ်ဖော် ပြောဆို ထားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မူ နိုင်ငံရေးအကျဉ်းသား ၆ဝဝ ကို တဦးချင်းအလိုက် ကူညီ ပံ့ပိုး နိုင်ရန် အတွက် NLD က စေတနာ့ ဝန်ထမ်း တဦးကျစီ မဲနိုက် ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေသည့် စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိကြောင်းနှင့် တည်ဆဲ ဥပဒေကို ချိုးဖောက် သူများကိုသာ ဖမ်းဆီးခြင်းသာ ရှိကြောင်း ငြင်းဆိုလေ့ ရှိသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရရှိရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို ခဲ့သော်လည်း စစ်အစိုးရက လျစ်လျူရှုကာ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့