Monday, February 7, 2011

တိုင်းရင်းသား ဒုသမ္မတ ရုပ်သေးရုပ်လား


ဒု သမ္မတအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းတိုင်းရင်းသား တဦးဖြစ်သော်လည်း တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဦးမည်မဟုတ်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင် ချန်ထွန်းက ယခုရွေးချယ်ခံ ရသည့် သမ္မတအဖွဲ့သည် ရားထူး သစ်များကို ရရှိသော်လည်း အစိုးရအဖွဲ့အသစ်ကို မောင်းနှင်မည့် အခြေခံဥပဒေသည် သာ အဓိက ကျကြောင်း၊ သမ္မတ အဖွဲ့သည် နိုင်ငံတကာကိုကြိုဆို ဧည့်ခံ ရန် အတွက် သာ ဖြစ်ကြောင်း ပြောသည်။

“သမ္မတ၊ ဒု သမ္မတတွေ အကုန်လုံး က ကြံ့ခိုင်ရေးပါတီ တခုတည်းကပဲ ဖြစ်နေတော့ သူတို့ကြားထဲမှာ ဘာပြဿနာမှ တော့ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ဟောင်းတွေကပဲ လွှမ်းမိုးနေမှာ။ ရုပ်ပြကောင်းအောင် ခန့်ထားတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ဗိုလ်ချုပ်ကြီးတွေကို ကျော်ပြီး ဘာမှ လုပ်ခွင့် ရှိမှာမဟုတ်ဘူး။ အသေးအဖွဲ ကိစ္စ တွေကိုတော့ သူ့အနေနဲ့ လုပ်ခွင့် ရကောင်းရနိုင်တယ်” ဟု သခင် ချန်ထွန်းက သုံးသပ် သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဒု သမ္မတ အသစ်ဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်းသည် နိုင်ငံ၏ အရေးကြီး ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပါဝင် မည့်သူတယောက် ဖြစ်နိုင်မည် မဟုတ်ကြောင်း ပြောဆို သည်။

“ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအတွက် ဆိုတာမျိုး၊ ဘယ်ရွာအတွက် သမားတော်တွေ လိုအပ်နေတယ် ဆိုတာမျိုးလောက်ကိုပဲ သူ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ သုံးပွင့်ဆိုင် ဆွေးနွေးရေးတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေကို သူဘာမှ စွက်ဖက်ခွင့်ရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့သစ်တွင် အမှန်တကယ် အာဏာရှိနေမည်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဟုခေါ်သည့် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တွင်သာ အာဏာဆက်လက် ရှိနေမည်ဟုလည်း ဦးအေးသာအောင်က ထောက်ပြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းကို ၁၉၅၀ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့၌ပင် သင်ကြားခဲ့ပြီး ငယ်စဉ်ကပင် ပညာထူးချွန် သည်။ ရိုးသား ကြိုးစားသည်၊ စိတ်နှလုံးကောင်း ရှိသည်ဟု ပညာသင်ဖက်များက ပြောကြသည်။

၁၉၆၈ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားသည်။ မိဘများက ကောင်းမွန်စွာ မထောက်ပံ့နိုင်သဖြင့် ရှမ်းသူဌေးတဦး၏ အထောက်အပံ့ဖြင့် ဆေးတက္ကသိုလ် တက်ခဲ့ရကြောင်း၊ ဆေးတက္ကသိုလ်ပြီးဆုံးချိန်တွင် ဒေါက်တာ စိုင်းမောက်ခမ်းကို ထောက်ပံ့ထားသည့်မိသားစုက ၎င်းတို့၏ သမီးဖြစ်သူ နန်းရွှေမှုံနှင့် အိမ်ထောင် ချပေးခဲ့ကြောင်း နီးစပ်သူတဦးက ဆိုသည်။ အိမ်ထောင်ပြုပြီးနောက် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့သည်။

လားရှိုးမြို့တွင် ဆရာဝန် အကျော်အမော်များ ရှိသော်လည်း လူနာအများစုမှာ ဒေါက်တာ စိုင်းမောက်ခမ်း ထံ၌သာ ကုသကြကြောင်း၊ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဝေဒနာရှင် များအား မည်သို့ ဆက်ဆံရမည်၊ အားပေးရမည်ကို ပိုမိုနားလည်သဖြင့် ၎င်းထံတွင် ကုသမှုခံယူမှု ပိုများကြောင်း လားရှိုးမြို့ခံတဦးက ဆိုသည်။

နောက်ပိုင်း၌ မြို့နေလူထုအကြားတွင် ပိုမို ကျော်ကြားလာပြီး ယူလီခ အမည်ရှိ ကိုယ်ပိုင် ဆေးရုံကို ဖွင့်လှစ် နိုင်ခဲ့သည်။ ဒေါက်တာ စိုင်းမောက်ခမ်းက မန်နေဂျင်း ဒါရိုက်တာအဖြစ် လက်ရှိ တာဝန်ယူထားဆဲဖြစ်သည်။

ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်းတပ်မတော် (MTA) မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသားတပ်မတော် (SSNA) က ၁၉၉၅ ခုနှစ်တွင် အလင်းဝင်သောအခါ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဇနီးမောင်နှံသည် SSNA ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ကဏ်းရွက်၊ ဗိုလ်မှူးကြီး ကုဏ်ခေး စသူတို့နှင့် နီးစပ်သူများဖြစ်ခဲ့သည်။

အလင်းဝင်ခါစ SSNA အဖွဲ့ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက လုပ်ပိုင်ခွင့်များအဖြစ် သစ်ထုတ်လုပ်ရေး လုပ်ငန်းများ အများအပြားချပေးခဲ့သည်။ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည်လည်း SSNA ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများ ဖြစ်သည့်အလျောက် သစ်စက်များ ပိုင်ဆိုင်လာကြသည်ဟု လားရှိုးမြို့ စီးပွားရေး အသိုင်း အဝိုင်းက ပြောသည်။

ထိုအချိန်မှ စတင်၍ ဒေါက်တာ စိုင်းမောက်ခမ်းသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ ဖြစ်ခဲ့ဖူးသည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် မြင့်လှိုင်၊ ဗိုလ်ချုပ် အောင်သန်းထွဋ်တို့ထံ ဝင်ဆံ့ခဲ့ကာ စီးပွားရေးသမား ဆန်လာသည်ဟုလည်း ပြောဆို ကြ သည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးဂေါက်ကလပ်တွင် ပုံမှန်ကစားနေသူ ဖြစ်သဖြင့် စစ်တိုင်းမှူးများနှင့် သာမက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများထံလည်း ပေါက်ရောက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ကျောထောက်နောက်ခံပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ကိုယ်စားပြုကာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က ဒေါက်တာ စိုင်းမောက်ခမ်းကို တိုက်တွန်းခဲ့သဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကို ရှမ်းလူထုက တခဲနက် ထောက်ခံအားပေးနေချိန်တွင် ဒေသခံများ လေးစားသည့် ဒေါက်တာ စိုင်းမောက်ခမ်းက ကြံ့ဖွံ့ပါတီ အတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေသည်ကို မြင်ရသည့်အတွက် ဝမ်းနည်းမိသည်ဟု ဒေသခံများက ပြောဆိုခဲ့ကြဖူးသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် ဒေါက်တာ စိုင်းမောက်ခမ်းက ကျားဖြူပါတီ ကိုယ်စားလှယ် ဦးစိုင်းခမ်းလိုင်နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက်တွင် ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာ စိုင်းမောက်ခမ်းသည် ၄၃၆၄၁ မဲဖြင့် ၂၉၁၃၂ မဲရရှိသည့် ဦးစိုင်းခမ်းလိုင်ကို အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။ ကျားဖြူ ပါတီကိုယ်စားလှယ် အပါအဝင် မြို့နေလူထုက မဲလိမ်ခြင်းဖြင့် အနိုင်ရခဲ့သည်ဟု ပြောဆို ခဲ့ကြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နီးစပ်သူများက ၎င်းသည် မည်သည့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးသမားထက် စီးပွားရေးသမား ပိုဆန်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ပြောဆိုကြသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အတည်မပြုနိုင်သော သတင်းများ အရ ၎င်းသည် ဒု သမ္မတ အဖြစ် အရွေးခံ ရချိန်မှစ၍ ယင်း ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက် ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများထဲတွင် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သူ စဝ်ရွှေသိုက်ပြီးလျှင် ဒေါက်တာ စိုင်းမောက်ခမ်းသည် နိုင်ငံတော်၏ ထိပ်တန်းရာထူးကို ရရှိသူဖြစ်သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့