Rosie Gogan-Keogh
မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းဖြင့် မြန်မာအစိုးရသည် ဒီမိုကရေစီအသွင်သို့ အပြည့်အဝ ကူးပြောင်းနိုင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတရပ်ကို စတင်လိုက်သည်။
ထိုအဆိုပြုချက်ကို အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် သူရဦးအေးမြင့် (စစ်အစိုးရ ဝန်ကြီးဟောင်း) က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။
ပညာရှင်များ နှင့် ဥပဒေရေးရာ ကျွမ်းကျင်သူများအနေဖြင့် အခြေခံ ဥပဒေသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၏ လက်ရှိအခြေအနေ နှင့် လိုက်လျောညီထွေ ရှိလာစေရန် အတွက် သုံးသပ်ကြမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ က မတ်လ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်ဖို့ လက်ရှိ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ် တယ်လို့ သူုတို့ သဘောပေါက်သွားပုံ ရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် အောက်လွှတ်တော် အမတ်ဖြစ်သူ ဦးအုန်းကြိုင် က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အဆိုကို အတည်ပြုလိုက်ခြင်းသည် ရှည်လျားသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ပထမခြေလှမ်း တရပ်သာ ဖြစ်သော်လည်း ထိုခြေလှမ်းသည် အလွန် အရေးကြီးသည့် ဖြစ်စဉ်တခု ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
အရေးကြီးသည့် မေးခွန်းတရပ်မှာ စစ်ဘက်မှ ဦးဆောင်ရေးဆွဲခဲ့သည့် အခြေခံဥပဒေအား ပြင်ဆင်နိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာနိုင်ချေ ရှိမရှိ ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား နှင့် လက်ထပ်ခဲ့သူ ဖြစ်ပြီး သားနှစ်ဦးမှာလည်း ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသဖြင့် လက်ရှိ ဥပဒေအရ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် သမ္မတအဖြစ် အရွေးချယ် ခံခွင့် မရှိပေ။
အခြေခံ ဥပဒေအား ပြင်ဆင်နိုင်လျှင် သူ့အနေဖြင့် သမ္မတ ဖြစ်ခွင့် ရနိုင်လာစရာ ရှိသည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်စိတ်ချကြောင်း ယခင်က ပြောခဲ့ဖူးသည်။
“အဲဒါအတွက် ကျမ အလွန်အကျူး ပူပန်နေတာ မရှိပါဘူး။ စစ်ဘက်က သူတွေလည်း ကျမတို့ တိုင်းပြည်က တခြား သူတွေလိုပဲ မြန်မာနိုင်ငံကို ပိုပြီး ပျော်ရွှင်တဲ့ ပိုခိုင်မာပြီး ပိုသဟဇာတ ဖြစ်တဲ့ နိုင်ငံအဖြစ် မြင်ချင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်” ဟု သူက ဆိုခဲ့သည်။
“ဒါကြောင့် အပေးအယူလုပ် ညှိနှိုင်းပြီးတော့ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်မယ် ဆိုတဲ့ ဖြစ်နိုင်ချေကို ကျမ ထည့်မတွက်ဘဲ မနေပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဟာဝိုင်အီ ရှိ East-West Center တွင် ပြောကြားခဲ့ဖူးသည်။
လက်ရှိ အခြေခံ ဥပဒေအရ ပါလီမန်၏ ၂၅ ရာခိုင်နှုန်းကို စစ်ဘက်မှ သီးသန့် ရယူထားသည်။ လေ့လာသူများက ဆိုကြသည်မှာ လက်ရှိ အခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျှင် အနာဂတ် မြန်မာ့ အစိုးရအဖွဲ့တွင် စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ် ပေးနိုင်လိမ့်မည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ် လိမ့်လဲစွာ ခံစားနေရချိန်တွင် ထိုအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရန် ဆန္ဒခံ ယူပွဲပြုလုပ်ခဲ့ခြင်းမှ ရရှိခဲ့သည့် ရလဒ်မှာ အငြင်းပွားစရာအဖြစ် ရှိနေဆဲဖြစ်ပြီး ဖြစ်ထိုစဉ်က အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် မြေပေါ်မြေအောက် အင်အားစုများက ဆန့်ကျင်ခြင်း ခံခဲ့ရသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကြွေးကြော်သံတရပ်အဖြစ် တင်ကာ NLD သည် ၂၀၁၁ ခုနှစ်က ကျင်းပခဲ့သည့် ကားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအများစု အနိုင်ရခဲ့သည်။
လက်ရှိ အခြေခံဥပဒေ၏ အရေးပါလှသော ပုဒ်မများကို ပြင်ဆင်ရန်အတွက် လွှတ်တော် နှစ်ရပ်ပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီး ဆန္ဒခံယူပွဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်၍ မဖြစ်နိုင်သလောက်ပင် ခဲယဉ်းကြောင်း လည်း သုံးသပ်သူအချို့က ဆိုသည်။
Ref: မဇ္ဈိမ
Tuesday, March 19, 2013
အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ အဆို လွှတ်တော်တွင် အတည်ပြု
သြစတြေးလျက မြန်မာကို ဒေါ်လာသန်း ၂၀ ကူမည်၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်
မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ်
ကာကွယ်ရေးနှင့် ကုန်သွယ်ရေးတို့တွင် လက်တွဲဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်ချမှတ်ထားသည့် သြစတြေးလျ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဒေါ်လာသန်း ၂၀ ကူညီမည်ဟု ဝန်ကြီးချုပ်က တနင်္လာနေ့တွင် ကတိပေး ပြောဆိုလိုက်သည်။
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ကင်ဘာရာမြို့ တွင် ဆွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားကြောင်း သြစတြေးလျ သတင်း အေဂျင်စီက ဆိုသည်။
“လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုးတက်အောင် လုပ်စရာတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ ထူးခြားတဲ့ တိုးတက်မှု ပမာဏကိုလည်း ကျမတို့ ချီးကျူး ပါတယ်။... နောက်ပြီး အနာဂတ် တိုးတက်မှု အတွက်လည်း အကောင်းမြင်ထားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က ပြောဆိုလိုက်သည်။
သြစတြေးလျ အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး တဦးကိုလည်း မြန်မာနိုင်ငံတွင် ခန့်ထားရန်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။
ထို့ပြင် သြစတြေးလျ အနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားမှု တချို့ကို ရုပ်သိမ်းပေး တော့မည် ဖြစ်ကာ မြန်မာနိုင်ငံတွင် စစ်သံမှူးတဦး ခန့်အပ်မည် ဟုလည်း ဆိုသည်။ သို့ရာတွင် လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့် အပါအဝင် အချို့ ပိတ်ဆို့ အရေးယူမှုများကို လောလောဆယ်တွင် ဆက်လက်ထားရှိဦးမည်ဟု ဆိုသည်။
ကာကွယ်ရေးဆိုင်ရာ ကန့်သတ်မှုများ ရုတ်သိမ်းမည့်အထဲတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အပါအဝင် လူသားချင်း စာနာမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် တုန့်လှယ်ဆောင်ရွက်မှုများ ပါဝင်သည်။ ထိုအထဲတွင် စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။
သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်တာ ပိတ်ပင်ထားမှု များကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်ကလည်း လူ့အခွင့်အရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်ကြမှုများကို နားလည် အသိအမှတ် ပြုကြောင်း သို့သော် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေ သည်ဟု ဆိုသည်။
“ကျနော်တို့ အခု တာဝန်ခံ ဆောင်ရွက်နေတာတွေမှာ (အရင်တုန်းက) သာဓက မရှိခဲ့တဲ့ အရာတွေကို လက်ရှိ မျက်မှောက်ခေတ်မှာ ဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆိုသည်။
၁၉၇၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန် သြစတြေးလျနိုင်ငံသို့ မတ်လ ၁၇ ရက်နေ့က သွားရောက်လည်ပတ်စဉ် ပြောဆိုသွားခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
ရှမ်းနှင့် ကယား တိုင်းရင်းသား ညီလာခံ ကျင်းပတော့မည်
ဖနိဒါ
မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ်
ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အထောက်အကူပြုရန်အတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အများအပြား ပါဝင်သည့် ညီလာခံ တရပ်ကို လားရှိုးမြို့တွင် ကျင်းပကြမည် ဖြစ်သည်။
မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ သုံးရက်တာ ကျင်းပမည့် ညီလာခံသို့ တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ်ခေါ်ထားရာမှ ၁၇ ဖွဲ့ တက်ရောက်ရန် စာရင်း လက်ခံထားပြီး ဖြစ်ကြောင်း ဦးဆောင် စီစသ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။
“အဓိက ဆွေးနွေးမှုမှာက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် ဘာတွေများ ဖြည့်စွက်ပြီးတော့ ကူညီပံ့ပိုးနိုင်မလဲ၊ အဖွဲ့အစည်း အသီးသီးကနေ သူ့အမြင်၊ ကိုယ့်အမြင် လာရောက် တင်ပြ ဆွေးနွေးကြဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသာ ပါဝင်သော ညီလာခံတရပ်ကို ရန်ကုန်မြို့တွင် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့
သည်။
ထိုညီလာခံအပြီး ဒီဇင်ဘာလအတွင်းက SNLD ပါတီမှ အဖွဲ့ဝင်များ၏ လေ့လာရေး ခရီးစဉ်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်များရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယား ပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်နှင့် နိုင်ငံရေး ရည်မှန်းချက် ထပ်တူခံစားနေရသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ အတူပူးပေါင်း၍ ညီလာခံကြီး ကျင်းပရခြင်း ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။
“ဒုတိယအကြိမ် ညီလာခံ ကျင်းပဖို့ လေ့လာရေး ခရီးထွက်ရင်း ကယားပြည်နယ်၊ မိုးဗြဲတို့ ရောက်သွားတယ်။ အဲဒီမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ခံစားချက်ကလည်း ရှမ်းပြည်နယ် လူထုနဲ့ တူနေတယ်။ လိုအပ်ချက်ချင်း တူနေတယ်။ နိုင်ငံရေး ရည်မှန်းချက်ချင်း တူနေတယ်။ အဲဒါကြောင့် စုပေါင်းပြီး လုပ်ရအောင်လို့ ကယားဘက်က ကမ်းလှမ်းလာတဲ့အတွက် ကျနော်တို့ စုပေါင်းပြီး လုပ်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးစိုင်းလိတ် က ပြောသည်။
ဖိတ်ကြားခံ အဖွဲ့အစည်းတိုင်းမှ အနည်းဆုံး သုံးဦး တက်ရောက်ခွင့်ရှိပြီး မိမိတို့၏ အမြင် သဘောထားများကို စာတမ်းပြုစုလာပြီး ညီလာခံတွင် ဖတ်ကြားပြီးနောက် မေးမြန်းသည်များ ရှိပါက ဖြေပေးရမည် ဖြစ်ကြောင်း သူက ဆိုသည်။
ယခုညီလာခံသို့ ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ် မြောက်ရေးတပ်(ကလလတ)၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) စသည့် အဖွဲ့များ အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက် စာရင်း ၁၇ ဖွဲ့ရှိပြီ ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေတို့လည်း တက်ရောက်မည်
ဟု သိရသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်ဆိုင်းလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
စာပေယဉ်ကျေးမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ရှမ်းသဘာဝ လေ့လာရေးအဖွဲ့၊ ရှမ်းကျောင်းသားလူငယ်များ အဖွဲ့များ၊ အစိုးရအဟုတ်သော အဖွဲ့အစည်းများ၊ ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူအောင်၊ ရှေ့နေကွန်ယက်မှ ဦးလှထွန်း စသည့် ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထားသည်ဟု ဦးစိုင်းလိတ် က ပြောသည်။
ယခုညီလာခံအပြီး ရလဒ်အဖြစ် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် တိုင်းရင်းသားနှင့် အစိုးရတို့အကြား ဆွေးနွေးမည့် နည်းလမ်းများ ရရှိလိမ့်မည်ဟု မျှော်လင့် ထားကြောင်း ဦးစိုင်းလိတ်က ပြောသည်။
“ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ နည်းလမ်းတခု၊ နောက် တိုင်းရင်းသားအားလုံး မျော်မှန်းထားတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ဘယ်လို ဆွေးနွေးမှု ပုံစံမျိုး တည်ဆောက် မလဲဆိုတာကို အဖြေရှာ နိုင်လိမ့်မယ်လို့ အနည်းဆုံး မျှော်လင့်ထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။
SNLD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယ မဲဆန္ဒနယ် အများဆုံးဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်က စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သော် လည်း တိုင်းရင်းသားတန်းတူရေးကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားခြင်း မရှိသဖြင့် နောက်ပိုင်းတွင် ညီလာခံအား သပိတ်မှောက်ခဲ့သည်။
မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှုတို့ဖြင့် စွပ်စွဲ၍ SNLD ပါတီ ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည့်အပြင် ပါတီအား ဖျက်သိမ်းခဲ့သည်။
၂၀၁၂ ခုနှစ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် SNDP မူရင်းပါတီ အမည်အတိုင်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ ယမန်နှစ် ဇွန်လက ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
Ref: မဇ္ဈိမ
အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာဝေဖန်လိုက်ကြ
မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ်
လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။
မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ
ဝေဖန် စရာ များ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ် အောင်မြင်နိုင်ရေး လမ်းခရီးကို ဖြတ်သန်း ရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။
ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက်အပေါ် ဝေဖန်လာကြသည်။
မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။
အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြသည်ဟု Oxford Student အစီရင်ခံစာက ဆိုသည်။ ထို့ပြင် လူ့အခွင့် အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည် ဟု လည်း ဆိုခဲ့သည်။
“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေကို ပြောဖို့လိုအပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။
မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင် ထားတာ မဟုတ်ပါ ဘူး” ဟု ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ်ပတ် ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
Monday, March 18, 2013
ယုဇန ပလာဇာ တနင်္လာနေ့တိုင်းပိတ်ဖို့ အလုပ်သမားတွေ ဆန္ဒပြ
2013-03-17
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကို တနင်္လာနေ့တိုင်း နားရက်အဖြစ် သတ်မှတ်ရေးအတွက် ဆိုင်ခန်းပိုင်ရှင်တွေဟာ ဒီကနေ့မှာ ဈေးရောင်းရင်း တနင်္လာနေ့တိုင်း ပိတ်သည်ဆိုတဲ့ စာတန်းပါ အဝါရောင် တီရှပ်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီလိုလှုပ်ရှားမှုပြုလုပ်တဲ့ ယုဇနပလာဇာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက လာရောက်အားပေးခဲ့ကြတယ်လို့လည်း အထည်ဆိုင်ပိုင်ရှင် မစုက RFA ကို ပြောပါတယ်။
" ကျွန်မတို့က ဒီနေ့မှာ ဆိုင်ရှင်ရော ဝန်ထမ်းတွေရော ဒီလိုမျိုးအဝါရောင်လေးတွေ ဝတ်တယ်ဆိုတာ ကိုယ့်ဆိုင်ကိုလာဝယ်တဲ့သူတိုင်း ပြောပြစရာမလိုပဲနဲ့ သိရှိစေပါတယ်၊ နောက်ပြီး ကျွန်မတို့ရဲ့ ပိတ်ချင်တဲ့ ဆန္ဒလေးတွေကိုလည်း လုပ်ပေးနိုင်စွမ်းရှိသူတွေက ကူညီပေးစေချင်ပါတယ်၊ အဲ့အတွက်ကြောင့်မို့လို့ တနင်္ဂနွေနေ့နေ့ ရောက်တိုင်းရောက်တိုင်း တီရှပ်အဝါ ရောင်လေးတွေ ဝတ်ရင်းနဲ့ ဆောင်ရွက်ကြပါတယ်၊ ဒီကနေ့ ကိုမင်းကိုနိုင်တို့ လာတဲ့အခါကျလဲ ကျွန်မတို့ရဲ့ ဈေးသူဈေးသားတွေ အကုန်လုံး ကြိုဆိုကြပါတယ်၊ ကျွန်မတို့ အခုပိတ်ချင်တဲ့ ဆန္ဒလေးကို ကူညီပေးစေချင်ပါတယ်"
ဆိုင်ခန်းပိုင်ရှင်တွေ တောင်းဆိုတဲ့ အချက်တွေရရှိဖို့အတွက် ယုဇနပလာဇာ ပိုင်ရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်နဲ့ ညှိနှိုင်းခွင့်မရရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြဆွေးနွေးသွားမယ်လို့ ဒီအရေးကို ကူညီပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုအောင်သူက RFA ကို ပြောပါတယ်။
ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုအောင်သူ၊ မမာမာဦး၊ မနီလာသိန်းနဲ့ ကိုသက်ဇော်တို့ သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး ဆိုင်ခန်းပိုင်ရှင် တွေနဲ့ အတူ ဈေးအုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်ကို စာတင်ထားခဲ့ကြပါတယ်။
Ref: အာရ်အဖ်အေ
စစ်တန်းလျားဆောက်ဖို့ သိမ်းခဲ့တဲ့မြေတွေ ကို ပြန်ရဖို့ ဒေသခံတွေ တောင်းဆို
2013-03-17
ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က တပ်မတော် (ရေ) စစ်တန်းလျား ဆောက်လုပ်ဖို့အတွက် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ဒေသခံတွေဟာ မူလနေရာကို ပြန်ရရှိဖို့ အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ကနေ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် မူလနေရာကို ပြန်ပေးစေချင်တယ်လို့ ပြောင်းရွှေ့ ခံခဲ့ရသူတစ်ဦးက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
" ကျွန်တော်တို့ ရပ်ကွက်က ၇၆ ခုနှစ်က မီးလောင်လို့ ဝန်ကြီး ဦးမြတ်မင်းကိုယ်တိုင် ပြန်ချထားတဲ့ နေရာဖြစ်ပါတယ်၊ ကျူးကျော်နေထိုင်တာမဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ မြေမှာ ရှာလို့ ဖွေလို့လည်းကောင်းတယ်၊ ကျွန်တော်တို့နဲ့လည်း အဆင်ပြေတယ်၊ ကျွန်တော်တို့က ပွင့်ကောင်း ငံပိငန်ပြာရည် စက်ရုံကဆင်းရတဲ့အတွက် အဲ့စက်ရုံနဲ့ ကျွန်တော်တို့ရပ် ကွက်နဲ့က နီးနီးလေး၊ ဒီနေရာမှာ ကျွန်တော်တို့ ပြန်ရမှ ကျွန်တော်တို့ အဆင်ပြေမှာလေ လျှော်ကြေးယူချင်လို့ မတင်တကာ လုပ်တာမဟုတ်ပါဘူး၊ ယခုအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်နီးပါး ဒုက္ခတွေ ပင်လယ်ဝေခဲ့ရတယ်"
ဒေသခံတွေကို ဝါဝါဝင်းကုမ္ပဏီက ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြည်သူ့ကွန်ရက်နဲ့ အမှန်တရား ဖော် ထုတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်ကျော်က ဖြည့်စွက် ဆွေးနွေးခဲ့ပါသေးတယ်။
အဲဒီရပ်ကွက်တွေကို ဖျက်သိမ်းစဉ်က တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့ စနစ်ကို အကြောင်းပြပြီး သိမ်းယူခဲ့တာပါ။
ပြန်လည်နေရာ ချပေးခဲ့တဲ့အခါ ဒေသခံတွေ တိုက်ပေါ်မတင်ပေးဘဲ ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက်ကို ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို ဖယ်ရှား ပြောင်းရွှေ့ခံခဲ့ရတဲ့ ဒေသခံ (၃၀၀) ကျော် တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။
Ref: အာရ်အဖ်အေ
စစ်တပ်သိမ်းခဲ့တဲ့ ဧက ၂ သိန်းအတွက် ကော်မရှင်နဲ့ ပုလိပ်တောင်သူတွေတွေ့
2013-03-17
မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း (၁၀) ရွာက လယ်ဧက(၂) သိန်းကျော်ကို စစ်တပ်ကနေ သိမ်းယူထားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ တောင်သူ (၂၀၀) ကျော်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်တပ်ကနေ လယ်ယာမြေသိမ်းတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့အတွက် တောင်သူတွေနဲ့ အခုလို တွေ့ဆုံခဲ့တာလို့ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းကြည်က RFA ကို ပြောပါတယ်။
" တပ်မတော်က သိမ်းထားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိချင်တယ်လို့ အဲ့လိုပြောတာ ကော်မရှင်ကနေပြီးတော့ ပထမအစီရင်ခံစာ နံပါတ် ၁ အနေနဲ့ တပ်မတော်နဲ့ ပတ်သက်တာတွေ တင်ထားပြီးသားလေ၊ အားလုံးသိမ်းထားတာ"
အဲ့ဒီလယ်မြေတွေကို (၁၉၈၈) ခုနှစ် နောက်ပိုင်း စစ်တပ်က သိမ်းဆည်းခဲ့တာဖြစ်ပြီး လယ်တစ်ဧကကို ငွေကျပ် (၅) ထောင်ပေးခဲ့ပေမယ့် တောင်သူအများစုကတော့ မရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
အလားတူ လယ်မြေသိမ်းဆည်းခံထားရတာတွေနဲ့ ပတ်သက်ပြီး ကောင်မရှင်ကို တရားဝင် တင်ပြထားတာတွေရှိပေမယ့် တချို့တောင်သူတွေကတော့ တင်ပြတိုင်ကြားတာတွေ မပြုလုပ် သေးဘူးလို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ကျောက်ပန်းတောင်းဖွံ့ဖြိုးရေး ဒေသခံတွေနဲ့ NLD၊ တစည ပါတီတွေ့
2013-03-17
အစိုးရက ဆောင်ရွက်ပေးဖို့ အားနည်းနေတဲ့ ကျောက်ပန်းတောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက် တွေကို အဖြေရှာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ပူးပေါင်းပြီး ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
ဒေသခံ NLD ပါတီဝင် ကိုသန်းထင်အောင်က အခုလို ပြောပါတယ်။
" ပြည်ခိုင်ဖြိုးကတော့ မလာဘူး၊ တစညလာတယ်၊ NLD လာတယ်၊ လူမှုရေးအသင်းအဖွဲ့ ၁၆ သင်းရှိတယ်၊ ၈၈ မျိုးဆက်ကျောင်းသာများအဖွဲ့က တက်တယ် တွေ့ပြီးတော့ ဘာလုပ်တာ လဲဆိုတော့ သူတို့က မြို့ရဲ့ အခြေအနေတွေကို အမြင်ချင်းဖလှယ်ပြီးတော့ မြို့ရဲ့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆွေးနွေးတယ်"
ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ် (၅၀) ခန့် တက်ရောက်ခဲ့ ကြပြီး ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပုပ္ပါးတောင် ထိန်းသိမ်းရေး၊ ပညာသင်ကြားနေ တဲ့ ကျောင်းတွေ အဆင့်မြှင့် တင်ရေး၊ ကျန်းမာရေး ဆေးပေးခန်းတွေ အလုံလောက်ရရှိရေး၊ ပျက်စီးနေတဲ့ လမ်းတွေ ကောင်းမွန်ရေးနဲ့ အမှိုက်သိမ်းကား ထားရှိရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
(၂) ရက်ကြာဆွေနွေးမယ့် ဒီအခမ်းအနားကနေ ရရှိလာတဲ့ အချက်တွေကို သက်ဆိုင်ရာ အာဏာပိုင် တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Ref: အာရ်အဖ်အေ
ပုဏ္ဍားကျွန်း ဆယ်တန်း ကျောင်းသားများ မြို့သစ် အမကသို့ ပြောင်းရွှေ့ စာစစ်မည်
March 17, 2013
ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း မီးလောင်မူကြောင့် တနင်္လာနေ့တွက် ဆက်စစ်မည့် စာမေးပွဲကို မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေးမည်ဟု သိရသည်။
အထက်တန်းကျောင်းမီးလောင်မူကြောင့် စာသင်ခန်းများ မီးထဲပါသွားရာမှ မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေးရန် သက်ဆိုင်ရာမှ ထုတ်ပြန် ကျေညာထားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းက ပြောသည်။

“ ကျောင်းရဲ့ အပေါ်ထပ် အဆောင်က အခန်း နှစ်ခန်းနဲ့ အောက်ထပ် အဆောင်က အခန်း နှစ်ခန်း၊ စုစုပေါင်း လေးခန်း မီးထဲပါသွားပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဆက်စစ်မယ့် စာမေးပွဲကို မြို့သစ် အမကကို ပြောင်းရွှေ့ စစ်ဆေးမှာ ဖြစ်ပါတယ်။”
ပုဏ္ဍားကျွန်း မြို့မ အထက်တန်းကျောင်း စနေနေ့ ညဥ့်အစောပိုင်း ၂ နာရီခန့်က မီးထလောင်ရာ မြို့သူ မြို့သားများနှင့် မီးသတ်ဌာနမှ အချိန်မှီ ငြိမ်းသတ်ခဲ့ရသည်။
“ မီးလောင်တာနဲ့ ချက်ချင်း မြို့သူ မြို့သားတွေနဲ့ မီးသတ်ကားက ၀ိုင်းဝန်း ငြိမ်းသတ်ပါတယ်။ မီးသတ်ကားရောက်ပါတယ်။ မီးသတ်ကားတွေ မရောက်လာရင် တစ်မြို့လုံးကို ကူးစက် ပြာကျသွားနိုင်ပါတယ်” ဟု သူက ဆိုသည်။
ယခု အချိန်ထိ ပုဏ္ဍားကျွန်း မြို့မ အထက မီးလောင်ရသည့် အကြောင်းကို မသိရသေးကြောင်း၊ မီးလောင်မူမှာ ဆယ်တန်းစာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် ဒေသခံများက အမျိုးမျိုး ဝေဖန် ပြောဆိုလျှက် ရှိနေကြောင်း သိရသည်။
(နိရဉ္စရာ၏ ပထမ ပုဏ္ဍားကျွန်း အထက်တန်းကျောင်း မီးလောင် သတင်းတွင် မီးသတ်ကားများ ရောက်မလာဟု ဒေသခံ တစ်ဦးက ပြောဆိုသည်ကို ကိုးကားပြီး သတင်းမှား ဖေါ်ပြ မိပါသဖြင့် အထူး တောင်းပန်အပ်ပါသည်။)
Ref: နိရဉ္စရာ
ရခိုင်အရေးအခင်း Fecebook မှ ဓါတ်ပုံအမှား ထုတ်လွှင့်မူ ဘင်္ဂလာဒေခ်ျ့ The Daily star သတင်းစာကြီးက ဓါတ်ပုံများနှင့် တကွ စာမျက်နာ အပြည့် ဖွင့်ချ
March 17, 2013
ရခိုင်အရေးအခင်း အတွင်း မွတ်ဆလင်များအား အစုလိုက် အပြုံလိုက်သတ်ဖြတ်နေပါသည်ဟု ခေါင်းစဉ် တပ်ကာ ဓါတ်ပုံများဖြင့် နိုင်ငံတကာ အစ္စလာမ်ဘာသာဝင်များ အကြား သတင်း ထုတ်လွှင် ခဲ့မူများမှာ မှန်ကန်မူ မရှိကြောင်း ယနေ့ထုတ် The Daily star သတင်းစာက ဓါတ်ပုံများနှင့် တကွ စာမျက်နာပြည့် ဖေါ်ပြကာ ဖွင့်ချလိုက်သည်။
သတင်းစာ၏ စာမျက်နာ ၅ တစ်ခုလုံးတွင် အဆိုပါ ဓါတ်ပုံ အလိမ်များကို ဝေေ၀ဆာဆာ ဖေါ်ပြပြီး ဓါတ်ပုံများ ပေါ်တွင်လည်း အင်္ဂလိပ်လို “ Lie” အလိမ် နှင့် “ Truth” အမှန်ဟု ရေးသားကာ အလိမ် ဓါတ်ပုံနှင့် အမှန် ဓါတ်ပုံများကို ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
တိဗက် ဘုန်းတော်ကြီးများ ငလျင်ကြောင့် သေဆုံးသွားသူများကို သဂြိင်္ုလ်ရန် စီစဉ် နေသည့် ပုံကို အမှန်“ Truth” ဟု ဓါတ်ပုံပေါ်တွင် စာလုံးကြီးများဖြင့် ဖေါ်ပြပြီး အဆိုပါ ဓါတ်ပုံ ပေါ်တွင် “ Stop killing Muslims in Burma” မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို သတ်ဖြတ်မူ ရပ်တန့်ပါဟု ရေးထိုးထားသော ဓါတ်ပုံပေါ်တွင် အလိမ် “ Lie” ဟု ရေးသားကာ သတင်းစာက ဖေါ်ပြခဲ့သည်။
၎င်းပြင် တိဗက် လူငယ် တစ်ဦး အိန္ဒိယ ပါလီမန်ရှေ့တွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က မိမိကိုယ်ကို မီးရှို့ သတ်သေနေသည့်ပုံကို ရိုဟင်ဂျာ လူငယ် တစ်ဦးကို မြန်မာတွေ သတ်နေပါသည်ဟု သတင်းအလိမ် တင်ထားမူကိုလည်း သတင်းဓါတ်ပုံ အလိမ်နှင့် အမှန်ဟုဆိုကာ ဓါတ်ပုံ နှစ်ပုံစလုံးတွင် စာတန်းထိုး ဖေါ်ပြခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ၇၁၅ မိုင်အကွာတွင် တည်ရှိသော Natthiwat ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက်မူကြောင့် အရပ်သားရာပေါင်းများစွာကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့်ပုံကို “ Burma Muslim Massacre- Why world is still silent ???? ဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ မွတ်ဆလင်များအား လိမ်လည် စည်းရုံးခဲ့သည့် ဓါတ်ပုံကိုလည်း အလိမ်တင်ထားသည့် ဓါတ်ပုံဟု ဆိုကာ အမှန် ဓါတ်ပုံနှင့် အတူ ယှဉ်တွဲ ဖေါ်ပြသည်။
အထူး စိတ်ဝင်စားစရာ ကောင်းသည်မှာ Theo Van Gogh’s television မှ ထုတ်လွှင့်သော Documentary မှ အမျိုးသမီး တစ်ဦး၏ နောက်ကျောပေါ်တွင် အာရပ်ဘာသာဖြင့် စာရေး သားထားသော ဓါတ်ပုံကို ယူပြီး အဆိုပါ ဓါတ်ပုံပေါ်တွင်“ Stop Killing Muslim in Burma’s photo” ဟု ရေးသားထားမူမှာ “ Lie” အလိမ်ဟု ဆိုကာ ဖေါ်ပြခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ နာမည်အကြီးဆုံး သတင်းစာကြီးမှ ရခိုင်အရေးအခင်းတွင် ဓါတ်ပုံ အမှားများ ထုတ်လွှင့်မူကို ဖွင့်ချ ဖေါ်ထုတ်ရခြင်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့်လည်း ရခိုင်အရေးအခင်းကဲ့သို့ ဓါတ်ပုံ အမှားများကို facebook မှ တဆင့် ထုတ်လွှင့်မူများနှင့် ရင်ဆိုင် ကြုံတွေ့နေရ၍ ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလီ အမျိုးသား ထောင်ပေါင်းများစွာက ဒက္ကားမြို့ Shahbagh အရပ်တွင် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ စစ်ပွဲ အတွင်း စစ်ရာဇ၀တ်မူ ကျူးလွန်ခဲ့သူများကို သေဒဏ်ပေးရန် တောင်းဆိုနေသော ဓါတ်ပုံများကို ပြောင်းပြန်လှန်ကာ သေဒဏ်ပေးရန်ကို ဆန့်ကျင်နေသော ဘင်္ဂလီ ပြည်သူများဟု စာတန်းထိုးကာ ကမ္ဘာကို ဖြန့်ချီနေကြသည်ဟု ဆိုသည်။
အလားတူ တူရကီနိုင်ငံတွင် သူ့နိုင်ငံ အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုလည်း ဘင်္ဂလာဒေခ်ျ့တွင် စစ်ရာဇ၀တ်မူ ကျူးလွတ်သူများဟု စွပ်စွဲခံထားရသူ ခေါင်းဆောင်များ သေဒဏ်ပေးမည်ကို တူရကီနိုင်ငံသားများကလည်း ဆန့်ကျင်နေကြသည်ဟု ဆိုကာ ဘင်္ဂလာဒေခ်ျ့တွင် ၀ါဒဖြန့်နေကြသည်ဟု ဆိုသည်။
The Dailystar သတင်းစာကြီးက အဆိုပါ ဓါတ်ပုံများကိုပါ ရခိုင်အရေးအခင်း အလိမ် ဓါတ်ပုံများနှင့် အတူ ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
Ref: နိရဉ္စရာ
ဆရာတော် ဥာဏစက္က ရခိုင်ပြည် ကြွမည်
March 16, 2013
ဘာသာရေး ဆိုင်ရာ အငြင်းပွားမူကြောင့် ရခိုင်ပြည်နယ်ကို စွန့်ခွာပြီး နှစ်ပေါင်း (၃၀) ကျော် အထိ ရန်ကုန်မြို့တွင် သီတင်းသုံးနေထိုင်ခဲ့သော ဆရာတော် အရှင် ဥာဏစက္ကသည် ယခုလ ၂၀ ရက်နေ့တွင် ရခိုင်သို့ ပြန်လည် ကြွရောက်မည်ဟု သတင်း ရရှိသည်။
သက်တော် ၉၀ ရှိပြီ ဖြစ်သော ဆရာတော် ဘဒ္ဒန္တ ဥာဏ စက္ကသည် တပည့်တကာများ ခြံရံ လိုက်ပါလျှက် စင်းလုံးဌား လေယာဉ်ဖြင့် မတ်လ ၂၀ ရက်နေ့တွင် စစ်တွေသို့ ကြွရောက်မည် ဖြစ်ကြောင်း Lay Mro ၀က်ဆိုက်တွင် ဖေါ်ပြထားသည်။
ဆရာတော် အရှင် ဥာဏ စက္ကနှင့် ဒေသအတွင်းက ဆရာတော်များ အကြား ရဟန္တာ ဖြစ်သည် မဖြစ်သည်ဆိုသော ဘာသာရေးဆိုင်ရာ အငြင်းပွားမူ အပါအ၀င် တစ်ခြား အငြင်းပွား မူများ ပေါ်ပေါက်ပြီးနောက် ရခိုင်ပြည်နယ်ကို စွန့်ခွာသွားခဲ့ရသည်။
ရခိုင်ပြည်နယ်ကို စွန့်ခွာပြီးနောက် ဆရာတော်သည် ရန်ကုန်တိုင်း ပုလဲမြို့သစ် ဥာဏရွာရှိ သီရိ မင်္ဂလာ သတိပဌာန် ကျောင်းတိုက်တွင် ရခိုင်သို့ မပြန်ဘဲ နှစ်ပေါင်း ၃၀ ကျော် သီတင်းသုံး နေထိုင်တော်မူခဲ့သည်။
ဆရာတော် ဥာဏစက္က၏ အကျင့် သီလ သိက္ခာ သမာဓိကြောင့် ကြည်ညိုသူပေါများပြီ ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများ အထူး အောင်မြင်သဖြင့် မနာလိုသူများက မဟုတ် မမှန် အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆရာတော်ကို ကြည်ညိုသူများက ပြောသည်။
ဆရာတော် ဥာဏစက္က ရခိုင်တွင် သတင်း သုံးနေစဉ် တည်ဆောက်ထားသော ကျောင်းပေါင်း ၄၀ ခန့်ရှိပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများမှာ အထူး အောင်မြင်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဆရာတော် ဥာဏစက္က၏ သာသနာပြု လုပ်ငန်းများနှင့် ပတ်သက်ပြီး အမြင် သဘောထား ကွဲလွဲမူများနှင့် အတူ ကြည်ညိုသူနှင့် မကြည်ညိုသူများ အကြားတွင် ပဋိပက္ခများလည်း အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ ကျေးရွာ တချို့တွင်မူ တုတ်ဆွဲ၊ ဓါးဆွဲ အဆင့်ထိ ရောက်ရှိခဲ့ရသည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် အစိုးရ အဆက်ဆက်၏ ဖိနှိပ်ခွဲခြား အုပ်ချုပ်မူများကြောင့် ရခိုင်အမျိုးသားများ အကြား အထူး ညီညွှတ်မူ ရရှိနေသော အချိန် ဖြစ်ရာ ဆရာတော်ကြီး ဥာဏစက္က ခရီးစဉ်ကြောင့် စည်းလုံး ညီညွှတ်မူ ထပ်မံ ပြိုကွဲမည်ကို အများက စိုးရိမ်လျှက် ရှိကြောင်း သတင်း ရရှိသည်။
Ref: နိရဉ္စရာ
ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ
ခင်မျိုးသွယ်
မတ်လ ၁၆ ရက် ၂၀၁၃ ခုနှစ်
ဧပြီလမှ စ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ကျပ် ၂၀,၀၀၀ စီ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ပြောဆိုလိုက်သည်။
“၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်း လျာထားမှုများ ပြုလုပ်ခဲ့ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသွားခြင်း ဖြစ်သည်။
“လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက်လက် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။
ထိုသို့ လစာတိုးမြင့်တော့မည်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများက ဝမ်းသာကြသော်လည်း ကုန်ဈေးနှုန်းပါ တပါတည်း တက်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်။
“တိုးပေးတာကို ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်းမိဘတွေ အနေနဲ့ ကလေးတွေရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ကျူရှင်စရိတ်က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက်ထား စဉ်းစားစေချင်ပါတယ်” ဟု သူနာပြုဆရာမ ဒေါ်မြညွှန့် က တိုက်တွန်းသည်။
အကယ်၍ ကုန်ဈေးနှုန်းများ တက်လာခဲ့ပါမူ ထိုဒဏ်ကို တောင့်ခံနိုင်ရန်လည်း အစိုးရဌာနတခုမှ ဒု-ညွှန်မှူး ဒေါ်ကြည်ကြည် က အကြံပြုသည်။
“လစာတိုးပေးမှာ ဧပြီလ ကုန်မှပါ။ အရင်ခေတ်တွေကလို ကြိုပြီး ကုန်ဈေးနှုန်း မတက်စေချင်ပါဘူး။ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကြက်သွန် တက်မယ်ဆိုရင် နည်းနည်းပဲ ဝယ်သုံးမယ်။သူ့အစား ဈေးပေါတဲ့ ချင်း၊ စပါးလင် သုံးမယ်။ ပုတ်ကုန် ဖြစ်တဲ့ ကြက်သွန် တက်ဈေးနဲ့ တောင့်မခံနိုင်ပါဘူး။ ဆန်ဆိုလည်း ဈေးတက်ရင် တပြည်ချင်း ဝယ်စားမယ်။ ဆန်တွေက ရိတ်သိမ်းကတည်းက မိုးမိထားတာ။ ဂိုဒေါင်မှာ ကြာကြာထားရင် မှိုတက်မယ်။ ပိုးကျမှာပဲ။ ဈေးကျမှ ဝယ်စားမယ်။ ဒါမျိုးတွေ စီမံသင့်ပါတယ်။ အရင်တုန်းက လစာ တိုးမယ် အသံကြားရင် ဈေးနှုန်းတက်မှာ စိုးလို့ ငွေ ရှိတဲ့သူတွေက စားသောက်ကုန်တွေကို များများ ကြိုဝယ်ကြတယ်။ ရန်ကုန်မှာက တဦးလုပ်ရင် ကျန်တဲ့သူတွေက လန့်ပြီး လိုက်ဝယ်ကြတာ မျိုးတွေ ရှိခဲ့တယ်။ အဝယ်များတော့ ကုန်ပစ္စည်းတွေက ဈေးမတက်သင့်ဘဲ တက်ကုန်တာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါမျိုးတွေ သတိပြု လုပ်ကိုင်သင့်ပါတယ်” ဟု အိမ်ရှင်မလည်း ဖြစ်သူ ဒေါ်ကြည်ကြည် က ဆိုသည်။
ရပ်တည်ရန် အခက်အခဲများကြောင့် ပင်စင်စားများကလည်း လစာတိုးမြှင့်ရလိုကြပြီး သို့မဟုတ်ပါကလည်း သင့်တော်မည့် အစီအစဉ်များ ဖန်တီးပေးစေလိုကြသည်။
“လစာတိုးပေးတာ မုဒိတာပွားစရာပါ။ ကျနော်တို့လို ပင်စင်စားတွေကလည်း ပင်စင်သမားတွေ ပါမလားလို့ နားစွင့်နေတာပါ။ သမ္မတကြီးရဲ့ ခေါင်းထဲမှာလည်း ပင်စင်စားတွေရဲ့ကိစ္စ ရှိနေနိုင်ပါတယ်။ အဆင့်မြင့် ရာထူးတွေနဲ့ အငြိမ်းစားယူသူတွေက တာဝန်ထမ်းဆောင်စဉ် ကတည်းက လိမ္မာပါးနပ်သူ များတော့ အနည်းအကျဉ်း မပူပင်ရသူ များတယ်။ တာဝန်ထမ်း စဉ် ကတည်းက အောက်ခြေဝန်ထမ်း လုပ်ခဲ့ရသူတွေကတော့ ပင်စင် ယူပြီးတာတောင် စားဝတ်နေရေးအတွက် ပူပင်နေကြရတော့ ပင်စင်လစာ တိုးတာမျိုး၊ ရင်းနှီးစားလို့ ရအောင် တစုတည်း ထုတ်ပေးတာမျိုးတွေကို မျှော်လင့်နေသူတွေ များပါတယ်။ ဒါပေမယ့် ပင်စင်ကိစ္စကလည်း ခေါင်းစဉ်အမျိုးမျိုး ရှိနေတော့ အတော်ရှုတ်တဲ့ ကိစ္စတခုလို ဖြစ်နေတာ ကိုး” ဟု ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦး က ပြောသည်။
သို့သော် တိုင်းပြည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးမှုကြောင့် ကုန်ဈေးနှုန်း တက်လာမည်ကို စိုးရိမ်ရန် မရှိကြောင်း စီးပွားရေး သုတေသီ တဦး က ဆိုသည်။
“တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင် လုပ်သားအင်အားစု အားလုံးထဲမှာ နိုင်ငံ့ဝန်ထမ်း အင်အားစုက နည်းပါတယ်။ ဒီလူနည်းစုကို လစာတိုးပေးလို့ ငွေကြေးဖေါင်းပွမှုက ဖြစ်စရာ အကြောင်းမရှိပါဘူး။ သီအိုရီ သဘောအရပဲ ဖြစ်ဖြစ်၊ သဘာဝ အရပဲ ကြည့်ကြည့် တိုင်းပြည် စီးပွားရေး အဆောက်အအုံ တခု အောက်မှာ အလုပ်အကိုင် အပြည့်အဝ မရမချင်း လစာတိုးပေးရင် ငွေကြေးဖေါင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ လစာတိုးတာကို နွယ်ပြီး ကုန်ဈေးနှုန်း တက်တယ် ဆိုရင် ဈေးကွက်သဘာဝကြောင့် မဟုတ်နိုင်ပါဘူး။ လူ့ ပရောဂ ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ဆရာ ဦးစောနိုင် က သုံးသပ် ပြောကြားသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် လက်ရှိသတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများ အပြင် တဦးလျှင် တလ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အပို ထောက်ပံ့ကြေး ပေးခဲ့သည်။ ထို့အပြင် အစိုးရဌာနနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို လက်ရှိသတ်မှတ်ပြီး လုပ်ခအပေါ်တွင် ကျပ် ၁,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။
Ref: မဇ္ဈိမ
လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို
ဟင်္သာနီ (မွန်မြေ)
မတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ်
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရပြီးနောက် ၎င်းဆန္ဒပြ မှုကို ချိတ်ဆက်ကာ လုပ်ဆောင်နေကြသည်ဟု လူမှုကွန်ယက် (Social Media) များတွင် ပျံ့နှံ့လာသည့် အရေးအသားအပေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က မိမိ၏ ပုံရိပ် (Image) အား ဖျက်သည့် စွပ်စွဲချက်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့က အပြင်က လာတယ်ဆိုတော့ ခေါင်းစဉ်တပ်ရ လွယ်တဲ့ပစ်မှတ် အလွယ် (Easy Target) တွေလေ၊ အရင်တုန်းက သတင်းစာ ရှင်းလင်းပွဲတွေရှိတယ် မဟုတ်လား၊ တစ်ခုခု ကွဲပြီဆိုလို့ရှိရင် ကိုနိုင်အောင်တို့၊ ကိုမောင်မောင်တို့၊ ကိုမိုးသီးတို့ အဲလို မျိုးပဲပေါ့၊ ကျွန်တော်တို့ရဲ့ Image ကို လွယ်လွယ်ကူကူ ဖျက်တာပါ” ဟု ဒေါက်တာနိုင်အောင် မှ မဇ္ဈိမအား ပြောကြားခဲ့သည်။
“လက်ပံတောင်း ဆန္ဒ ပြမှုတွေကို ဦးဆောင် နေသည့် မသွဲ့သွဲ့ဝင်း နောက်၌ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေ” ဟုသဘော သက်ရောက်သည့် အရေးအသားများ လူမှု ကွန်ယက်များတွင် သိသာစွာ ပျံ့နှံ့လာသည်ကို ကိုနိုင်အောင်မှ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် မသွဲ့သွဲ့ဝင်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂) ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲကို တတ်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုလည်း စွပ်စွဲ ထားကာ အခမ်းအနား တစ်ခု၌ မတ်တပ်ရပ်ကာ စကားပြောနေသည့် ဓါတ်ပုံနှင့် ရေးသားချက်အပေါ်လည်း ဒေါက်တာနိုင်အောင်မှ ၎င်းမသိရကြောင်း
ပြောကြားခဲ့ပါသည်။
၎င်းက “မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ အဆက် အသွယ်လည်း မရှိပါဘူးခင်ဗျ၊ ဖေ့ဘွခ်မှာ ပြောပြီး ဓါတ်ပုံတွေ ပြပြီး စွပ်စွဲနေတာလေ အဲဒီလို လာသွားမှန်းတောင် ကျွန်တော်တို့ မသိလိုက်ရဘူး။ ဓါတ်ပုံထဲမှာ ကျွန်တ်ာတို့ ပါတာလည်း မဟုတ်ဘူး၊ ဓါတ်ပုံဟာ ဘယ်ခေါင်းစဉ်နဲ့ ဘာလုပ်တယ် ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။
အလားတူပင် လက်ပံတောင်း ဆန္ဒပြမှုများကို ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်စပ်ကာ ချိတ်ဆက် လုပ်ဆောင် နေသည်ဟု စွပ်စွဲ ခံရသည့် လက်ပံတောင်း ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း မှလည်း ၎င်းကိစ္စကို လုံးဝ ငြင်းဆိုခဲ့ပါသည်။
“ဒေါက်တာ နိုင်အောင် ဆိုတာ အခုချိန်ထိ ဖြူသလား၊ မဲသလား ဆိုတာတောင် ကျွန်မ အခုချိန်ထိ တစ်ခါဆို တစ်ခါမှ မမြင်ဖူးပါဘူး၊ သိလည်းမသိဘူး၊ ဓါတ်ပုံက ပြီးခဲ့တဲ့ (၈) ရက်နေ့ (၃) လပိုင်းတုန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ
နေ့တုန်းက women exchange ကို သွားတက်ခဲ့တဲ့ ဓါတ်ပုံပါ၊ နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အဲဒီ တခါပဲ ခရီးစဉ် သွားဖူးပါတယ်။ အွန်လိုင်းဆိုတာက မလိုတဲ့ လူတွေတင်တားတဲ့ စကားတွေပါ အဲဒီ ကိစ္စနဲ့ပတ်သက်လို့က ဘာမှ မသိသေးပါဘူး။ ကျွန်မတို့က သပိတ်စခန်း နောက်ကွယ် ကနေ ကြိုးကိုင်ထားတာ ဆိုတာတွေ ဘာတစ်ခုမှ မရှိပါဘူး။ ကိုမိုးသီးဇွန်ကို တော့ ကျွန်မတို့ ရွာကိုလာတုန်ကတော့ တစ်ခါ တွေ့ဖူးတယ်သာ ရှိပါတယ်” ဟု မသွဲ့သွဲ့ဝင်းမှ မဇ္ဈိမအား ရှင်းလင်းပြောကြားခဲ့သည်။
လက်ရှိ အနေအထားမှာ လက်ပံတောင်း အရေးကိစ္စသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်၍ မိမိတို့ဘက်မှ စားပွဲဝိုင်းပေါ်တွင် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ပြီး ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်း က ဆက်လက်ပြောကြားသည်။
၎င်းစွပ်စွဲချက်သည် မိမိတို့အား ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ကာ စွပ်စွဲချက်သာဖြစ်သည်ဟုလည်း နှစ်ဖက်စလုံးမှ အသီးသီး ဆိုကြသည်။
လက်ပံတောင်းတောင် စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာ ထွက်လာပြီး ဒေသခံရွာများသို့ သွားရောက်ညှိနှိုင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံရွာသားများမှ မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ပြီးနောက် ယခုလို စွပ်စွဲသည့်စာများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာပျံ့နှံ့လာခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
မြေမြှုပ်မိုင်းများကြောင့် ရွာသစ်ရေကာတာဘက် အသွားအလာ ပိတ်ပင်
စောဇင်ညီ
မတ်လ ၁၆ ရက် ၂၀၁၃ ခုနှစ်
ကယားပြည်နယ် ဘော်လခဲ ခရိုင်ရှိ ရွာသစ် ရေကာတာ တည်ဆောက်မှုအား ပွင့်လင်းမြင်သာမှု မရှိခြင်းမှာ ယခင် စစ်ပွဲကာလက ထောင်ထားသည့် မိုင်းများရှိနေခြင်းကြောင့် ဖြစ်ကြောင်း ကယားပြည်နယ် ၀န်ကြီးချုပ်မှ ပြန်လည် ရှင်းလင်းခဲ့သည်။
၎င်းက “အရင်ဆုံး မိုင်းကိစ္စ ကိုရှင်းရမယ်။ သေနတ်က ပစ်မှထိတာ မိုင်းက အချိန်မရွေး ထပေါက်နိုင်တယ်။ ဒါကြောင့် ပြည်သူတွေကို မသွားနဲ့ မလာနဲ့ဦး လို့ ကျွန်တော်တို့က တားနေရတာပါ” ဟုဆိုသည်။
ထို့ကြောင့် မိုင်းများ အား ဦးစွာရှင်းလင်းရမည်ဖြစ်ကြောင်း ထိုမိုင်းများရှင်းလင်းပြီးမှ ပြည်သူများ သိသင့်သိထိုက်သော အချိန်တွင် အဆိုပါ ရေကာတာကိစ္စအား ပြည်သူများသို့ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်အေးက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အဆိုပါ မိုင်းများအား ရှင်းထုတ်ရန် UN အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု ပြုလုပ်နေကြောင်း တစ်ရက်လျှင် အတိုင်းအတာ မည်မျှ တူးဖော်နိုင်မည် စသည့် လုပ်ဆောင်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
မြေမြှုပ်မိုင်းများသည် ၂၀၁၂ခုနှစ် နှောင်းပိုင်း စစ်ပွဲများ ဖြစ်ပွားစဉ် အချိန်တွင် မိုင်းထောင်မှုများ ရှိခဲ့ပြီး သံလွင်မြစ် အရှေ့ပိုင်းဒေသများတွင် မြေမြှုပ်မိုင်းများ ပိုမိုများပြားကြောင်း ဒေသခံများ ပြောကြားချက်မှ သိရသည်။
ထို့ကြောင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သတ်၍ တောင်းဆိုထားသည့် စီမံကိန်းဒေသအား ပြည်သူများနှင့် အဖွဲ့အစည်းများ လေ့လာခြင်း မပြုနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က
ပြန်လည်ပြောဆိုခဲ့သည်။
အဆိုပါ ရေကာတာ တည်ဆောက်သည့် နေရာနှင့် အခြားစစ်ပွဲများ ဖြစ်ပွားခဲ့သော် ကယားပြည်နယ်မှ ဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ယခင်က မြှုပ်နှံခဲ့သော မြေမြှုပ်မိုင်း အရေအတွက်မှာ အလုံး တသောင်းခွဲခန့် ရှိကြောင်း သိရသည်ဟု ဒေသခံများက ပြောဆိုသည်။
“ ကယားပြည်နယ်ရဲ့ နယ်စပ်တွေမှာ အမြဲလိုလို လူတွေ မိုင်းထိကြတယ်။ မိုင်းထိတဲ့ အထဲမှာ ဒေသခံ ကလေးတွေ များတယ်” ဟု ကရင်နီလူငယ်သမဂ္ဂမှ ကိုဒီးဒီးက ပြောသည်။
ထိုသို့ မြေမြှုပ်မိုင်းများ ဖယ်ရှားခြင်း ကိစ္စနှင့် ပတ်သတ်၍ ယခုအချိန်အထိ လက်နက်ကိုင်ကာ အပစ်အခတ် ရပ်စဲထားသည့် ကယန်းပြည်သစ်ပါတီမှ ဥက္ကဌ ဦးစောလွင်က “ မြေမြှုပ် မိုင်းက အစိုးရက တာဝန်ယူပြီး ရှင်းရမှာပါ။ အစိုးရထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကလည်း ပိုပြီး အင်အားကြီးပါတယ်” ဟုဆိုသည်။
Ref: မဇ္ဈိမ
စိတ်လျော်ကြေး ဘယ်လိုပေးမလဲ
သွေး (စစ်ကိုင်း)
March 16, 2013
မတ်လ ၁၁ ရက်နေ့မှာ အများပြည်သူ စောင့်မျှော်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။ နောက် ဆက်တွဲ အနေနဲ့ လက်ပံတောင်း ဒေသခံ တွေရဲ့ ငိုကြွေးသံတွေ၊ မကျေမနပ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို ၀မ်းနည်းနေသူတွေရဲ့ မျက်ရည်တွေ အတွက် စာနာ ကရုဏာသက်မိတာ အမှန်ပါ။
အစီရင်ခံစာ ဖတ်ရှုပြီးတဲ့ နောက်မှာ မြေယာကို ၁ ဧကအတွက် လက်ဖက်ရည် တခွက်ဖိုးတောင် မရှိတဲ့ နှုန်းနဲ့ သိမ်းယူထား တာ တွေ့ရပါတယ်။ ဒေသခံတွေက မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကို ယုံပြီးပုံခဲ့တဲ့ ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် ကာလပေါက်ဈေးအတိုင်း မြေလျော်ကြေး ပေးမယ်၊ သတ္တိရှိရှိနဲ့ အပြောင်းအလဲကို ရင်ဆိုင်ဖို့ ကြိုးစားပါလို့ ပြောလာ တဲ့အခါ ဒေသခံတွေရဲ့ စိတ်မှာ ပိုထိခိုက် ကြေကွဲ သွားပါပြီ။

ဒီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ အကြံပြုတာဟာ နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ဖို့၊ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြားတဘက်က စဉ်းစားစရာတွေလည်း ရှိလာနေပါတယ်။
ဒေသခံတွေဟာ ကိုယ့်မြေ ကိုယ့်ယာပေါ်မှာ စိုက်ပျိုးပြီး လက်ပံတောင်းတောင်ကြီးကို အမှီသဟဲပြု ဘိုးစဉ်ဘောင်ဆက် များစွာကတည်းက နေထိုင်လာခဲ့တာပါ။ မချမ်းသာပေမယ့် ရသမျှနဲ့ ရောင့်ရဲတင်းတိမ်ပြီး “သခင်စိတ်ဓာတ်”နဲ့ နေထိုင်ခဲ့ကြ တာပါ။ အခုကျတော့ ကိုယ်တသက်လုံး လုပ်ကိုင်စားသောက်လာကြတဲ့ မြေကို မတရား သိမ်းယူခံခဲ့ရတယ်။ ကာလ ပေါက် ဈေးနဲ့ မြေလျော်ကြေး ပေးတယ်ပဲ ထားပါဦး၊ အဲဒီငွေကြေးဟာ ဘ၀ တသက်လုံးအတွက် လုံလောက်မယ့် ငွေကြေး မဟုတ်ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးမယ် ဆိုတဲ့နေရာမှာ ဘိုးဘေးဘီဘင် ကိုယ့်အရပ် ကိုယ့်မြေကိုယ့်ရေ “သခင်မျိုးဟေ့” စိတ်နဲ့ လွတ်လွတ်လပ်လပ် နေထိုင်ကြီးပြင်းခဲ့ရာကနေ ၀မ်ပေါင်နဲ့ ဦးပိုင်အောက်မှာ အခိုင်း စေခံ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
နောက်တချက်က မြန်မာအမျိုးသမီးလေးတွေရဲ့ “လုံခြုံမှု” ပါ။ လုပ်ငန်းခွင်မှာ မြန်မာအမျိုးသမီးလေးတွေကို ကာယိနြေ္ဒ ပျက်ပြားစေမယ့် အပြုအမူတွေ ရှိနိုင် မရှိ အာမခံချက် ရှိ မရှိ အမျိုးသမီး တယောက်အနေနဲ့ ကျမ စိုးရိမ်ပိုပါတယ်။ လက်ရှိ အခြေအနေမှာတောင် ကျမတို့ မြန်မာနိုင်ငံသူ အမျိုးသမီးငယ်တွေထဲက တချို့ တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရပြီး ဇနီးမယား အဖြစ် ရောင်းစားခံနေရတာ အားလုံးအသိပါ။ လူမှုရေးအရ သက်ရောက်မှု ရှိလာနိုင်မယ့် အကျိုးဆက်ကို ကျမတို့ မေ့ထားလို့ မရပါဘူး။
တရုတ်နိုင်ငံမှာ မြို့တော်ပေကျင်းကအစ လေထုညစ်ညမ်းမှုတွေ နှစ်စဉ် ပိုပိုဆိုးနေတာဟာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်း အားနည်းတာကို ညွှန်ပြနေတာကြောင့် ကျမ စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ရာမှာ (အစီရင်ခံစာမှာ ဘယ်လိုပဲ အကြံပြုထားပါစေ) နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေအတိုင်း တကယ် လိုက်နာ မလိုက်နာ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။
ကျမ ငယ်ငယ်က ဖတ်ရှုခဲ့ဖူးတဲ့ ကေသီလှိုင် (မောင်လင်းယုန်၊ ရှမ်းပြည် ၏ ကလောင်ခွဲ) ရဲ့ “သံသယ” ဆိုတဲ့ ကဗျာ တပိုင်းတစကို သွားသတိရမိပါတယ်။ “ကြည်ကြည်လင်လင် ရေကိုမြင်လျက်၊ ရေတွင်ဆိပ်ခိုး ပါလေနိုးဖြင့်၊ စိုးရွံ့ မသောက်သာပြီ တကား” တဲ့။ မသန့်ရှင်းတဲ့ လေကို ရှူရှိုက် မသန့်ရှင်းတဲ့ ရေကို သောက်သုံးနေရတဲ့ ဒေသခံတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာနာတတ်မယ် ဆိုရင် ကိုယ်ချင်းစာနာတတ်ကြည့်ဖို့ ကောင်းပါတယ်။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပါတဲ့ ကွင်းဆင်းလေ့လာထားတဲ့ လက်ပံတောင်းတောင် ကွင်းဆင်းလေ့လာတဲ့ လက်ပံတောင်းတောင် အစီရင်ခံစာအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်မှာ စိတ်ပညာရှင်တွေ မပါတာ သတိပြုမိပါတယ်။ ဒေသခံတွေရဲ့ ရင်ထဲမှာ တောင်ကြီး ပျောက်ကွယ်သွားမှာ စိုးရွံ့တဲ့ စိတ်၊ အနိုင်ကျင့်ခံနေရတယ်လို့ ခံစားနေရတဲ့ စိတ်၊ ကိုယ့်ဇာတိကို ခင်တွယ်တဲ့ စိတ်တွေ ရှိနေတာကို ကော်မရှင်က မေ့များထားခဲ့သလားလို့ တွေးမိပါတယ်။ တကယ်လို့ ကော်မရှင်မှာ စိတ်ပညာရှင်တွေသာ ပါဝင်ခဲ့မယ် ဆိုရင် ရှုမြင်ချက်က တမျိုးတဖုံ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။
ဆန္ဒပြနေကြတဲ့ ဒေသခံတွေဟာ လျော်ကြေး ထပ်လိုချင်လို့၊ ငွေမက်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ တွေ နားလည်စာနာစေချင်ပါတယ်။ “မကျေနပ်လို့ ဆန္ဒပြချင်ရင် ခွင့်ပြုချက်ယူပြီး ဆန္ဒပြပါ”လို့ ပြောဆိုခဲ့တာဟာ ဒေသခံတွေရဲ့ ၀မ်းနည်းစိတ်ထိခိုက်မှုကို ဂရုမစိုက်သလိုများ၊ အလေးမထားရာများ ရောက်နေမလားလို့ တွေးမိပါတယ်။ သူတို့ တတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို၊ သောကတွေကို သူတို့လောက် ဘယ်သူများ သိနိုင်မှာတဲ့လဲ။
နဂိုကတည်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒီစီမံကိန်းရဲ့ အကျိုးဆက်ကို အခု မျိုးဆက်သာမက နောက် မျိုးဆက်တွေပါ ခံစားရမှာပါ။ နိုင်ငံရဲ့ အနာဂတ်အတွက်၊ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆိုရင် ကျမ မေးပါရစေ။
“ကြေးနီ စီမံကိန်းကြီး ပြီးသွားရင် လက်ပံတောင်း ဒေသခံတွေ ဘာလုပ်ကိုင်စားသောက် ရမှာလဲ” “ကြေးနီတူးဖော် တာကြောင့် ပျက်ယွင်း ပျောက်ကွယ်သွားတဲ့ သဘာ၀၀န်းကျင်မျိုး ပြန်ရနိုင်မှာလား” “ကြေးနီဟာ လူမှုအသုံးအဆောင် ထုတ်လုပ်ရေး အတွက်လား၊ လက်နက်ထုတ်လုပ်ရေး အတွက်လား” “ကြေးနီ စီမံကိန်းကြောင့် ကျောင်းနေအရွယ် ကလေးသူငယ်တွေ အားလုံး ကျောင်းတက်နိုင်မှာလား” “ကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်တွေ ဖြစ်လာမှာလား” “တကယ်လို့ မန္တလေးတောင်ကြီးမှာ ပတ္တမြားတွေ ထွက်နေတယ် ဆိုရင် မန္တလေးတောင်ကြီးကို ဖြိုကြမှာလား” “စစ်ကိုင်း တောင်မှာ စိန်တွေ ထွက်တယ် ဆိုရင် စစ်ကိုင်းတောင်ကို တူးဖော်ဖြိုပစ်ကြမှာလား”
ကျမတို့ ငယ်စဉ်က သင်ကြားရတဲ့ ပထ၀ီသင်ခန်းစာထဲက “စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်” ဆိုတာတွေကို နောင်အနာဂတ်မှာ ပျောက်သွားပါတော့မယ်။ ချင်းတွင်းမြစ် ပျက်စီးသွားခဲ့ရင် ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာပါ။ လယ်ယာမြေတွေ အစားပြန်ပေးခဲ့မယ် ဆိုရင်တောင်မှ အဲဒီ လယ်ယာမြေတွေပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိမှ စိုက်ပျိုးနိုင်လို့ ရမှာပါ။ ဒေသခံ ရွာသူ ရွာသားတွေ အနေနဲ့ မိုင်းခွဲသံ ကြားရတိုင်း နှလုံးသားကို အပ်နဲ့ဆွသလို ခံစားရမှာ အမှန်ပါ။
အခုလို အချိန်မှာ ခံစားမှုတွေ မြင့်တက်နေတဲ့ ရွာသားတွေအပေါ် “ဘာလို့ ဆန္ဒပြတာလဲ။ ဘယ်သူ့ အတွက် ဆန္ဒပြတာလဲ” လို့ အပြစ်တင်နေမယ့်အစား စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ ဒေသခံတွေ ပြောပြတာကို စိတ်ရှည်လက်ရှည် နားထောင်ပြီးမှ နောက်လုပ်ကိုင်မယ့် အစီအစဉ်တွေကို ပြောပြ ရှင်းပြရမှာပါ။ ဖြစ်နိုင်ရင် နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်မယ့် ပညာရှင် တွေနဲ့ ဒေသခံတွေကို တွေ့ဆုံပေးသင့် ပါတယ်။
ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားမယ် ဆိုရင်၊ သူတို့တတွေရဲ့ မျက်ရည်တွေကို မျက်ကွယ်ပြုထားမယ် ဆိုရင်၊ သူတို့ရဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ပိုများလာမှာ အသေ အချာပါပဲ။ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ၊ စိတ်မချမ်းမြေ့မှုတွေ အတွက် ကိုယ့်လိပ်ပြာကိုယ် လုံနိုင်ကြပါ့မလား။ ကြေးနီတွေ ထွက်နေတာကိုက ဒေသခံတွေရဲ့ ကံဆိုးမှုပေပဲလားလို့ ကျမ စိတ်မသက်မသာ တွေးမိပါတယ်။ “သယံဇာတ ကျိန်စာ” ကြောင့် လက်ပံတောင်းတောင်ကြီး ပျောက်ကွယ်သွားရတော့မှာ ဖြစ်သလို ခံပြင်းနာကျည်းမှုတွေ၊ နာကျင်မှု၊ ကြေကွဲမှုတွေနဲ့ ဒေသခံတွေရဲ့ ဖြူစင်တဲ့ နှလုံးသားမှာ အရောင်တွေ စွန်းထင်း ခံနေရရှာပါပြီ။
သဘာဝတောတောင်နဲ့ လွတ်လပ်မှုတွေ ပျောက်ကွယ်သွားရမှာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေရတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ အတွက် “စိတ်လျော်ကြေး” ကိုတော့ ဘယ်သူ့ဆီမှာ၊ ဘယ်ရုံးတော်မှာ တောင်းယူရမလဲ။ ဘယ်လိုများ ပေးချေကြမလဲလို့ တွေးတောနေမိပါတော့တယ်။
သွေး (စစ်ကိုင်း)သည် ကဗျာ၊ ၀တ္ထုတို၊ ပန်းချီ ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက်ရှိသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦးဖြစ်သည်။
Ref: ဧရာဝတီ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88