Tuesday, May 7, 2013

သီချင်းများနှင့် ဆန့်ကျင်ခြင်း ကိုညို (အော်စလို)| May 6, 2013

ကိုညို (အော်စလို)
May 6, 2013

အပြင်မှာ လေက တဟူးဟူးနဲ့။ မိုးကလည်း တဖွဲဖွဲကျလို့။ နေရောင်ကို အစက်အပြောက်ကလေးတောင် မတွေ့ရ။ အော်စလိုတမြို့လုံး တိမ်ညိုညစ်တွေနဲ့ အုံ့ဆိုင်းမှိုင်းရီနေတယ်။ အစီအစဉ်က ညနေ ၃ နာရီမှာ စဖို့ အားလုံးစီစဉ်ပြီးသား။ နေ့လည် ၁ နာရီလောက်က ကိုမွန်းအောင်ကို ဖုန်းဆက်တော့ သူနေတဲ့မြို့လေးကနေ နာရီဝက်ကြာ စီးလာတဲ့ ဘတ်စကားက အော်စလိုမြို့ထဲဝင်လာပြီတဲ့။ တကယ်လို့ မိုးကျနေ မယ်ဆို စက်တွေနဲ့ ဂစ်တာတို့ ပါကားရှင်းတို့က မိုးရေ အထိခံလို့မရဘူး ဆိုတော့ ပွဲက ဖြစ်မှဖြစ်ပါ့မလားလို့ စိုးတထင့်ထင့်နဲ့။

မိတ္ထူကူးထားတဲ့ လက်ကမ်းစာရွက်တွေနဲ့ “No Nobel Peace Prize for 2013 to Thein Sein” (၂၀၁၃အတွက် နိုဘယ်လ်ဆု ဦးသိန်းစိန်ကို မပေးနဲ့) လို့ရေးထားတဲ့ နဖူးစည်းစာတမ်းအပြင် ကော်ဗူး၊ ကပ်ကျေး၊ ပလာစတာ၊ ကြိုးတွေကို ကမန်းကတန်း ကျောပိုးအိပ်ထဲထည့် ကင်မရာအိပ်ကိုလွယ်ပြီး မက်ထရို မြို့ပတ်ရထားဘူတာရုံဆီ အပြေးလျှောက်ပြီး ထွက်လိုက်တယ်။ တနာရီခွဲလောက်မှာ မိုးက လုံးဝရပ်သွားပြီ။ ဒါပေမယ့် လေကြမ်းတွေ ထန်နေတုန်း။ နော်ဝေးမှာ နေဘယ်လောက်ပူပူ လေတိုက်ရင် အေးစိမ့်ပြီး မခံနိုင်ဘူး။ အပူချိန်က ၉ ဒီဂရီပဲရှိတယ်။ လေစိမ်းတွေတိုက်တော့ ရေခဲအောက် အနှုတ် ၁၀ ဒီဂရီ ရှိတဲ့ ဆောင်းတွင်းလို စိမ့်အေးနေတယ်။

၁၈ ရာစုလည် ဥရောပလက်ရာ အော်စလိုမြို့လည် ပါလီမန်အဆောက်အဦကြီး ရှေ့ကိုရောက်တော့ ဖြတ်သန်းသွားလာသူတွေကြား ရှမ်းဘောင်းဘီကိုယ်စီနဲ့ ကိုမွန်းအောင်တို့ ဇနီးမောင်နှံရယ်၊ ကိုမိုးအေး (DVB)၊ ကိုမြင့်အေး၊ မဆွေ၊ မထားဒီးရ် တို့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်ထားတဲ့ လက်ကမ်းစာရွက်တွေ သွားလာနေသူအပေါင်းကို ဝေနေ ကြတာတွေ့ရတယ်။

အဲဒီလက်ကမ်းစာဆောင်ထဲမှာ ဦးသိန်းစိန်ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ ယခင်အစိုးရခေတ် သူကိုယ်တိုင် ၀န်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ချက် အကျဉ်းကို ဖော်ပြထားတဲ့အပြင် သမ္မတဟာ မြန်မာပြည်မှာ အမှန်စင်စစ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သူလား၊ အပြောင်းအလဲ လိုလားသူ အမှန်လား ဟန်ဆောင်နေသူလား၊ အရင် အစိုးရ တချိန်က မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တာကို သူ သမ္မတဖြစ်တော့ ဘာကြောင့် ၀မ်းနည်းစကား မပြောခဲ့တာလဲ စသဖြင့် ဦးသိန်းစိန်ကို နိုဘယ်လ်ဆုနဲ့ ထိုက်တန် မတန် အချက်အလက်တချို့ ထုတ်နှုတ်မေးခွန်းထုတ်ထားပါတယ်။

လက်ကမ်းစာရွက်လေးမှာ ဂျာမဏီက အာဏာရှင် ဟစ်တလာနဲ့ ဦးသိန်းစိန်တို့ တိုက်တိုက်ဆိုင်ဆိုင် တူနေတဲ့ ဖြစ်ရပ်လေး ၂ ချက်ပါ ထည့်ရေးထားတယ်။ တခုက သူတို့ ၂ ယောက်ရဲ့ မွေးရက်နဲ့ မွေး လပါ။ နောက်တခုက ဟစ်တလာကို ၁၉၃၉ ခုနှစ်က ဆွီဒင်ပါလီမန်ကနေ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခဲ့တဲ့ ဖြစ်ရပ်ပါ။ စူဒီတန်လင့် လို့ခေါ်တဲ့ ချက်ကိုစလိုဗက်ကီးယား အနောက်ဖက် နယ်စပ်က ဂျာမန်စကားပြောတဲ့ လူဦးရေ ၃ သန်းရဲ့ ပဋိပက္ခတခုမှာ ဟစ်တလာက ငြိမ်းအေးစွာ ဖြေရှင်းနိုင်တဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်ပါတယ်။ နောက်တော့လည်း အဲဒီ အမည်စာရင်း ရာထားချက် ပြန်ပြီး ရုတ်သိမ်းလိုက်ပါတယ်။

မနှစ်က အော်စလိုကို ဒေါ်အောင်ဆန်းစုကြည်လာစဉ်က တည်းခိုသွားတဲ့ ဂရင်းဟိုတယ်ကြီးရဲ့ မျက်စောင်းထိုးပလက်ဖောင်းပေါ်မှာ DVB ၀န်ထမ်းဟောင်း နန်းခမ်းကဲယော့(က်) တယောက် နော်ဝေးပြည်သူတွေ ရဲ့ လက်မှတ်တွေ ကောက်ခံနေတယ်။ မေလတလလုံး အပတ်စဉ် စနေနေ့တိုင်း တေးဂီတနဲ့ လှုံ့ဆော်မှု ကင်ပိန်းတွေလုပ်ပြီး သမ္မတဦးသိန်းစိန်ကို နိုဘယ်လ်ဆုမပေး သင့်ကြောင်း အများသူငါ ရေးထိုးထားတဲ့ ဒီလက်မှတ်တွေကို နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီဆီ ပေးပို့မှာဖြစ်ပါတယ်။ လက်မှတ်ဘယ်လောက်ရပြီလဲလို့ မေးကြည့်တော့ တရာကျော်သွားပြီလို့ ပြောပါတယ်။

လေက ပြင်းပြင်းတိုက်နေလို့ ပါလီမန်နံရံမှာ နဖူးစည်းစာတမ်းကို ခက်ခက်ခဲခဲ ချိတ်ရတယ်။ ချိတ်လည်းပြီးရော ပါလီမန် နံရံနဲ့ အနီးအနားက သစ်ပင်တွေမှာ မည်သည့် ပိုစတာ အ၀တ်စမှ မချိတ်ရ၊ ပိုစတာ ချိတ်တာခွင့်မပြုဘူး၊ လူကိုယ်တိုင်ကိုင်ထားရမယ်လို့ ပါလီမန်လုံခြုံရေး တာဝန်ယူထားသူ တယောက်က လာပြောတယ်။ လမ်းတဖက် ကိုက် ၂၀ အကွာ ပလက်ဖောင်းပေါ်မှာ ဂျစ်ပစီ တသိုက် ထရမ်းပက်တွေ၊ လက်ဆွဲဘာဂျာတွေနဲ့ မြူးမြူးကြွကြွ တီးမှုတ်သံတွေက ပါလီမန်အဆောက်အဦဝန်းကျင်ကို လွှမ်းထားတယ်။ မကြာခင် ကားတစီးနဲ့ တီးဝိုင်းစက်ပစ္စည်းတွေ၊ ဂစ်တာတွေ၊ ပါကားရှင်း ဗုံတိုတွေသယ်လာ တဲ့ နော်ဝေလူငယ်၃ယောက် ရောက်လာတယ်။ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် ဂျစ်ပစီဝိုင်းလည်း ထပြန်သွားရော ကိုမွန်းအောင် အလှည့်ပေါ့။ ဒီနေရာမှာ ဒီလိုကင်ပိန်းလုပ်ဖို့ အဆိုတော်မွန်းအောင်ကိုယ်တိုင် တလလောက်ကြိုပြီး အော်စလိုရဲနဲ့ ပါလီမန်ရဲတပ်ဖွဲ့ ထံက ကြိုတင် ခွင့်ပြုမိန့်ယူ ထားတာဖြစ်တယ်။

သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ နိုဘယ်ဆုရှင်အဖြစ် ၂၀၀၈ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အတီစ်ဆာရီ ကိုယ်တိုင် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တယ်။ အခုနှစ် မတ်လဆန်းက ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံရောက်ရှိခဲ့စဉ် လက်ရှိဖင်လန်သမ္မတကလည်း ဦးသိန်းစိန် နိုဘယ်ငြိမ်းချမ်းရေးဆု ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ကိုယ့်နိုင်ငံက ခေါင်းဆောင်တယောက်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးမယ်ဆိုတာ မုဒိတာပွားစရာပါ။ ဒါပေမယ့် သမ္မတဦးသိန်းစိန်ဟာ နိုဘယ်လ်ဆုနဲ့ အမှန်တကယ် ထိုက်တန်ပြီလားဆို တာတော့ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေတယ်လို့ ဒီကင်ပိန်းဖြစ်ပေါ်ဖို့ ကူညီဆောင်ရွက်နေတဲ့ ၈၈ ကျောင်းသားဟောင်း ကိုမြင့်အေးက ပြောပါတယ်။ “လက်ရှိအခြေအနေက ပြည်သူတွေ အသက် အိုးအိမ်စည်း စိမ်တောင် လုံခြုံမှု မပေးနိုင်တဲ့အထိ တရားဥပဒေ စိုးမိုးမှုက မရှိဘူး။ လူမျိုးမတူ၊ ဘာသာမတူရင် အချိန်မရွေး လမ်းပေါ်မှာ သေသွားနိုင်တယ်၊ နောက်ပြီး လူဦးရေ အများဆုံးဖြစ်တဲ့ လယ်သမားလူတန်းစားတွေ ရဲ့ လယ်မြေတွေ အချိန်မရွေး သိမ်းခံနေရတယ်။ လယ်သမားတွေကို အကာအကွယ်မပေးပဲ ရဲတွေ လုံထိမ်းတွေနဲ့ ဖမ်းဆီး ပစ်ခတ်နေတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ သိန်းနဲ့ချီ စစ်ဘေးသင့်နေ တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း မပြေလည်သေးဘူး” လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရနဲ့ ပတ်သက်ပြီး မြန်မာ့သတင်းမီဒီယာတွေမှာတော့ ဝေဖန်မှုတွေထက် အပြုသဘောနဲ့ အကောင်းမြင်တာတွေကိုပဲ ဖတ်နေရတယ်။ အဆိုတော် မွန်းအောင်က “ကျနော့်ကို အဆိုးမြင်တယ်လို့ စွပ်စွဲချင် စွပ်စွဲပါ။ ဒီကနေ့ ဦးသိန်းစိန် အပြောင်းအလဲက လွန်ခဲ့တဲ့ နှစ်တွေထက် နည်းနည်း ကောင်းလာတယ်လို့တော့ ပြောလို့ရချင်ရမယ်၊ ပါးစပ်ပေါက်ကလေး ဖွင့်လို့ ရလာတယ်၊ အသက်ရှုလို့ နည်းနည်းရတယ်၊ ဒါပေမယ့် ခြေတွေ လက်တွေ ဘယ်လောက် လှုပ်နိုင်ပြီလဲ၊ ခေါင်းထဲက စဉ်းစားထားတာတွေ ကိုယ်တိုင် ဘယ်လောက်လုပ်နိုင်ပြီလဲ ဆိုတာတော့ မေးခွန်းထုတ်ရဦးမှာပဲ။ ဒီကနေ့ အခြေအနေက အစိုးရကို အတိုက်အခံမလုပ်သရွေ့ ကြိုက်တာပြောလို့ရတယ်။ အစိုးရ အာဏာ မထိပါးသရွေ့ ကြိုက်တာ လုပ်လို့ရတယ်။ ကျနော်တို့ အမြင်ကတော့ ဒီကနေ့အပြောင်းအလဲဟာ လုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး” လို့ ပြောပါတယ်။

မြန်မာပြည်ထဲမှာ တကိုယ်တော်တေးစီးရီး ၄ခွေ၊ ပြည်ပမှာ ၂ ခွေထုတ်ခဲ့တဲ့ ကိုမွန်းအောင်ဟာ နာမည်အကြီးဆုံးအချိန် ၁၉၈၈ မှာ တောခိုခဲ့တာပါ။ အခုထိလည်း သူ့အဆိုက အရင်ကအတိုင်း ကြည်လင်ဆဲ၊ အားကောင်းဆဲ။ သူထုတ်ခဲ့တဲ့ သီချင်းအဟောင်းလေး တွေထဲက ကြိုးစားမှုက အဓိက၊ ဘီလူးစည်း လူ့စည်း၊ အတ္တဖြုတ်ချ၊ မျက်နှာသစ်ချိန်၊ တစိတ်တည်းလား၊ မိုးလုံးမှိုင်း စတဲ့ သီချင်းတွေ အပြင် ပြည်ပ မှာထုတ်တဲ့ အရေးကြီးပြီ သီချင်းနဲ့ အမှောင်လွှမ်းတဲ့ကမ္ဘာကြီး သီချင်းတို့ကို သီဆိုခဲ့တယ်။

“တိမ်တွေပျံသန်းတဲ့အတိုင်း××× ငါလေ ပျံသန်းချင်ရဲ့ ××တောင်ပံဖြန့်ပြီးတော့လည်း××× ကမ္ဘာကိုလည်ကြည့်ချင်ရဲ့ ××××ဒါပေမယ့်×× ငါခြေတောက်နဲ့ လမ်းလျှောက်သူပါ××× ငါမြေကြီးပဲ ချစ်တဲ့သူပါ×× ”

“အော်စလိုရဲ့ လွှတ်တော် အဆောက်အဦးရှေ့မှာ လွတ်လွတ်လပ်လပ်ဆိုရ တီးရလို့ ကျနော် ကျေနပ်တယ်။ သီချင်းက အဟောင်းတွေပေမယ့် ပုံစံအသစ်နဲ့မို့ သီချင်းအသစ်တွေ ဆိုနေရသလိုပဲ။ ဒီသီချင်းတွေကို တချိန်တုန်းက ကိုရဲလွင်၊ ကိုနေ၀င်းတို့ သူ့ရည်ရွယ်ချက်နဲ့သူ စိတ်ဓာတ်ခွန်အားတွေ၊ အရှုံးမပေးစေလိုတဲ့ အားပေးမှုတွေနဲ့ ရေးစပ်ခဲ့ကြတယ်”လို့ ကိုမွန်းအောင်က ပြောတယ်။ ဒီ တေးရေးသမားနှစ်ယောက် ကလည်း အခုအထိ ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုပ်ရှားဆဲ၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုနေဆဲ။

အော်စလိုပါလီမန်ရှေ့ လူသွားလမ်းကနေ ဖြတ်သွားသူတိုင်းဟာ သီချင်းလေးတွေ ရပ်ပြီး နားထောင်သွားလိုက်၊ လက်ကမ်းစာတွေ ယူသွားကြ လက်မှတ်တွေ ထိုးသွားကြနဲ့ပေါ့။ သီချင်းသံ တီးလုံးသံတွေက ပါလီမန်လမ်းတလျှောက် မြိုင်မြိုင်ဆိုင်ဆိုင် ထွက်နေတယ်။ လမ်းပေါ်က လူတိုင်း ငေးမောရပ်ကြည့်လိုက် နဖူးစည်းစာတမ်းကို လာဖတ်ကြည့်လိုက်နဲ့ပေါ့။ ပါကားရှင်း ဗုံသံ မြူးမြူးကြွကြွနဲ့ တီးနေတဲ့ ဥူလား မာတင်က တက္ကသိုလ်မှာ လူမှုဆက်ဆံရေးနဲ့ မနုဿဗေဒ ဘာသာရပ်ကို လေ့လာသင်ကြားနေသလို မြန်မာပြည် နိုင်ငံရေးလှုပ်ရှားမှုကို စာတမ်းရေးနေသူတယောက်ပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို သိထားသူလည်းဖြစ်တယ်။ “နော်ဝေးအစိုးရက ကမကထလုပ်ပြီး ပါဝင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စက စိတ်အလိုမကျမှုတွေ၊ သံသယတွေနဲ့ ရှင်းရှင်းလင်းလင်း အဖြေမရတဲ့ ပုစ္ဆာ တွက်ချက်နေ သလို ခရီးဆက်နေတယ်လို့ ကျနော် သိထားပါတယ်” လို့ သူက ပြောတယ်။

နေမကောင်းတဲ့ကြားက အခုပွဲကို လာပြီး ဝိုင်းကူညီတီးခတ်ပေးတဲ့ မာတင်ကလည်း နှစ်တော်တော်ကြာအောင် ဘာမှ ပြောခွင့်မရတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်တဲ့။ “ဒီမိုကရေစီတို့ လွတ်လပ်ရေးတို့ဆိုတာ သူ့မူလ ဂုဏ်သတ္တိအတိုင်း ရှိနေတာပါ၊ အဲဒါတွေကို အစိုးရတွေက ကိုယ့်စိတ်ကြိုက် ချဲ့လို့ ချုံ့လို့ မရဘူး” လို့လည်း ပြောသွားတယ်။

ရာသီဥတုက မညှာမတာ အေးစက်လွန်းတယ်။ လေကြမ်းတွေက ဆက်တိုက်နေပေမယ့် တီးဝိုင်းအဖွဲ့နဲ့ စာရွက်ဝေသူတွေ၊ လက်မှတ်ကောက်ခံသူတွေနဲ့ သတင်းမှတ်တမ်းတင်တဲ့ ကျနော်တို့ကတော့ အအေးဒဏ်ကို အံတုနိုင်သမျှ နေကြတယ်။ နောက်ဆုံး မူလကရည်ရွယ်ထားတဲ့ အချိန်ထက် ၁နာရီခွဲလောက်စောပြီး အရေးကြီးပြီးသီချင်း သံပြိုင်ဆိုပြီး အစီအစဉ်ကို ရပ် လမ်းခွဲခဲ့ကြတယ်။ အိမ်အပြန် ရထားရဲ့ ခုတ်မောင်းသံစီးချက်နဲ့အတူ ကိုမွန်းအောင်ရဲ့ “ကြိုးစားမှုက အဓိက”ဆိုတဲ့ သီချင်းကို သံယောင်လိုက် ဆိုညည်းနေခဲ့တယ်။

“ရှေ့ဆက်ရမဲ့ ကမ်းဒီဘက်မှာ××× နေရောင်ခြည်ကို ငံ့လင့်နေခဲ့ ×× မိုးကုပ်စက်ဝိုင်း အရှေ့အရပ်ဆီသို့×××အရုဏ်လာရင် ရင်ဆိုင်ကြမယ်×× အိုလူသား အများအကျိုးဆောင်ဖို့လေ××ယုံကြည်ထား စွန့်လှူသူ ပိုင်ဆိုင်ခွင့်ရယ်×××အချိန်တန်တဲ့ တနေ့ကျရင်တော့×××× စိုက်တဲ့အတိုင်း သိမ်းရိတ်မယ်×× ×အောင်မြင်ခြင်း တောင်းဆုပန်ခဲ့××ရိုးသား နိုးကြား နားနေလှည့်××××”

Ref: ဧရာဝတီ

Read More...

ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

မေဦး
မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။

၎င်းက “ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံးတပြိုင်ထဲ
ဆောက်ခိုင်း မလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော်တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါ က ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။

Ref: မဇ္ဈိမ

Read More...

ဂျပန်သို့ တင်ပို့ဆန်ဈေးကွက် အရည်အသွေးအခက်အခဲကြောင့် နှစ်စဉ် မသေချာ

ထင်လင်းအောင်
မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်

နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံမှ ဆန် မထရစ်တန်ချိန် ၅၀၀၀ကို ၀ယ်ယူမည်ဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် တင်ဒါစနစ်ဖြင့်သာ ဆက်လက်ဝယ်ယူမည် ဖြစ်သောကြောင့် လာမည့်နှစ်များ အတွက် ဈေးကွက် အလားအလာကို ကြိုတင် ပြောကြားရန် ခက်ခဲသေးကြောင်း မေလ ၄ ရက်က ဆန်ဝယ်ယူရေး သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေး လုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Takeharu IMASHIRO ကပြောကြား ခဲ့သည်။

Mr Takeharu Imashiro က “အခု ၀ယ်ယူတဲ့ ဆန်တန်ချိန် ၅၀၀၀ က တင်ဒါစနစ်နဲ့ ၀ယ်ယူခဲ့ တာ ဖြစ်တဲ့အတွက် နောက်ပိုင်း ဈေးကွက် အလားအလာကတော့ ကြိုပြောရမှာခက်ပါတယ်”ဟု ဈေးကွက် အလားအလာနှင့် စပ်လျဉ်းကာ ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးတင်ပို့ ရောင်းချရာတွင် အဓိကအနေဖြင့် အာဖရိကသို့ ပွဲစားမှ တဆင့် တင်ပို့သည့် အလှူရှင် ဈေးကွက်ကိုသာ မှီခိုလာခဲ့ရရာမှ တင်ဒါဝင်ရောက် ပြိုင်ခြင်းဖြင့် ဂျပန်ဈေးကွက်သို့ တကျော့ပြန် ပထမဆုံးအကြိမ် အဖြစ် တန်းမြင့်ဆန်အား MAPCO (မြန်မာနိုင်ငံဆန်စပါး အများပိုင် ကုမ္ပဏီ လီမိတက်) အစီအစဉ်ဖြင့် မစ်ဆူရီကုမ္ပဏီသို့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် အစားအစာ အရည်အသွေး ထိန်းချူပ်မှု ဆိုင်ရာမူဝါဒများအရ ရုပ်ပိုင်း၊ဓါတ်ပိုင်း၊ ဗီဇပိုင်း ဆိုရင်ရာ အရည်အသွေးများအား စစ်ဆေးမှု အမျိုးအစား ၁၆၇မျိုးဖြင့် ဓါတ်ခွဲ စစ်ဆေး၍ တင်ဒါ ခေါ်ယူခြင်း ဖြစ်ကာ အဆိုပါ အရည်အသွေး စစ်ဆေးမှုများ အောင်မြင်မှသာ တင်သွင်းခွင့် ရခြင်းဖြစ်ကြောင်း MAPCO ဥက္ကဌ ဦးရဲမင်းအောင် ကပြောကြားသည်။

၎င်းက“ဂျပန်ကို ဆန်တင်ပို့တဲ့အပိုင်းမှာက လက်ရှိတန်ချိန်၅၀၀၀ ကိုတောင်မှ ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းမှာ ရှိတယ်။ဂျပန်ရဲ့Food Security (အစားအစာအရည်အသွေးထိန်းချုပ်မှု)ကတင်းကြပ်တော့ အရည်အသွေးပိုင်း စစ်ဆေးမှု တွေအဆင့်ဆင့်လုပ်တယ်။ နှစ်တိုင်း တင်ပို့နိုင်ဖို့တော့ ကြိုးစားနေပါတယ်။” ဟုပြောသည်။

လက်ရှိအနေအထားတွင် ဂျပန်ဈေးကွက်သို့တင်ပို့နိုင်မည့် တန်းမြင့်ဆန်များ ထုတ်လုပ်တင်ပို့င်ရန်မှာပြည်တွင်းရှိ စိုက်ပျိုးသည့် စပါးအမျိုးအစား များ ၊ ရိတ်သိမ်းချွေလှေ့သည့်စနစ်များ၊ ကြိတ်ခွဲသည့် စနစ်များ၊ သိုလှောင် တင်ပို့သည့် စနစ်ပိုင်းများတွင် အဆင့်မြင့်တင်ရန် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် အာဖရိက ဈေးကွက်ကိုသာ အားထားခဲ့ရရာမှ ၂၀၁၂-၂၀၃ဘဏ္ဍာနှစ် တွင် မူဆယ်နယ်စပ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဈေးကွက် ပွင့်လန်းလာခဲ့ခြင်းကြောင့် ၄၆ နှစ် အတွင်း ပြည်ပသို့ တင်ပို့နိုင်မှု စံချိန်တင်အဖြစ် ဆန်မက်ထရစ်တန်ချိန် တစ်သန်းခွဲအထိ တင်ပို့နိုင်ခဲ့သည်။

လက်ရှိဈေးကွက် အနေအထားအရ အင်ဒိုနီးရှားမှလည်း ဆန်တန်ချိန် သုံးသိန်း ၀ယ်ယူရန် ကမ်းလှမ်းထားကာ လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင့် သက်ဆိုင်ရာမှ သတင်းထုတ်ပြန် ထားသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရတပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပလောင် အမျိုးသမီးနှင့် ကျောင်းသားများ အစီရင်ခံ

ဖနိဒါ
မလ ၀၆ ရက် ၂၀၁၃ ခုနှစ်

အစိုးရ တပ်ဖွဲ့များ၏ ပလောင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု ပလောင်အမျိုးသမီးအစည်းအရုံးနှင့် တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး စွပ်စွဲ ပြောဆိုလိုက်သည်။

“အခုက မြန်မာပြည်မှာ (ဦး)သိန်းစိန်အစိုးရလည်း ဆုတွေတောင် ရနေပြီဆိုတော့ ဒါပေမယ့် ကျမတို့ ပြချင်တာက တကယ့်တကယ် မြန်မာပြည်မှာက လူ့အခွင့်အရေး မြှင့်တင်ရေးနေရာမှာ ဘာမှ လုပ်ဆောင် တာ မရှိသေးဘူး။ ဒီမိုကရေစီနိုင်ငံလို့ ပြောဖို့ အရမ်းကို ခက်ခဲနေသေးတယ်” ဟု ပလောင် အမျိုးသမီးအစည်း အရုံးမှ တွဲဖက်အတွင်းရေးမှူး (၂) ပိုးညိုဉ်း က ပြောသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများအား သွားရောက် တွေ့ဆုံ မေးမြန်းကာ အချက်အလက်များ ကောက်ယူ၍ အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ၎င်း ဆိုသည်။

“ကျမတို့ရဲ့လူတွေ သွားရောက်ပြီး သူတို့နဲ့ စကားပြောတာတွေ ရှိတယ်။ ဓါတ်ပုံတွေ ရှိတယ်။ ဘေးပတ်ဝန်း ကျင်လည်း စိတ်မကောင်းဖြစ်ကြပြီး သူတို့အတွက် ခြိမ်းခြောက်မှုတခုဘဲ ဆိုပြီး ခံစားနေရတယ်” ဟု ပိုးညိုဉ်း က ဆက်ပြောသည်။

တိုင်းရင်းသားဒေသများတွင် ဘဝလုံခြုံမှု မရှိသလို၊ ငြိမ်းချမ်းမှု မရှိသေးသဖြင့် အစိုးရအနေဖြင့် တိုက်ပွဲများ ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

မတ်လနှင့် ဧပြီလအတွင်း ပလောင်ဒေသအတွင်း မြန်မာစစ်အစိုးရ စစ်တပ်မှ အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်ခြင်း၊ အသက် မပြည့်သေးသော အမျိုးသမီးများကိုပင် လမ်းပြပေါ်တာအဖြစ် ခေါ်ယူခြင်း၊ ရွာသားများ ကို တိုင်းရင်းသား စစ်တပ်နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်သည့်အခါ ရွာသားများ မိုင်းနင်းမိ၍ သေဆုံးခြင်းနှင့် ထိခိုက်ဒစ်ရာရခြင်း စသည့် လူ့အခွင့်ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု ယနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

မတ်လ ၂၅ ရက်နေ့က အသက်မပြည့်သေးသော အမျိုးသမီး ၃ ဦးကို ခမရ ၄၁ မှ လမ်းပြအဖြစ် ပေါ်တာခေါ်ဆောင်ခြင်း၊ မတ်လ ၂၆ ရက်နေ့တွင် ထိုတပ်ရင်းမှ တန့်ယန်းမြို့နယ်၊ ကောင်းဆိုင်းကျေးရွာမှ ရွာသားများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာ နှစ်ဦး မိုင်းနင်းမိ၍ သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ခြင်း၊ ဧပြီလ ၁၉၊ ၂၀ ရက်နေ့များတွင် ခလရ ၅၀၂ မှ တပ်သား နှစ်ဦးက အိမ်ထောင်သည် အမျိုး သမီး နှစ်ဦးအား ဓမ္မပြုခြင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပေါ်တာဆွဲခံရသော တအာင်းအမျိုးသမီးများနှင့် မိုင်းနင်းမိသူများ၏ အင်တာဗျူးများကိုလည်း ထည့်သွင်းထား သည်။

ဧပြီလ ဒုတိယပတ်တွင်လည်း ပလောင်တပ်မှ ရဲဘော် ၃ ဦးအား အစိုးရ၏ တပ်ရင်း ၅၀၄ မှ ဖမ်းဆီး၍ သတ်ဖြတ်ခြင်းနှင့် ကျောက်မဲမြို့နယ် ခွါန်ခါကျေးရွာတွင် အစိုးရ၏ အမှတ် ၅၀၁ တပ်စခန်း တည်ဆောက် စဉ် ဘုံပိုင် သစ်ပင်များ ယူသုံးခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေးရန်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် မှ အရေးယူ စုံစမ်းစစ် ဆေးပေးရန်နှင့် အမှန်တရားပေါ်ပေါက်စေရန် စုံစမ်းပေးရန်နှင့် စစ်ပြေးဒုက္ခသည် များ နေရပ်ရင်းသို့ လုံခြုံစိတ်ချစွာ ပြန်နေထိုင်ရေးအတွက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ဒုက္ခသည်စခန်းများကို လွတ်လပ်စွာ လေ့လာပြီး ကူညီမှုများ ခွင့်ပြုရန်တို့ ကို တောင်းဆို လိုက်သည်။

အစိုးရနှင့် တအာင်းတပ်များအကြား တိုက်ပွဲများကြောင့် တန်ယန်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,၅၀၀ ဦးနှင့် ကွတ်ခိုင်မြို့တွင်လည်း စစ်ပြေးဒုက္ခသည် စုစုပေါင်း ၄,၀၀၀ ကျော်ရှိသည်ဟု ဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်သို့ရောက်နိုင်ရန် လုပ်ဆောင်မည်

နန်းလွင်နှင်းပွင့်
မလ ၀၆ ရက် ၂၀၁၃ ခုနှစ်

စီးပွားရေး အပြောင်းအလဲ များစွာ ဖြစ်ပေါ်နေသည့် အလျောက် မြန်မာ့ဆန် ဈေးကွက်အား ကမ္ဘာ့ ဈေးကွက် သို့ ရောက်ရှိစေရန် အရည်အသွေးပိုင်းဆိုင်ရာ မြင့်မားမှုများ လုပ်ဆောင်တော့မည် စီးပွားကူးသန်း ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်က ဆိုသည်။

စီးပွားကူးသန်းဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ ပြည်ပကို ရာခိုင်နှုန်းနဲ့ အများကြီး မပို့နိုင် ရင်တောင် ကောင်းမွန်တဲ့ အရည်အသွေးတွေ ပို့နိုင်ဖို့ အရေးကြီးပါတယ်၊ အဲ့လိုဖြစ်အောင်လည်း အဆင်မြင့် ဆန်တွေဖြစ်အောင်၊ ဈေးကွက်ဝင်ဆန်တွေ ဖြစ်အောင် စိုက်ပျိုးနိုင်ဖို့လည်း လိုပါတယ်၊ စိုက်ပျိုးနိုင်ဖို့ နဲ့ သိုလှောင်ဖို့ ဆန်စက်၊ မြေနေ၇ာတွေ လိုအပ်ပါတယ်၊ ” ဟု ဆိုသည်။

လိုအပ်နေသည့်မြေနေရာများအား အဆင်သင့် ဖြစ်စေရန် စီးပွားကူးသန်းမှ ပိုင်ဆိုင်သော မြေနေရာ များကိုလည်း နိုင်ငံတော် လိုအပ်ချက်တိုင်း အသုံးပြုနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံထားသည်ဟု သိရသည်။

လက်ရှိတွင် ရှိပြီးဖြစ်သော ဆန်စက်များမှာ ပြည်ပသို့တင်ပို့ရန် အရည်အသွေးကောင်းသော ဆန်များကို သိုလှောင်ရန် ထိန်းသိမ်းရန် လိုအပ်ချက်များရှိနေပြီး ၊ ခေတ်နှင့် မလျော်ညီတော့ သဖြင့် ဆန်စက်များ အသစ်တိုးချဲ့ဆောက်လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ချက်ရှိနေသည်ကိုလည်း လေ့လာတွေ့ ရှိထားသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မေလ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ကျော်တင်ပို့ နိုင်ခဲ့ခြင်းဖြင့် ပြည် ပဈေးကွက်သို့ ထိုးဖောက်နိုင်ခဲ့သည်။ ဆက်လက်၍ ပြည်ပဈေးကွက် တည်တံ့ကာ တိုးတက် လာစေရန် ပြည်တွင်းရှိ အစိုး၇မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် လုပ်ကိုင် သွားချင်သည်ဟု ဦးဝင်းမြင့်က ဆိုသည်။

၎င်းက ဆက်လက်၍ " ၂၀၁၂ခုနှစ်နဲ့၂၀၁၃ ခုနှစ်မှာ ၁.၄ သန်းကျော် တင်ပို့နိုင်ခဲ့တယ်၊ ဒါဟာဆိုရင်ပြည်ပကို တင်ပို့နေ တဲ့ ၄၆ နှစ်ဝန်းကျင်မှာ အများဆုံး တင်ပို့နိုင်ခဲ့တာပဲ ၊ နောက်ပိုင်းမှာ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွား ချင်ပါတယ်၊ လာမည့် နှစ်တွေမှာ ကောင်းမွန်ပြီး အရည်အသွေး ရှိတဲ့ ၃ သန်း လောက်ကို တင်ပို့နိုင်အောင် ကြိုးစား သွား ပါမယ်။ " ဟု ပြောသည်။

ပြည်ပသို့ ဆန်စပါးများတင်ပို့နိုင်ရန် လယ်မြေဧက ပေါင်း ၁၂၉ ဧက ကိုလည်း ၀ယ်ယူထားကာ လုပ်ငန်းများဆောင် ရွက်ရန် အစီအစဉ်များ စတင်လုပ်ဆောင်နေပြီး ယင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ဆန်စပါးမှ ထွက်သော ဘေးထွက် စပါးခွံများကို ပြန်လည် အသုံးပြုနိုင်သော ဆန်စက်များလည်း ပါဝင်မည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ က ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဦးချစ်ခိုင်က “ ဂျပန်နိုင်ငံက နှစ်နိုင်ငံကူးသန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့၊ အရည်အသွေးမြင့် ဆန်စပါးတွေ ထုတ်လုပ်နိုင်ဖို့ မြန်မာနိုင်ငံ မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ချပေးပြီးပါပြီ၊ အခု ဆန်စပါးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေ ရှေ့ဆက် လုပ်ဆောင်ဖို့ လုပ်ငန်းတွေမှာလည်း ပါဝင်မှာပါ၊ ဆန်စပါး လုပ်ငန်းတွေ ပြည်ပ ဈေးကွက်အတွက် လုပ်ဆောင်မှု တွေရဲ့ စိုက်ပျိုးမြေနေ ရာ တွေကတော့ ရန်ကုန်တိုင်းနေပြည်တော်၊ ဧရာဝတီတိုင်းတွေ ဖြစ်မှာပါ ”ဟု ဆိုသည်။

ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ကို မြန်မာ့လယ်ယာစိုက်ပျိုးရေးအများပိုင် ကော်ပိုေ၇းရှင်း (MAPCO) နှင့် MITSUI CO,Ltd တို့မှ ပူးပေါင်းကာ တင်ပို့ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ မှလည်း မြန်မာနိုင်ငံ စီးပွားရေး ပြောင်းလဲရေးတွင် ပါဝင်သော နည်းစနစ်ပိုင်းဆိုင်ရာများ၊ ဓာတုပိုင်း ဆိုင်ရာများတွင် ကူညီမှုများ ပေးခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် တိုးတတ်စေရန် ပြောင်းလဲ ရာတွင်လည်း ဒေါ်လာ ၃သန်းခန့် အကုန်အကျခံကာ ကူညီမည်ဟု သိရသည်။

ဂျပန်နိုင်ငံသည် ၁၉၄၀ ၀န်းကျင်တွင် အစာပြတ်လပ်မှုများ ကြုံကြိုက်သည့်နောက်ပိုင်းတွင် နိုင်ငံတကာ၏ ထောက်ခံ သဘောတူညီမှုများဖြင့် ဆန်စပါးတန်ချိန် ၇ သိန်း ၇သောင်းခန့်ကို ပြည်ပမှ ၀ယ်ယူ ရရှိလျက်ရှိသည်။

Ref: မဇ္ဈိမ

Read More...

ချင်း အမျိုးသား ညီလာခံ ဟားခါးတွင် နှစ်မကုန်မီ ကျင်းပမည်

ထက်ထက်
မလ ၀၆ ရက် ၂၀၁၃ ခုနှစ်

ချင်း အမျိုးသား ညီလာခံကို ပြည်နယ်မြို့တော် ဟားခါး၌ ယခုနှစ် ကုန်ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ ၂ ရက်မှ ၄ ရက်နေ့အထိ ရန်ကုန်မြိုကတွင် ကျင်းပခဲ့သည့် ညီလာခံ ဖြစ်မြောက်ရေး အစည်းအဝေးမှ ဆုံးဖြတ်သည်။

တရားဝင် နိုင်ငံရေး ပါတီများ ဖြစ်ကြသော ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တို့စုဝေး ပြုလုပ်ခဲ့သော ၎င်းအစည်းအဝေးသည် ၂၀၁၄ ခုနှစ်တွင် ပင်လုံကဲ့သို့သော တိုင်းရင်းသားပေါင်းစုံ ညီလာခံပြုလုပ်ရာ၌ ချင်းတမျိုးသား လုံးမှ တူညီသော ဦးတည်ချက်ဖြင့် စနစ်တ ကျ ဆွေးနွေးသွား နိုင်ရန် ရည်ရွယ်ကျင်းကခြင်းဖြစ်သည်။

“ညီလာခံလုပ်ဖို့ သဘောတူတယ်၊ ချင်းနိုင်ငံရေးပါတီများဘက်က လိုအပ်တဲ့ လုပ်ငန်းကော်မတီ လုပ်ဖြစ် တယ်” ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုး-၁ ကိုငယ်ပီး က ပြောသည်။

ပါတီများ၏ လုပ်ငန်းကော်မတီတွင် ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီမှလွဲ၍ ကျန်လေးပါတီမှ ကိုယ်စားလှယ် သုံးဦးစီဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ၎င်းကော်မတီမှ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှုများပြုလုပ်ပြီး ညီလာခံ ကျင်းပရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင် သွားမည်ဟုလည်း သိရသည်။

“ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်ဆိုရင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကြားမှာ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချင်းတိုးတက်ရေးပါတီမှ ဒု-ဥက္ကဋ္ဌ ဦးလျန်ကြယ် က ပြောသည်။

ကျင်းပမည့် ညီလာခံတွင် အဆင်းရဲဆုံး ပြည်နယ်အဖြစ်မှ ဘယ်လို ရုန်းထကြမလဲ အဖြေရှာရန်၊ ချင်းလူမျိုးစု များသည် လက်ရှိတွင် စာရင်းအရ ၅၃ မျိုး ရှိသော်လည်း ချင်းလူမျိုးများကိုယ်တိုင်က ပြန်လည် သတ်မှတ်သော အရေအတွက်အား တင်ပြဆွေးနွေးရန်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများ စသည်တို့ ဆွေးနွေးသွား ကြမည် ဖြစ်သည်။

“ဘယ်လောက် အတိုင်းအတာအထိ ကိုယ်စားပြုနိင်မလဲ။ ကိုယ်စားပြုတဲ့အပိုင်းမှာရော ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်မလဲဆိုတာ စိန်ခေါ်ချက်ပါပဲ” ဟုလည်း ကြုံတွေ့နိုင်သည့် အခက်အခဲအား ကိုငယ်ပီး က ပြောသည်။

လက်နက်ကိုင်အဖွဲ့အဖြစ် ချင်းအမျိုးသားတပ်ဦးမှာ လက်ရှိအစိုးရနှင့် အပစ်အခတ်ရပ်စဲထားပြီး ဖြစ်သည်။

ချင်းအမျိုးသား ညီလာခံ ကျင်းပနိုင်ပါက ဒုတိယအကြိမ်ဖြစ်လာနိုင်ပြီး ပထမအကြိမ်ကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖလမ်းမြို့တွင် လူ ၅,၀၀၀ ကျော် တက်ရောက်သော လူထု အစည်းအဝေးပွဲ အဖြစ် ကျင်းပနိုင်ခဲ့သည်။

ထို ဖလမ်း အစည်းအဝေးမှနေ၍ မြေရှင်ပဒေသရာဇ်စနစ်မှ အများပြည်သူရွေးကောက်သူများမှ အုပ်ချုပ်သော စနစ် သို့ ပြောင်းလဲနိုင်ခဲ့ပြီး ထိုနေ့ကိုပင် ဂုဏ်ပြု၍ ချင်းအမျိုးသားနေ့ဟု သတ်မှတ်ထားခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, April 30, 2013

အမေရိကန် GSP က ချက်ချင်း အကျိုးမထူးသော်လည်း ရေရှည်အကျိုးရှိနိုင်

ခင်မျိုးသွယ်
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအား အခွန် သက်သာကင်းလွတ်ခွင့် (GSP) ကုန်သွယ်မှု အထူးအခွင့်အရေး ပေးမည်ဖြစ်ရာ လက်ရှိတွင် ထူးခြားစွာ သက်ရောက်မှု မရှိနိုင်သေးသော်လည်း
ရေရှည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လတ်တလော အကျိုးသက်ရောက်မှု မရှိနိုင်သေးခြင်းမှာ ၂၀၀၃ ခုမှ စတင်သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာ့ ပို့ကုန်နှင့် သွင်းကုန်များ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများမှာ အာရှနိုင်ငံ များသာ ဖြစ်ခဲ့၍ ဖြစ်သည်။

“အမေရိကန်က ပေးမယ့် အခွန်သက်သာခွင့်ဟာ ကုန်သွယ်မှု ခပ်ပါးပါးပဲ ရှိခဲ့တာကြောင့် ချက်ချင်းကြီးတော့ သက်ရောက်မှု မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာက အဓိက တင်ပို့နေတဲ့ လယ်ယာ ထွက်ကုန်ကလည်း သူတို့ဆီမှာ လုံလောက်တယ်။ ကျောက်စိမ်း ကျတော့လည်း သူတို့ မကြိုက်ဘူး။ ဒါပေမယ့် ရေရှည်အတွက်တော့ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ဆရာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။

ထို့ပြင် GSP မှာ ပို့ကုန်သမားများအတွက်သာ သက်ရောက်မှုရှိနိုင်ကြောင်း “အမေရိကန်က GSP ပေးမယ်ဆိုရင် သွင်းကုန်သမားများအတွက် ထူးခြားတဲ့ သက်ရောက်မှု မရှိနိုင်သော်လည်း ပို့ကုန်သမားများ အတွက်တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် လက်ခစား အထည်လုပ်ငန်းတွေ၊ ရေထွက်ပို့ကုန်တွေ အဆင်ပြေနိုင် ပါတယ်။ သွင်းကုန်တွေအတွက် လက်ရှိ အဆင်မပြေနိုင်သေးပေ မယ့် ရေရှည် အတွက်တော့ အဆင်ပြေနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အရင်က ကုန်သွယ်မှု

စီးပွားရေး ပိတ်ဆို့ထားမှုများကြောင့် မြန်မာနှင့် အမေရိကန်တို့၏ ကုန်သွယ်မှုအနေအထားမှာ လွန်စွာနည်းပါးခဲ့ရ သည်။

“အမေရိကန်နဲ့ မြန်မာ ကုန်သွယ်မှုက ၂၀၀၃ ခုနှစ်က စပြီး ၂၀၁၀-၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မပြည့်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်” ဟု ကုန်သွယ်မှု စစ်တမ်းများကို သုတေသန ပြုခဲ့သူ ဦးသန်းထွန်းအောင် က ပြောသည်။

သို့သော် ၂၀၁၁- ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၃.၆၄ သန်း အထိ ကုန်သွယ်မှု ရှိလာခဲ့သည်။

လက်ခစား အထည်ချုပ်လုပ်ငန်းများ အခြေအနေကောင်း

အမေရိကန်၏ GSP မှာ လက်ခစား အထည်ချုပ် လုပ်ငန်းများအတွက် အလားအလာ အကောင်းဆုံး ဖြစ်လာမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဌ ဒေါက်တာအောင်ဝင်း က ခန့်မှန်းသည်။

“GSP မရသေးပေမယ့် အမေရိကန် ကုမ္ပဏီတွေက အပ်ထည်တွေကို စတင်ပို့နေရတဲ့ အနေအထား ရှိပါတယ်။ လောလောဆယ် GSP မရသေးတဲ့အတွက် အခွန်၁၅ ရာခိုင်နှုန်းဝန်းကျင် ပေးနေရသေးတယ်။ GSP သာ ရရင် သူသတ်မှတ်တဲ့ ကုန်အမျိုးအစားအလိုက် အခွန်ပေးရတာလည်း ရှိတယ်။ အခွန် မပေးရတာလည်း ရှိတယ်။ အထည်ချုပ်ကတော့ အပ်ထည် တိုးမြှင့်ရလာနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ဆိုသည်။

GSP ကြောင့် အထည်ချုပ် ဈေးကွက်တွင် အပ်ထည် ပိုမိုရရှိလာနိုင်သလို ချုပ်ခလည်း ပိုရလာနိုင်ခြေရှိကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

“GSP ပေးပြီဆိုတာနဲ့ အခွန်ပေးနေရတဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေက အထည်တွေကို ယူပြီး အပ်လို့လည်း ရပါတယ်။ အဓိက က မြန်မာ အထည်ချုပ်စက်ရုံတွေပေါ်မှာ သူတို့ ဘယ်လောက် အပ်ချင်သလဲ ဆိုတဲ့ အနေအထား ပေါ်မှာ မူတည်ပါတယ်။ မနေ့က အမေရိကန်က Buyer (အဝယ်တော်) လာဆွေးနွေးသွားတယ်။ အခွန်ရှိတဲ့ နိုင်ငံထက် အခွန်မရှိတဲ့ နိုင်ငံတွေက စက်ရုံတွေကို ချုပ်ခ ပိုပေးနိုင်တယ်လို့ ပြောသွားတယ်။ အခွန်ပေးရတဲ့ နိုင်ငံကို ချုပ်ခ ၁ ကျပ်ပေးနိုင်ရင် အခွန်မပေးရတဲ့ နိုင်ငံရဲ့ ချုပ်ခကို ၁ ကျပ် ၂၀ ပြားလောက် ပေးနိုင်တယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ရေထွက်ကုန်တွေအတွက်လည်း အကျိုးရှိနိုင်

အဆိုပါ အမေရိကန်၏ GSP ကြောင့် မြန်မာ့ ရေထွက်ကုန် တင်ပို့မှုများလည်း အကျိုးသက်ရောက်နိုင်မည်ဟု
မျှော်လင့်ရသည်။

“ပုစွန်ကို အမေရိကန်ပို့နေရတာရှိတယ်။ GSP ရတာနဲ့ အခွန် ကင်းလွတ်နိုင်တော့ မြန်မာ့ ရေထွက်ကုန်ကို တင်သွင်းသူ များလာနိုင်တယ်။ ရေထွက် ပို့ကုန်သမားတွေအနေနဲ့ ဈေးကွက်တခု ပိုရလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ဆိုသည်။

လယ်ယာ ပို့ကုန်တွေပေါ်မှာ ...

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်မှာ လယ်ယာထွက်ကုန်များ ဖြစ်နေသဖြင့် ယင်းပို့ကုန်များအပေါ် အခွန်သက်သာခွင့် သက်ရောက်မှုနဲ့ ပတ်သက်ပြီး “လယ်ယာ ထွက်ကုန်တွေထဲက အဓိက ပို့နေတာ ပဲနဲ့ ဆန်ပါ။ အမေရိကန်အနေနဲ့ ဆန်ကို သူ့နိုင်ငံက စားဖို့ လုံလုံလောက်လောက် ထုတ်လုပ်နိုင်သလို ဆန်ကိုလည်း ပြန်ရောင်းနေတဲ့ နိုင်ငံပါ။ ဒါကြောင့် လယ်ယာပို့ကုန်တွေထဲက ဆန်အတွက်တော့ သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး” ဟု ဆန်စပါး အသင်းချုပ်မှ ဦိးမျိုးသူရအေး က ပြောကြားသည်။

အမေရိကန်နိုင်ငံအနေဖြင့် ပဲများကို ကနေဒါနှင့် သြစတြေးလျ နိုင်ငံတို့မှ အဓိက ဝယ်ယူလျက်ရှိသည်။

“(မြန်မာ့ ပဲ) လောလောဆယ် အမေရိကန်ဈေးကွက်ကို တင်ပို့နေတာ မရှိသေးပါဘူး။ အခု စိုက်နေတဲ့ ပဲတွေက ၇၀ ရာခိုင်နှုန်းလောက်က အိန္ဒိယကို သွားနေတာပါ။ စိုက်နေတာလည်း အိန္ဒိယ ဈေးကွက် အကြိုက် ပဲတွေပါပဲ။ အခုလို GSP ပေးလိုက်တဲ့အတွက် ရေရှည်အတွက် ကောင်းပါတယ်။ အမေရိကန်က စားတဲ့ ပဲကို လေ့လာပြီး နောင်မှာ မျိုးဝယ်စိုက်သင့် စိုက်ပြီး အမေရိကန် ပြန်ပို့နိုင်မယ် ထင်ပါတယ်။ ပဲနှမ်းကိုတော့ အမေရိကန်က ဝယ်နေပါတယ်။ မြန်မာက စိုက်တာ နည်းနေပါသေးတယ်” ဟု ပဲနှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

သစ်သီးဝလံ ဈေးကွက်ကရော

မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် သစ်သီးဝလံများကို လက်ရှိအနေအထားအထိ အမေရိကန် ဈေးကွက်သို့ တင်ပို့ရောင်းချမှု မရှိခဲ့ပေ။

“အမေရိကန်က ပေးလာမယ့် GSP က သစ်သီးဝလံတွေအတွက် အကျိုးသက်ရောက်မှု မရှိသေးပါဘူ။ လာမယ့် ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ သရက်သီးပြပွဲမှာ မြန်မာ သရက်သီးတွေ ဝင်ရောက် ပြသဖို့ ရှိပါတယ်။ အဲဒီပြပွဲမှာ ကုန်ပစ္စည်းကြိုက်လို့ ဈေးကွက် ရမယ်ဆိုရင် အခွန် သက်သာခွင့်ကလည်း ပံ့ပိုးထားရင် သရက်သီး နဲ့ပတ်သက်တဲ့ ဈေးကွက်ကြီး တခု ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုးသန်း မင်းဒင် က ခန့်မှန်းပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း

ဖနိဒါ
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။

“ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့် မယ်လို့ လုပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။

ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။

သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်ဖော်ပြခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေ ဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အယ်ဒီတာခင်ဗျား...

ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်က နေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။

ကျနော်တို့က ဗမာစကား ကောင်းကောင်း မပြောတတ်ပါဘူး။ တောင်ပေါ်မှာဘဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော်တို့ကတောင်ပေါ်ကနေ ၃ ၊ ၄ ခေါက်လောက် မြို့ပေါ်ကို လာရပါတယ်။ အဲဒီအခေါက်တိုင်းမှာလည်း တနေရာမဟုတ်ရင် တနေရာ အစိုးရဂိတ်တွေမှာ မှတ်ပုံ တင်ပြလိုက်တာနဲ့ တောင်ပေါ်သားမှန်း သိလိုက်တာနဲ့ အမျိုးမျိုး ချိန်းခြောက် ပိုက်ဆံ တောင်းပါတယ်။ ပစ္စည်းတွေကို လုယူတယ်။ ပြီးတော့ ကား သမားတွေလည်း ကားခတွေ ပိုယူလေ့ရှိ ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက် တနင်္လာနေ့မှာ ကျနော်တို့ ကချင်တိုင်းရင်းသား ရဝမ်လူမျိုး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့က ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ တရုတ်နယ်စပ် ကမ်ပိုင်တီ ကားလမ်း အတိုင်း မြစ်ကြီးနားမြို့သို့ကျောင်းသူ/ကျောင်းသားတွေကို လိုက်ပို့ခဲ့ပါတယ်။

ကျနော်တို့ ငါးဦးမှာ ကမ်ပိုင်တီကနေ မြစ်ကြီးနားထိ “ဂျီးဖော့မြေ” မော်တော်ယာဉ်အသင်းက ကချင်အထူးဒေသ (၁) ကန်ပိုင်တီ-ဝိုင်းမော်-မြစ်ကြီးနား အဝေးပြေးဆွဲတဲ့ ကားနဲ့ ကျပ် ၂ သိန်း ပေးပြီး လာခဲ့ပါ တယ်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ် ဖြတ်ကူးတဲ့ ဗလမင်းထင် တံတား (ဝိုင်းမော် ဘက်ခြမ်း)က အစိုးရရဲ့ စစ်ဆေးရေးဂိတ် ရောက်တဲ့အခါ ရဲတပ်ကြပ်တဦးနဲ့ ရဲတပ်သား ၄ ဦးတို့က ကားပေါ်ကနေ ဆင်းခိုင်း ပြီး နိုင်ငံသားမှတ်ပုံတင် စစ်ဆေးစဉ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို စစ်ဆေးခဲ့ပါတယ်။

ကျနော်တို့က ခေါင်လန်ဖူးမြို့နယ်က ဖြစ်ကြောင်း၊ ကျောင်းသား လိုက်ပို့ရင်း ပစ္စည်း နည်းနည်းပါးပါး လာဝယ်တာ ဖြစ်ကြောင်း ကောင်းကောင်း မွန်မွန်ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် သူတို့က ကျနော်တို့ဆီက ရွှေ ၄၊ ၅ ကျပ်သား တွေ့တဲ့အခါ “ဒီရွှေတွေက နိုင်ငံတော် အစိုးရမှ လုံးဝ တားမြစ်ထားတဲ့ ပစ္စည်းဖြစ်တယ်။ လုံးဝ ဒါတွေကို တားဆီးဖို့ အထက်က အမိန့်ရှိပါတယ်။ ဒါကြောင့် သိမ်းတာဖြစ်တယ်” ဆိုပြီး ရွှေ ပါသမျှကို သိမ်းယူခဲ့ပါတယ်။

ကျနော်တို့ ဒေသမှာက ဆန်စပါး စိုက်လို့ မကောင်းတဲ့ ရေခဲတောင် ဒေသမှာ နေထိုင်ကြတဲ့အတွက် ဘိုးစဉ်ဘောင် ဆက်ကနေ အခုထိ ရွှေတူးပြီး ရရှိတဲ့ ရွှေတွေနဲ့ ဆန်ကို လဲလှယ်စားသောက်နေရ တာ ဖြစ်ပါ တယ်။

ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ ပူတာအိုလမ်းအတိုင်း သွားမယ်ဆိုရင် တောတောင် အထပ်ထပ်ကိုကျော်လွားပြီး လနှင့် ချီပြီး သွားရတာကြောင့် ကျနော်တို့ အမြဲတမ်းသွားနေတဲ့ ကမ်ပိုင်တီ-ဆဒုံးကားလမ်းအတိုင်း လာရတာ ဖြစ်ပါတယ်။

ကျနော်တို့ဒေသက ပညာရေး အလွန်နိမ့်ကျလို့ ကလေးတွေ ပညာရေးအတွက် မြစ်ကြီးနားမြို့ပေါ် ကျောင်းထားတာ ဖြစ်လို့ လမ်းစရိတ်လည်း ကြီးမားတာကြောင့် “ကျေးဇူးပြုပြီး ရွှေ မသိမ်းပါနဲ့ ရွှေသိမ်းမယ် ဆိုရင် ကျနော်တို့ကို သတ်ပစ်တာနဲ့ တူကြောင်း၊ ဒီရွှေ ရောင်းပြီး ကလေး ကျောင်းစရိတ် သုံးရမယ်။ မသိမ်းပေးပါနဲ့” လို့ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် နောက်ဆုံး ဒဏ်ငွေအနေ နဲ့ ကျပ်ငွေ ၉၀,၀၀၀ (ကိုးသောင်း) အတင်း တောင်းခံလို့ ပေးလိုက်ရပါတယ်။

ပိုက်ဆံ ပေးတဲ့အချိန်မှာ ဒီစစ်ဆေးရေးဂိတ်က တပ်ကြပ် (အဲဒီမှာ ရာထူးအကြီးဆုံး) ဆိုသူက ကားနောက်ဖက်ကို ခေါ်သွားပြီး သူ့ရဲဘော်တွေ မတွေ့အောင် ပေးခိုင်းပါတယ်။ “ရဲဘော်တွေကို မပြောလိုက်နဲ့” လို့ ပြောပြီး ပိုက်ဆံ ယူသွားတာ ဖြစ်ပါတယ်။ တကယ်ပဲ ကြေကွဲရတယ်။

ခေါင်လန်ဖူးမြို့နေ တောင်ပေါ်သားတဦး

Ref: မဇ္ဈိမ

Read More...

ယာဉ်တိမ်းမှောက်မှုတွင် ဒုက္ခသည် တဦး သေဆုံး၊ ကျန်သူများ လဝကမှုဖြင့် အရေးယူထား

သိန်းလှိုင်
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ဒုက္ခသည်စခန်းမှ ကမန်လူမျိုး ၁၇ ဦးကို တင်ဆောင်လာသည့် ကားတစီးသည် သံတွဲမြို့မှ ၁၆ မိုင်အကွာရှိ တံတားခုံတခုအား တိုက်မိရာမှ တိမ်းမှောက်သွားပြီး ဒုက္ခသည်တဦး
နေရာတွင် သေဆုံး၍ ကျန်ဒုက္ခသည်များအား လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

ရမ်းဗြဲမှ ထွက်လာသော အဆိုပါကားမှာ ယဉ်အမှတ်-၂ခ/၁၆၃၇ ရှိ အဖြူရောင် Kenta14’ အမျိုးအစားဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နံနက် ၅း၅၅ နာရီ အချိန်၌ တောင်ကုတ်-သံတွဲ ကားလမ်းမပေါ်ရှိ သံတွဲမြို့ နယ်၊ အောက်နတ်မော်ကျေးရွာ အုပ်စု၊ကျောင်းကုန်းကျေးရွာအနီး တံတားအမှတ် ၅၂၈ အုတ်ခုံ၏ ညာဘက်အစွန်းကို ဝင်ရောက်တိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲ လူမှုကွန်ယက်မှ ဦးမြင့်မိုး က ပြောသည်။

“စီးနင်းလိုက်ပါ လာသူတွေဟာ ကမန် မူဆလင်ခရီး သည် ၁၇ ဦး ပါတယ်။ ရခိုင်အမျိုးသား ယာဉ်မောင်းနဲ့ ကားပိုင်ရှင်တို့ ပါတယ်ဆိုတော့ ကားပေါ်မှာ စုစုပေါင်း ၁၉ ဦး ပါလာတယ်။ သေဆုံးသူကိုတော့ ကမန် တိုးတက်ရေးပါတီဝင်တွေက သဂြိင်္ုလ်လိုက်ပြီး၊ တချို့ကိုတော့ စစ်ဆေးနေတယ်လို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ ရမ်းဗြဲမြို့အမှတ် ၆ ရက်ကွက်မှ အသက် ၃၅ နှစ်အရွယ် ဦးတင်လှိုင် (ဘ) ဦးဘိုးကြည် ဖြစ်ပြီး ဒဏ်ရာရသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး ဖြစ်သည်။

ဒဏ်ရာများမှာ သာမန်ပွန်းပဲ့ဒဏ်ရာရရှိခြင်းဖြစ်၍ အနီးရှိ ရွှေလှေဆေးရုံတွင် ဆေးကုသခံယူပြီး ကျန်းမာရေးကောင်းမွန်သွားခဲ့ပြီဖြစ်သော်လည်း ဒုက္ခသည် ၁၆ ဦးမှာ လိုရာခရီးသို့ ဆက်လက် ထွက်ခွါခွင့်မရဘဲ ရှိနေသည်ဟုလည်း သိရသည်။

“ယာဉ်မောင်းကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က) နဲ့ သီးခြား အရေးယူ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းက လူတွေကို အခကြေးငွေ ယူပြီးတော့ တရားမဝင် သယ်ဆောင်တဲ့ အပေါ်မှာတာဝန်ရှိတဲ့ ကားပိုင်ရှင်နဲ့ ယဉ်မောင်း နှစ်ဦးလုံးကို ပုဒ်မ ၃၆၇ နဲ့ အရေးယူထားပါတယ်။ ကျန်တာက ခရီးသွားလာရာမှာ နိုင်ငံသား ကတ် မပါဘဲ ခရီးသွားလာ သူတချို့ကိုတော့ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆၂၊ ၆၃ နဲ့ လောလောဆည် အရေးယူ စစ်ဆေးနေပါတယ်” ဟု ရွှေလှေကျေးရွာ ရဲစခန်းမှ စခန်းမှူး ဦးတင်မောင်လွင်က ပြောသည်။

ယာဉ်မောင်းမှာ ရမ်းဗြဲမြို့၊ အမှတ် ၄ ရပ်ကွက်၊ အောင်စေတီရပ်နေ ကိုသန်းဗိုလ် (ဘ) ဦးဘလူးအောင် ဖြစ်ပြီး ကားပိုင်ရှင်မှာ ရမ်းဗြဲမြို့နယ်၊ တရားရုံးစာရေးကြီး ဦးမောင်ဝေတင် (ဘ) ဦးမောင်သိန်း တို့ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့နိုင်ငံမှာ ဥပဒေအရ ဘယ်သူမဆို နိုင်ငံသား ကတ် မပါဘဲ ခရီးသွားလာခွင့် မရှိဘူး။ အခုကိစ္စဟာ သိသာထင်ရှားတဲ့ဖြစ်စဉ် ဖြစ်နေလို့ ကျနော်တို့ အထူး ဂရုစိုက် စစ်ဆေးရာမှာ အချို့မှာ နိုင်ငံသား စီစစ်ရေးကတ်တွေ ပါမလာတာတွေ့ရလို့ ဥပဒေနဲ့အညီ ဆောင်ရွက်နေရတာပါ” ဟု သံတွဲမြို့နယ် လဝက ဦးစီးမှူး ဦးကံကောင်း က ပြောသည်။

ကမန်တိုင်းရင်းသားများမှာ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ပါဝင်ပြီး လွတ်လပ်စွာ သွားလာခွင့်ရထားကြောင်း ၁၉၉၀ နိုင်ငံရေးပါတီတခု ဖြစ်သည့် ကမန် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ငွေ က ဆိုသည်။

“ရမ်းဗြဲမြို့နယ်မှာ မနှစ်က ဇွန်လ နဲ့အောက်တိုဘာလဖြစ်စဉ်တွေမှာ ကမန်တိုင်းရင်းသား စုစုပေါင်း ၄၈၀ လောက် ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ ရန်ကုန်အပါအဝင်အခြား ဒေသတွေ မှာရှိတဲ့ ဆွေမျိုး၊ မိသားစုတွေဆီကို ခေတ္တပြောင်းရွှေ့ ခိုလှုံသွားကြလို့ ခုအခါ ရမ်းဗြဲ ဒုက္ခသည်စခန်းမှာ ကမန်တိုင်းရင်းသား ၁၈၀ လောက်ပဲ ကျန်ပါတော့တယ်။ မကြာခင် မိုးရာသီ ရောက်တော့မှာရယ်၊ ကျန်းမာရေး မကောင်းတာရယ်၊ ရာသီဥတု ပြင်းထန်မှုတွေကြောင့် ဒီလို ယာယီ ရွှေ့ပြောင်းနေထိုင်ကြတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များအား အရေးယူဆောင်ရွက်မှုအနေဖြင့် သံတွဲမြို့ရဲစခန်း၌ ကမန် သုံးဦးဖြစ်သော ဦးဝင်းဌေး (ခ) ဦးညီပုချေ (ပုဒ်မ၃၆၇)၊ ကိုပြည့်ဖြိုးအောင် (အမတအက် ၆၂၊ ၆၃)၊ မညိုညိုဝင်း (အမတအက် ၆၂၊ ၆၃) တို့အား ချုပ်နှောင်ထားပြီး ကိုသန်းဗိုလ် (ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)၊ ၃၆၇)၊ ဦးမောင်ဝေတင် (ပုဒ်မ ၃၆၇)ဖြင့် ချုပ်နှောင် စစ်ဆေးလျက်ရှိသည်။ ကျန် ဒုက္ခသည် ၁၃ ဦးမှာ မြို့ပေါ်ရှိ မူဆလင်ဘာသာဝင် တို့၏ အိမ်တွင် နေထိုင်လျက်ရှိပြီး သွားလာခွင့် မရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ကော်မတီဝင် ဦးကျော်လင်း က ပြောသည်။

“လက်ရှိအနေအထားမှာ သူတို့က သာမန်အခြေအနေနဲ့ လာတာ မဟုတ်ဘူးလေ။ သူတို့က ဒုက္ခသည် အနေအထားနဲ့ လာတာဖြစ်တယ်။ အဲဒီတော့ ပထမက ဒုက္ခသည်၊ ဒုတိယ အနေအထားက Accident (မတော်တထ ထိခိုက်မှု) ဖြစ်တယ်။ အခု သူတို့က ဒုက္ခရောက်သွားပြီ။ ဒုက္ခရောက်သွားတဲ့နေရာမှာ နိုင်ငံသားလည်း ဖြစ်တယ်၊ တိုင်းရင်းသားလည်း ဖြစ်တယ်။ သူတို့ကို တရားမဝင် ဝင်ရောက်မှု မှတ်ပုံတင် ဥပဒေတွေနဲ့ တရားစွဲဖို့လုပ်ထားတယ်ဆိုတော့ ဒါနိုင်ငံသားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ပဲမြင်တယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

သံတွဲမြို့နယ်သို့ တရားမဝင် ဝင်ရောက်နေသူများနှင့် ယင်းကို အကြောင်းပြု၍ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းချက် တစောင်ကို သံတွဲမြို့နယ် သံဃာ့ကွန်ယက်မှ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းက ပေးပို့ထားသည်ဟု အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လ (ဂဝေသီ)က အမိန့်ရှိ ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရကလည်း မိုးမကျမီ မူလနေရာများ၌ နေအိမ်များ အပြီးဆောက်လုပ်ကာ ဒုက္ခသည်အားလုံးကိုနေရင်းအရပ်တွင် ပြန်လည်နေရာချပေးတော့မည်ဟု ဧပြီလ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

တိုင်းရင်းမီဒီယာများ အခန်းကဏ္ဍ တိကျစွာ သတ်မှတ်ပေးရန် ညီလာခံမှ တောင်းဆို

မြတ်ကျော်သူ
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

လာမည့် လွှတ်တော်တွင် ဆွေးနွေးနိုင်မည့် မီဒီယာဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာများ ညီလာခံက တောင်းဆို လိုက်သည်။

မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါညီလာခံကို ဧပြီလ ၂၅ မှ ၂၇ ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး တိုင်းရင်းသား သတင်းဌာနများမှ သတင်းထောက်များ၊ အယ်ဒီတာများ၊ လူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး တောင်းဆိုချက်လေးခုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ စံချိန်မီ မီဒီယာဥပဒေတရပ် ပေါ်ထွက်လာရေး၊ မီဒီယာဥပဒေတွင် မီဒီယာ ဌာနကြီးများအနေနှင့် တိုင်းရင်းသားမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲကူညီပေးရန်နှင့် တိုင်းရင်းသားမီဒီယာများ ကို ရေဒီယို၊ ရုပ်သံလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးရန်လည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ တောင်းဆိုလိုက်သည်။

တိုင်းရင်းသား မီဒီယာများအနေနှင့် သတင်းထောက် မလုံလောက်မှု၊ သတင်းမရရှိမှု၊ တိုင်းရင်းသားဒေသများတွင် ဆက်သွယ်ရေး/သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်မှုကို ရင်ဆိုင်ရလျက်ရှိသည်ဟု မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ ကိုမင်းလတ် က ဆိုသည်။

ဂျာနယ်၊ မဂ္ဂဇင်းများ မရောက်နိုင်သည့် မြန်မာစာ မဖတ်တတ်သည့် ဒေသများရှိ ဒေသခံများအနေနှင့် တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေသည့် တိုင်းရင်းသား စာစောင်များကိုသာ ဖတ်ရှုနေကြရသည်ဟု တိုင်းရင်းသား မီဒီယာများက ဆိုကြသည်။

“ကျနော်တို့ စာစောင်က ကျနော်တို့ တိုင်းရင်းသားဘာသာနဲ့ပဲ ထုတ်ဝေတယ်။ ဒါကို မြန်မာစာနဲ့ ထုတ်မယ်ဆိုရင် စာမဖတ်တတ်တဲ့သူတွေအနေနဲ့ ဘာကိုသွားဖတ်မလဲ။ ဆိုတော့ ကျနော်တို့ ဂျာနယ်အနေ နဲ့ မြန်မာစာနဲ့ ထုတ်မလား၊ ကိုယ့်ဘာသာစကားနဲ့ ထုတ်မလားဆိုတာလည်း စိန်ခေါ်မှုတခု ဖြစ်နေတယ်” ဟု စနောင်းတိုင်းဂျာနယ် အုပ်ချုပ်မှုအယ်ဒီတာ တဦးကဆိုသည်။

သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် ဝေဖန်သုံးသပ်ချက်များ ပြုလုပ်ရာ၌ ရန်ကုန်၊ မန္တလေးမှသာ မကဘဲ တိုင်းရင်းသားမီဒီယာများ၏ သဘောထားများပါ ကောက်ယူရန်ု လိုအပ်ကြောင်း ညီလာခံ တက်ရောက် လာသူများ က ဆွေးနွေးကြသည်။

“မီဒီယာဥပဒေ ထွက်လာရုံနဲ့တော့ မပြီးသေးဘူး။ ဒီဥပဒေက သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို သေသေချာချာ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရဲ့ ရာဇဝတ်မှုဥပဒေနဲ့ပဲ ဆိုင်တယ်။ အစိုးရက လုပ်ထားတဲ့ ဒီမီဒီယာဥပဒေဟာ ဒီ သတင်းလောကအတွက် တကယ်လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာတော့ သတင်းသမားတွေ သေသေချာချာ စဉ်းစားဖို့လိုပါတယ်” ဟု အရှေ့တောင်အာရှ လွတ်လပ်သော သတင်းမဟာမိတ် အဖွဲ့ (SEAPA) မှ မနိုင်နိုင်း က ဆွေးနွေးသွားသည်။

အဆိုပါ ညီလာခံကို နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အလားတူ တိုင်းရင်းသား မီဒီယာ ညီလာခံကို တနှစ်တကြိမ် ကျင်းပသွားမည်ဟု ညီလာခံ ကျင်းပရေးကော်မတီက စီစဉ်ထားသည်။

Ref: မဇ္ဈိမ

Read More...

ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

ကြယ်ပြာ| April 29, 2013

နှစ်လအတွင်း တောမီး ၄ ကြိမ်လောင်ခဲ့သော ပုပ္ပားတောင်မကြီးပေါ်တွင် သစ်ပင်ပေါင်း ၁ သောင်းကို ပုပ္ပားတောင်ချစ်သူများ အဖွဲ့မှ ပြန်လည် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မတ်လက ပထမဆုံးအကြိမ် ပုပ္ပားတောင် အရှေ့ဘက်ရှိ တောင်ပေါ်တောင်ရွာ အနီး၌ တောမီးလောင်ခဲ့ရာတွင် ၂ ရက်ခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းလ၌ပင် ၂ ကြိမ် ထပ်မံလောင်ကျွမ်းခဲ့ပြီး ဧပြီလ သင်္ကြန်မတိုင် ခင် တွင်လည်း ဖြစ်ပွားခဲ့သေး သောကြောင့် ယခုကဲ့သို့ သစ်ပင်များ ပြန်လည် စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်း အဖွဲ့က ဆိုသည်။

“ပျိုးပင်တွေ မှာထားပြီးသားပါ၊ ခုချိန်က ရေပြတ်လပ်တဲ့ ပြဿနာ ကြုံနေတော့ စိုက်လို့မရသေးဘူး၊ နောက်လထဲဆို မိုးရာသီ ရောက်တော့မှာ ဆိုတော့ အဲဒီအခါကျရင် စစိုက်မှာပါ” ဟု ယင်းအဖွဲ့မှ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးတိုးက ဧရာဝတီသို့ ပြောသည်။

သစ်မာများ အဖြစ် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များနှင့် တခြားသစ် ပျိုးပင်များအား ကျောက်ပန်းတောင်း မြို့နယ် သစ်တော ဦးစီးဌာထံမှ ၀ယ်ယူထားသည်ဟု သိရသည်။

“မီးလောင်နေတာကို မီးသတ်ကား မပြောနဲ့ သစ်တောကတောင် မသိဘူး။ ညဘက်ဆိုရင် ကျောက်ပန်းတောင်းကနေ လှမ်းကြည့်ရင် ပုပ္ပားတောင်ကြီးက နီရဲနေတာပဲ” ဟု ကျောက်ပန်းတောင်း မြို့ခံ ကိုရဲဝင်းအောင်က ဆိုသည်။

ယခင်နှစ် နိုဝင်ဘာလက ယင်းအဖွဲ့မှ သစ်ပင် တထောင် စိုက်ပျိုးခဲ့သေးကြောင်းနှင့် ယခုမီးလောင်မှုကြောင့် သစ်ပင်ကြီးများ အပါအ၀င် သစ်ပင်ဧကပေါင်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ကျောက်ပန်းတောင်း မြို့နယ်နှင့် ပုပ္ပားတောင်မကြီးပေါ်မှ ရွာများသည် ပုပ္ပားတောင်၏ ရေထွက်ပေါက် များမှ ထွက်သောရေကို ပိုက်များဖြင့် သွယ်ယူပြီး အဓိကအားပြု၍ သောက်သုံး နေကြရကြောင်း၊ မီးလောင်မှုကြောင့် တောင်ပေါ်တောင်ရွာ အနီးရှိ ရေပိုက်လိုင်းများ ပျက်စီးသွားသည့်အတွက် ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တောင်ပေါ်ရှိ ပုဂ္ဂလိက ကုမ္ပဏီတခု၏ ဧက ၅၀၀ ရှိ လက်ဖက်စိုက်ခင်းများနှင့် ဒေသခံတို့၏ နဂါးမောက်သီး စိုက်ပျိုး မှုများကြောင့် ရေထွက်ပေါက်များ ခမ်းခြောက်မှု များလာကြောင်း၊ ယခင်က ယင်းတောင် တွင် ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော် ရှိသော်လည်း ယခုအခါတွင် ၅၀ ခန့်သာ ကျန်ရှိပြီး တချို့ရေထွက်ပေါက်များသည် မိုးရွာမှသာလျှင် ရေရရှိသည် အထိ ဖြစ်လာခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“အခု ရေပြတ်ချက်များ ကန်တွေအားလုံးကို ခြောက်ကပ်သွားတာပဲ။ အလှူရှင်တွေ အနေနဲ့ ရေတွေကတော့ လှူမလောက် ပဲဗျ” ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းညီ လာခံ ပေါ်ပေါက်လာရေး အဖွဲ့ဝင် ဦးအေးခိုင်က ပြောသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် ကျေးရွာပေါင်း ၃၂၆ ရွာရှိကြောင်းနှင့် ယင်းရေပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေး ကော်မတီက ယခုနှစ်အတွင်း စက်ရေတွင်းပေါင်း ၃၉ တွင်း တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဦးအုန်းကလည်း ပုပ္ပားတောင် အနီးတ၀ိုက်တွင် ရရှိသည့် ရေများသည် မြေအောက်ရေ သီးသန့် မဟုတ်ဘဲ မိုးရာသီတွင် ရရှိသည့်ရေများကို ပေ ၂ ထောင်နက်သည့် မီးတောင် တွင်းကြီးထဲ၌ သိုလှောင်ထားသည့် မိုးရေများသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေရှားမှုဖြစ်ရပ်သည် စိုက်ခင်းများကြောင့် တောပြုန်းပြီး ရေငွေ့ပျံမှုများလာကာ သိုလှောင်နိုင်စွမ်း နည်းလာခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောခဲ့သည်။

ပုပ္ပါးတောင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပုပ္ပားတောင်ချစ်သူများ အဖွဲ့အား ၂၀၁၂ သြဂုတ်လက သဘာဝပတ်ဝန်းကျင် ပညာရှင်နှစ်ဦးဖြစ်သည့် ဦးအုန်းနှင့် ဦးဝင်းမျိုးသူတို့မှ ဦးဆောင်ပြီး ဒေသခံများဖြင့် ဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်းနှင့် ကျောက်ပန်းတောင်း ဒေသခံများ အပြင်းအထန် ကန့်ကွက်နေကြသော တောင်ပေါ်ရှိ ပုဂ္ဂလိက လက်ဖက်စိုက်ခင်း ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပိုင် ဘိလပ်မြေအစားထိုး ပိုဆိုလန်စက်ရုံ ရပ်ဆိုင်သွားရေးအတွက် ယင်းအဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

ကျော်ခ| April 29, 2013

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြားစောင့်တပ်(BGF) တို့အကြားဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKBA ဘက်က ပြောဆို လိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့် တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။


“အဲဒီဘက်ကလည်း တိုက်ပွဲတွေရပ် သူတို့ဘက်ကလည်း မပစ်တော့ဘူးဆိုပြီး ဒီနေ့ပဲဗိုလ်ချစ်သူက မြိုင်ကြီးငူက ဆရာတော် တပါး ကနေတဆင့် တယ်လီဖုန်းနဲ့ ဗိုလ်ဘိ (ဗိုလ်မှူးကြီး စောဘိ) ဆီကို ဆက်သွယ်လာတယ်၊ အဲဒီနောက် နေ့လယ် ၁၂ နာရီ ကနေ စပြီး တိုက်ပွဲတွေရပ်လိုက်ပြီ”ဟု ဗိုလ်မှူး စောဝေထူး က ဧရာဝတီသို့ ပြောသည်။

DKBA နှင့် BGF တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က နှစ်ဖက်အကြား ညှိနှိုင်းမှုပြုလုပ်ပေးသကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ ကလည်း တယ်လီဖုန်းမှတဆင့် နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ပြောသည်။

“ကျနော်တို့ဘက်ကရော ရတခ တိုင်းမှူးကရော ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးလိုက်တဲ့နောက်မှာ စစ်ရှိန်တော့လျော့သွားတဲ့ သဘောမှာရှိတယ်”ဟု မန်းငြိမ်းမောင်က ဆိုသည်။

ယခုလ ၂၆ ရက်နေ့က ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များအကြား သံလွင်မြစ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်မှ တဦးကျဆုံးခဲ့ရာမှ တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA က ပြော ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားပြီ DKBA ကလို့ထူးလား လက်အောက်ခံတပ်ရင်း (၉၀၅) ရှိရာကို နယ်ခြားစောင့်တပ်ရင်း၊ တပ်ဖွဲ့များ က အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တိုက်ပွဲများကြောင့် အကျအဆုံးစာရင်းကိုလည်း မသိရှိသေးကြောင်း ဗိုလ်မှူး စောဝေထူး က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေ ဆိုခြင်း မရှိပေ။

DKBA နှင့် နယ်ခြားစောင့် တပ်များအကြား ယင်းဒေသတွင် နယ်မြေအငြင်းပွားမှု၊ အကျိုးစီးပွား ကိစ္စရပ်များနှင့်ပတ်သက်၍ မကြာ ခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ယင်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင် တပ်မှူး တချို့က ပြောသည်။

DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်ခဲ့သည်။ ထို့နောက် သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက် သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြား စောင့် တပ် အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBA တပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။ ယခု အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူ အခြေစိုက်ဗိုလ်မှူးကြီး စောဘိ အဖွဲ့သည် ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်း ရာတွင် ပါဝင်သွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များနှင့်အတူ DKBA အဖြစ်နှင့် ပြန်လည်ရပ်တည်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

ကောင်းမြတ်မင်း
April 29, 2013

တပ်မတော်သားများ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ပြည်မြို့ န၀ဒေး တံတားအောက် လုယက် အသတ်ဖြတ် ခံရသော အမှုကို တပ်မတော် စစ်ခုံရုံးမှ အရပ်သား သက်သေ ထွက်ချက်များ ရရှိ ရန် ခေါ်ယူစစ်ဆေးမေးမြန်းကြောင်း သိရသည်။

အမှုတွင် အဓိက သက်သေအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သော မအိဇင်မိုးကိုကိုလည်း ဆေးရုံတွင် စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ပြီး မအိဇင်မိုးကို၏ ဖခင်ဖြစ်သူကိုလည်း ခလရ ၇၅ တပ်ထဲတွင် တပ်မတော် အရာရှိကြီး ၃ ဦးက အမှုဖြစ်စဉ် အစ အဆုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

မအိဇင်မိုးကို၏ ဖခင် ဦးမြင့်ကိုက “၂၇ ရက်နေ့က ကျနော့်ကို တပ်ထဲကို ခေါ်စစ်တယ်။ (အခင်းဖြစ်တဲ့နေ့က) ကျနော့်သမီး ဆေးရုံကို ဘယ်အချိန်ရောက်တယ်၊ ရဲစခန်းကို ဘယ်အချိန်သွားတယ် ဆိုတာတွေကို အချိန် အတိအကျ မေးတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ နာရီ တကြည့်ကြည့်လုပ်ပြီး ကျနော် မှတ်နေနိုင်မလားဗျာ။ ဘာလို့ တပ်မတော်သားတွေကို တရားခံအဖြစ် စွပ်စွဲပြီး အမှုဖွင့်ရတာ လည်း မေး တယ်။ သူတို့ကို တရားခံလို့ တပ်အပ်စွပ်စွဲရဲလားလို့ မေးတော့ စွဲရဲတယ်လို့ ပြောခဲ့တယ်။ ကျနော့်သမီးကို လည်း ဖြစ်တဲ့နေရာကို ခေါ်သွားပြီးတော့ မေးချင်တယ်လို့ ပြောပါတယ်။ သမီးမှာ နှလုံးရောဂါရှိတဲ့ အတွက် ကျန်းမာရေး ကို တာဝန်ယူပေးနိုင်ရင်တော့ ခေါ်သွားလို့ ပြောထားပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

ပြည်မြို့ တဘက်ကမ်း သစ်ဆိမ့်ပင်ရွာရှိ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့အားလည်း ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ဆေး မေးမြန်းရန် ခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းတို့၏ မိသားစုဝင်များ က ပြည်မြို့ အမှတ် ၂ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ စခန်းမှူးမှ စိတ်မပူရန်နှင့် မေးမြန်းစရာရှိ ၍ဟု ပြောဆိုသည်။

ထိုသူများ ယခုအခါ ရွာပြန်ရောက်လာကြပြီး မေးမြန်းရာတွင် တစုံတရာ ခြိမ်းခြောက်ခြင်းမျိုးမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံမေးမြန်းကြောင်း၊ တရားခံအဖြစ် သံသယရှိ၍ မဟုတ်ဘဲ အသတ်ခံရသည့်စုံတွဲအား အခင်းမဖြစ်ပွားမှီ က မြင်သောလူများတွင် ၎င်းတို့ပါဝင်နေကြောင်း သတင်းရ၍ ခေါ်ယူမေးမြန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့်မအိဇင်မိုးကိုတို့ စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိပြီး တပ်မတော်သားများ ဖြစ်နေခဲ့သည်။

အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းသို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်း သို့ ပြန်အလာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့သည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း စစ်ခုံ ရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ကိုဇော်မင်းဦး၏ ဈာပန တွင် ပြောဆိုခဲ့သည်။

Ref: ဧရာဝတီ

Read More...

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းသန့်
April 29, 2013

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမို ကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ၀န်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြ သွားခြင်း ဖြစ်သည်။


မွန်ဂိုလီးယားနိုင်ငံ အစိုးရအိမ်တော် Grand Hall တွင် ကျင်းပနေသော အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မွန်ဂို လီးယား သမ္မတ Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည် အား ဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသားတိုင်းက အစိုးရများနှင့် ခေါင်းဆောင်တိုင်းအပေါ် မျှော်လင့် ချက် မြင့်မားကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုသည်။

အဂတိလိုက်စားမှုသည် ရှုပ်ထွေး နက်ရှိုင်းပြီး အလွှာအသီးသီး၌ ပြဿနာအဖြစ် တည်ရှိနေသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စား မှုကြောင့် နိုင်ငံတော်၏ ခွန်အား ယုတ်လျော့စေပြီး တိုင်းပြည် စီးပွားရေးကိုလည်း ဆုတ် ယုတ် စေကြောင်း အဓိကထား ဆွေးနွေးသွားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် လူထု ယုံကြည်မှု ကျဆင်းစေပြီး တန်းတူညီမျှ အခွင့် အရေးများ အပေါ် ထိခိုက်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က“နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေပဲ ဖြစ် တယ်”ဟုလည်း ပြောဆိုသွားသည်။

နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ ညီလာခံ တက်ရောက်လာသူများကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြ သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆို ဆွေးနွေးခဲ့ကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် ဒီမိုကရေစီအား ခြိမ်းခြောက်မှု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အွန်လိုင်းနှင့် ပုံနှိပ် မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများနှင့် ဒီမိုကရေစီ စံနှုန်းများ၊ သင်ခန်းစာများ စသည့် အကြောင်းအရာများ ကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ရလာသော်လည်း လက်ရှိအခြေအနေများကို မျက်ကွယ်မပြုသင့်ကြောင်း၊ တိုင်းရင်းသား ပဋိပက္ခများ မြန်မာနိုင်ငံတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကြေ ညာ ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“တိုင်းပြည်အပေါ် အာရုံစိုက်ခံလာရချိန်မှာ ကျမတို့ လက်ရှိအခြေအနေကို မျက်ကွယ်မပြု သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမို ကရေစီ အရေးကို ကျမတို့ ကာကွယ်သွားသင့်တယ်။ အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခက ရှိနေဆဲပဲ” ဟုလည်း ဒေါ်အောင်ဆန်း စုကြည်၏ ကြေညာချက်တွင် ဖြော်ပထားသည်။

အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မွန်ဂိုလီး ယားနှင့် မြန်မာတို့မှာ အခြေအနေ ဆင်တူသည်များရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မွန်ဂိုလီးယားနဲ့မြန်မာဟာလည်း ဥပမာအားဖြင့် အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံရှိတာလည်း အတူတူပါဘဲ၊ ကျမတို့ ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်။ မွန်ဂိုလီးယားရဲ့အတွေ့အကြုံတွေလည်း ကျမတို့ သင်ခန်းစာယူကြရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းကို မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် ၂ နှစ် က ယခုကဲ့သို့ ညီလာခံမျိုးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီဒီယို မိန့်ခွန်း သာ ပေးပို့နိုင်ခဲ့ပြီး ယခုနှစ် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အတွက် လွန်စွာ ၀မ်းမြောက်ကြောင်း ထည့်သွင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှုများကြောင့် ယခုနှစ် အတွက် Geremek Award ဆုကို ပေးအပ်ရန် ညီလာခံက ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။

မွန်ဂိုလီးယား သမ္မတနှင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ ဦး တွဲဖက်၍ ဧပြီလ ၃၀ ရက် နေ့တွင် အစိုးရ အိမ်တော်၌ “Mongolia and Myanmar: Freedom and Path Toward Democracy” ခေါင်းစဉ်ဖြင့် ဟောပြောရန် ရှိကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညီလာခံသို့ တက်ရောက်ရန် ဧပြီလ ၂၇ နေ့ ည ၁၂ နာရီခန့်က ရန်ကုန်မှ ထွက်ခွာခဲ့ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့