Tuesday, June 8, 2010

နေ့စဉ်သတင်းများ ( ၇ - ၀၆ - ၁၀ )

စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းပေါက်ကြား သတင်း
နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေး တိုးချ သတင်း
လုံခြုံရေးဆွေးနွေးပွဲ မြန်မာဗိုလ်ချုပ် မတက် သတင်း
အမျိုးသမီးများကို မြန်မာစစ်သားတွေက ကျွန်ကဲ့သို့စေခိုင်း သတင်း
ကော့ကရိတ်မြို့နယ်အတွင်း နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အင်အား (၁၅၀) ကျော် တိုးချဲ့လာ သတင်း
ကွမ်းခြံကုန်းဓာပြမှုအား ဖော်ထုတ်ရမိပြီလို့ စစ်အစိုးရရဲချုပ်က ပြော သတင်း
ကွမ်းခြံကုန်း ဓားပြမှု KNU နှင့် ပတ်သက်ခြင်းမရှိဟု ငြင်းဆို သတင်း
မြန်မာ့အရေး မှတ်တမ်းတင်ဓာတ်ပုံဆရာ ဆုချီးမြှင့်ခံရ သတင်း
အဓမ္မလုပ်အားပေး ပပျောက်ရေး မြန်မာအစိုးရ ထိထိရောက်ရောက် မလုပ် သတင်း
ပါတီရန်ပုံငွေအတွက် စီးပွားရေးလုပ်ရန် ပြင် သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် မဲစာရင်းကို အမေရိကားတွင် စတင်ကောက်ခံ သတင်း
ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များ ဖြုတ်ချ သတင်း
ရွာသားများကို အမှောင်ထုထဲသို့ တွန်းပို့နေသည့် စစ်အစိုးရ ရွေးကောက်ပွဲ သတင်း
မောင်တောတွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် သင်တန်းပေး သတင်း
မောင်တောမြို့မှ ပြည့်တန်ဆာတန်းကို ပြည်သူများက “နေပြည်တော် လမ်းဆုံ” အမည်ပေး သတင်း
HIV ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ် သတင်း
ဓာတ်ငွေ့ပိုက်လိုင်းပေါက်သဖြင့် ရန်ကုန်မြို့ မီးအားကျဆင်းဦးမည် သတင်း
ဇွန်လ (၁၀) ရက်နေ့က စတင်ပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်များ စတင်ဖွင့်လှစ်ရန် စီစဉ်နေ သတင်း
(၁၈) ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲတွင် မြန်မာပြခန်းများ ပြသ သတင်း
တရုတ်ဆိုင်ကယ်များ ဖမ်းဆီးနေ သတင်း
မလေးရှားတွင် ဘာသာလူမျိုးခွဲခြားကာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံနေရ သတင်း
နယ်စပ်ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေ ယခင်နှစ်ထက် ပိုများလာ သတင်း
ဘာသာစကားကြောင့် ဘ၀မသာယာနိုင်တဲ့ ကရင်နီတောင်ပေါ်သားများ သတင်း
ကမ္ဘာ့ဖလားသီချင်း ဗွီဒီယိုတွင် မြန်မာ (၂) ဦး ပါဝင် သတင်း
မုံရွာဈေး မီးလောင်မှု သိန်းပေါင်း (၁) သောင်းကျော် ခန့်မှန်း သတင်း
ကယ်ဆယ်ရေး သင်္ဘောပေါ်က ဖြစ်ရပ်ပုံသစ်တွေ ထွက်လာ သတင်း
မြန်မာက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူ ပြောကြား (ဆောင်းပါး)
နျူကလီးယား ကကြီး ခခွေး (ဆောင်းပါး)
အင်းသီး မှတ်တမ်းရုပ်ရှင်နှင့် ဧရာဝတီကို ကယ်တင်ပါ (ဆောင်းပါး)

Read More...

နျူကလီးယား ကကြီး ခခွေး

ဂါမဏိ
၀၇ ဇွန် ၂၀၁၀

အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတာကို ပြည်တွင်း ပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေ တပ်မတော်သားတွေ အပါအဝင် မြန်မာပြည်သူတွေ အနေနဲ့ နျူကလီးယား နည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီ ကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။

၁။ သတ္တုတူးဖော်ခြင်း

အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံ ကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိက ထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ ဖြစ်ပြီး မြန်မာ ပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။

ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့ အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေး ဖြစ်ပျက်နေပြီး နျူကလီးယား လက်နက်မှာတော့ တဟုန်ထိုး မြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံး မှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာ ဂရုတစိုက် ထိန်းချုပ်ဖို့ လိုပါတယ်။

နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကို သုံးရင် အကောင်းဆုံး ဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှု ကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ -၂၃၅ အနုမြူတွေရှိနေရင် အဲဒီ နျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက် စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက် ဓာတ်ပြုနိုင်ဖို့ ယူ -၂၃၅ အနုမြူ အလုံအလောက် ရှိနေရင် နျူကလီးယား တုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံး လိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။

၂။ ဓာတ်ပြောင်းခြင်း

ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ် ရပါတယ်။ ဒီအမှုန့်တွေကို ဓာတု ဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ် အခဲ ပြန်လုပ် ရပါတယ်။ ဒီအဝါရောင် ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်း ပါဝင်ပြီး ရေဒီယို သတ္တိကြွ အန္တရာယ် ရှိနေပါပြီ။

ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိက အလုပ်က ရထားတဲ့ယူရေနီယမ် ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏ တိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ် သန့်စင်မှု enrichment လို့ ခေါ်ပါတယ်။ သန့်စင်ဖို့ အတွက် အဝါရောင် ကိတ်မုန့်ကို နိုက်ထရစ် အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ ဖြစ်လာစေပါတယ်။

ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့ အတွက် အင်မတန် သတိထား ကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံက ပိုက်လိုင်းတွေ မော်တာ စက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ် သတ္တုစပ်တွေနဲ့ အထူး တည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတု တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

၃။ သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။

အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်း ဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲ ထည့်ပြီး အရှိန်မြင့် လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာ လာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက် ဘက်ကနေ ထုတ်ယူပြီး အလယ်မှာ စုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့် ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ် ဗဟိုခွာအား စက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင် ထားရပါတယ်။ ရေဒီယို သတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်း အသုံးပြုပါတယ်။

နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ် ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့ အခါ ပိုပေါ့တဲ့ ယူ -၂၃၅ က အမှေးပါး ဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ် ယူလို့ရပါတယ်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်း မှာလည်း အမှေးပါး ဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။

၎။ ဓာတ်ပေါင်းဖို

ရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယား ခွဲစိတ်ခြင်းက ထွက်လာတဲ့ အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ ထွက်အောင်လုပ်၊ တာဘိုင်တွေကို လည်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်ပါတယ်။ သာမန် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေ ပုံစံနဲ့ သုံးပါတယ်။ ဒီ အခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေ ဖြစ်အောင် စုထပ်ပြီး အပူကာ နံရံထူတဲ့ အလုံပိတ် အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်း အထုပ်တွေကို အေးအောင်လို့ ရေအောက်မှာ မြှုပ်ထားပါတယ်။ တချို့ ဓာတ်ပေါင်းဖိုတွေ မှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။

ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာ အနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။

နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖို အခန်းထဲ မြှုပ်သွင်း ထားပါတယ်။ ဒီ ထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထား ပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန် အရေအတွက် နည်းသွားရင် ကွင်းဆက် တုံ့ပြန်မှု နည်းသွားတဲ့ အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ် ပေးနေပါတယ်။ ဒါတင်မက နျူကလီးယား ဓာတ်ပေါင်းဖို သုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။

၅။ ယူရေနီယမ် နျူကလီးယားဗုံး

နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ် အများကြီး ဒလကြမ်း ထုတ်လွှတ်မယ့် မဟာ့မဟာ အခြေပြောင်း ဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ် ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံး ပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာ ဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်း ရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ် တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့ အခါ အလုံးနှစ်ခု ပေါင်းပြီး မဟာ့မဟာ အခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယား ပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့ အချိန်က တစက္ကန့်တောင် မရှိပါဘူး။

အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ကို ယူရေနီယမ် အောက်ဆိုက် အဖြစ် အရင် ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ် သတ္တုတုံးတွေ အဖြစ် ပုံသွင်း လိုက်ရင် ယူရေနီယမ် အနုမြူဗုံးအတွက် လိုအပ်တဲ့ လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေး လွယ်ကူတဲ့ ဓာတု ဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။

အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယား ပေါင်းစည်းမှု nuclear fusion သတ္တိ အသုံးချပြီး တိုးမြှင့် ပေးနိုင်ပါတယ်။ ပေါင်းစည်းမှုဆိုတာက ဟိုက်ဒြိုဂျင် အနုမြူအိုက်ဆိုတုပ်ရဲ့ နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီး ဟီလီယမ်နျူးကလီးယပ်စ် ဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင် နျူးကလီးယပ်စ် တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။

နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့ အတွက် ပေါက်ကွဲအား ပိုကြီးသွားစေ ပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်း ကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယား လက်နက်လို့ ခေါ်ကြပါတယ်။

၆။ တကျော့ပြန်သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့ လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာ ချောင်းတွေကို အပြင်က သတ္တု အခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ် အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်း ရေဒီယို ဓာတ်ကြွ အညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက် ထုတ်လုပ် နိုင်ပါတယ်။

ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖို တခုနဲ့ တကျော့ပြန် သန့်စင်စက်ကို သာမန် အဆောက်အဦး တခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ ရပါတယ်။ ဒါကြောင့် လျှို့ဝှက် လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန် သန့်စင်နည်းနဲ့ ပလူတိုနီယမ် ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်း ရှိလို့ သဘောကျကြပါတယ်။

၇။ ပလူတိုနီယမ် နျူကလီးယားဗုံး

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့ လုပ်တာထက် အားသာချက်တွေ အတော်များများ ရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏ နည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအား ရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲ လိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့ အတွက် တကျော့ပြန် သန့်စင်ရေးစက်ရုံ ခတ်သေးသေး ရှိရင် ရပါတယ်။

ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ် အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ် ပမာဏ နည်းနည်းပဲ လိုတာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယား ဓာတ်ပေါင်းဖိုတွေ ကနေ ပလူတိုနီယမ် ရယူ လုပ်တာက ပိုလွယ်နိုင်ပါတယ်။

ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက် သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်က တတ်တဲ့ ကျွမ်းကျင်မှု အရည်အချင်းနဲ့ တည်ဆောက် နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်း တန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။

၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ

ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော် သားတွေဟာ နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေ ကတော့ ဓာတ်ရောင်ခြည် ပမာဏပေါ် မူတည်ပြီး ပြင်းထန်မှု ရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာ ရှိသလို များရင်တော့ ချက်ချင်း လက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်း ပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း၊ ရောဂါပိုး အမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြား ကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ ဝတ်ရုံတွေ ဝတ်ဖို့ လိုပါတယ်။ ဓာတ်ရောင်ခြည်သင့် ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။

ရည်ညွှန်း။ BBC မှ The Nuclear Fuel Cycle ဆောင်းပါး

Ref: ခေတ်ပြိုင်

Read More...

Monday, June 7, 2010

မြန်မာတွေရှိရာ မလေးရှားထောင် ဆူပူမှုဖြစ်

တနင်္ဂနွေ, 06 ဇွန် 2010

မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေးစခန်း တခုမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနဲ့ ဗီယက်နမ် အယောက် ၂၀၀ လောက် ထောင်ကို ဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာကို မလေးရှား ရဲတွေက တားဆီး လိုက်နိုင်တယ်လို့ မလေးရှားနိုင်ငံပိုင် ဘနားမား (Bernama) သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

ထွက်ပြေးဖို့ ကြိုးစားသူတွေဟာ မလေးရှားနိုင်ငံမှာ တရားမ၀င် နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း၊ တီရန်ဂါနု (Terengganu) မြို့က အာဂျီးလ် (Ajil) လူဝင်မှု ထိန်းသိမ်းရေး အကျဉ်းစခန်းမှာ စနေနေ့ညက အခင်း ဖြစ်ခဲ့တဲ့အကြောင်း ဘနားမား သတင်းမှာ ဖော်ပြပါတယ်။

အသစ်ရောက်လာတဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦး ရန်ဖြစ်ရာကနေ စခဲ့တာလို့ ထိန်းသိမ်းရေးစခန်းရဲ့ ညွှန်ကြားရေးမှူးက ဘနားမား သတင်းဌာနကို ပြောပါတယ်။ ဖြစ်ရပ်မှာ ဗီယက်နမ်နိုင်ငံသား ၈ ယောက် ဒဏ်ရာရသွားပါတယ်။

ထိန်းသိမ်းခံထားရသူတွေက တံခါးတွေကို ချိုးဖျက်ပြီး စခန်းကနေ ထွက်ပြေးဖို့ ကြိုးစား ခဲ့ကြတယ်လို့ ဘနားမား သတင်းက ရေးပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၆ - ၀၆ - ၁၀ )

အယ်လ်ဂျာဇီးယားနှင့် ဒီဗွီဘီမှ လွှင့်ထုတ်သော မြန်မာ့နျူကလီယားစီမံကိန်းအကြောင်း ယူကျု(ပ်)မှာ တင်ပြီ သတင်း
တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စတင် သတင်း
ဇွန် (၆) ရက် အလုပ်သမားသပိတ် (၃၆) နှစ်ပြည့်ပြီ သတင်း
စစ်အစိုးရရဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ILO ဝေဖန်သတိပေး သတင်း
ILO နဲ့ ဆက်သွယ်သူ ဦးသက်ဝေ နတ်မောက်ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစား သတင်း
အရှေ့အာရှ စီပွားရေးဖိုရမ် အစည်းအဝေးကို မြန်မာဝန်ကြီးချုပ် တက်ရောက် သတင်း
မလေးရှားတွင် မြန်မာအကျဉ်းသားများ ရုန်းရင်းဆန်ခတ်ဖြစ် သတင်း
မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ဗီယက်နမ်တွေ ထွက်ပြေးဖို့ ကြိုးစား သတင်း
ပွင့်လင်းသည့် မီဒီယာမျိုး ဖန်တီးပေးရန် လိုအပ်ဟု ဆရာမောင်ဝံသက ပြော သတင်း
မယ်လဒုက္ခသည်စခန်းမှာ ၀မ်းရောဂါ ဆက်လက်ပျံ့နှံ့ သတင်း
HIV/AIDS ဝေဒနာသည်များ၊ အဟာရဓာတ်နှင့် ဆေးဝါး သတင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် သစ်ပင်စိုက်ပျိုးရေး သတင်း
ဂါဇာအရေး ကုလ အဆိုပြုချက် အစ္စရေး ပယ်ချ သတင်း
လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား သတိပေး သတင်း
ထိုင်းမှာ အရေးပေါ်အခြေအနေ ဆက်ရှိမည် သတင်း
မြန်မာ့နျူကလီယားအစီအစဉ် သေချာလို့ ပညာရှင် ပြော သတင်း
မီးလောင်မှုအများစု လျှပ်စစ်မီးကြောင့်ဖြစ် သတင်း
တန်ခိုးထက်သည့် ဆရာတော် (ဆောင်းပါး)
“တကမ္ဘာလုံးကြိုက်တဲ့ အမှန်တရားအလံ လွှင့်ထူခဲ့တယ်” (ကဗျာဆရာ စောဝေနဲ့ အင်တာဗျူး)

Read More...

Sunday, June 6, 2010

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် လျှောက်ထားသောပါတီများ

July, 3, 2010


၁။ ၈၈ မျိုးဆက်ကျောင်းသား လူငယ် များ(ပြည်ထောင်စုမြန်မာနိုင်ငံ)The 88 Generation Student Youths(Union of Myanmar)၊ (၂၂ မတ်လ ၂၀၁၀)
၂။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ The Union of Myanmar Federation of National Politics(၂၂ မတ်လ ၂၀၁၀)
၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊(၂၉ မတ်လ ၂၀၁၀)
၎။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (၃၀ မတ်လ ၂၀၁၀)
၅။ ကရင်ပြည်သူ့ပါတီ (၃၁ မတ်လ ၂၀၁၀)
၆။ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်(၁ ဧပြီလ ၂၀၁၀)
၇။ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO)(၂ ဧပြီလ ၂၀၁၀)
၈။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ(၅ ဧပြီလ ၂၀၁၀)
၉။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(၅ ဧပြီလ ၂၀၁၀)
၁၀။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ(၆ ဧပြီလ ၂၀၁၀)
၁၁။ ခေတ်သစ်ပြည်သူ့ပါတီ(၆ ဧပြီလ ၂၀၁၀)
၁၂။ ချင်းအမျိုးသားပါတီ (Chin National Party)(၇ ဧပြီလ ၂၀၁၀)
၁၃။ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party)(၈ ဧပြီလ ၂၀၁၀)
၁၄။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(၈ ဧပြီလ ၂၀၁၀)
၁၅။ တအောင်း(ပလောင်) အမျိုးသားပါတီ(၈ ဧပြီလ ၂၀၁၀)
၁၆။ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(၈ ဧပြီလ ၂၀၁၀)
၁၇။ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)(၉ ဧပြီလ ၂၀၁၀)
၁၈။ “ဝ” ဒီမိုကရက်တစ်ပါတီ(၉ ဧပြီလ ၂၀၁၀)
၁၉။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)(၉ ဧပြီလ ၂၀၁၀)
၂၀။ ဖလုံ- စဝေါ် ဒီမိုကရေစီပါတီ (၂၃ ဧပြီလ ၂၀၁၀)
၂၁။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (Northern Shan State Progressive Party) (၂၃ ဧပြီလ ၂၀၁၀)
၂၂။ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party) (၂၃ ဧပြီလ ၂၀၁၀)
၂၃။ လားဟူ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေး ပါတီ (၂၃ ဧပြီလ ၂၀၁၀)
၂၄။ ကယန်းအမျိုးသားပါတီ (၂၆ ဧပြီလ ၂၀၁၀)
၂၅။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (၂၆ ဧပြီလ ၂၀၁၀) (National Democratic Party for Development)
၂၆။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု(၂၈ ဧပြီလ ၂၀၁၀)
၂၇။ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၂၉ ဧပြီလ ၂၀၁၀)
၂၈။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (၂၉ ဧပြီလ ၂၀၁၀)
၂၉။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂၉ ဧပြီလ ၂၀၁၀)
၃၀။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၃၀ ဧပြီလ ၂၀၁၀)
၃၁။ ညီညွတ်သော ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) United Democracy Party (Kachin State) (၃၀ ဧပြီလ ၂၀၁၀)
၃၂။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (၃၀ ဧပြီလ ၂၀၁၀)
၃၃။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) (၃ မေလ ၂၀၁၀)
၃၄။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(၄ မေလ ၂၀၁၀)
၃၅။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (၄ မေလ ၂၀၁၀)
၃၆။ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ Ethnic National Development Party (ENDP) (၆ မေလ ၂၀၁၀)
၃၇။ မြန်မာဒီမိုကရေစီကွန်ဂရက် (Myanmar Democracy Congress) (၁၂ မေလ ၂၀၁၀)
၃၈။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (၁၇ မေလ ၂၀၁၀)
၃၉။ မြိုတိုင်းရင်းသားပါတီ (၁၉ မေလ ၂၀၁၀)
၄၀။ ဒေသဖွံ့ဖြိုးရေးပါတီ (ပြည်)(၂၁ မေလ ၂၀၁၀)
၄၁။ ကမန်အမျိုးသားတိုးတက်ရေးပါတီ (၂၅ မေလ ၂၀၁၀)
၄၂။ အမျိုးသား ဒီမိုကရေစီအင်အားစု National Democratic Force (၂၇ မေ ၂၀၁၀)
၄၃။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UNITY AND DEMOVRAVY PARTY OF KACHIN STATE (UDPKS)(၂ ဇူလိုင်လ ၂၀၁၀)
၄၄၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ National Development And Peace Party

ဆက်လက်ဖေါ်ပြပါမည်။

Read More...

တန်ခိုးထက်သည့် ဆရာတော်

မိုက်ကယ် ဂရေးဗားစ်
Saturday, June 05, 2010

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ် လိုက်ခြင်းသည် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ (ခေါ်) ဗိုလ်ချစ်သူက အခန်း ၄၀ ပါ ခေတ်မီ အိမ်သစ်တက်ပွဲ အခမ်းအနား ကို မကြာသေးမီက မြ၀တီမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဗိုလ်ချစ်သူသည် မြ၀တီမြို့တွင် နေထိုင် ကာ အကျိုးအမြတ် များစွာရရှိသော နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ် ထားသူဖြစ်သည်။ မြန်မာစစ်တပ်နှင့် အလွန် နီးစပ်ပြီး ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ကို စစ်အစိုးရက တိုက်ခိုက်သည့် အချိန်တိုင်းတွင် လည်း DKBA က အစိုးရ တပ်များကိုယ်စား တိုက်ပေးလေ့ ရှိသည်။

သက်တော် ၆၇ နှစ် ရှိပြီဖြစ်သော ဆရာတော် ဦးသုဇနသည် DKBA အဖွဲ့အတွင်း ဗိုလ်ချစ်သူနှင့် တန်းတူ (သို့မဟုတ်) ပို၍ အာဏာ ရှိသည်ဟူသော အချက်ကို အနောက်နိုင်ငံ အများစုက မသိကြသေးပေ။ မကြာသေးမီက DKBA သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ပယ်ချခဲ့ရာတွင် ဆရာတော်သည် အခရာဖြစ်သည်ဟု ဆိုကြသည်။

တချို့က ဆရာတော် ဦးသုဇနသည် DKBA တွင် သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်ဟု ဆိုသည်။ DKBA စတင် ဖွဲ့စည်းရာ၌ ဆရာတော် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် အဖွဲ့အတွင်းရှိ အရာရှိ အရာခံ အကြပ် တပ်သားများ အနေနှင့် ဆရာတော် ၏ ဆုံးဖြတ်ချက်ကို လွန်ဆန်ရန် ခက်ခဲသည်ဟု ဆိုကြသည်။

တပည့်တပန်းများက ဆရာတော်ကို အလွန် ကြည်ညိုကြသည်။ ဆရာတော်၏ ဘာသာရေးနှင့် နိုင်ငံရေးသြဇာ နှစ်ရပ် စလုံးက စစ်အစိုးရနှင့် ပေါင်းကာ နယ်စပ် ကုန်သွယ်ရေးဖြင့် မြိုးမြိုးမြက်မြက် စီးပွားဖြစ်နေသော DKBA အရာရှိများ၏ အာဏာနှင့် တတန်းတည်း ဖြစ်ရုံမက တခါတရံ ဆန့်ကျင်ဘက်ပင် ဖြစ်နေတတ်သေးသည်။

ကရင် အများအပြား၏ အမြင်တွင် ဗိုလ်ချစ်သူသည် ရှေးယခင်က ကရင်စစ်ဘုရင်များပုံစံ ပေါက်နေသည်ဟု မြင်ကြ သည်။ ဆရာတော် ဦးသုဇနကိုမူ ကရင် လူမျိုးများအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာယာချမ်းမြေ့မှု နှင့် အနာဂတ် သာယာ ၀ပြောမှုများကို ဆောင်ကြဉ်း ပေးနိုင်သော ဘာသာရေး ခေါင်းဆောင်တဦး အဖြစ် ရှုမြင်ကြသည်။ ကရင် မိရိုးဖလာ ခေါင်းဆောင်မှု၊ အမျိုးသားရေးဝါဒ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု အပြင် အစဉ်အလာ ဘာသာရေး ခေါင်းဆောင်မှုများ အပေါ်တွင် အခြေခံ၍ ဆရာတော်ကို ထောက်ခံကြခြင်း ဖြစ်သည်။

ခရစ်ယာန် ဘာသာဝင်များ အပါအ၀င် ကရင်လူမျိုးများစွာက ဆရာတော်ကို DKBA နှင့် ကရင် အမျိုးသား အစည်း အရုံး (KNU) အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး အတွက် ပေါင်းကူးပေးနိုင်သူ တဦးအဖြစ် ရှုမြင်ကြ သည်။ DKBA သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်များပါဝင်ပြီး ကရင်ပြည်နယ်၏ နေရာ အတော်များများကို ထိန်းချုပ် ထားနိုင်သည်။ KNU တွင်မူ ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုးများ အဓိကပါဝင်သည်။ KNUအတွင်း ဘာသာရေး မတူညီမှု၊ ခွဲခြားဆက်ဆံမှုနှင့် အခြား ကိစ္စရပ်များ အပေါ်တွင် ပြင်းပြင်းထန်ထန် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉၉၄ တွင် DKBA အဖွဲ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကရင်စစ်တပ် နှစ်ခုအကြား မည်သည့်နည်းဖြင့်မဆို ပြန်လည် သင့်မြတ်ပြေလည်ပါက ဒေသအတွင်း အကျိုးအမြတ် ရရှိလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ထိုဒေသအတွင်း ၀င်ရောက် လုပ်ကိုင်နေကြသည့် လူသားချင်း စာနာသော အကူအညီပေး အဖွဲ့များအတွက် အဆမတန် လွယ်ကူ သွားစေနိုင်သောကြောင့် နိုင်ငံတွင်း အိုးအိမ်မဲ့ လှည့်လည် နေထိုင်သည့် ဒုက္ခသည်များနှင့် နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များအတွက် အကျိုး ရှိလိမ့်မည်ဖြစ်သည်။

ဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ပိုးကရင်လူမျိုးဖြစ်သည်။ လူငယ် ဘ၀တွင် KNLA ၏ ဆက်သား ရဲဘော်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ သက်တော် ၂၀ တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ဒေသအတွင်းရှိ ဘုရား ပုထိုးများ ပြန်လည်ပြုပြင်ရေး ခရီးရှည်ကို စတင်မူခဲ့သည်။ ဆရာတော်၏ ရည်မှန်းချက် ပန်းတိုင်သည် ဗုဒ္ဓဘာသာ တည်တံ့ ပြန့်ပွားရေးနှင့် ငြိမ်းချမ်း၍ သာယာ ၀ပြောသော နေရာတခု တည်ဆောက်ရန် ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော်သည် တောရ လှည့်လည် ဆောက်တည်ခဲ့သည်။ လှည့်လည်ရင်း ကမမောင်းမြို့နှင့် အလှမ်းမဝေးသော သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ မြိုင်ကြီးငူ တောင်ကုန်းပေါ်သို့ ရောက်ရှိခဲ့ပြီး ထိုနေရာ၌ ဂမ္ဘီရ ကျင့်ကြံအားထုတ်သော ရသေ့တပါးနှင့် တွေ့ဆုံခဲ့သည်။

ဆရာတော်သည် ထိုတောင်ကုန်းပေါ်ရှိ ဘုရားပျက်အနီး၌ သီတင်းသုံးရန် ဆုံးဖြတ်ခဲ့သည်။ ဒေသခံ ရွာသားများက ဆရာတော်အတွက် ပစ္စည်းလေးပါး ဒါယကာများအဖြစ် ပံ့ပိုးခဲ့သည်။ သို့သော် ဆရာတော်သည် နာမကျန်းဖြစ်ပြီး တီဘီရောဂါကို ခံစားခဲ့ရသည်။ တောင်ကုန်းပေါ်တွင် ဆရာတော်သည် ၄၉ ရက်ကြာ အဓိဋ္ဌာန် တရားစခန်း ၀င်ခဲ့ပြီး နောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ပထမဦးဆုံး စေတီကို တည်ထားခဲ့သည်။ နှစ်ပေါင်း၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ဘုရားပုထိုးစေတီပေါင်း ၇၀ ကျော်ရှိသည်ဟု သိရ သည်။ အဖြူရောင်စေတီ အဆူ ၅၀ တည်ဆောက်ပြီးပါက ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု ဆရာတော်က နိမိတ်ဖတ် မိန့်ကြားခဲ့သည်။

ဆရာတော်သည် ခြိုးခြံ၍ ကျင့်ကြံနေထိုင်ခြင်းကြောင့် ဆရာတော်ကို ကြည်ညိုသူ တပည့်ဒါယကာ၊ ဒါယိကာမများစွာ ရှိသည့်အပြင် ၁၉၈၂ တွင် သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀န်းကို တည်ထောင်ခဲ့သူ သာမည ဆရာတော် ၏ သာဝက ရဟန်းတပါးလည်း ဖြစ်လာခဲ့သည်။ ဆရာတော်သည် မြိုင်ကြီးငူ မြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမြို့ ဟောင်းသည် ဘုန်းကြီး ကျောင်းဝင်းကြီး တခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုနေ ရာကို DKBA ၏ ဗဟို ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ထိုဝင်းအတွင်း နေထိုင်သူ နောက်လိုက် တပည့် အားလုံးသည် ဆရာတော်၏ ကိုယ်ကျင့်တရား စည်းကမ်းကို လိုက်နာရသည်။ ထိုစည်းကမ်းများမှာ ငါးပါးသီလကို တင်းတင်း ကျပ်ကျပ် လိုက်နာရမည်၊ အမျက်ဒေါသ မထားရ၊ ခိုက်ရန်မဖြစ်ရ၊ နိုင်ငံရေး မပတ်သက်ရ၊ ဘာသာရေးအရ မတူကွဲပြားမှု များ နှင့်ပတ်သက်၍ ဆွေးနွေးခြင်းမပြုရ နှင့် အတင်းအဖျင်း မပြောရဟူ၍ ဖြစ်သည်။

၁၉၇၅ တွင် ဆရာတော် ဦးသုဇနသည် KNU ဘာသာရေး ဦးဆောင်ကော်မတီ၏ ကော်မတီဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၈၀ ပြည့် နှစ်လယ် ကာလများ အတောအတွင်း KNU ၌ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဟူ၍ ဘက်နှစ်ဘက် ပေါ်ထွက်ခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြက မာနယ်ပလောသို့ မျက်နှာမူထားသော သံလွင် မြစ်နှင့် သောင်ရင်းမြစ်ဆုံ၊ သုမွဲထအရပ်ရှိ တောင်ကုန်းပေါ်၌ ဆရာတော်ကို ဘုရားတည်ခွင့်ပေးခဲ့သည်။ မာနယ် ပလော သည် ထိုအချိန်က KNU ၏ ဌာနချုပ်ဖြစ်သည်။

သို့သော် စစ်နယ်မြေ ဖြစ်သောကြောင့် ဘုရား တည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ရသည်။ တချိန်တည်းတွင် KNU မှ တာဝန်ရှိသူ တဦးသည် ဗုဒ္ဓဘာသာဝင် ကရင် လူမျိုးများကို သတ်ဖြတ်ခြင်း၊ အနိုင့်အထက် ပြုခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသည်။

ဘုရားတည်ခြင်းလုပ်ငန်း ရပ်တန့်လိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ဖြစ်ပွားပြီးသည့် နောက် ဆရာတော် ဦးသုဇန၏ နောက်လိုက် ဗုဒ္ဓဘာသာဝင်များ အပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ရှိခဲ့သည်။

ကရင်လူမျိုး အချင်းချင်း ဖြစ်ကြသည့် ပဋိပက္ခတွင် သိသာသော အချက်တချက် ရှိသည်။ ပိုးကရင်များသည် ဗုဒ္ဓ ဘာသာဝင် လူအများစုဖြစ်ပြီး ကရင် အသိုင်းအဝိုင်းတွင် အဆင်းရဲဆုံးလည်း ဖြစ်သည်။ ပညာပိုတတ်ပြီး ချမ်းသာသော ကရင်များက ကိုလိုနီ ခေတ်မှစ၍ သူတို့ အပေါ် ဖိနှိပ်လာသည်ဟု ပိုးကရင်များက ခံစားရသည်။ မာနယ်ပလော ဌာန ချုပ်တွင် ဘုရားတည်ရန် အတွက် ကာလ ကြာမြင့်စွာကတည်းက တောင်းဆိုထားမှုကို ငြင်းပယ် ခံရခြင်းသည်လည်း ပိုးကရင်များ၏ ခံစားချက်ကို ပို၍ နက်ရှိုင်းစေသည့် ဖြစ်ရပ်များအနက် တခုဖြစ်သည်။

၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် KNLA တပ်ရင်းများမှ အစုလိုက် ခွဲထွက်၍ DKBA ကို စတင် တည်ထောင်ခဲ့ကြ သည်။ DKBA သည် ယခုအချိန်၌ အင်အား ၆၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ KNU မှ ခရစ်ယာန် ဘာသာဝင် အများစု၏ ဦးဆောင်မှုအပေါ် အမြင် မကြည်မလင် ဖြစ်လာသည့် DKBA တပ်ဖွဲ့ဝင်များသည် ခရစ်ယာန် ဘာသာဝင်များ နေထိုင်ရာ နေရာများကို ထိုင်းနိုင်ငံထဲ အထိပင် လိုက်လံတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် စစ်အစိုးရတပ်များနှင့် ပူးပေါင်းခဲ့ပြီး ၁၉၉၅ ၌ KNU ၏ မာနယ်ပလော ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများ စတင်ချိန်၌ ဆရာတော်သည် ၄၉ လ တရားစခန်း ၀င်မည်ဟုဆိုကာ ထွက်ခွာသွားခဲ့သည်။ နိုင်ငံရေးတွင် ပါဝင်မိသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်တပါး၏ သွေးထွက် သံယိုမှုများမှ ခပ်ခွာခွာနေလိုသော အကျပ်အတည်းကို ပြသလိုက်ခြင်း ဖြစ်သည်ဟု မြင်ကြသည်။

ထိုအချိန်မှစ၍ DKBA သည် KNU ကို တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်၏ လက်ကိုင်တုတ် အဖြစ် အသုံးပြုခံခဲ့ရသည်။ နှစ်ဘက်စလုံးက အရပ်သားပြည်သူ ကရင်လူမျိုးများအပေါ် သတ်ဖြတ်မှုများ၊ ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု အပြန် အလှန် စွပ်စွဲနေကြဆဲလည်း ဖြစ်သည်။

သို့သော် ထိုကာလများအတွင်း ဆရာတော်နှင့် သူ၏ နောက်လိုက်တပည့်များသည် ပြည်သူလူထု တိုးတက်အောင် တဖြည်းဖြည်း စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ လမ်းဖောက်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေး ဆေးပေးခန်းများ တည်ထောင်ခြင်းနှင့် ရွာသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အလုပ်သမား များကို သက်သတ်လွတ် အစားအစာဖြင့် ကျွေးမွေးသည်။ DKBA ၏ တပ်သားသစ် စုဆောင်းမှုပုံစံသည် မိမိဆန္ဒ အလျောက် တာဝန် ထမ်းဆောင် လိုသူများကိုသာ လက်ခံသည့် ပုံစံမျိုး အလုံးစုံ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် ဆရာတော်ကို ထောက်ခံသူများ၏ အဆိုအရ အလုပ်သမားများကို မြန်မာစစ်တပ်က ပြုမူသကဲ့သို့ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မရှိဟု သိရသည်။

ဆရာတော်သည် ငြိမ်းချမ်းသော၊ အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသော “သာသနာ့ ၀တ္တက” နယ်မြေတခု ဖန်းတီး ထားသည်ဟု ထောက်ခံသူများက ပြောကြသည်။ ထိုနေရာသို့ မြန်မာစစ်တပ်က မ၀င်ရဲပေ။ ဆရာတော်သည် စစ် အစိုးရက ကြိုးကိုင်ထားသော သံဃာ့ အဖွဲ့အစည်းက ကပ်လှူသည့် ဘွဲ့တံဆိပ်တော်များကိုလည်း လက်မခံဘဲ ငြင်းပယ် ခဲ့သည်။ ဆရာတော်၏ ခေါင်းဆောင်မှုနှင့် လုပ်နိုင်စွမ်းကို ရည်ညွှန်းကာ ကရင်လူမျိုး ဒါယကာများက ဆရာတော်ကို “အဘိုး သူတော်စင်” ဟု ခေါ်ကြသည်။

ဆရာတော်၏ သြဇာတိက္ကမ ကြီးမားသည့် လျှို့ဝှက်ချက်များအနက် တခုမှာ ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ ရှေးခေတ်နိမိတ် ဆိုရိုးစကားများအရ “ထိုစာကို ပြန်လည် ဖော်ထုတ်နိုင် ပါက ပိုးနှင့် စကော ကရင်တို့ ပြန်လည်ပေါင်းဖွဲ့ကြမည်။ ဇွဲကပင်တောင်ပေါ်တွင် ကြက်များတွန်ကြမည်၊ ကရင့် ဖားစည် သံလည်း ကြားရလိမ့်မည်”ဟု ဆိုခဲ့သည်။ တနည်းအားဖြင့်ဆိုသော် ဆရာတော်ဦးသုဇနက ပြည်သူများ ကို စောင့် ရှောက်လိမ့်မည်၊ ငြိမ်းချမ်းရေး တည်ဆောက်လိ့မ်မည်၊ ကရင်အားလုံး ညီညွတ်ကြရန် ဆော်သြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကရင်ပြည်သူအများစု၏ စိတ်ကူးထဲတွင် ထိုအက္ခရာသည် ပျောက်ဆုံးသွားသော ကရင်ဉာဏ်ပညာ ဒဏ္ဍာရီစာအုပ်မှ ထွက်ပေါ်လာသော ဆရာတော်၏ ဘုန်းတန်ခိုးအာဏာကို ကိုယ်စားပြုသည်ဟု ထင်မှတ်ကြသည်။ ထိုစာအုပ်တွင် စကြ၀ဠာအရှင် က မြန်မာ၊ ထိုင်း၊ မွန်၊ ကရင် နှင့် နိုင်ငံခြားသားအားလုံးကို အသိပညာများ ပေးခဲ့သည်။ ကရင်လူမျိုးမှအပ ကျန်လူမျိုးများက ထိုအသိပညာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

မကြာသေးမီက ဆရာတော်သည် အဆုတ်ရောဂါကြောင့် ဘန်ကောက်မြို့ရှိ ဆေးရုံတရုံတွင် ဆေးကုသမှု ခံယူခဲ့ရ သေးသည်။ ဆရာတော်သည် နောက်လိုက် တပည့်များနှင့် ယခုအချိန်အထိ အဆက်အသွယ် မပြတ် ရှိဆဲဟု သိရသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆရာတော်သည် KNU အရာရှိများနှင့် အစည်းအဝေးတခု ပြုလုပ်ကာ KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် ကမ်းလှမ်း ခဲ့သည်ဟူ၍လည်း ပြောကြသည်။

ကရင်ပြည်နယ်သည် ဒုက္ခများ ဝေနေသော၊ တည်ငြိမ်မှု ကင်းမဲ့သော ပြည်နယ်တခု ဖြစ်နေဆဲဖြစ်သည်။ ထိုသို့သော အကျပ်အတည်း ကာလတွင် စစ်အစိုးရက DKBA အား နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာစေရေး တောင်းဆိုနေချိန်၌ ကရင်လူမျိုးများ အရေးအတွက် အရေးကြီးသော နေရာတွင် ပါဝင် ဆောင်ရွက်ပေးခဲ့သော၊ လူအများက ကြည်ညို လေးစားသည့် ဗုဒ္ဓဘာသာ ရဟန်းတပါးသည် ယခုအချိန်တွင် ကရင်လူမျိုးများ အကြား ပြန်လည် ရင်ကြားစေ့ရေး အတွက် မည်သို့ ဆောင်ရွက်နိုင်မည်ကို လေ့လာ စောင့်ကြည့်သူများက အကဲခတ် နေကြသည်။

The Monk in Command By Mikael Gravers ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Mikael Gravers သည် ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင်တဦးဖြစ်ပြီး ၁၉၇၀ ခုနှစ်မှစ၍ ကရင်လူမျိုးများအကြား ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့သူဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Saturday, June 5, 2010

စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည်

ခက်ထန်
Friday, June 04, 2010

မြန်မာ စစ်အစိုးရသည် စစ်ရေး အသုံးစရိတ် အတွက် ပုံမှန်ထက် ပိုမို များပြားသော ဘတ်ဂျက်ကို ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်းက ချမှတ်ပေး လိုက်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ် အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူး စီမံကိန်းများ အကောင် အထည် ဖော်ရေး အဖွဲ့ ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြ ထားခြင်း မရှိသော ဘတ်ဂျက်များ ချပေးလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။

“ထူးတာ ကတော့ Defense Budget ဆိုပြီး ငွေပမာဏ အတော် များများကို ချပေးလိုက်တယ်၊ ဘာတွေ ဝယ် မယ်၊ လုပ်မယ်လို့ စာရင်း ဖော်ပြ ထားတာ မရှိဘဲ ဘတ်ဂျက် ချပေးလိုက်တာ”ဟု စစ်အာဏာပိုင် များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ယခု ချပေးသည့် ဘတ်ဂျက်သည် ပုံမှန် ချပေးသည်ထက် ပိုမိုများပြားနေကြောင်း၊ ၆ လ အတွင်း စစ်သုံးပစ္စည်း များ အကြီးအကျယ် ဝယ်ယူရန် အစီအစဉ် ရှိသည်ဟုလည်း သိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ဝယ်ယူကြောင်း သိရ သည်။ စစ်အစိုးရ ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟု ပညာရှင် များက ခန့်မှန်း တွက်ချက်ကြသည်။

ဘတ်ဂျက်ငွေ လျာထားရာ၌ ကျန်းမာရေးကဏ္ဍတွင် ၀.၄ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ၀.၅ ရာခိုင်နှုန်း သာ သုံးစွဲကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ၂၀၀၇ တွင် ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၉ နှစ်ကုန်ပိုင်းကလည်း ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG 29 တိုက်လေယာဉ် အစီး၂၀ ဝယ်ယူခဲ့သည်။

မေလကုန်တွင် ကုလသမဂ္ဂ ကျွမ်းကျင်သူများက မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ဖော်ပြထားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် စစ်အစိုးရ ဘတ်ဂျက် သုံးစွဲမှုများနေ၍ ကျပ်ငွေ ဘီလီယံ ၇၀၀ ကျော် လိုငွေပြနေ ကြောင်း နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၀န်ခံခဲ့ သည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသည်မှာ ကြာမြင့်ပြီ ဖြစ် သည်။ ထို့အပြင် စစ်အစိုးရ၏ စစ်ရေးအသုံးစရိတ်များကိုလည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။

မြန်မာစစ်တပ်တွင် စစ်အင်အား ၄ သိန်းခန့်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်တဦးက အိမ်ချုပ် တရက် ကျခံမည်

မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇွန် ၃၊ ၂ဝ၁ဝ

ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ ကျရောက်တော့မည့် ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အမေရိကန် အမျိုးသမီး တဦးက ဝါရှင်တန်ပြည်နယ်၊ Vashon ကျွန်းရှိ သူ၏ နေအိမ်တွင် လာမည့် တနင်္ဂနွေနေ့ တနေ့လုံး ၂၄ နာရီ အကျယ်ချုပ် ကျခံမည်ဟု ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း လေ့လာလိုသူ အမေရိကန်များကို ထိုနေ့တွင် သူ၏ နေအိမ်သို့ လာရောက်ရန်လည်း Alix Clarke က ဖိတ်ခေါ်ထားသည်ဟု အပတ်စဉ်ထုတ် ဒေသခံသတင်းစာ Beachcomber တွင် ရေးထားသည်။

လေ့လာလိုသူများအတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အပါအဝင် လေ့လာဖွယ်ကို ပြင်ဆင်ထားပြီး မြန်မာပြည် စစ်ရာဇ၀တ်မှုများကို နိုင်ငံတကာအဆင့် ဒဏ်ခတ်ရာတွင် သမတ အိုဘားမား အစိုးရက ဦးဆောင်ရေး အတွက် လက်မှတ်ထိုး တောင်းဆိုရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

သူ နှင့် ခင်ပွန်းသည် Bob Blauvelt တို့က မြန်မာ့ အစားအစာ ဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာ လက်ဘက်ရည်၊ မွေးနေ့ကိတ် တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဟု သိရသည်။

မြန်မာ့အရေးကို နိုင်ငံတကာတွင် အာရုံစိုက်လာကြစေရန် သူ့ကဲ့သို့ တရက်တာ နေအိမ်အကျယ်ချုပ် ကျခံခြင်းမျိုးကို ကမ္ဘာ အရပ်ရပ်တွင် ပြုလုပ်ကြဖွယ် ရှိသည်ဟု Clarke က ပြောသည်။ သူသည် ယခင်ကလည်း ဤသို့ မိမိကိုယ်မိမိ အကျယ်ချုပ် ကျခံဖူးသည်ဟု ဆိုသည်။ ဤသို့ အကျယ်ချုပ် ကျခံခြင်းမှာ သင်္ကေတ တခုသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရမှုနှင့် နှိုင်းယဉ်နိုင်မည် မဟုတ်ဟု သူက ဆိုသည်။

“ရှင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပြီး ကျမတို့ လွတ်လပ်အောင် ကူညီပါလို့ ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးကို ပြောလေ့ ရှိပါတယ်။ ဒီလို တိုက်တွန်းတာကို ကျမလည်း ကြားမိပါတယ်။ ဒါကြောင့်လည်း ကျမက မြန်မာ့အရေးကို အာရုံစိုက် လုပ်ဆောင် နေတာပါ” ဟု တရက်တာ အကျယ်ချုပ် ကျခံမည့်သူက ပြောပြသည်။

၎င်းတို့ ဇနီးမောင်နှံသည် ရန်ကုန်တွင် ၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာပြည်မှ ပြန်လည် ထွက်ခွာကြသူများ ဖြစ်သည်။

Clarke သည် အမေရိကန် သံရုံး အစီအစဉ်ဖြင့် ရန်ကုန်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် တာဝန်ယူခဲ့သည်။

Blauvelt သည် ရန်ကုန်ရှိ International School of Yangon အမည်ရှိ ကျောင်းတွင် လုပ်ကိုင်ခဲ့သည်။

တရက်တာ အချုပ်အနှောင်ခံမည့် အမျိုးသမီးက အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို နှစ်သက်သူ မဟုတ်ပေ။ သူ၏ သတင်းကို ဖော်ပြပေးသည့် Beachcomber သတင်းစာ အင်တာနက် စာမျက်နှာတွင် အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုကြောင့် မြန်မာပြည်သူများ ထိခိုက်စေသည်ဟု သူက မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။

မိုးမခက Clarke ကို ယနေ့ ဆက်သွယ် မေးမြန်းရာ တနင်္ဂနွေနေ့တွင် အကျယ်ချုပ် ကျခံရန် အသင့်ဖြစ်နေပြီဟု ပြောသည်။

မြန်မာပြည်အနှံ့မှ ဒုက္ခသည်များ ၀ါရှင်တန် ပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည်ဟုလည်း ပြောပြသည်။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၄ - ၀၆ - ၁၀ )

ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ဒေါ်အောင်ဆန်းစုကြည် ကျေနပ် သတင်း
ဂျင်မ်ဝက်ဘ် လာမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မသိ သတင်း
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် နယူးဇီလန် တောင်းဆို သတင်း
မြန်မာ့နျူကလီယားပြဿနာ ကမ္ဘာသိ ထုတ်ဖော် သတင်း
ကွမ်းခြံကုန်းဓားပြမှု ကေအန်ယူတပ်ဖွဲ့ဟောင်းများ ပါဝင်ဟု ရဲမှူးချုပ်ခင်ရီ စွပ်စွဲ သတင်း
စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း သတင်း
ခိုးကူးခွေ ရောင်းပါက ထောင် (၃) နှစ် သတင်း
စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည် သတင်း
တရုတ်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မြန်မာ့နိုင်ငံရေး ဆွေးနွေး သတင်း
စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက် သတင်း
မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ Jim Webb မြန်မာပြည်ခရီး (ဒီမိုကရေစီရေးရာ)

Read More...

Friday, June 4, 2010

ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်

May 2, 2010

မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။

အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီ လောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက် တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။

မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြား ခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံ ရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက် ခံထားပြီး ရေးထားတာပါ။


ရတနာနတ်မယ်


အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှ ချင်တယ် ဆိုတာလည်း ဘာအကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေး တွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်း မျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။

ဒီဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါ တယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမ ရဲ့နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ် တိုင် ဖွင့်ဟပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ် တော်တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာလှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေကတော့ ထပ်ဆင့်ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။

သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန် တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိ တယ်။

ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိ သားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာ နတ် မယ်ဟာ သူမအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။

အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်းသလိုလို။

ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက် တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။

( စကားချပ် ---- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေး တခု မို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)

အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှရတဲ့ သမီးလေးကို သူငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီး တွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိ တယ်။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာ ပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူ ဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင် စားနေခဲ့လို့သာပေါ့။

သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင် ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာ ပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော် တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်း မင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။

နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထား သေး တယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်း ကောင်း မွန်မွန် ရှင်းပြဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချ ခဲ့ကြတယ်။

ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သား လေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန် မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့ လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်း အဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။

ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူ လက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန် ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန် ပါပဲ။ ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင် ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။

အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေး လိုက် သေးတယ်။

လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေး တော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ် ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။

နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ် တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။

“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာ တော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။


အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် သို့မဟုတ် June Rose Bellamy

လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန်အလည် ရောက်ခဲ့သေး တယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုး သမီးကြီး အကြောင်း တွေးနေမိပါတယ်။ ။

Original article : Between Two Worlds

Ref: မကေဘလော့

Read More...

အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်း လိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန် ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သုံးသပ်ထားသည်။

ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ် ထားပြီးမှ အချိန်ကပ်၍ သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာ အတိုက်အခံ အဖွဲ့ကြီးက ပြောဆို လိုက်ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန် သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။

မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့် အပေါ် စိုးရိမ်မကင်း ဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာ ဂျင်မ်ဝက်က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း ပြန်လည် ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလ လုံခြုံရေး ကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှု ပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။

၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက် သယ်ဆောင်လာလျှင် ကုလ အဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့် ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက် ဝယ်ယူခြင်း မပြုရန် အဖွဲ့ဝင် နိုင်ငံများကို တားမြစ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယ ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးကြောင်း လျို့ဝှက် မှတ်တမ်းများ မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရောက်ရှိ နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာ ပတေးနေ့က ပြုလုပ်ခဲ့သည်။

မစ္စတာဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ် အနည်းဆုံး တဒါဇင် လက်မှတ် ရေးထိုးခဲ့သည်ဟု နေပြည်တော် သတင်းရပ်ကွက် တခုက မဇ္ဈိမသို့ ပြောသည်။


Ref: မဇ္ဈိမ

Read More...

နအဖစစ်အုပ်စုကို တရားစွဲခြင်း

ဂါမဏိ
၀၃ ဇွန် ၂၀၁၀

နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိက နည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …

(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက် ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက် ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက် ချစေခြင်းတို့ ဖြစ်ပါတယ်။

ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်း တခု သို့မဟုတ် တခြား နိုင်ငံ တနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး နည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာ သဘောတူညီချက် ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ ဥပဒေ ချိုးဖောက်မှုနဲ့ တရား ပြန်စွဲဖို့ဖြစ်ပြီး အလားအလာ မရှိဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။

၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံ တွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေရှင်း ဆုံးဖြတ် ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်း တင်ပြလာတဲ့ ဥပဒေရေးရာ ပြဿနာတွေ အပေါ်မှာလည်း သဘောထား အကြံပြုချက် ပေးရပါတယ်။

နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို လက်မှတ် ထိုးထားတဲ့ ကုလ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် တရားပြိုင် နှစ်နိုင်ငံစလုံးက တရားရုံး ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့ လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ စာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေ ရှိဖို့လိုပါတယ်။

တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာ ကျင့်သုံးရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ် ထိုးထားတာ ဖြစ်တဲ့အတွက် တရားရုံး အဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန် ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်း ရပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေး ကောင်စီက တရားရုံး စီရင်ချက် အတိုင်းဖြစ်အောင် ကိုင်တွယ် အရေးယူခွင့် ရှိပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ သဘောတူ စာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မ လုပ်အားပေး ရပ်စဲဖို့၊ ကလေးစစ်သား ရပ်စဲဖို့တွေ အမိန့်ပေး ဆုံးဖြတ်ပါလိမ့်မယ်။

ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မ အိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင် ယုတ်မာမှုတွေကြောင့် နိုင်ငံတကာ လူသားချင်း စာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ် ထိုးထားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့ မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေး ကောင်စီက ကြပ်မတ် ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကား ဖြစ်သွားနိုင်ပါတယ်၊ တဘက်က ကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတို သုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန် သိက္ခာ ကျသွားမှာလည်း ဖြစ်ပါတယ်)။

အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ် ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံ လုပ်ပါ့မလား စဉ်းစားစရာပါပဲ။

၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မ အဆောက်အအုံ ငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့် ရှိပါတယ်။ အထွေထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့် ဥပဒေရေးရာ ပြဿနာကို မဆို” အကြံဉာဏ် တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေ ကတော့ မိမိလုပ်ငန်း အဝန်းအဝိုင်းနဲ့ ဆိုင်တဲ့ ဥပဒေရေးရာ ပြဿနာကိုပဲ အကြံဉာဏ် တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန် သြဇာကြီးတဲ့ အတွက် မလိုက်နာတဲ့ နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ် လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ် အကျိုးမထူးနိုင်ပါ။

မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်း စာနာရေးကိစ္စ၊ လူမျိုး သန့်စင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထား အကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူ ဆုံးဖြတ်ချက် အရင်ချဖို့ လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာ ဆန်းစစ်ထားပါတယ်။

၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဖြစ်တဲ့ ရောမ စာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆို ထားပါတယ်။

ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီး တခုကတော့ မြန်မာ နိုင်ငံကလည်း လက်မှတ် မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့် မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးက ဖြစ်စေ၊ ကုလလုံခြုံရေး ကောင်စီကဖြစ်စေ၊ မြန်မာပြည် အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ် ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ် မထိုးထားတဲ့ နိုင်ငံကိုလည်း တရား စစ်ဆေး စီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေး ကောင်စီက ညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေး ကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေ ထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေး ကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။

ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေး ကောင်စီရဲ့ စုံစမ်းရေး ကော်မရှင်က ညွှန်းပေး လိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင် တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲ ရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာက တကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေး ကောင်စီကလည်း ဘာရှီယာ တရားရုံး ရောက်အောင် မကိုင်ပေးပါဘူး။

ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီး နောက်မှာလည်း တကယ် တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့ အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိ မပြတ်သေးပါ။

၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေး စီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမော နိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီး နောက်ပိုင်းတော့ အရေးပေါ် သီးသန့်ခုံရုံး ဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့ အမှုတွေကို ဆက်စစ်နေတာပဲ ရှိပါတယ်။

သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမား အခွင့်အရေးဘက်က လုပ်နိုင်သလို ကုလ လုံခြုံရေး ကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလို သီးသန့်ခုံရုံးဖွင့်ဖို့ အချိန် အကြာကြီး ယူရတာဖြစ်ပါတယ်။ စရိတ်စကလည်း ကြီးတဲ့အတွက် ကုလ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင် ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။

ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေး ကောင်စီ သဘောတူညီချက်နဲ့ ထူထောင်တာ ဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီက အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး ကောင်စီမှာ ဗီတိုနဲ့ တိုးရင် ဒီလို သီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေး ကောင်စီကို ဖြတ်စရာ မလိုပါ။)

၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေ အရရော နိုင်ငံတကာ ဥပဒေ အခြေခံမူတွေ အရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ် ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ် မှုတွေနဲ့ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီ ဖြစ်ပါတယ်။ ချီလီ အာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလို ရောက်မနေဘဲ တရားစွဲရင် ဘာမှ အကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာ အာဏာ ပြဿနာတွေ၊ တရားစွဲ ခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ် စေချင်ကြပါဘူး။ နအဖ ခေါင်းဆောင်ကို တရားစွဲဖို့ ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေး လာတက်တုန်း အမေရိကန် တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန် ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်း ရှိနေတော့ လက်တွေ့ တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်း ချမ်းသာခွင့် ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။

၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရ အာဏာပိုင် အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန် နည်းနေပါတယ်။

ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမား အခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံး သုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့် ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်း သွားစေနိုင်ပါတယ်။ ငပွကြီး တရုတ်ရှိနေသရွေ့ ဒီ့ထက် ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ် အလွဲတွေ၊ မျှော်လင့်ချက် အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံး နိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုး သန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာ အားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။

ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”


Ref: ခေတ်ပြိုင်

Read More...

တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော

NEJ / ၀၃ ဇွန် ၂၀၁၀

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေး ကိစ္စတွင် အကျိုး သက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှ လုပ်ပေးမှာလည်း မဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့က နေပြီးတော့ ဒီမိုကရေစီ အယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာ အစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။

တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးရန် ရှိသည်ဟုလည်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေး ကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှု အပြောင်းအလဲက မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲ ကြည့်မည့် သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။

“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင် သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီ အနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့ အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရက နေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီး တပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရ အနေဖြင့် ပြောလာသည့် အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှ အကောင်အထည် မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင် မလာခင် အကြိုထုတ်တဲ့ ကြေညာချက်ထဲမှာလည်း ဒီစကားလုံး ပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှု အတွက် လုပ်ပေးတာ မဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်း ထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှု မရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။

အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာ မရှိခြင်းသည် အခက်အခဲ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီ အရိပ်အယောင်ပြတဲ့ ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှ မထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲလို ဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင် မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက် မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုး ရလဒ်တွေကိုလည်း ဘာမှ မမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှ ရှိလိမ့်မယ် မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ

ဦးသန်းလွင်ထွန်း
ကြာသပတေး, 03 ဇွန် 2010

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်း လိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယား နိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား နိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေ အကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။

နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ် ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ် အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်န၀ါရီ လကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထားပါတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …

“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ် ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား နိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။

“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာ နိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။

“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”

ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…

“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။

အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။

တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့် ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၃ - ၆ - ၁၀ )

တရုတ်က စစ်အစိုးရကို သံလက်သီး တပ်ပေးမည့် အနေအထားဟု ဦးဝင်းတင် ပြော သတင်း
မြန်မာပြည်မှာ တရုပ်ဝန်ကြီးချုပ် ရောက်နေ သတင်း
အမေရိကန်လွှတ်တော်အမတ် ခရီးစဉ်ရွှေ့ဆိုင်း သတင်း
နျူကလီးယားအရေးကြောင့် ဂျင်မ်ဝက်ဘ်ခရီးစဉ် ရွှေ့ဆိုင်း သတင်း
၂၀၁၀ စစ်ရွေးကောက်ပွဲကို ကမ္ဘာတဝှမ်း ရှုတ်ချဖို့ မြန်မာတို့ တောင်းဆို သတင်း
လူထုစိတ်ဝင်စားမှု နည်းပါး၊ စည်းရုံးရေးခက်ခဲဟု ပါတီများ ပြော သတင်း
၂၀၁၀ ရွေးကောက်ပွဲ၊ ပြည်သူနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဥပဒေအခွင့်အရေး သတင်း
စာသင်ကျောင်းဆောက်ရန်အတွက် ရွာသားများ တာဝန်ယူပေးနေရ သတင်း
မုံရွာ ချင်းတွင်းရတနာဈေး မီးလောင် သတင်း
မုံရွာဈေးမီး ကျပ်သိန်း (၁၆ဝဝ) ကျော် ဆုံးရှုံး သတင်း
ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည် သတင်း
ကြယ်ငါးပွင့်သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက် သတင်း
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် လောင်းကစားဝိုင်းများ တရားဝင် စည်းကားသိုက်မြိုက်စွာကျင်းပ သတင်း
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ သတင်း
နအဖစစ်အုပ်စုကို တရားစွဲခြင်း (ဆောင်းပါး)
တရားခံဘယ်သူလဲဟေ့ (ဆောင်းပါး)

Read More...

အပေါ်သို့