Tuesday, March 4, 2008

စစ်အစိုးရအတွက် တရုတ်စစ်ကားများ နယ်စပ်ရောက်ရှိ

စစ်အစိုးရအတွက် တရုတ်စစ်ကားများ နယ်စပ်ရောက်ရှိ

၂၀၀၈ ခုနှစ် မတ်လ ၃ ရက်

မြန်မာစစ်အစိုးရကို ထောက်ပံ့ပေးမည့် တရုတ်နိုင်ငံလုပ် တုံဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ တရုတ်-မြန်မာနယ်စပ် ရွှေလီနှင့် ကျယ်ဂေါင်တွင် ရောက်ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင်တွေ့ရသည့် တရုတ်လုပ်စစ်ကားများ

ယမန်နေ့ညပိုင်းမှစတင်၍ တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့ကို စတင်ရောက်ရှိလာခြင်းဖြစ်ပြီး တုံဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံးသယ်ယူပို့ဆောင်ရေးယာဉ် အစီး (၅၀၀) ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသား ယာဉ်မောင်းတဦးက ပြောသည်။

ယမန်နေ့ညတွင် အစီး (၂၀) ရောက်ရှိခဲ့ပြီး ယနေ့တွင် အစီး (၃၀) ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။ ရွှေလီမြို့သို့ ရောက်ရှိလာသည့်စစ်ကားများကို ကားရေဆေးခုံများတွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ၀ပ်ရှော့များ တွင် ပြုပြင်မှုများ ပြုလုပ်နေသည်ဟုသိရသည်။

ကားရေဆေးခုံတွင် သန့်ရှင်းရေးပြုလုပ်နေသည့် တရုတ်လုပ်စစ်ကား (Dong Feng)

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံလုပ် ဖော (FAW) တံဆိပ်ပါ စစ်သုံးအငယ်စား ကုန်တင် ယာဉ် အစီးရေ စုစုပေါင်း (၄၅၀) ကို မြန်မာစစ်အစိုးရအား ကျယ်ဂေါင်-မူဆယ်နယ်စပ်တွင် လွှဲပြောင်းပေးအပ်ခဲ့ သည်။

၂၀၀၆ ခုနှစ် နိုဝင်ဘာလကလည်း ‘လီဖန်း’ (LiFan) တံဆိပ်ပါ ကုန်တင်ယာဉ်အလတ်စား အစီး (၅၀) ကို မူဆယ်-ကျယ်ဂေါင်တွင် မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင်လည်း တရုတ်နိုင်ငံမှ စစ်ဖက်ဆိုင်ရာပစ္စည်းများကို အလုံပတ်သေတ္တာများဖြင့် မြန်မာစစ်တပ်သို့ နယ်စပ်တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။

၂၀၀၅ ခုနှစ် မေလကလည်း (FAW) ဖော တံဆိပ်ပါ ခြောက်ဘီးတပ် သယ်ယူပို့ဆောင်ရေး စစ်ကား (၃၀၀)၊ ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံလုပ် တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်ထရပ်ကား အစီး (၁၀၀) ကျော်နှင့် တရုတ်နိုင်ငံလုပ် အယ်လ်ဂျေစီ (LJC) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်မော်တော်ယာဉ် အစီး (၁၀၀) ကျော် မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ ၂၀၀၃ ခုနှစ် ဇန်န၀ါရီလ တွင် တရုတ်-မြန်မာ နယ်စပ်မှတဆင့် လေတပ်တွင်အသုံးပြုမည့် တိုက်ခိုက်ရေးဂျက်တိုက်လေယာဉ်များ၏ အပို ပစ္စည်း၊ အရန်ပစ္စည်းများကို လုံခြုံရေးတပ်များဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ် နိုင်ဝင်ဘာလတွင် တရုတ်နိုင်ငံလုပ် (Dong Feng) တုန်ဖုန်း တံဆိပ်ပါ တန် (၂၀) ဆွဲနိုင်သည့် (၆) ဘီး အကြီး တပ် အမြောက်ဆွဲထရပ်ကား အစီး (၂၀၀) ကျော်၊ ၂၀၀၁ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံလုပ် (FAW) တံဆိပ် အပါ စစ်သည်တင် အပေါ့စားစစ်ကား အစီး (၃၀၀) ကျော်၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံလုပ် အမြောက်ဆွဲယာဉ်အစီး (၄၀) ခန့်နှင့် လက်နက်ကြီးကျည်၊ အမြောက်ဆက်စပ်ပစ္စည်းများ၊ အဆင့်မြင့် ဆက်သွယ် ရေး ပစ္စည်းများများကို နယ်စပ်မှတဆင့် မြန်မာစစ်အာဏာပိုင်များထံ လွှဲပြောင်းထောက်ပံ့ခဲ့သည်။

တရုတ်နိုင်ငံလုပ် တုန်ဖုန်း (Dong Feng) စစ်ကား

၂၀၀၀ ခုနှစ်ကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဖက်ရေးရာ သဘောတူညီချက်အရ ထောက်ပို့တပ်နှင့် အကူလက်ရုံးတပ်သုံး စစ်သုံးမော်တော်ယာဉ်အစီး (၅၀၀၀) ထောက်ပံ့မည့် အစီအစဉ်၏ အစိတ်အပိုင်းများဖြစ် သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံလုပ် စစ်ဖက်ဆိုင်ရာပစ္စည်းများကို တရုတ်အစိုးရမှ လက်ဆောင်ပေးခြင်း၊ အချို့ ကို အကြွေးစနစ်ဖြင့်ဝယ်ယူခြင်း၊ မြန်မာနိုင်ငံထွက် ကျွန်းသစ်၊ ကျောက်စိမ်း၊ လယ်ယာထွက်ပစ္စည်းများဖြင့် လဲ လှယ်ခြင်းများပြုလုပ်ခဲ့သည်ဟု စစ်ဖက်ရေးရာလေ့လာသူများက သုံးသပ်သည်။

0 comments:

အပေါ်သို့