Monday, May 5, 2008

တပ်မှူးဟောင်းတဦး၏ တပ်မတော်သို့ သတင်းစကား

ဗိုလ်ထက်မင်းမှ တပ်မတော်သားများအား တိုက်တွန်းချက်

တပ်မတော်သားများခင်ဗျား -

တပ်မတော်မှာ တော်သုံးတော်ရှိတဲ့အနက် "ကိုင်တိုင်တော်" သူအရာရှိများထက် "အဖားတော်" သူများနဲ့ "အမျိုးတော်" သူအရာရှိတွေသာ လွှမ်းမိုချယ်လှယ်နေကြလို့ တပ်ပျက်ကြီးဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေဟာ ရှေ့မှာ ရန်သူ၊ နောက်မှာ ခုံရုံး၊ ဘယ်မှာ လုပ်အားပေး၊ ညာမှာ သင်တန်းကြေး၊ အောက်မှာ မိုင်းဗုံး၊ အပေါ်မှာ အကြွေးထုပ် တွေနဲ့ ပိတ်မိနေပြီး ရည်မှန်းချက်ပျောက်နေကြပြီဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ကျွေးတာစား၊ ပေးတာယူ၊ ခံမပြောနဲ့ဆိုတဲ့ တသွေးတသံအမိန့် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ ပြားပြားဝပ်နေကြရတာမို့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) တွေမှာတောင် "တင်ပြရန်မရှိပါဘူး" ဆိုတဲ့စကားနဲ့ ဆန္ဒတွေကို မျိုသိပ်ခဲ့ရပေါင်းများနေတာလည်း ရဲဘော်တွေ ကိုယ်တွေ့ဖြစ်ပါ တယ်။

ဒီလို တင်းကြပ်မှုတွေကြားထဲက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အခွင့်အရေးရတုန်း တပ်မတော်သားတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ယခုကျင်းပမယ့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အာဏာရှင်စနစ်တည်မြဲမှုကို တပ်မတော်သားတွေက ဆန့်ကျင်ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်။

အမှန်တကယ်တော့ နအဖရဲ့ အခြေခံဥပဒေအရ နိုင်ငံတော်ဦးဆောင်မှု ကဏ္ဍမှာ တပ်မတော်က ၂၅ % ပါဝင် ရေးဟာ ကံကြမ္မာငင်မယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တာမို့ နအဖ အာဏာရှင်များက တပ်မတော် အတွင်း တပ်ရင်းမှူးအဆင့်ထိ တပ်မှူးများကို ညီလာခံခေါ်ယူပြီး ဆန္ဒသဘောထားတောင်းခံသင့်ပါတယ်။ ဒီနေရာမှာ တချို့တပ်ရင်းမှူးနဲ့အထက် အများစုက ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကို နိုင်ငံ တည်ငြိမ်မှုရှိရေးအတွက် အသွင်ကူးပြောင်းရေး ကာလဖြစ်ဖြစ်၊ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရနဲ့ဖြစ်ဖြစ်၊ ပူးတွဲကာ အချိန်အတိုင်းအတာ တခုထိ လုပ်ပေးလိုသော်လည်း ထာဝစဉ်နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားမှာ တပ်မတော်က ဆက်လက် လွှမ်းမိုးလုပ်ဆောင်သွားပါက တပ်မတော်ရဲ့ သမိုင်းအမဲစက်ကြီး ကြီးသထက်ကြီး သွားမှာကို စိုးရိမ်သောက ဖြစ်နေကြတယ်လို့သိရပါတယ်။

အဆိုပါ ၂၅% ပါဝင်ရမယ့် တပ်မတော်အရာရှိများရဲ့ အနာဂတ်ရေးဟာလည်း မရေရာ မသေချာဘ၀နှင့် အခြေခံဥပဒေအရ "၀ိုးတ၀ါး" ဖော်ပြထားတာမို့ လိုသလို "ဖဲချပ်" ရွှေ့ပြောင်းခံရ ဖွယ်ရှိနေပါတယ်။

ဒါကြောင့် ဆုံးဖြတ်ခွင့် အာဏာအရှိဆုံးဖြစ်တဲ့ တိုင်းမှူးများကို တိုက်တွန်းချင်တာကတော့ အာဏာရှင်တွေက ထောက်ခံမဲရအောင်လုပ်ခိုင်းတိုင်း "အဖားတော်သူ" အဖြစ် သမိုင်းကင်ပွန်းတပ် မခံကြဖို့ လိုအပ်သလို လက်အောက်ခံတင်ပြလာကြတဲ့ အရာရှိစစ်သည်တွေရဲ့ ဆန္ဒမှန်အတိုင်း လွပ်လပ်စွာတင်ပြခွင့်ပေးဖို့နဲ့ ရဲရဲ တင်းတင်း မှန်မှန်ကန်ကန် တင်ပြပေးခြင်းဖြင့် တပ်မတော်သမိုင်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်သွားကြ ရန် တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ထက်မင်း

0 comments:

အပေါ်သို့