Monday, November 2, 2009

ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း (သို့မဟုတ်) ဟားမာ့စ်

ဂါမဏိ

အမေရိကန်အစိုးရနဲ့ အဇ္ဇရေးအစိုးရတို့ဟာ စစ်အေးတိုက်ပွဲ ကာလမှာ၊ ဆိုဗီယက်နဲ့ နီးစပ်ပြီး လက်ဝဲ အယူအဆ ရှိတဲ့ ဖာတာ အဖွဲ့ သြဇာ ကျအောင် ပုခုံးချင်းယှဉ်ဖို့ ဟားမာ့စ် အဖွဲ့ကို မြေတောင် မြှောက်ပေးခဲ့ပါတယ်။ ၁၉၆၇ ခု တတိယ အာရပ်-အဇ္ဇရေး စစ်ပွဲပြီးချိန်က စကြိုးစား ခဲ့ပေမဲ့ ပါလက်စတိုင်း အမျိုးသား လွတ်မြောက်ရေး အတွက် အဲဒီတုံးက ရှေ့တန်းကနေ ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်နေတဲ့ ဖာတာအဖွဲ့ကို ဘယ်လိုမှ ကျော်လွှားလို့ မရနိုင်ခဲ့ဘဲ ၁၉၈၇ ခုရောက်မှ အောင်အောင် မြင်မြင် ဖွဲ့နိုင် ခဲ့ပါတယ်။ ၁၉၇၅ ခုနဲ့ ၁၉၈၇ ခုကြားကာလဟာ ပါလက်စတိုင်းနယ်မြေအတွင်း ပလီတွေ သုံးဆတိုး၊ ရပ်ကွက်တွေထဲ တက္ကသိုလ် ကျောင်းတွေထဲ ဖာတာအဖွဲ့နဲ့ အဓိကရုဏ်းတွေ ဖန်တီး၊ အစ္စလမ်လူမှုရေး ကွန်ယက်တွေ ထူထောင် အား ကောင်းလာတဲ့ တည်ဆောက်ရေး ကာလ ဖြစ်ခဲ့ပါတယ်။
စစ်အေး တိုက်ပွဲကာလမှာ တန်ဖိုးစံနိုင်ငံရေး idealism ထက် လက်တွေ့နိုင်ငံရေး realism ကိုဦးစားပေးခဲ့လို့ အမေရိကန် နိုင်ငံဟာ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ မကြည့်ခဲ့ဘဲ ဆိုးသွမ်းလှတဲ့ အာဏာရှင်တွေကို လက်သပ်မွေးတာ တွေဖြစ်ခဲ့ သလို ကွန်မြူနစ် ဆန့်ကျင်ရေး အတွက် ဟားမာ့စ်၊ တာလီဘန်၊ နောင်တချိန်မှာ အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဖြစ်လာမယ့် အိုစာမာ ဘင်လာဒင် တို့လို ဘာသာရေး အစွန်းရောက် တွေကိုလည်း မွေးခဲ့ပါတယ်။ ပါလက်စတိုင်း အမျိုးသားတွေရဲ့ ရပိုင် ခွင့်တွေအတွက် အဇ္ဇရေးနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဟားမာ့စ် အဖွဲ့ကို အခုအခါမှာ အကြမ်းဖက် အဖွဲ့အဖြစ် အမေရိ ကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေ က သတ်မှတ် ဝါဒဖြန့်နေပါတယ်။ တကယ်လည်း ဟားမာ့စ်ဟာ အပြစ်မဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် အဇ္ဇရေး အရပ်သားတွေကို အသေခံ ဗုံးခွဲတိုက်ခိုက် တာတွေ၊ အဝေးပစ် ဒုံးပျံနဲ့ ပစ်တာတွေ အများကြီး လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း စစ်ရေး ပစ်မှတ်တွေကို ပြောက်ကျားစစ် နည်း၊ ကွန်မန်ဒို နည်းတွေနဲ့ ပြင်းပြင်းထန်ထန် သက်စွန့် ကြိုးပမ်း တိုက်ခိုက်တာတွေ အများကြီး ရှိပါတယ်။ တမီးလ်ကျားတွေ လိုဘဲ ဟားမာ့စ်ဟာ အသေခံဗုံးခွဲမှုကို စစ်ရေးနည်း ဗျူဟာတခုအဖြစ် သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟားမာ့စ်မှာ အကြမ်း ဖက်နည်းလမ်းမဟုတ်တဲ့ လေးစားအတုယူ လောက်ဖွယ်နည်းနာတွေ ရှိနေတာကို လေ့လာသိရှိနိုင်ဖို့ တင်ပြလိုပါတယ်။

ဟားမာ့စ် ဟာ ၂၀၀၅ မေလ ပါလက်စတိုင်းမြူနီစီပယ်ရွေးကောက်ပွဲမှာ အရေးပါတဲ့နယ်မြေတွေမှာ အနိုင်ရခဲ့ပြီးနောက် ပါ လက်စတိုင်းဒေသရဲ့ ပထမဆုံးလွတ်လပ် တရားမျှတတဲ့ ၂၀၀၆ ပါလက်စတိုင်းလွှတ်တော်ရွေးကောက်ပွဲမှာတော့ သက် တမ်းရင့် ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ဖာတာကိုနိုင်ပြီး အမတ်နေရာအများစုရခဲ့ပါတယ်။ ဟားမာ့စ်ကိုယ်စားလှယ် လောင်းတွေဟာ ပါလက်စတိုင်း အနောက်ဖက်ကမ်း ကုန်သည်ကြီးများအသင်း ရွေးကောက်ပွဲမှာတောင် ဝင်ပြိုင်ပြီး အနိုင်ရ ခဲ့ပါသေးတယ်။ နှစ်ဖွဲ့စလုံးဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့အတွက် လက်နက်အားကိုးနဲ့ ခြိမ်းခြောက် အကြပ်ကိုင် အနိုင်ရတာလို့ ဟားမာ့စ်ကို မပြောနိုင်ပါဘူး။ ဟားမာ့စ်ဟာ သေနတ်အပြင် ပါလက်စတိုင်းလူထုတွေကို စည်း ရုံးဆွဲဆောင်နိုင်တဲ့ အစွမ်းအစတွေ ရှိနေလို့ ပါလက်စတိုင်းအုပ်ချုပ်ရေးဒေသထဲမှာ ရွေးကောက်ပွဲနိုင်တာ ဖြစ်ပါတယ်။

မော့ဆက်ဒ် လို့ခေါ်တဲ့ အဇ္ဇရေးထောက်လှမ်းရေး အဖွဲ့ဟာ ကမ္ဘာမှာ အတော်ဆုံး ထောက်လှမ်းရေး အဖွဲ့လို့ ကျော်ကြားသလို အဇ္ဇရေး စစ်တပ်ဟာလည်း အဆမတန် အင်အားသာလွန်တဲ့ အာရပ် စစ်တပ်တွေကို စစ်ပွဲကြီး (၄)ခါ တိုက်တာ (၄)ခါ စလုံး နိုင်ခဲ့တဲ့ တိုက်စွမ်းရည်မြင့်တဲ့ နာမည်ကြီး တပ်မတော် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်အား ၁၀၀၀ လောက်ဘဲရှိတဲ့ ဟားမာ့စ်ကို အမြစ်ပြတ်သွားအောင် မချေမှုန်း နိုင်ခဲ့ပါဘူး။ ဒါတင်မက ပါလက်စတိုင်း နယ်မြေမှာ တရားဝင် ဒီမိုကရေစီ နည်းကျ အာဏာ ရလာတာကိုလည်း မတားဆီး နိုင်ခဲ့ပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ဟားမာ့စ်ဟာ စစ်ရေးနဲ့ လူထု အကျိုးပြုရေး ဆိုတဲ့ ခြေထောက် နှစ်ချောင်းနဲ့ လမ်းလျှောက်နေတာ ဖြစ်တဲ့အ တွက် လဲမကျသွားတာ ဖြစ်ပါတယ်။ လူထု အကျိုးပြုရေးပိုင်းမှာ ဟားမာ့စ်ဟာ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ယူအေ အီး၊ လစ်ဗျား စတဲ့ ချမ်းသာတဲ့ အာရပ် နိုင်ငံအစိုးရတွေ၊ အာရပ်သူဌေးတွေ၊ အာရပ်အဲန်ဂျီအိုတွေ ထောက်ပံ့တဲ့ ငွေ ၉၀ % လောက်ကို ပါလက်စတိုင်း လူထုအတွက် အခမဲ့ (သို့) သက်သာဆေးခန်းတွေ၊ လူမှု ဖူလုံရေး လုပ်ငန်းတွေ၊ ပလီတွေ၊ စာ သင်ကျောင်းတွေ၊ မူကြိုနဲ့ နေ့ကလေးထိန်း ဌာနတွေ၊ မိဘမဲ့ဂေဟာတွေ၊ စတုဒီသာ ထမင်းရုံတွေ၊ စာကြည့် တိုက်တွေ၊ ယဉ်ကျေးမှု လုပ်ငန်းတွေမှာ သုံးနေပါတယ်။

ထူးချွန်တဲ့ကျောင်းသားတွေကို နိုင်ငံခြားပညာတော်သင် လွှတ်တာတွေလည်း လုပ်တယ်။ ဘောလုံး အသင်းတွေနဲ့ တခြား အားကစား အသင်းတွေကိုတောင် ထောက်ပံ့ပေးပါတယ်။ ဒုက္ခသည် စခန်းတွေ က ပါလက်စတိုင်း မိသားစုတိုင်း အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ စတဲ့ ရိက္ခာတွေလည်း လစဉ်ပေးဝေ နေပါတယ်။ ဒါတွေဟာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် ထောက်ပံ့ရေး အစီအစဉ်တွေနဲ့ မဆိုင်ဘဲ သီးခြား အပို ထပ်ဆောင်း ထောက်ပံ့ကူညီတာ ဖြစ်တယ်။

စစ်ရေးနဲ့ဆက်စပ်တဲ့ လူမှုရေးလုပ်ငန်းကတော့ တိုက်ပွဲကျ အာဇာနည်တွေ၊ အသေခံ ဗုံးခွဲသမားတွေ၊ တိုက်ပွဲ ဒဏ်ရာရနဲ့ ဒုက္ခိတ ရဲဘော်တွေရဲ့ မိသားစုတွေကို ဟားမာ့စ်အဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ လစဉ်ထောက်ပံ့တာ ဖြစ်ပါတယ်။ ဟားမာ့စ် အဖွဲ့ဝင်တွေကတော့ နည်းနည်း ပိုရပါတယ်။ အဇ္ဇရေး စစ်တပ်တွေက ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးပစ်လိုက် လို့ ဒါမှမဟုတ် ဗုံးကြဲလို့ အိုးမဲ့ အိမ်မဲ့ဖြစ်ရသူတွေ ဒုက္ခသည် ဖြစ်သွားရသူတွေဟာ ဟားမာ့စ် အဖွဲ့ဆီက ငွေကြေး အကူအညီ အတတ်ပညာ အကူအညီတွေ တောင်းခံ နိုင်ကြပါတယ်။ ဒါတွေ လုပ်ပေးတဲ့ အတွက် ၁၉၈၇ ခုမှ စတည်ထောင်တဲ့ ဟားမာ့စ် အဖွဲ့ဟာ ၁၉၉၅ လောက်ရောက်တော့ ပါလက်စတိုင်း ပြည်သူတွေကြားမှာ ခိုင်ခိုင်မာမာ အမြစ် တွယ်နိုင်ခဲ့ပါတယ်။

ဟားမာ့စ်အဖွဲ့ဟာ မိမိတို့ရတဲ့ နှစ်စဉ် ဒေါ်လာသန်း ၇၀ မှာ စစ်ရေးအတွက် ၁၀% ကျော်ဘဲ သုံးပါတယ်။ ဒီနေရာမှာ ထူး ခြားတာက ဟားမာ့စ် အဖွဲ့ဝင်တွေဟာ ဒီဒေါ်လာ သန်း ၇၀ ကို အကျင့်ပျက်ခြစား အိတ်ထဲထည့် အကြံအဖန်လုပ် ရိုက်စား ဝေစားတာမရှိဘဲ ၈၀% ကနေ ၉၀% အထိကို ပါလက်စတိုင်း လူထုအတွက် ပြန်ကူညီပေးတာ ဖြစ်ပါတယ်။ ဒါဟာ ကွယ် လွန်သူ ယာဆာအာရာဖတ်ဦးဆောင်တဲ့ ဖာတာအဖွဲ့နဲ့ သိသိသာသာကွဲပြားသွားတာဖြစ်ပါတယ်။

ဝါရင့်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ ဖာတာအဖွဲ့ကိုလည်း အာရပ် သူဌေးနိုင်ငံတွေက အကြီးအကျယ် ပုံအော ထောက်ပံ့ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ပွင့်လင်း မြင်သာမှုမရှိ၊ စာရင်းမရှိ အင်းမရှိနဲ့ ကိုယ့်အိတ်ထဲ ကိုယ်ထည့်၊ ဆွေမျိုးသားချင်း ကောင်းစား ရေးတွေဘဲ လုပ်ကြလို့ (အာရာဖတ်ကတော် အပါအဝင်) ဖာတာ ကေဒါတွေ အချမ်းသာကြီး ချမ်းသာ၊ နိုင်ငံခြားဘဏ်တွေ မှာ လျှို့ဝှက် ငွေစာရင်းတွေဖွင့်၊ ဥရောပတိုက်ကို ထွက်ထွက်ပြီး ဟောလီးဝုဒ် မင်းသားတွေလို သုံးဖြုန်းကြတာကို လက်တွေ့ မြင်နေရတဲ့ ပါလက်စတိုင်း လူထုက နောက်ဆုံးမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ လက်နက်ကိုင် တော်လှန် ရေးအဖွဲ့ချင်း အတူတူ ဟားမာ့စ်ကို မဲပေး ရွေးကောက်လိုက်တာ ဖြစ်ပါတယ်။ ယာဆာ အာရာဖတ်ဟာ ရိုးရိုးကုပ်ကုပ်ဘဲ တသက်လုံးနေ ထိုင်သွားခဲ့ပေမဲ့ တခြားဖာတာ ကေဒါတွေမှာတော့ အဖွဲ့အစည်းပိုင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ်ပိုင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကြားမှာ ရှင်းရှင်းလင်းလင်း စည်းခြားတာ မရှိကြပါဘူး။

ဖာတာအဖွဲ့ဟာ အကျင့်ပျက်ခြစားရုံတင်မက စွမ်းဆောင်ရည် နိမ့်ကျလှတဲ့ အတွက် ပါလက်စတိုင်း အစိုးရ ဖြစ်နေစဉ် ကာလ မှာ အစိုးရရဲ့ တာဝန် ဝတ္တရားတွေကိုလည်း ပီပီပြင်ပြင် မဆောင်ရွက် နိုင်ခဲ့ပါဘူး။ ပညာရေး ကျန်းမာရေး လူမှုဖူလုံရေး မပြောနဲ့၊ မြို့ထဲ ရွာထဲတွေမှာ အမှိုက်တောင် မသိမ်းနိုင်၊ မီး-ရေ စတဲ့ အခြေခံ ဝန်ဆောင်မှုတွေကိုတောင် လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ပေး နိုင်ခဲ့ပါဘူး။ အထူးသဖြင့် အစိုးရဖြစ်တဲ့ နောက်ပိုင်းမှာ စစ်တိုက်တာလည်း မလုပ်တော့ဘဲ ကြေ ညာချက် ထုတ်ပြီး အဇ္ဇရေးကို ရှုတ်ချတာဘဲ အဓိက လုပ်လာခဲ့ပါတယ်။

ဖာတာ တင်မက တခြားပါလက်စတိုင်းတော်လှန်ရေး အဖွဲ့တွေဟာလည်း စစ်တိုက်တာ၊ အကြမ်း ဖက်တာတွေဘဲ လုပ်ပြီး 'ကိုယ်က လွတ်မြောက်အောင် လုပ်ပေးနေပါတယ်' ဆိုတဲ့ ပါလက်စတိုင်း လူထုရဲ့ လူမှုရေး လိုအပ်ချက်တွေကို တတ်နိုင် သလောက် ဖြည့်ဆီးဖို့၊ တနည်းအားဖြင့် ပြောရရင် ငြုတ်သီး ကြက်သွန် ကိစ္စတွေ လုပ်ပေးဖို့ စိတ်မဝင်စားကြ နားမလည်ကြ မလုပ်ကြပါဘူး။ ဒါ့ကြောင့် စစ်ရေး ကွန်ယက်တင်မက လူမှုရေး ကွန်ယက်ပါ တည်ဆောက်ထားတဲ့ ဟားမာ့စ်ဟာ နိုင်ငံတော် အစိုးရပုံစံယောင် ဖြစ်နေတဲ့အတွက် ပါလက်စတိုင်း လူထုအနေနဲ့ အရင်းအချာလို သဘောထား လာပါတယ်။ မဲရဖို့တင်မက တပ်သားသစ်ရဖို့လည်း လွယ်သွားပါတယ်။
လူမှုရေး လုပ်ငန်းတွေမှာ အကြံအဖန် မလုပ်ဘဲ လူထု အကျိုးကို လုပ်ပေးသလို နိုင်ငံရေး လုပ်ငန်းပိုင်းမှာလည်း ဟားမာ့စ် အဖွဲ့ဝင်တွေဟာ ရပ်ရွာတွေထဲမှာ တအိမ်တက်ဆင်း door-to-door ပုံစံနဲ့ရော၊ အားကစားပွဲ၊ သောကြာနေ့ ပလီဝတ်ပြု ပွဲပုံစံ တွေနဲ့ပါ လူထုနဲ့ ပုံမှန် ထိတွေ့ဆက်ဆံပြီး လူထုအသံကို နားထောင်၊ လူထုအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ဟားမာ့စ်ရဲ့ ညာခြေထောက်ဖြစ်တဲ့ စစ်ရေးပိုင်းကို ကြည့်ရင် ၁၉၉၃ ခုဧပြီလမှာ ပထမဆုံး အသေခံ ဗုံးခွဲမှုကို လုပ်ခဲ့ပါတယ်။ အသေခံ ဗုံးခွဲမှုဟာ ပါလက်စတိုင်း အမျိုးသားတွေရဲ့ အက်ဖ်-၁၆ ဖြစ်တယ်လို့ ဝင့်ကြွားခဲ့ပါတယ်။ ပါလက်စတိုင်း နယ်မြေ တွေကို အဇ္ဇရေးရဲ့ အက်ဖ်-၁၆ စစ်လေယာဉ်တွေက ဗုံးကြဲ၊ ဒုံးကျည်နဲ့ပစ်လို့ ပါလက်စတိုင်း အမျိုးသမီးတွေနဲ့ ကလေးငယ် တွေ သေကြရသလို ဟားမာ့စ်ရဲ့ အသေခံ ဗုံးခွဲသမားတွေကြောင့် သာမန် အဇ္ဇရေး အရပ်သားတွေ၊ အိမ်ရှင်မတွေ ကျောင်းသူ ကျောင်းသားတွေ ကလေးငယ်တွေ သေရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုမှာတော့ အသေခံ ဗုံးခွဲမှုတွေကို ရပ်စဲ လိုက်ပြီး ၂၀၀၆ ဧပြီလမှာ အသေခံ ဗုံးခွဲမှုနည်းလမ်းကို တရားဝင် စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ အဇ္ဇရေးနိုင်ငံထဲ ဒုံးပျံနဲ့ပစ် တာတော့ အခုထိ ဆက်လုပ်နေပါတယ်။ ပစ်မှတ် တိကျမှု မရှိတဲ့ ဒီဒုံးပျံတွေကြောင့်လည်း အပြစ်မဲ့ အဇ္ဇရေး အရပ်သားတွေ သေကြေ ဒဏ်ရာရကြပါတယ်။

ပါလက်စတိုင်းတွေဘက်က ပြောတာကတော့ အဇ္ဇရေးနိုင်ငံမှာ ယောက်ျားတိုင်း အလှည့်ကျ စစ်မှုမထမ်း မနေရ စနစ်ရှိပြီး အရေးပေါ်လာရင် ယောက်ျားအားလုံးကို စစ်ထဲ ဆင့်ခေါ်တာကြောင့် အရပ်သား နဲ့စစ်သား ခွဲလို့ မရနိုင်ဘူး ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ် ယောက်ျားကြီးတွေ သေတာထက် အမျိုးသမီးတွေ ကလေးသူငယ် တွေသေတာ ပိုများနေပါတယ်။
ဟားမာ့စ်ဟာ ပြောက်ကျားစစ်ကို အဓိက ကျင့်သုံးတဲ့ အဖွဲ့ဖြစ်ပြီး ဂါဇာ ကမ်းမြောင် ဒေသမှာ အဓိက ပိုင်ပိုင်နိုင်နိုင် ပြောက်ကျားစစ် ဆင်နွှဲ နိုင်ပါတယ်။ ဒါကြောင့်လည်း အခုအခါ ဂါဇာ ကမ်းမြောင်ကို လုံးဝ ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီး အနောက်ဖက် ကမ်းခြေမှာတော့ နေရာတချို့ကို ထိန်းချုပ် ထားပါတယ်။ ဟားမာ့စ်ဟာ ဒုံးပျံတွေအပြင် လက်လုပ်ဗုံး တွေ၊ တင့်ကားဖျက် အာရ်ပီဂျီတွေ၊ လက်လုပ် ဒုံးကျည်တွေကို သုံးပြီး အဇ္ဇရေးတပ်တွေ ရှာမတွေ့နိုင်အောင်လည်း လူထု အကူအညီနဲ့ လက်နက်တွေ သိုဝှက် ထားနိုင်ပါတယ်။

ဟားမာ့စ် အဖွဲ့ရဲ့ တိုက်ပွဲဝင်ကွန်ယက်ကို ကရိယာ လို့ခေါ်တဲ့ ဌာနငါးခု ခွဲ တည်ဆောက် ထားပါတယ်။ ဒါတွေက --

၁) အံတုပွဲ ကရိယာ (အယ်လ်အာဒါးသ်)။ နိုင်ငံရေး အံတုမှု၊ အာဏာဖီဆန်မှု၊ လမ်းပေါ် လူထုလှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ၊ အာဇာနည် ဈာပနတွေ၊ နေ့ကြီး ရက်ကြီး အခမ်းအနားတွေကို တာဝန်ယူတယ်။ လက်ရှိ အခြေအနေကို အသိပေးတဲ့ သို့မဟုတ် တိုက်ပွဲခေါ် လှုံ့ဆော်တဲ့ လက်ကမ်း စာစောင်တွေ ပိုစတာတွေ ထုတ်တယ်။ လမ်းပေါ် ဆန္ဒပြပွဲတွေမှာ ထိခိုက် ဒဏ်ရာရ သူတွေအတွက် ရှေးဦးသူနာပြုလည်း တာဝန်ယူတယ်။ လမ်းပေါ် လူထုတိုက်ပွဲ အခြေအနေတွေကို ဟားမာ့စ် ခေါင်းဆောင်ပိုင်းဆီ အဆက်မပြတ် သတင်း ပြန်ပို့ပေးပြီး ရှေ့ဆက် လုပ်ရမယ့် နည်းနာတွေကို လမ်းညွှန်ပေးဖို့ လွယ်ကူ စေတယ်။

၂) မီဒီယာကရိယာ (အယ်လ်အီလားမီ)။ ဒီဌာနက အာရပ် လူထုနဲ့ ကမ္ဘာ့လူထု သဘောထား အပေါ် လူထု တိုက်ပွဲတွေ၊ အသေခံ ဗုံးခွဲမှုတွေရဲ့ ဂယက် ရိုက်ခတ်မှုတွေကို တိုင်းတာဖို့ နိုင်ငံတကာ မီဒီယာတွေကို မော်နီတာ လုပ်တယ်။ ဟားမာ့စ် အဖွဲ့ဝင်တွေ အတွက် ပြန်ကြားရေး၊ ပညာပေးရေးနဲ့ ဝါဒဖြန့်ချိရေး စာစောင် စာတမ်းတွေလည်း ထုတ်တယ်။ လူထု တိုက်ပွဲ၊ စစ်ရေး တိုက်ပွဲတွေရဲ့ အစီရင်ခံစာတွေ၊ သင်ခန်းစာထုတ် နိဂုံး ချုပ်ချက်တွေ ပြုစုရတယ်၊ ဟားမာ့စ်ခေါင်း ဆောင်ပိုင်း က လုပ်ခိုင်းတဲ့ အထူး လေ့လာချက် စာတမ်းတွေလည်း တခါတလေ ရေးသား ပြုစုပေးရတယ်။ ဒါ့အပြင် ကမ္ဘာ့ မီဒီယာတွေ အတွက် သတင်း ထုတ်ပြန်ချက်တွေ ပေးရတယ်၊ အထူးသဖြင့် အစ္စရေးရဲ့ မတရား ကျူးလွန်မှုတွေကို ဖွင့်ချရတယ်။ ဟား မာ့စ်အဖွဲ့ရဲ့ သတင်းထောက် တွေကိုလည်း သင်တန်း ပေးရတယ်၊ ဟားမာ့စ်သတင်းစာ ဂျာနယ် ဝက်ဘက်ဆိုက်တွေ အတွက် ဂျာနယ်လစ်တွေကို မွေးရတယ်။ မီဒီယာ ကရိယာဟာ နိုင်ငံတကာ ကွန်ဖရင့်တွေ အဲန်ဂျီအို ကွန်ဖရင့်တွေကိုလည်း မော်နီတာလုပ်ပြီး ဟားမာ့စ်အတွက် အကျိုးရှိမရှိ ကိုယ်စားလှယ်လွှတ်သင့် မလွှတ်သင့် ဆုံးဖြတ်ပေးရတယ်။

၃) လုံခြုံရေးကရိယာ (အယ်လ်အမ်း)။ ဒီဌာနက အဇ္ဇရေး ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေ ဒါမှမဟုတ် ဟားမာ့စ်ကို ဆန့်ကျင်တဲ့ တခြား ပါလက်စတိုင်း အဖွဲ့တွေ စိမ့်ဝင် ထိုးဖောက်လာတာကို ကာကွယ် တားဆီးရတယ်။ အသေးစိတ် လုံခြုံရေး စီမံချက်တွေ ရေးဆွဲ ဖော်ထုတ်ထားပြီး အဖွဲ့ဝင်တွေကို စစ်ဆင်ရေး လုံခြုံမှု ဘာသာရပ် သင်တန်း ပေးတယ်၊ ဟားမာ့စ် အဖွဲ့ထဲဝင်ချင်တဲ့ သူတွေ အားလုံးကို နောက်ကြောင်း ရာဇဝင် ရှင်းမရှင်း စုံစမ်း စစ်ဆေးတယ်၊ သစ္စာဖောက်လို့ သံသယရှိသူ တွေ၊ အဇ္ဇရေးတွေနဲ့ ဆက်သွယ် ထိစပ်သူတွေကို စောင့်ကြည့်တယ်။ ပါလက်စတိုင်း အမျိုးသား သစ္စာဖောက်တွေ၊ အဇ္ဇရေး ကို သတင်းပေး သူတွေကို စနစ်တကျ စုံစမ်း ဖော်ထုတ်ပြီး ကွပ်မျက်တယ်။ ဒါ့အပြင် အယ်လ်အမ်း ဟာ အဇ္ဇရေး တပ်တွေ ရဲ့လှုပ်ရှားမှု၊ အင်အားတို့ကိုလည်း ထောက်လှမ်းတယ်၊ ဟားမာ့စ် ဌာနခွဲတွေ ကလပ်စည်းတွေရဲ့ လှုပ်ရှားမှု တိုးတက်မှု ဆုတ်ယုတ်မှု တို့ကိုလည်း မော်နီတာလုပ်တယ်၊ တခြား ပါလက်စတိုင်း တော်လှန်ရေး အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အချက်အလက် တွေကိုလည်း စုဆောင်းတယ်။ ဟားမာ့စ်ခေါင်းဆောင် တွေရဲ့ လုံခြုံရေးကို တာဝန်ယူပြီး အဇ္ဇရေးဖမ်း မိသွားတဲ့ ဟားမာ့စ် အဖွဲ့ဝင်တွေဆီက ဘာအချက်အလက်တွေ ပေါ်သွားနိုင်တယ် ဆိုတာကိုလည်း အကဲဖြတ် တွက်ချက်ရတယ်။ လုံခြုံရေးပညာကို ယခင် ရုရှားထောက်လှမ်းရေး အဖွဲ့ (ကေဂျီဘီ) ကို လေ့လာပြီး ရယူသလို ရုပ်ရှင်တွေဆီ ကလည်း ရယူတယ်လို့ ဆိုပါတယ်။ လျှို့ဝှက် စာတိုက်ပုံး Dead drop တွေသုံးတာ၊ ကိုရန်ကျမ်းစာ အခြေခံတဲ့ ဝှက်စာ သုံးတာတွေလည်း လုပ်ကြတယ်။

၎) စစ်ရေးကရိယာ (အယ်လ်အက်စ်ကာရီ)။ လမ်းပေါ်လူထု တိုက်ပွဲတွေထက် ကျော်လွန်တဲ့ လက်နက်ကိုင် တိုက်ပွဲ အတွက် ဖြစ်တယ်။ စစချင်းမှာ တပ်ဖွဲ့(ကလပ်စည်း) ၁၂ ဖွဲ့ ဖွဲ့တယ်။ တဖွဲ့မှာ ရဲဘော် ၃ ယောက်ကနေ ၅ ယောက်အထိ ပါတယ်။ ဒီ ၁၂ ဖွဲ့ကို ဂါဇာ ကမ်းမြောင်နဲ့ အနောက်ဘက် ကမ်းမှာ ဖြန့်ချထားတယ်။ ဒီ ၁၂ ဖွဲ့အပြင် အရန် ၅ ဖွဲ့ ထား သေးတယ်။ စစ်သည်တွေကို လက်နက်ငယ် လက်နက်ကြီး ဖောက်ခွဲရေး အရှင်ဖမ်း-ပြန်ပေးဆွဲရေး အသေခံ တိုက်ခိုက်ရေး ဘာသာရပ် တွေ လေ့ကျင့်ပေးထားတယ်။ တဖွဲ့စီက စစ်ဆင်ရေး တခုစီကို တလစီ ဆင်နွှဲရတယ်။ ဒါ့ကြောင့် ဟားမာ့စ်ဟာ တလကို တိုက်ပွဲ တပွဲနှုန်းနဲ့ တနှစ်မှာ ၁၂ ပွဲတိုက်တယ်။ ဒီတော့ ကလပ်စည်း တခုစီဟာ စီမံချက်ဆွဲဖို့၊ ပြင်ဆင်ဖို့၊ သင်တန်းပေးဖို့၊ ဇာတ်တိုက် လေ့ကျင့်ဖို့ နဲ့ တပ်သားသစ် စုဆောင်းဖို့ အလှည့်ကျ တနှစ်စီ အချိန်ရတယ်။ စစ်သင်တန်းတွေကို ဟားမာ့စ်ပိုင် မြေမှာ မြေအောက်ခန်းတွေ စက်ပစ်ကွင်းတွေနဲ့ လေ့ကျင့်တယ်။

ဟားမာ့စ်ရဲ့စစ်ရေးရည်မှန်းချက်တွေက (က) အဇ္ဇရေး နိုင်ငံထဲမှာ အထိနာစေတဲ့ တိုက်ခိုက်မှုတွေ ဆင်နွှဲခြင်း အားဖြင့် အဇ္ဇရေး အစိုးရဟာ ပါလက်စတိုင်း အရပ်သားတွေကို တိုက်ခိုက်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မယ် ဆိုတာကို သိစေ ဖို့၊ (ခ) ပါလက်စတိုင်း ပြဿနာ အဖြေရှာဖို့ ကမ္ဘာနဲ့ ကုလသမဂ္ဂကနေ အာရုံစိုက်လာအောင် စစ်ဆင်ရေးတွေနဲ့ ဆွဲဆောင်ဖို့၊ (၈) တိုက်ပွဲ တိုက်ခြင်းအားဖြင့် ပါလက်စတိုင်း ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပြီး မိမိတို့ရပ်ရွာမှာ မိမိတို့ အာဏာပိုင်မှုကို ပြဖို့၊ (ဃ) အဇ္ဇရေးပြည်သူတွေကို စစ်ဆင်တိုက်ခိုက်ခြင်းအားဖြင့် ပါလက်စတိုင်းမြေပေါ်မှာ သူတို့အတွက်နေရာမရှိဘူး၊ သူတို့ လိုလားတဲ့ လုံခြုံအေးချမ်းမှုကို အလွယ်နဲ့ မရနိုင်ဘူး ဆိုတဲ့အမှာစကားပါးဖို့ ဖြစ်တယ်။ ဟားမာ့စ်ဟာ ဒီရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ ပစ်မှတ်တွေကိုရွေးပြီး အသေခံဗုံးခွဲမှုတွေ၊ ပြောက်ကျား စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်တိုက်ပွဲတွေကို သင့် တော်သလို ဆင်နွှဲတာဖြစ်တယ်။

၅) စေတနာ့ဝန်ထမ်းကရိယာ (အန်စာ)။ တင်းပြည့်ဟားမာ့စ်အဖွဲ့ဝင် မဖြစ်သေးဘဲ အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင် ရွက်နိုင် ကူညီနိုင်တဲ့ ပါလက်စတိုင်းတွေဖြစ်တယ်။ ဟားမာ့စ်စေတနာ့ဝန်ထမ်းဖြစ်ဖို့ဆိုရင် ဟားမာ့စ် လမ်းစဉ်နဲ့ ရည်မှန်း ချက်ပန်းတိုင်ကို ထောက်ခံရမယ်၊ အစ္စလမ်ကျင့်ဝတ်နဲ့ စံနှုန်းတွေကိုလိုက်နာရမယ်၊ နောက်ခံဘဝအပါအဝင် လုံခြုံရေးစစ် ဆေးမှုကို ခံရမယ်လို့ သတ်မှတ်ထားတယ်။ စေတနာ့ဝန်ထမ်းတွေကို အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သမဂ္ဂ တွေ ကနေရတယ်။ စေတနာ့ဝန်ထမ်းတွေဟာ နောက်ဆုံးမှာ တင်းပြည့်အဖွဲ့ဝင်အဖြစ်ကို ရောက်သွားကြတယ်။ အစပိုင်းမှာ စေတနာ့ဝန်ထမ်းတွေနဲ့ တင်းပြည့်အဖွဲ့ဝင်တွေကြား ပဋိပက္ခတွေရှိခဲ့လို့ နောက်ပိုင်းမှာ တန်းတူအခွင့်အရေးပြဿနာကို ဖြေ ရှင်းပေးခဲ့ရတယ်။

ဟားမာ့စ်တိုက်ပွဲဝင်ကွန်ယက် ကရိယာ ၁-၂ နဲ့ ဟားမာ့စ်လူမှုရေးကွန်ယက်တို့က ဘယ်ခြေထောက် - လူထုအကျိုးပြု လုပ် ငန်းနဲ့ လူထုတိုက်ပွဲတွေ၊ တိုက်ပွဲဝင်ကွန်ယက် ကရိယာ ၃-၄ က ညာခြေထောက် - စစ်ရေးလုပ်ငန်းနဲ့ သစ္စာ ဖောက်ရှင်း လင်းရေးလုပ်ငန်းဖြစ်ပြီး ကရိယာ ၅ ကတော့ ခြေထောက်နှစ်ဖက်စလုံးအတွက် ရှေ့ပြေးအဆင့် ဖြစ်ပါတယ်။ ခြေနှစ်ချောင်း ပေါ်မြဲမြဲရပ်နေတဲ့ ဟားမာ့စ်ကို ဖြုတ်ချအာဏာသိမ်းဖို့ ၂၀၀၇ ခုအစပိုင်းမှာ အမေရိကန်နဲ့ အဇ္ဇရေးတို့က ဖာတာတပ်ဖွဲ့ တွေကို ငွေအား လက်နက်အား ထောက်ပံ့ပေးပြီး ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ ဂါဇာ ကမ်းမြောင်တခုလုံးကို ဟားမာ့စ်က အပိုင်သိမ်းသွားတာဘဲ အဖတ်တင်ခဲ့ပါတယ်။

ဘာသာရေးအစွန်းရောက်အဖွဲ့ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ခံရတဲ့ ဟားမာ့စ်ရဲ့ နိုင်ငံရေးထိုးစစ်ကိုကြည့်ရင် အစောပိုင်း ကာလ ၁၉၈၈ မှာတုံးက အဇ္ဇရေးနိုင်ငံဖျက်သိမ်းရေးနဲ့ ပါလက်စတိုင်း အစ္စလမ်နိုင်ငံ ထူထောင်ရေးကို ကြွေးကြော်ခဲ့ ပါတယ်။ ၂၀၀၄ ခုမှာတော့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ရရင် လက်နက် ကိုင်တော်လှန်ရေးကို အဆုံးသတ်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ပါလက်စတိုင်းတွေရဲ့ သမိုင်းဆိုင်ရာရပိုင်ခွင့်တွေ အပြည့် အဝပြန်ရဖို့ လာမယ့်မျိုးဆက်တွေ ဆက်တာဝန်ယူရလိမ့်မယ်၊ လက်ရှိကာလမှာ ပါလက်စတိုင်းနယ်မြေအားလုံး လွတ် မြောက်အောင်လုပ်ဖို့ ခက်တယ်၊ ဒါကြောင့် တဆင့်ချင်းလွတ်မြောက်ရေးကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ အဇ္ဇရေးနဲ့ အမေရိကန်တို့ကတော့ ထုံးစံအတိုင်း ဒီကြေညာချက်တွေကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဟားမာ့စ်အဖွဲ့ဟာ အဇ္ဇရေးကို တိုက်နေတာ ဘာသာရေး-လူမျိုးရေးအခြေခံမဟုတ်၊ နိုင်ငံရေးအကြောင်းခံဖြစ်တယ်လို့လည်း ၂၀၀၆ ခုမှာ ပြောခဲ့ပါတယ်။ ဂျူးလူမျိုးတွေဟာ ဘုရားသခင်ဗျာဒိတ်ပေးခံရတဲ့လူမျိုးဖြစ်လို့ လေးစားရမယ်၊ ကာကွယ်စောင့်ရှောက် ရမယ်လို့တောင် ဟားမာ့စ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

ကမ္ဘာတလွှားမှာ ဒီမိုကရေစီသဘောတရားတွေ၊ အကြမ်းမဖက်တိုက်ပွဲနည်းနာတွေ ဖြန့်ချီပေးနေတဲ့၊ အမေရိကန်နိုင်ငံက ပင်မဒေါက်တိုင် အဖွဲ့ကြီး တခုဖြစ်တဲ့ အိုင်အာရ်အိုင်ဟာ ဟားမာ့စ်အဖွဲ့ကို အင်မတန်မုန်းပေမဲ့ ဟားမာ့စ်ရဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ နိုင်ငံရေးအံတုမှု လုပ်ရပ်တွေနဲ့ အကြံအဖန်မလုပ် ခြမစားတာတွေကိုတော့ အသိအမှတ်ပြု လေ့လာနေရ ပါတယ်။

ဂါမဏိ


0 comments:

အပေါ်သို့