Friday, November 6, 2009

တွေ့ဆုံဆွေးနွေးမှုများ အချိန်ကာလ အပိုင်းအခြားရှိရန် လိုအပ်ဟု အန်အယ်လ်ဒီ ဗဟို အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ပြော

NEJ / ၅ နိုဝင်ဘာ ၂၀၀၉

အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် တွေ့ဆုံ ဆွေးနွေးမှုများကို အကောင်းမြင် ကြိုဆိုသော်လည်း စစ်အစိုးရနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြား လိုက်သည်။

“ကျနော်ပြောချင်တာကတော့ အခုလို အမေရိကန် ကိုယ်စားလှယ်တွေ လာတာ နိုင်ငံရေး အားဖြင့် တွက်မယ် ဆိုရင်တော့ အကောင်း မြင်ပါတယ်။ အခုလို အမေရိကန် အနေနဲ့ ဗမာပြည်နဲ့ ဆက်ဆံလာတဲ့ ကိစ္စ၊ နောက်တခါ စစ်အစိုးရ ဘက်ကလည်း ဘာပဲပြောပြော ဒီလို လာရောက်တဲ့ အမေရိကန်ရဲ့ လမ်းဖွင့် လာခြင်းကိုလည်း မကြိုဆိုတောင်မှ လက်ခံတဲ့ ဟာမျိုး အတွက်တော့ ကောင်းတဲ့ လက္ခဏာ၊ ကောင်းတဲ့ အလားအလာ ပွင့်လာနိုင်စရာ ရှိတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ တခုပဲရှိတာက စစ်အစိုးရနဲ့ ပတ်သက်လို့ ကျနော်က သိပ်အကောင်း မမြင်လှဘူး။ စစ်အစိုးရက အမြဲတမ်းလိမ်တာ၊ ညာတာ၊ ဖုံးတာ၊ ကာတာ သူတို့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ရှေ့တိုး နောက်ငင် လုပ်တာတွေ များတယ်” ဟု ၎င်းက ပြောသည်။

မြန်မာစစ်အစိုးရဘက်က မှန်ကန်သည့်သဘောထားများကို မပြင်ဆင်သည့် အတွက် မြန်မာ စစ်အစိုးရနှင့် အမေရိကန် ပြည်ထောင်စု၏ လုပ်ငန်းစဉ် များသည် မြန်မြန်ဆန်ဆန် ချောချော မွေ့မွေ့နှင့် အကျိုးရလဒ်များ၊ အကျိုး သက်ရောက်မှုများ ရှိပါ့မလားဟု စိုးရိမ် မိကြောင်း ဦးဝင်းတင်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ပါဝင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ၀န်ကြီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ပါတီရုံးချုပ်၌ (၁) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။

အန်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ လူ့အခွင့်အရေး ပြဿနာများ၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ လူသားချင်း စာနာမှု အကူအညီ ပေးရေး ကိစ္စများကို တင်ပြ ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများ မလုပ်ပေးနိုင် သော်ငြားလည်း စစ်အစိုးရကို နားချ စေလိုကြောင်း အမေရိကန် ကိုယ်စားလှယ်များကို ပြောကြားခဲ့သော်လည်း ၎င်းတို့က တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ရန်သာ ဇောင်းပေး လုပ်ဆောင်နေသည့် အတွက် ကျန်ကိစ္စများကို ခပ်လျော့လျော့သာ ကိုင်တွယ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ကိုယ်စားလှယ်များက “သူတို့ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်အောင်၊ အတိုက်အခံ အင်အားစုတွေနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်နေပါတယ် ဆိုတာနဲ့၊ နောက်တခုက အစိုးရဘက်က မြင်သာ ထင်သာတဲ့ ကိစ္စတွေ မလုပ်သရွေ့ ကတော့ ဆန်ရှင်လို ကိစ္စမျိုးတွေက လျော့ပေါ့မှုတွေ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောသွားတယ်” ဟု ဦးဝင်းတင်က တွေ့ဆုံမှုနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြသည်။

စစ်အစိုးရအနေဖြင့် အခြေခံဥပေဒေပြင်ဆင်ရေးကို လိုက်လျောမည့် အနေအထား မရှိသော်လည်း ပြည်သူများ အနေဖြင့် နိုင်ငံရေး စိတ်ဓာတ် ရှိရန် အဓိက လိုအပ် သည်ဟု ဦးဝင်းတင်က ယူဆသည်။

၎င်းက “အပေါ်ယံကြည့်ရင်တော့ စစ်အစိုးရ ဘက်ကလည်း ပြင်ဆင် ပြောင်းလဲရေး ဆိုတာကို လုံးဝ လျှော့မှာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကလည်း ဒီဟာကို မပြင်ရင်တော့ လုံးဝ လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ ကျနော်တို့ ဆိုတာက အန်အယ်လ်ဒီ တခုတည်း မဟုတ်ဘူး။ တိုင်းရင်းသား တွေရော၊ တိုင်းသူပြည်သား တွေရော၊ ပြည်ပမှာ ရောက်နေတဲ့ နိုင်ငံရေး အင်အားစုတွေရော၊ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးက ဒီဟာကို လက်မခံနိုင်ဘူး ဆိုရင် နိုင်ငံရေးကတော့ ပိတ်ဆို့နေတဲ့ အနေအထားပဲ ရှိမှာပဲ။ သို့သော် နိုင်ငံရေးဆိုတာ စိတ်ဆန္ဒတွေ ရှိတယ်၊ အခြေအနေတွေ ပေးလာမယ် ဆိုရင်တော့ နိုင်ငံရေး ပြဿနာဆိုတာ အမြဲတမ်း ကျော်သွားလို့ ရတာပဲ” ဟု ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးတည် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြား လာသည့် အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းတွင် တင်ကာ ဆွေးနွေးနိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။

“ကျနော်တို့ဟာ ဒီအခြေခံဥပဒေကိုသာ ပြင်နိုင်ရင်တော့ လာမယ့် ရွေးကောက်ပွဲ ဟာလည်း တစုံတရာသော အများပြည်သူတွေ ဆန္ဒနဲ့ ကိုက်ညီတဲ့ ဖြစ်ရပ်မျိုး လုပ်ရပ်မျိုး တခုအနေနဲ့ ဖြစ်လာမယ်ဆိုရင် နိုင်ငံရေး ပြဿနာတွေဟာ ဒီရွေးကောက်ပွဲ ကနေ နောက်ထပ် အလွန် လာမယ့် လေးငါးနှစ်၊ နောက်တခါ နောက်ရွေးကောက်ပွဲ ဆိုတာမျိုးတွေပါ အဆင့်ဆင့်နဲ့တော့ ပြောင်းသွား နိုင်တယ်လို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းတင်က ဆက်လက်၍ “ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အဖွဲ့နဲ့ တွေ့တဲ့ အခါလည်း ပြောပါတယ်။ ခင်ဗျားတို့ တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ လုပ်ဖို့၊ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဖို့ဟာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ လုပ်ငန်းတွေ၊ စစ်အစိုးရက တံခါးလေး ဟပေးလိုက်တဲ့ ဟာတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ရေရှည် သော်လည်းကောင်း၊ ရေတို သော်လည်းကောင်း ဖြေရှင်းဖို့ ဆိုတာထက် နိုင်ငံရေး ပြဿနာလိုဖြစ်တဲ့ သူတို့ရဲ့ရွေးကောက်ပွဲ ကိစ္စတွေကို ဖြေရှင်းဖို့ အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့ လုပ်ငန်းမျှသာ ဖြစ်တယ် ဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ တတ်နိုင်သမျှတော့ ဒီကိစ္စတွေကို အချိန်အပိုင်းအခြား ကန့်သတ်ပြီး လုပ်ဖို့ ကောင်းတယ်လို့ ကျနော်တို့ ပြောပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန် လိုအပ်ပြီး နအဖ အနေဖြင့် အချိန်ဆွဲ နေပါက အကျိုးထူးနိုင်မည် မဟုတ်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒါကြောင့် ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကို မျှော်လင့်တယ်။ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့ နေရာမှာလည်း အချိန် အပိုင်းအခြားနဲ့ ဖြစ်စေချင်တယ်။ အချိန်အပိုင်းအခြား ဆိုတာလည်း ရွေးကောက်ပွဲ ကာလကို မကျော်လွန်တဲ့ ဒီဘက် ကာလသာ ဖြစ်သင့်တယ်လို့ ကျနော်က ထင်တယ်။ တွေ့ဆုံဆွေးနွေးပွဲ အကျိုး ရလဒ်တွေဟာလည်း ဆွေးနွေးပွဲ သဘောတူချက်တွေက နေပြီး ညွှန်ပြတဲ့ လမ်းတွေဟာလည်း ရွေးကောက်ပွဲ မတိုင်မီမှာသာ ဖြစ်ဖို့ကောင်းတယ်။ ပြဿနာတွေကို တစုံတရာသော ဖြေရှင်းမှုနဲ့ ရွေးကောက်ပွဲ ကာလကို ကျော်ဖြတ် သင့်တယ်လို့ ထင်တယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့