Wednesday, November 4, 2009

အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

ကိုထွေး
Wednesday, 04 November 2009


အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန် အင်းလျားလိတ် ဟိုတယ်သို့
ယနေ့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)


မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း အမေရိကန် သံရုံးက ဧရာဝတီသို့ ပြောသည်။

နံနက် ၁၁း၄၀ နာရီမှ နေ့လယ် ၁း၄၀ နာရီ အထိ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု အမေရိကန် သံရုံးအရာရှိ တဦးက ပြောသည်။

“အသေးစိတ်ကိုတော့ မစ္စတာ ကာတ့်ကမ်းဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန် လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါလိမ့်မယ်” ဟု အမေရိကန် သံရုံးအရာရှိက ဆိုသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် ယနေ့ နံနက်ပိုင်းက တွေ့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် သတင်းထောက် များကို တက်ရောက်ခွင့် ပြုသည်ဟု သိရသည်။ သို့သော်လည်း ဓာတ်ပုံ ရိုက်ခွင့်သာ ပြုပြီး တစုံတရာ မေးမြန်း ပြောဆိုခြင်း မပြုရန် သတင်းထောက်များကို ကြိုတင် တားမြစ်ထားသည်ဟု ဆိုသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရာရှိများ ယခင်က တွေ့ဆုံ ဖူးသော်လည်း သတင်းထောက်များအား ဓာတ်ပုံရိုက်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ရောက်နေသော အမေရိကန်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစိုးရ ချုပ်ကိုင်ထားသည့် သတင်း ဌာနများတွင် တစုံတရာ ဖော်ပြခြင်း မရှိသေးပေ။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် အခန်းကဏ္ဍ တခု ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၂း၃၀နာရီတွင် NLD ဌာနချုပ်သို့ သွားရောက်ပြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်အဖွဲ့နှင့် တွေ့မည့် NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးတင်ငွေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့ နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ဤခရီးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်များသည် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့